ဓားတစ်ချက်တည်းဖြင်နဂါးတစ်ကောင်ကိုသတ်ဖြတ်လိုသည့်ဆန္ဒ
Vol. 11 Ch. 143
အခန်း (၁၄၃) ဓားတစ်ချက်တည်းဖြင်နဂါးတစ်ကောင်ကိုသတ်ဖြတ်လိုသည့်ဆန္ဒ
ထိုစဉ်…
လုကျန်းက ရေကန်နံဘေးရှိ အဆောင်ငယ်အတွင်းသို့ ဝင်ရောက်လာသည်။
"ဆရာ… ဂိုဏ်းတူညီလေးကျန်းလန် အခြေအနေဘယ်လိုရှိလဲ…"
ကျိုးကျုန်းထျန်းက အဆောင်ငယ်၏ နံရံကိုမှီပြီး ထိုင်နေရင်း လုကျန်းကို လှမ်းကြည့်လိုက်သည်။
"မင်းက ဘာမေးချင်တာလဲ… မေးလေ…"
လုကျန်းက သူ ဂုဏ်အယူရဆုံး တပည့်တစ်ယောက် ဖြစ်သလို ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်သည်။
လုကျန်း ဤနေရာသို့ ရောက်လာသည်ဆိုကတည်းက ကျန်းလန်၏ အခြေအနေကိုသိချင်သောကြောင့်ဖြစ်ကြောင်း ကျိုးကျုန်းထျန်း ရိပ်မိလိုက်သည်။
လုကျန်းက…
"ဂိုဏ်းတူညီလေး ကျန်းလန်က တကယ်ပဲ နဂါးသုတ်သင်ဓားသိုင်း သင်ယူနိုင်မှာလား…"
လုကျန်း ထိုအကြောင်းကို အလွန်သိချင်နေမိသည်။
ကျန်းလန်က သူလက်ထပ်ရမည့်မိန်းကလေးကြောင့် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူလိုခြင်းဖြစ်သည်ဟု လုကျန်းက ထင်ခဲ့မိသည်။
ကျိုးကျုန်းထျန်းက ကျန်းလန်နှင့် ရှောင်ယွိတို့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ပြဿနာတစ်ခုတော့ ရှိတယ်… ဒါပေမဲ့ ကျန်းလန်ကတော့ အရေးစိုက်တဲ့ပုံ မပေါ်ဘူး…"
ကျန်းလန်နှင့် ရှောင်ယွိ (၂)ယောက်လုံးကို ကျိုးကျုန်းထျန်း အမှန်တကယ်ပင် နားမလည်နိုင်ပေ။
ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူသည့်အခါ ရှောင်ယွိအနေဖြင့် စိတ်ဆိုးဒေါသထွက်စွာဖြင့် ကျန်းလန်ကို အပြစ်တင်ရမည် ဖြစ်သည်။
သို့သော် သူမက ထိုသို့မပြုလုပ်သည့်အပြင် သူမကပါ ကျန်းလန်နှင့်အတူလိုက်ပြီး နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနေ၏။
ဤသည်က မည်သူမှ မျှော်လင့်မထားသည့်ကိစ္စ ဖြစ်သည်။
ရှောင်ယွိက သူမ စိတ်မသက်မသာခံစားနေရသည့်တိုင် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း သင်ယူသည်ကို လက်ခံပေးရန် ကြိုးစားခဲ့ပုံရသည်။
ကျန်းလန်ကတော့ နဂါးများကို သတ်ဖြတ်သုတ်သင်ရန်အတွက် နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်သည်ဟု ကျိုးကျုန်းထျန်း ထင်ခဲ့မိသည်။
သို့သော် မိစ္ဆာနဂါးကြီးနှင့် တိုက်ခိုက်သည့်အချိန်တွင် ကျန်းလန် အသုံးပြုသည့် ဓားကွက်ကို တွေ့မြင်လိုက်ရသည့်အခါ သူ့အထင် မှားယွင်းသွားပြီဖြစ်ကြောင်း ကျိုးကျုန်းထျန်း သိရှိလိုက်သည်။
ကျန်းလန်အသုံးပြုလိုက်သည့် နဂါးသုတ်သင်ဓားသိုင်းတွင် နဂါးများကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိပေ။
