သုံးပွင့်ဆိုင်
Vol. 11 Ch. 142
အခန်း (၁၄၂) သုံးပွင့်ဆိုင်
ကျန်းလန် ရှောင်ယွိကို လှည့်ကြည့်လိုက်သည်။
ရှောင်ယွိက ကျန်းလန်ကို မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ကြည့်နေလေ၏။
ကျန်းလန် စိတ်များရှုတ်ထွေးနေပြီး ရှောင်ယွိ၏ စိတ်ထဲတွင်တော့ နားမလည်နိုင်ခြင်းများဖြင့် ပြည့်နက်သွားသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မရှောင်ယွိ… ၊ ဘာလို့ ဒီစကားပြောတာလဲ…"
ရှောင်ယွိက အကြောင်းမရှိဘဲ ဤသို့သောစကားမျိုး ပြောမည်မဟုတ်ပေ။
သာမန်အခြေအနေများတွင် မည်သူက "လက်ရေးလှရေးနည်း သင်ပေးမယ်လေ" ဟု ပြောပါမည်နည်း။
ရှောင်ယွိ၏စကားက နည်းနည်းလွဲနေသလို ကျန်းလန် ခံစားလိုက်ရပြီး စိတ်အနှောက်အယှက်လည်း ဖြစ်သွားမိသည်။
ထို့နောက် ပဉ္စမတောင်ထွတ်မှ အဖြစ်အပျက်များကို ကျန်းလန် ပြန်လည်သတိရလိုက်မိ၏။
သူရေသည့်စာကြောင်းကိုသာ ပဉ္စမတောင်ထွတ်တစ်ခုလုံး တွေ့မြင်နိုင်မည်ဟု အစကတည်းက သိရှိခဲ့ပါလျှင် ဘာစာကြောင်းမှ မရေးဘဲ အစီအရင်တောင်ကုန်းမှ ပြန်လည်ဆင်းသက်လာခဲ့မိမည် ဖြစ်သည်။
သို့သော် ယခုတော့ အဖြစ်အပျက်များကို ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ပြီ။ အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်၏။
သူရေးခဲ့သည့် စာကြောင်းက ပဉ္စမတောင်ထွတ်တွင် အချိန်မည်မျှကြာအောင် တည်ရှိနေခဲ့သည်လဲ ကျန်းလန် မသိရှိပေ။
မည်သူရေးသားကြောင်း လက်မှတ်မထိုးခဲ့ရသောကြောင့်သာ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက ထိုစာကြောင်းကို ကျန်းလန်ရေးသားခဲ့ကြောင်း ခွန်လွန်တောင်တစ်ခုလုံး သိရှိသွားပေလိမ့်မည်။
ယခုတော့ ဆရာဒေါ်လေးမြောင်ယွဲ့မှလွဲပြီး အခြား မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
ရှောင်ယွိက…
"ပဉ္စမတောင်ထွတ်မှာ 'ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်…' ဆိုတဲ့ စာကြောင်းက ဂိုဏ်းတူမောင်လေး ရေးခဲ့တာ မဟုတ်ဘူးလား…"
ကျန်းလန် ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။
ရှောင်ယွိ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် တည်ငြိမ်နေ၏။
ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…
"ဂိုဏ်းတူအစ်မ လူမှားတာနေမယ်…"
ပြောပြီးသည်နှင့် ကျန်းလန် မျက်လုံးများကို မှေးမှိတ်လိုက်ကာ နဂါးသုတ်သင်ဓားသိုင်းကို နားလည်ရန် စတင်ကြိုးစားနေလေတော့သည်။
နဂါးသုတ်သင်ဓားသိုင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သူ သိရှိနားလည်ရန် လိုအပ်သည်။
သူ့လက်ထဲတွင် ကိုင်ထားသည့် သစ်သားဓားမှ နဂါးသုတ်သင်ဓားဝိညာဉ်ထွက်ပေါ်လာစေရန် မည်သို့ပြုလုပ်ရမည်ကို ကျန်းလန် မသိရှိသေးပေ။
ဆရာဦးလေးကျိုးကျုန်းထျန်းပြောသည့် ဓားဝိညာဉ်အဓိပ္ပါယ်ကိုလည်း ကျန်းလန် နားမလည်သေးပေ။
ဓားဝိညာဉ်ထွက်ပေါ်လာစေရန် မည်သူမှ သင်ပြပေးနိုင်မည် မဟုတ်ပေ။ ကိုယ်တိုင်နားလည်အောင် ကြိုးစားရမည်သာ ဖြစ်သည်။
ဆရာဦးလေးကျိုးကျုန်းထျန်း သူ့ကို ကူညီပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ဓားဝိညာဉ်ကို ထိုးထွင်းသိမ်မြင်လာစေရန် လမ်းညွှန်ပေးနိုင်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ကျိုးကျုန်းထျန်းက ကျန်းလန် လေ့လာနိုုင်ရန် နဂါးသုတ်သင်ဓားဝိညာဉ်ပါရှိသည့် ဓားငယ်လေးကို ပေးလိုက်ခြင်း ဖြစ်၏။