ကျန်းလန်တွင်သာ အစကတည်းက နဂါးများကိုသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ရှိနေခဲ့လျှင် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရန် သူ့ထံသို့ပင် လာရောက်နေစရာ မလိုတော့ပေ။
နဂါးများကို သတ်ဖြတ်လိုစိတ်မရှိဘဲ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူခြင်းက ဆီလျော်မှု မရှိလှပေ။ သို့သော် ကျန်းလန်ကတော့ နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နိုင်ခဲ့သည်။
ကျိုးကျုန်းထျန်းပြောသည့် "ပြဿနာတစ်ခု" ဆိုသည်မှာ ထိုအချက်ပင် ဖြစ်သည်။ ကျန်းလန်ထံတွင် နဂါးများကို သတ်ဖြတ်လိုစိတ် ကင်းမဲ့နေခြင်းပင် ဖြစ်၏။
ထိုသို့ဆိုလျှင် လုကျန်း သိချင်မိသည်မှာ ကျန်းလန်က အဘယ့်ကြောင့် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရပါသနည်း။
ကာယကံရှင်ဖြစ်သည့် ရှောင်ယွိကလည်း ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း သင်ယူသည်ကို တကယ်ပဲ ခွင့်ပြုနိုင်ခဲ့သည်လား။
ထို့ကြောင့် အခွင့်အရေးရလျှင်တော့ သူ ကျန်းလန်နှင့် စကားပြောကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်သားကို အလွန်အကျွံ မေးမြန်းမိပြန်လျှင်လည်း ဖိအားပေးရာ ရောက်ပေဦးမည်။
ထို့နောက် လုကျန်းက စာရွက်တစ်ရွက်ကို ထုတ်ယူကာ ကျိုးကျုန်းထျန်းထံ ကမ်းပေးလိုက်ရင်း…
"ဆရာ… ဒါက ဒုတိယတောင်ထွတ်က ပို့လိုက်တဲ့စာရင်းပါ… ၊ တခြားပြဿနာမရှိဘူးဆိုရင် (၂)နှစ်အတွင်း စတင်မယ်လို့ ပြောပါတယ်…"
ကျိုးကျုန်းထျန်းက လုကျန်းထံမှ စာရွက်ကိုယူပြီး တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် မည်သည့်စကားမှ ပြောဆိုခြင်းမရှိဘဲ စာရွက်ကို လက်ထဲမှာပင် ပြာကျအောင် လောင်ကျွမ်းပစ်လိုက်သည်။
လုကျန်းက ဆရာဖြစ်သူ၏ စိတ်သဘောထားကို တွေ့မြင်ပြီးနောက် သူလုပ်ရမည့်အလုပ်များ ဆက်လုပ်ရန် ရေကန်နံဘေး အဆောင်ငယ်ထဲမှ ထွက်ခွာသွားလေတော့သည်။
……………
ကျန်းလန် ကန်ရေပြင်ထက်တွင် ထိုင်နေဆဲ ဖြစ်သည်။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို အပြန်ပြန်အလှန်လှန် စဉ်းစားနေပြီး ဓားဝိညာဉ်ကို ဖန်ဆင်းနိုင်ရန် ကြိုးစားနေသည်။
ကျန်းလန်၏လက်ထဲရှိ သစ်သားဓားမှ အလင်းရောင်ထွက်ပေါ်လာပြီး ထိုအလင်းရောင်က ကျန်းလန်ခန္ဓာကိုယ်ထက်သို့ ဖြာကျနေသည်။
အလင်းရောင်က အချိန်အတော်ကြာအောင် တောက်ပနေလေသည်။
နဂါးသုတ်သင်ဓားသိုင်းမှတစ်ဆင့် ဓားသိုင်းကိုတီထွင်ခဲ့သူလယ်သမား၏ အတွေးစိတ်ကူးများကို သိရှိနိုင်ရန် ကျန်းလန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော် မည်မျှပင် ကြိုးစားပါစေ အတိတ်မှ ဒဏ္ဍာရီနှင့် ဆက်သွယ်၍ မရနိုင် ဖြစ်နေလေသည်။
ကျန်းလန် လက်လျှော့လိုက်ပြီး အခြားနည်းလမ်းတစ်ခု ကြိုးစားရန် ဟန်ပြင်လိုက်စဉ်မှာပင် အလင်းရောင်တစ်ခု ရုတ်တရက် တောက်ပလာသည်ကို သတိပြုလိုက်မိသည်။
ထိုအလင်းရောင်က ရှောင်ယွိထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ကျန်းလန် လှမ်းကြည့်လိုက်သည့်အခါ ရှောင်ယွိ၏ရှေ့တွင် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရလေသည်။ အလင်းရောင်က ထိုစာအုပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုစာအုပ်မှာ နဂါးသုတ်သင်ဓားကျမ်း ဖြစ်သည်။
ထို့နောက် နဂါးသုတ်သင်ဓားကျမ်းမှ အလင်းရောင်က ကျန်းလန်၏ သစ်သားဓားနှင့် ပေါင်းစပ်သွားပြီး ရှောင်ယွိလက်ထဲမှ နဂါးသုတ်သင်ဓားဝိညာဉ်ကလည်း စတင်တောက်ပလာသည်။
မကြာမီ…
ပတ်ဝန်းကျင်ရှိ မြင်ကွင်းတစ်ခုလုံး ပျောက်ကွယ်သွားလေသည်။
ကန်ရေပြင်တစ်ခုလုံးက မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
မြေပြင်ထက်တွင် တဲငယ်လေးတစ်လုံး ရှိနေပြီး တဲငယ်လေးအနောက်ဘက်တွင် ကျွဲနွားအနည်းငယ် မွေးဖြူထားသည်ကို တွေ့ရသည်။
ရွာအရှေ့ဘက်တွင်တော့ သစ်ပင်ကြီး (၂)ပင် ရှိလေသည်။
သစ်ပင်ကြီးတစ်ပင်က မိုးမခပင်ကြီးတစ်ပင် ဖြစ်ပြီး နောက်သစ်ပင်တစ်ပင်ကလည်း မိုးမခပင်ပဲ ဖြစ်သည်။
ကျန်းလန်က ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ တဲငယ်အတွင်းမှ လယ်သမားအဘိုးအိုတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
လယ်သမားအဘိုးအို၏ လက်ထဲတွင် ပေါက်ပြားတစ်လက်ကိုင်ထားပြီး တောင်အနောက်ဘက်သို့ လမ်းလျှောက်ထွက်ခွာသွားသည်ကို တွေ့လိုက်ရ၏။
ထိုအဘိုးအိုကို တွေ့မြင်လိုက်ရသည်နှင့် အဘိုးအိုက လောကကြီးနှင့် တစ်သားတည်းကျနေသည့် ခံစားချက်ကို ကျန်းလန်ခံစားလိုက်ရသည်။
"လက်စသတ်တော့ သူကိုး…"
ထို လယ်သမားအဘိုးအိုမှာ နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့သော လယ်သမားဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သိရှိလိုက်သည်။
အဘိုးအို တောင်အနောက်ဘက်သို့ ရောက်လာသည်နှင့် သူတို့အားလုံးတွေ့မြင်နေရသည့် မြင်ကွင်းကလည်း ပြောင်းလဲသွားသည်။
မြင်ကွင်းတစ်ခုလုံးက လယ်သမားအဘိုးအိုကို ဗဟိုပြုနေခြင်း ဖြစ်၏။
ရှောင်ယွိလည်း အနည်းငယ် အံ့အားသင့်သွားလေသည်။
နဂါးသုတ်သင်ဓားကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဒဏ္ဍာရီကို ယခုကဲ့သို့ တွေ့မြင်ခွင့်ရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