သို့သော် ကျန်းလန်အနေဖြင့် ထိုဓားငယ်လေးကို ကိုးကားလေ့လာမှုသာ ပြုလုပ်နိုင်ပြီး တုပပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။
ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်အစဉ်ကို လက်ထဲမှ သစ်သားဓားဆီသို့ ပို့လွှတ်လိုက်သည်။
ဤသည်က မည်သည့်စွမ်းအားမှ မရှိသည့် သစ်သားဓားတစ်လက်မျှသာဖြစ်သည်။
ဓားဝိညာဉ်ထွက်ပေါ်လာရန်အတွက် သူက သစ်သားဓားအတွင်းသို့ စိတ်ဆန္ဒတစ်ခုကို ထည့်သွင်းရမည် ဖြစ်သည်။
ဓားဝိညာဉ်သာထွက်ပေါ်လာပါက အန္တရယ်မရှိသည့် သစ်သားဓားတစ်လက်သည်လည်း ကြောက်မက်ဖွယ်ရာစွမ်းအားများ ထွက်ပေါ်လာမည် ဖြစ်သည်။
ခက်ခဲသည့်တိုင် သေသေချာချာ ကြိုးစားမည်ဆိုလျှင် ဖြစ်နိုင်ချေရှိပေ၏။
ရှောင်ယွိက ကျန်းလန်ကို စိတ်ရှုတ်ထွေးစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
သူမ တကယ်ပဲ လူမှားသွားခဲ့သည်လား…။
သို့သော် လူမှားသည်ဟုတော့ သူမ မခံစားရပေ။
သေသေချာချာ စဉ်းစားပြီးနောက် သူမ တစ်စုံတစ်ခုကို နားလည်သွားလေသည်။
ကိုယ့်လက်ရေးစုတ်ပြတ်ကြောင်းကို မည်သူက ဝန်ခံချင်ပါမည်နည်း။
ထို့နောက် ရှောင်ယွိ မည်သည့်စကားမှ မပြောတော့သလို ထိုကိစ္စကိုလည်း ဆက်လက်တွေးတောခြင်း မပြုတော့ပေ။
သူမ မျက်လုံးများကို အသာမှေးမှိတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသည့် ဓားငယ်လေးကို အာရုံစိုက်လိုက်သည်။ ဤဓားငယ်လေးထဲတွင် နဂါးသုတ်သင်ဓားဝိညာဉ် ပါရှိလေသည်။
နဂါးသုတ်သင်ဓားဝိညာဉ်ကို လေ့လာကြည့်ခြင်းအားဖြင့် နဂါးသုတ်သင်ဓားသိုင်းကို နားလည်နိုင်ပေလိမ့်မည်။
သူမ၏ ဆရာဖြစ်သူက ခွန်လွန်တောင်တွင် နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်သူဆို၍ အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေးတစ်ယောက်သာလျှင် ရှိသည်ဟု ပြောခဲ့သည်။
သူမ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူချင်သည့်အတွက် ဆရာဖြစ်သူက အဋ္ဌမတောင်ထွတ်သို့ ကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။
သို့သော် နဂါးသုတ်သင်ဓားသိုင်းကို သူမ ထုတ်ဖော်အသုံးပြုတိုင်း မည်သည့်စွမ်းအားမှ ထွက်မလာခဲ့ပေ။
သူမက ထိုဓားသိုင်းကို သင်ရုံသာ သင်နိုင်ခဲ့ပြီး ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။
ခွန်လွန်တောင်တွင် တပည့်ပေါင်းများစွာ ရှိသော်လည်း နဂါးသုတ်သင်ဓားသိုင်းကို မည်သူမှ မသင်ယူခဲ့ကြပေ။ နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်ထားပါသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုသူလည်း တစ်ယောက်မှ မရှိခဲ့ပေ။
အစပိုင်းတွင် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်နေသည်ကို သိရှိသူဆို၍ ရှောင်ယွိတစ်ယောက်သာ ရှိခဲ့သည်။
ယခုတော့ အဋ္ဌမတောင်ထွတ်မှ တပည့်အချို့လည်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ခွန်လွန်တောင်တွင် ကျိုးကျုန်းထျန်းပြီးလျှင် နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်သည့် ဒုတိယလူမှာ ကျန်းလန်ဖြစ်လာပေလိမ့်မည်။
ကျန်းလန်သည်ကား နဂါးသုတ်သင်ဓားသိုင်း၏ လျှို့ဝှက်ချက်ကို သိရှိသူ အနည်းငယ်ထဲမှ တစ်ောယက် ဖြစ်လေ၏။
…………….