နဂါးမိစ္ဆာကြီးကတော့ မြင်ကွင်းကိုကြည့်နေရင်း စိတ်ရှုတ်ထွေးသွားဟန် ရှိသည်။
ဒီမြင်ကွင်းက ဘာများလဲ…။
သို့သော် သူတို့အားလုံး မည်သူမှ စကားမပြောဖြစ်ကြဘဲ လယ်သမားအဘိုးအိုကို အာရုံစိုက်ကာ ကြည့်နေကြသည်။
အဘိုးအိုမှာ ချည်ကြမ်းအဝတ်အစားများကိုဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသော လယ်သမားကြီးတစ်ယောက် ဖြစ်၏။
သို့သော် အဘိုးအို၏ လှုပ်ရှားမှုတိုင်းက လောကကြီးနှင့်တစ်သားတည်းကျနေပြီး လေထဲသို့ ပျော်ဝင်လွင့်မျောသွားတော့မည့်အလား ခံစားရသည်။
သူ၏ လှုပ်ရှားမှုတိုင်းက သဘာဝခံစားချက်ကို ပေးစွမ်းသည်။
ဤသည်က အဘိုးအို၏ ထူးခြားချက်ပင် ဖြစ်လေသည်။
အဘိုးအိုက တောင်အနောက်ဘက်တွင် ဆေးပင်များ တူးနေသည်။ တစ်စုံတစ်ယောက်ကို ဆေးကုသပေးရန်အတွက် ဆေးပင်များ တူးနေခြင်း ဖြစ်ဟန်တူသည်။
အချိန်အတန်ကြာပြီးနောက် ကောင်းကင်တစ်ခုလုံး အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာပြီး ရုတ်တရက် မှောင်မိုက်သွားသည်။
အဘိုးအိုမှာ ဆေးပင်များကို ကိုင်ထားရင်း ကောင်းကင်ထက်သို့ တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းပင် လက်ထဲမှ ပေါက်ပြားကို ပစ်ချလိုက်ပြီး နှုတ်ယူထားသည့် ဆေးပင်များကိုလည်း လွှင့်ပစ်လိုက်ကာ ရွာထဲသို့ အလျှင်အမြန် ပြေးလွှားထွက်ခွာသွားလေတော့သည်။
ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ပြင်းထန်စွာထွက်ပေါ်လာပြီး မိုးများ ရုတ်တရက်ရွာသွန်းကာ ရေများလွှမ်းမိုးလာသည်။
လယ်သမားအဘိုးအိုကတော့ လျှင်မြန်စွာ ပြေးလွှားလျှက် ရှိသည်။
အဘိုးအိုက လူငယ်လေးတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ပြေးလွှားရင်း မကြာခဏ လဲကျနေရှာသည်။
သို့သော် သူက တစ်ချက်ပင် ရပ်နားခြင်းမရှိဘဲ လဲကျလိုက် ပြန်ထလိုက်ဖြင့် ဆက်လက်ပြေးလွှားလျှက် ရှိသည်။
ကျန်းလန်က မျက်ခုံးများတွန့်ချိုးရင်း လယ်သမားအဘိုးအိုကို ကြည့်နေမိသည်။
"မိစ္ဆာနဂါး ရောက်လာတာလား…"
ထိုအတွေးက ကျန်းလန်၏ခေါင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် အတွေးဖြစ်သည်။
ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေပြီး မိုးများခြိမ်းကာ ရေများလွှမ်းမိုးလာအောင်ပြုလုပ်နိုင်သူမှာ မိစ္ဆာနဂါးသာလျှင်ရှိသည် မဟုတ်ပါလား။
မိစ္ဆာနဂါးက အလွန်တရာ စွမ်းအားကြီးမားလွန်းလှသည်။
အေးချမ်းတိတ်ဆိတ်လျှက်ရှိသည့် ရွာငယ်လေး၏ အစိတ်အပိုင်းအချို့မှာ မိုးရေထဲ မျောပါကုန်လေသည်။
နဂါးကြီးတစ်ကောင်က ကောင်းကင်ထက်တွင် လှည့်ပတ်နေပြီး လေတိုက်ခတ်သံများက တဝုန်းဝုန်းဖြင့် ဆူညံလျှက် ရှိသည်။