နေရောင်ခြည်က တောက်ပနေလေသည်။
တောက်ပသည့်နေရောင်ခြည်က ကန်ရေပြင်ထက်တွင် ရောင်ပြန်ဟပ်လျှက် ရှိသည်။
လေပြေလေးက ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာပြီး ရေပြင်ထက်တွင် လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်လာစေသည်။
ထိုစဉ်…
ကျန်းလန် ရုတ်တရက် ကန်ရေပြင်အလယ်ရှိ ရေပြင်ထက်တွင် ထိုင်နေသည့်အလား ခံစားလိုက်ရသည်။
မိစ္ဆာနဂါးကြီးက ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာသည်။
ကျန်းလန်က မိစ္ဆာနဂါးကြီးကို တိတ်ဆိတ်စွာပင် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ သစ်သားဓားကို ပြန်လည်အာရုံစိုက်လိုက်သည်။
"လက်စသတ်တော့… မင်းကိုး… ၊ ကဲ… လူသား… ပြောစမ်း… မင်း ကျုပ်ကို ဘယ်လိုသတ်မှာလဲ…"
မိစ္ဆာနဂါးကြီးထံမှ စကားသံ ထွက်ပေါ်လာသည်။
ထို့နောက် မိစ္ဆာနဂါးကြီးက ကန်ရေပြင်ထက်ရှိ လေထုထဲတွင် ပျံသန်းလျှက် ရှိလေသည်။
နဂါးကြီးက ရွံလျှာမုန်းတီးမှုများဖြင့် ပြည့်နက်နေသည့်အကြည့်ဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။
"လူသားကောင်… မင်း အံ့အားသင့်နေတာလား… ၊ ကျုပ်ကို မင်းစိတ်ထဲက ထင်ယောင်ထင်မှားပုံရိပ်လို့ ထင်နေတာလား… ၊ တုံး အ လိုက်တဲ့ကောင်… ၊ မင်း ရေကန်နားမှာထိုင်နေသရွေ့ ကျုပ်ရဲ့ မွေးရာပါမူလစွမ်းအားတွေရဲ့ လွှမ်းမိုးမှုကို ခံစားရလိမ့်မယ်… ၊ အခု အဖြစ်အပျက်တွေက မင်းရဲ့ စိတ်အာရုံထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပဲ… ၊ ဒါပေမဲ့ မင်း လွတ်မြောက်နိုင်မယ် မထင်နဲ့… ၊ မင်းရဲ့ စိတ်စကို ကျုပ် တံဆိပ်ခတ်ထားလိုက်ပြီ… ၊ ကျုပ် မထွက်ခွာသွားသရွေ့ မင်းလည်း ထွက်ခွာသွားနိုင်မှာမဟုတ်ဘူး… လူသားကောင်…"
နဂါးကြီး၏အသံက ဒေါသလွှမ်းလျှက် ရှိသည်။
"ကျုပ်ရှေ့မှာ ဒူးထောက်စမ်း… ၊ ကျုပ်ရဲ့ နဂါးတန်ခိုးစွမ်းအားအောက်မှာ ဒူးထောက်တောင်းပန်စမ်း… ၊ မင်းပါးစပ်ကိုဖွင့်ပြီး အသနားခံစမ်း… ၊ ဒါဆို မင်းကို ကျုပ် လွှတ်ပေးမယ်…"
နဂါးကြီး၏ စကားသံ အဆုံးသတ်သွားသည်နှင့် ရေကန်တစ်ခုလုံး စတင်ဆူပွက်လာသည်။
နဂါးကြီး၏ ခန္ဓာကိုယ်မှာ တန်ခိုးစွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။
သို့သော် ကျန်းလန်က အရေးမစိုက်ပေ။ သူ့လက်ထဲမှ သစ်သားဓားကိုသာ ငုံ့ကြည့်နေ၏။
သစ်သားဓားမှ ဓားဝိညာဉ်အစစ်အမှန်ထွက်ပေါ်လာအောင် မည်သို့ပြုလုပ်ရမည်ကိုသာ ကျန်းလန် စဉ်းစားနေမိသည်။
နဂါးသုတ်သင်ဓားဝိညာဉ်က နဂါးတစ်ကောင်ကို သတ်ဖြတ်လိုသည့်စိတ်မှ မွေးဖွားလာခြင်းလား ၊ သို့တည်းမဟုတ် နဂါးတစ်ကောင်ကို မုန်းတီးခြင်းမှ ထွက်ပေါ်လာခြင်းလား။
ကျန်းလန်အတွက်တော့ နဂါးတစ်ကောင်ကို သတ်ဖြတ်ရန်လည်း ခက်ခဲသလို နဂါးတစ်ကောင်ကို မုန်းတီးရန်လည်း ခက်ခဲသည်။
သူ့ရင်ထဲတွင် အမုန်းတရား မရှိသလို နဂါးတစ်ကောင်ကို ဓားဖြင့် ခုတ်သတ်ရန်လည်း ရည်ရွယ်ချက် မရှိပေ။
သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မရှိလျှင် သတ်ဖြတ်ရန် မဖြစ်နိုုင်ပေ။
သတ်ဖြတ်လိုသည့်အငွေ့အသက်မရှိဘဲ နဂါးသုတ်သင်ဓားဝိညာဉ်က အလိုလို ထွက်ပေါ်လာမည် မဟုတ်ပေ။
သို့သော် ဤသည်က သူလျှောက်လှမ်းရန် ရည်ရွယ်ထားသည့် လမ်းကြောင်း မဟုတ်ပေ။
"ဂရား… "
နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ကန်ရေပြင်ထက်တွင် ရေလှိုင်းများ တဝုန်းဝုန်းလှုပ်ခတ် မြင့်တက်လာသည်။
"လူသားကောင်… မင်း ကျုပ်ကို အထင်သေးရဲသလား…"
မိစ္ဆာနဂါးကြီး၏ စကားသံက မိုးနှင်မြေတစ်ခွင်ကို တုန်လှုပ်သွားစေသည်။
ထိုအသံကိုကြားသည်နှင့် ကျန်းလန်က ခေါင်းမော့ပြီးန ဂါးကြီးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ပါးစပ်ကိုဟကာ မိစ္ဆာနဂါးကြီးကို ပထမဆုံးအကြိမ် စတင်စကားပြောလိုက်၏။
"နဂါးကြီး… ကျုပ်က မင်းကို သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး…"
မိစ္ဆာနဂါးကြီးက ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
နဂါးကြီး၏ ပတ်ဝန်းကျင်မှ ကန်ရေပြင်က ဆူပွက်လှုပ်ရှားလျှက်ရှိသော်လည်း ကျန်းလန်၏ ပတ်ဝန်းကျင်ရှိ ရေမျက်နှာပြင်ကတော့ တည်ငြိမ်လျှက် ရှိသည်။
ကျန်းလန်၏ စိတ်စွမ်းအားကိုထိုးဖောက်နိုင်ရန် မည်သည့်ချို့ယွင်းချက်ကိုမှ မိစ္ဆနာနဂါးကြီး ရှာမတွေ့ခဲ့ပေ။
ထို့နောက် မိစ္ဆာနဂါးကြီးက ရေလှိုင်းများကို ငြိမ်သက်စေလိုက်ပြီး လေထဲတွင် ပျံသန်းကာ ကျန်းလန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
နဂါးကြီးအနေဖြင့် ကျန်းလန်ကို မည်သို့မှ တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သို့သော် ကျန်းလန် ထွက်ခွာသွားရန်မှာလည်း မလွယ်ကူပေ။
ထို့ကြောင့် မိစ္ဆာနဂါးကြီးက စမ်းသပ်မှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သူက ပိုပြီး သည်းခံနိုင်မည်လဲ စောင့်ကြည့်ရမည် ဖြစ်သည်။
ကျန်းလန်၏ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်လာပါက မိစ္ဆာနဂါးကြီးအတွက် အောင်မြင်မှု ဖြစ်လာပေလိမ့်မည်။