အဘိုးအို ရွာထဲသို့ ပြန်ရောက်လာလေသည်။
ထိုစဉ်မှာပင် အဘိုးအိုနေထိုင်သည့် တဲငယ်လေးမှာ လေဒဏ်မိုးဒဏ်ကို မခံနိုင်ဘဲ ပြိုကျသွားလေတော့၏။
သို့သော် တဲငယ်လေး မပြိုကျခင်မှာပင် တဲငယ်အတွင်းမှ အဘွားအိုတစ်ယောက် အချိန်မီ ပြေးထွက်လာလေသည်။ အဘွားအို၏ လက်ထဲတွင်တော့ ဒဏ်ရာရရှိထားသည့် ကလေးငယ်တစ်ယောက်ကို ပွေ့ချီထား၏။
အဘွားအိုထွက်လာသည်ကို တွေ့လိုက်သည်နှင့် အဘိုးအိုက အဘွားအိုရှိရာသို့ ချက်ချင်း အပြေးသွားလိုက်သည်။
ထိုစဉ်…
မိစ္ဆာနဂါးက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ပတ်ဝန်းကျင်အခြေအနေကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ထို့နောက် နဂါးကြီးက ရွာသားအချို့ကို ပါးစပ်နှင့်ချီပြီး ကိုက်ဖြတ်စားသောက်ပစ်လိုက်သည်။ နဂါးဆိုးကြီး၏ ပါးစပ်ထဲတွင် ရွာသားများ၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်းကျိုးပြတ်ကုန်တော့သည်။
ထို့နောက် မိစ္ဆာနဂါးက အဘွားအိုနှင့် ကလေးငယ်ရှိရာသို့ ရောက်ရှိလာပြီး (၂)ယောက်လုံးကို နဂါးလက်သည်းများဖြင့် ထိုးသုတ်သွား၏။
ရုတ်တရက် အဘိုးအို ဘာလုပ်ရမှန်းမသိဘဲ ဆွံ့အသွားသည်။
ထိုအချိန်မှာပင် မိစ္ဆာနဂါးက ကောင်းကင်ထက်သို့ ပျံသန်းသွားသွားပြီး ရွာအတွင်းပိုင်းသို့ ဦးတည်ဝင်ရောက်သွားသည်။
အဘိုးအို သတိပြန်ဝင်လာပြီး ချက်ချင်းပင် တဲအနောက်ဘက်မှ ထင်းခုတ်သည့်ပုဆိန်ကို ယူပြီး နဂါးကြီးနောက်သို့ တစ်ချက်မဆိုင်းဘဲ လိုက်ပါသွားသည်
လမ်းတစ်လျှောက်တွင် ပျက်စီးပြိုကျနေသည့် တဲအိမ်များ ၊ ငိုကြွေးနေသည့် ရွာသူရွာသားများကို အဘိုးအို တွေ့မြင်ရသည်။
ကလေးငယ်များ ထွက်ပြေးပုန်းအောင်းရန် ကြိုးစားနေကြပြီး ကျွဲနွားတိရိစ္ဆန်များသည်လည်း ထိတ်လန့်တကြားဖြင့် ပြေးလွှားလျှက် ရှိကြသည်။
လယ်သမားအဘိုးအိုက နဂါးကြီးနောက်သို့ မရပ်မနား လိုက်ပါသွားသည်။
ထိုအချိန်မှာပင်…
မိစ္ဆာနဂါးကြီးက ပါးစပ်ကိုဟလိုက်ပြီး အဘွားအိုနှင့် မြေးငယ်လေးကို မြိုချပစ်လိုက်လေတော့၏။
ထို့နောက် မိစ္ဆာနဂါးက ရွာထဲမှ အခြားကလေးငယ်များကိုလည်း ဖမ်းဆီးကာ မြိုချပစ်လျှက် ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွာထဲမှ ကလေးငယ်တစ်ဝက်ခန့် သေဆုံးသွားကြရသည်။
လယ်သမားအဘိုးအို၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး နဂါးကြီးနောက်သို့ အဆက်မပြတ်ပြေးလွှားလိုက်ပါလျှက် ရှိသည်။
နောက်ဆုံး နဂါးကြီးက ကလေးငယ်တစ်ယောက်ကို မြိုချရန်ဟန်ပြင်လိုက်စဉ်မှာပင် အဘိုးအိုက ကလေးငယ်ကို နဂါးကြီလက်ထဲမှ ဆွဲယူလိုက်သည်။