ကျန်းလန်ကတော့ ထိုအကြောင်းအရာများအားလုံးကို စိတ်ထဲမထားပေ။
သူက လက်ထဲမှ သစ်သားဓားကိုသာ တိတ်ဆိတ်စွာဖြင့် ဆက်လက်ကြည့်ရှုနေသည်။
ဓားဝိညာဉ်…။
ဓားဝိညာဉ်ထွက်ပေါ်လာအောင် သူ ဘယ်လိုလုပ်ရမလဲ…။
နဂါးသုတ်သင်ဓားသိုင်းကွက်များကို သူ့ခေါင်းထဲတွင် ပြန်လည်စဉ်းစားလိုက်သည်။
နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့သည့် လယ်သမား၏ အတွေးများကို နားလည်နိုင်ပါက ဓားဝိညာဉ်ကို သူ ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်လေတော့၏။
………………
ဓားငယ်လေကိုကိုင်ကာ နဂါးသုတ်သင်ဓားဝိညာဉ်ကို နားလည်ရန် ကြိုးစားနေသည့် ရှောင်ယွိကတော့ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
အချိန် (၇) ရက်ခန့် ကုန်ဆုံးသွားပြီဟု သူမ အာရုံခံမိသည်။
နဂါးသုတ်သင်ဓားဝိညာဉ်အကြောင်း သူမ အနည်းငယ်နားလည်လာပြီ ဖြစ်သော်လည်း ထိုနားလည်မှုက မပြောပလောက်ပေ။
"ဟမ်…"
သူမနံဘေးမှ ကျန်းလန်က မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်လေသည်။
သူ့ကိုကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ထက်တွင် အလင်းရောင် မှိန်မှိန်လေးတစ်ခု တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းရောင်က မိစ္ဆာနဂါး၏ရောင်ဝါ ဖြစ်၏။
"ကြည့်ရတာ… မိစ္ဆာနဂါးက သူ့ကို ထိန်းချုပ်ထားတာ ဖြစ်ရမယ်…"
မိစ္ဆာနဂါး၏ရောင်ဝါဆိုသည်က သာမန်စွမ်းအားတစ်ခု မဟုတ်ပေ။ မွေးရာပါမူလစွမ်းအားတစ်ခု ဖြစ်လေသည်။
"စိတ်ပေါင်းအသင်္ချေကို ထိန်းချုပ်တဲ့ မိစ္ဆာနဂါးရဲ့ စွမ်းအားပဲ…"
ရှောင်ယွိ တွေးလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက စိတ်စွမ်းအားကောင်းတဲ့သူတစ်ယောက်ပဲ… ၊ မိစ္ဆာနဂါးရဲ့ စွမ်းအားက သူ့ကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့… သူ့ရဲ့ အခြေအနေအတိအကျကို ငါလည်း မသိနိုင်ဘူး… ၊ ဒီတော့ ငါလည်း မိစ္ဆာနဂါးရဲ့ရောင်ဝါထဲကို ဝင်သွားပြီးကြည့်ဖို့လိုတယ်… ၊ ဒီလိုသာဆိုရင် ငါလည်း မိစ္ဆာနဂါးကို နှိမ်နင်းတဲ့ နဂါးသုတ်သင်ဓားသိုင်းကို ပိုပြီးနားလည်နိုင်မယ်…"
ရှောင်ယွိက နဂါးသုတ်သင်ဓားဝိညာဉ် သိပ်သည်းစွာပါဝင်နေသည့် ဓားငယ်လေးကို လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။
သူမ ထိုဓားဝိညာဉ်ကို အချိန်ကြာမြင့်စွာ ဆက်လက်လေ့လာလိုသေးသည်။