အဘိုးအိုက ကလေးငယ်ရှေ့တွင် မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ပေးလိုက်သည်။
လယ်သမားကြီး၏ အပြုအမူကြောင့် မိစ္ဆာနဂါးကြီး မကျေမနပ် ဖြစ်သွားသည်။ နဂါးကြီးက ဒေါသတကြီးဖြင့် လယ်သမားအဘိုးအိုကို စိုက်ကြည့်လိုက်သည်။
ထို့နောက် လေထဲတွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး အဘိုးအိုရှိရာသို့ တိုက်ခိုက်ရန် ဝင်ရောက်လာသည်။
ကလေးငယ်က ကြောက်ရွံ့စွာဖြင့် အဘိုးအို၏လက်ကို ဆုပ်ကိုင်လိုက်သည်။
သို့သော် အဘိုးအိုက နဂါးကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မရှိပေ။
သူ့ဘ၀ နိဂုံးချုပ်ရတော့မည်ကို လယ်သမားအဘိုးအို သိရှိလိုက်သည်။ သူ့ရင်ထဲတွင် နဂါးကြီး၏ နိုင့်ထက်စီးနင်းပြုလုပ်မှုအတွက် မခံမရပ်နိုင် ဒေါသပြင်းထန်လျှက် ရှိသည်။
ဤမိစ္ဆာနဂါးကိုသာ သုတ်သင်မပစ်နိုင်လျှင် သူတို့ရွာလေး၏ အနာဂတ်သည် အဘယ်မှာ အေးချမ်းမှု ရှိပါမည်နည်း။
ရွာသူရွာသားများသည် မျိုးဆက်ပေါင်းများစွာ မိစ္ဆာနဂါး၏ အနိုင်ကျင့်နှိပ်ဆက်မှုလောင်းရိပ်အောက်တွင် လူမသိ သူမသိဘဝဖြင့် ရှင်သန်ခဲ့ကြရသည်။
လူပေါင်းများစွာတို့သည် နဂါးကြီး၏ ပါးစပ်ထဲသို့ ဝင်ရောက်ကာ အစာဖြစ်ခဲ့ကြရသည်။
ယနေ့တော့ ထိုနဂါးကို အမြစ်ပြတ် သတ်ဖြတ်သုတ်သင်ရပေတော့မည်။ အဘိုးအိုက ထိုနဂါးဆိုးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ချင်မိသည်။
ထိုခဏမှာပင် အဘိုးအိုသည် သူ့ဘဝတစ်ခုလုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရနေမိသည်။
လောကကြီး၏ ပြောင်းလဲမှုများကိုသူ့စိတ်ထဲတွင် ပြန်လည်မြင်ယောင်နေမိသည်။
သို့သော် သူ့မျက်လုံးထဲတွင်တော့ မိစ္ဆာနဂါးတစ်ကောင်တည်းကိုသာ တွေ့မြင်နေရသည်။
ရုတ်တရက်…
အချုပ်အနှောင်များအားလုံးမှ ရုန်းထွက်လိုက်နိုင်သည့်အလား အဘိုးအို ခံစားလိုက်ရသည်။
လယ်သမားအဘိုးအို၏ စိတ်ထဲတွင် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားသည်။
ထို့နောက် အဘိုးအိုက လက်ထဲမှပုဆိန်ကို ကိုင်မြှောက်လိုက်သည်။
အဘိုးအိုမှာ ခါးကိုင်းနေခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်က မားမားမတ်မတ်ရပ်တည်လျှက် ရှိသည်။
ထိုအချိန် ပတ်ဝန်းကျင်တွင် လျှပ်စီးမိုးကြိုးများလင်းလက်လာပြီး ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
ထိုဓားဝိညာဉ်ကိုတွေ့သည်နှင့် မောက်မာလွန်းသည့် နဂါးဆိုးကြီးမှာ ချက်ချင်းပင် ကြောက်ရွံကထိတ်လန့်သွားပြီး နောက်သို့ လှည့်ပြေးလေတော့သည်။
သို့သော်…