ရှောင်ယွိက သူမ၏ စစ်မှန်သည့် နဂါးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူမ၏ နဂါးစွမ်းအားက မိစ္ဆာနဂါး၏ရောင်ဝါကို ဖြတ်သန်းဝင်ရောက်သွားသည်။
မျက်လုံးများကို အသာမှေးမှိတ်လိုက်ပြီး မိစ္ဆာနဂါး၏ ရောင်ဝါအတွင်းသို့ ဝင်ရောက်လိုက်သည်။
သူမ၏ စိတ်အာရုံထဲတွင် လေထဲတွင် ပျံသန်းနေသည့် မိစ္ဆာနဂါးနှင့် ကန်ရေပြင်ထက်တွင် သစ်သားဓားကို စူးစိုက်ကြည့်ပြီး ထိုင်နေသည့် ကျန်းလန်ကို တွေ့လိုက်ရသည်။
ရှောင်ယွိက စကားတစ်ခွန်းမှ မဆိုပေ။
သူမက ကန်ရေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး နဂါးသုတ်သင်ဓားဝိညာဉ်ကို နားလည်ရန် ဆက်လက်ကြိုးစားနေလိုက်သည်။
သူ၏ရောင်ဝါစက်ကွင်းအတွင်း ဝင်ရောက်လာသည့် ရှောင်ယွိကိုတွေ့လိုက်သည်နှင့် မိစ္ဆာနဂါး အန္တရယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။
ရှောင်ယွိထံမှ ထွက်ပေါ်နေသည့် စစ်မှန်သည့် နဂါးစွမ်းအားကြောင့် မိစ္ဆာနဂါးကြီး ကြောက်ရွံ့သွားခြင်း မဟုတ်ပေ။ သူမ၏လက်ထဲတွင် ကိုင်ထားသည့် နဂါးသုတ်သင်ဓားဝိညာဉ်ကြောင့် နဂါးကြီး ကြောက်ရွံ့သွားခြင်း ဖြစ်သည်။
သို့သော် နဂါးကြီးက ရှောင်ယွိကို အန္တရယ်ပြုခြင်းမရှိသလို သူမလက်ထဲမှ ဓားဝိညာဉ်ကိုလည်း မမြင်ချင်ယောင် ဆောင်နေလေသည်။
သူတို့ (၃)ယောက်လုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
မည်သူကအရင်ဆုံး တည်ငြိမ်မှုပျက်ပြားမည်လဲဆိုသည်က အဓိကအချက် ဖြစ်သည်။
မိစ္ဆာနဂါးကြီးက မည်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် သူ့အနေဖြင့် ကျန်းလန်နှင့် ရှောင်ယွိကိုလည်း တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် လက်ရှိတွင် မည်သူမှ အရှုံးမရှိသေးသည့်အနေအထားဟု ယူဆနိုင်လေ၏။
……………
အပြင်ဘက်တွင်တော့…
ရေကန်နံဘေးအဆောင်ငယ်ထဲတွင် ကျိုးကျုန်းထျန်းက သေရည်သောက်ရင်း ကျန်းလန်နှင့် ရှောင်ယွိကို အကဲခတ်နေသည်။
ထို့နောက် သူတို့ (၂)ယောက်ကို အရေးမစိုက်တော့ဘဲ မျက်နှာလွှဲလိုက်သည်။
ကျန်းလန် နဂါးသုတ်သင်ဓားဝိညာဉ်ကို နားလည်မည်လား ၊ နားမလည်နိုင်ဘူးလားဆိုသည့်အချက်ကို သူ မသိရှိသော်လည်း သူ့တွင် ကျန်းလန်ကို သင်ပြပေးစရာ ဘာမှ မရှိတော့ပေ။
နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ခြင်းက ကျင့်ကြံခြင်းပြုလုပ်ခြင်းနှင့် ကွခြားလွန်းသည်။
ကျင့်ကြံခြင်းဆိုလျှင်တောင်မှ သူ့အနေဖြင့် ကျန်းလန်ကို ဒီထက်ပိုပြီး လမ်းညွှန်ပြသပေးနိုင်ဦးမည် ဖြစ်လေ၏။