ထိုနဂါးဆိုးကြီးမှာ အဘိုးအို၏ ဓားချက်မှ အဘယ်မှာ လွတ်မြောက်နိုင်ပါမည်နည်း။
လယ်သမားအဘိုးအို၏ အသက်ဓာတ်စွမ်းအားများ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ၏ အသက်ဓာတ်စွမ်းအားများအားလုံးက သူ့လက်ထဲတွင် ကိုင်ထားသည့် ပုဆိန်အတွင်းသို့ ဝင်ရောက်သွားပြီး ဓားဝိညာဉ်ဖြင့် ပေါင်းစပ်သွားသည်။
ထို့နောက် အဘိုးအိုသည် ပုဆိန်ကို လွှဲခုတ်ချလိုက်လေတော့၏။
နောက်လှည့်ထွက်ပြေးသည့် မိစ္ဆာနဂါးကြီးမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မည်သည့်အကြောင်းအရာများ ဖြစ်ပျက်သည်ကို နောက်သို့ လှည့်ကြည့်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ့တွင် နောက်လှည့်ကြည့်ရန် အခွင့်အရေး မရှိတော့ပေ။
"ဝုန်း…"
မိစ္ဆာနဂါးကြီး၏ ခန္ဓာကိုယ် (၂)ပိုင်း ပြတ်သွားပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားတော့၏။
လယ်သမားအဘိုးအိုကတော့ ပုဆိန်ကို ကိုင်ထားရင်း ခန္ဓာကိုယ်မားမားမတ်မတ်ဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။
သို့ရာတွင် သေသေချာချာ အနီးကပ်ကြည့်ရှုမည်ဆိုလျှင် အဘိုးအို အသက်မရှိတော့ကြောင်း သိရှိနိုင်မည် ဖြစ်သည်။
အဘိုးအို၏ ခန္ဓာကိုယ်ထက်တွင် ဝတ်ဆင်ထားသည့် ချည်ကြမ်းထည်အဝတ်အစားများမှ ဆန်းကျယ်စွာပင် အလင်းရောင်များ တောက်ပလျှက် ရှိသည်ကို တွေ့မြင်ကြရလေသည်။
ဖြစ်စဉ်အလုံးစုံ ပြီးဆုံးသွားပြီးနောက်…
"ဘန်း…"
ပတ်ဝန်းကျင် မြင်ကွင်းတစ်ခုလုံး တစ်စစီ ပြိုကွဲသွားသည်။
ကျန်းလန်က ရေကန်ထက်တွင် ထိုင်နေဆဲ ဖြစ်လေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေဟန် ရှိသည်။
သူ့ဘေးတွင်တော့ ရှောင်ယွိ ထိုင်နေလေသည်။ သူမ ပုံစံက အေးဆေးတည်ငြိမ်လျှက် ရှိသည်။
သို့သော် နဂါးသုတ်သင်ဓားဝိညာဉ်ပါရှိသည့် ဓားငယ်လေးကို ကိုင်ထားသော သူမ၏လက်များက အနည်းငယ် တုန်ယင်နေ၏။
သူမက မျက်လုံးများကို အသာမှေးမှိတ်လိုက်ပြီး ရင်ထဲမှ ကြောက်ရွံ့တုန်လှုပ်ခြင်းများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
လယ်သမားအဘိုးအိုက ပုဆိန်ကို ကိုင်မြှောက်လိုက်ချိန်တွင် သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများစွာကို ခံစားခဲ့ရသည်။ လယ်သမားအဘိုးအို၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
မိစ္ဆာနဂါးကြီးကတော့ လေထဲတွင် ပျံဝဲလျှက် ရှိသည်။ သူ့ရင်ထဲမှ ကြောက်ရွံ့မှုက ရှောင်ယွိထက် ပိုမိုပြင်းထန်လေသည်။
သို့သော် နဂါးကြီးက စကားတစ်ခွန်းမှ မဆိုဘဲ ကြောက်ရွံ့မှုကိုလည်း ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။