ခန့်ညားချောမောလှသည့်မိသားစု
Vol. 6 Ch. 92
ကျောင်းသားသုံးယောက်သည် စားပွဲပေါ်မှ ဟင်းလျာများစွာကိုမြင်ပြီး အံ့ဩသွားကြတော့သည်။ ဟင်းလျာများမှာ သာမာန်အိမ်ချက် အစားအသောက်များလိုပါပင်။ သူတို့သုံးယောက်သည် ချမ်းသာသည့် နောက်ခံများရှိကာ ခရိုင်မြို့ပေါ်ရှိ ကြယ်ငါးပွင့်ဟိုတယ်ကြီးများကို မကြာခဏသွားရောက်ဖူးကြသည်။ သို့သော်လည်း ဘယ်အစားအသောက်ကမှ အခု သူတို့ရှေ့တွင်ရှိနေသည့် စားပွဲပေါ်မှ ဟင်းလျာများကို မယှဉ်နိုင်ပေ။
ဘာကြောင့် ရိုးရိုးရှင်းရှင်း အသီးအရွက်ကြော်များက ဒီလောက်တောင် မွှေးနေရလဲဆိုသည်ကို သူတို့ နားမလည်နိုင်တော့ပေ။ ဟင်းအနံ့တို့က သူတို့၏စားချင်သောက်ချင်စိတ်ကို နှိုးဆွနေပြီး စိတ်ကိုပါ လန်းဆန်းကြည်လင်လာစေသည်။ နဉ်ဝေ့ယီက ဟင်းပွဲများကိုမြင်သည်နှင့်၊ “အစ်မ၊ ဒီဟင်းတွေရဲ့အနံ့က နတ်သုဒ္ဓါတွေအလားပဲ။ ဒေါ်လေးက တော်တော်ဟင်းချက်ကောင်းတာပဲ။” ထို့နောက် သူက အခုမှရောက်လာသည့် ရှောင်လင်းယဲ့ကို ကြည့်ကာ အော်လိုက်လေသည်။ “ယဲ့၊ မင်းကတော့ ဒေါ်လေးလို ဟင်းချက်အရမ်းကောင်းတဲ့အမေမျိုးရှိတာ ကံကောင်းတယ်ဟေ့။”
သူတို့အမေများဆိုလျှင် တစ်ခါမှ မချက်ပြုတ်ကြပေ။ သူတို့က မီးဖိုချောင်ထဲမှ ညှော်နံ့များအကြောင်းကိုသာ ညည်းညူနေတတ်ကြသည်။ ဒါ့အပြင် သူတို့တွင် အိမ်အကူများရှိကာ သူတို့ပဲ အိမ်ရှိ အချက်အပြုတ်ကစလို့ သန့်ရှင်းရေးအထိ အားလုံးကို လုပ်ကိုင်ပေးကြသည်။ သူတို့အနေနှင့် သူတို့အမေများ၏ ဟင်းချက်လက်ရာကို တစ်ခါမှပင် မမြည်းစမ်းကြည့်ဖူးကြပေ။ ဒါကြောင့် သူတို့အားလုံး ရှောင်လင်းယဲ့ကို အလွန် မနာလိုဖြစ်နေကြတော့သည်။
ရှောင်လင်းယဲ့က ဂုဏ်ယူစွာပင် ပြောလိုက်လေသည်။ “ဒါပေါ့။” သူ့မိသားစုဘဝသည် အလွန်ကိုမှ သဟဇာတရှိကာ ပျော်ရွှင်ဖွယ်ကောင်းသည်က အမှန်ပင်ဖြစ်သည်။
ရှောင်လင်းယွီက စားပွဲပေါ်တွင် ဟင်းပွဲများဟင်းကျင်းပြီးနောက်၊ “လာ ထိုင်ကြလေ။” ဟု ပြောလိုက်သည်။
ရှောင်လင်းယဲ့ သူငယ်ချင်းများ၏ ပါးစပ်မှ သွားရည်တွေကျမတတ်ဖြစ်နေသည်ကို သူမမြင်လိုက်သည်နှင့်၊ “ယဲ့အာ၊ သူငယ်ချင်းတွေကို သေချာဧည့်ခံလိုက်နော်။”
ရှောင်လင်းယဲ့ မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒီသုံးယောက်ကို ဘာမှဧည့်ခံပေးနေဖို့တောင် မလိုတော့ဘူး။ သူတို့က ဒီနေရာက သူတို့အိမ်လို့တောင် သဘောထားနေကြပြီ။”
ရှောင်လင်းယဲ့ဝင်ထိုင်လိုက်ပြီးနောက် တစ်ခုခုကိုတွေးမိကာ မေးလာခဲ့သည်။ “အစ်မ၊ အဖေ ညစာစားဖို့ ပြန်မလာသေးဘူးလား။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “အဖေက ဒီနေ့ည ဦးလေးချန်းအိမ်မှာ နည်းနည်းလောက်သောက်ဖို့ သွားမယ်လို့ ပြောသွားတယ်။”
“အော်..” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်ပြီးနောက် သူ့သူငယ်ချင်းတွေကို လှမ်းပြောလိုက်သည်။ “ထိုင်ကြလေ၊” သူတို့ ဒီလိုမျိုး ထမင်းစားပွဲကို သွားရည်တကျကျနဲ့ စိုက်ကြည့်နေတာက အရမ်းရှက်ဖို့ကောင်းတယ်။
ရှောင်လင်းယဲ့ ဝန်မခံချင်သော်လည်း သူလည်း စားပွဲပေါ်ရှိ အစားအသောက်များကြောင့် ဆွဲဆောင်ခံနေရလေသည်။ ဒီဟင်းတွေ ဘယ်လောက်တောင် အရသာရှိလိုက်မလဲဆိုတာ သူသိနေခဲ့သည်။ ရှောင်လင်းယဲ့၏သူငယ်ချင်းများသည် ချက်ချင်းပင် ထိုင်ခုံများဆွဲထုတ်ကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့က ဟင်းပွဲများကိုပင် ဆွဲယူလိုက်သေးသည်။ ဒီအပြုအမူက ရိုင်းသော်လည်း ဟင်းလျာများ၏ရနံ့က သူတို့ကို ဆွဲဆောင်လွန်းနေသည်။
မေမေရှောင်က မြေပဲကြော်တစ်ပန်းကန်နှင့် ထွက်လာကာ ပြုံး၍ ပြောလိုက်သည်။ “ကိုယ့်အိမ် ကိုယ့်ရာလို သဘောထားပြီး ထည့်စားကြနော်။ ဒေါ်လေး ဟင်းတွေအများကြီး ချက်ပေးထားတယ်။”
“ဟုတ်ကဲ့ပါ ဒေါ်လေး။”
“ယွီအာ၊ သမီးလည်း ဝင်စားလိုက်လေ။”
“ဟုတ်ကဲ့။” ရှောင်လင်းယွီက မေမေရှောင်အတွက်ပါ ထမင်းတစ်ပန်းခူးပေးလိုက်သည်။ “အမေလည်း တခါတည်း ထိုင်စားလိုက်တာ ကောင်းမယ်။” ရှောင်လင်းယဲ့၏သူငယ်ချင်းများက ဟင်းတွေကို တခါတည်း အပြောင်ရှင်းနေကြခြင်းဖြစ်သည်။ မေမေရှောင်သာ မြန်မြန်လေး ထိုင်မစားလိုက်ပါက အကုန်ကုန်သွားပေတော့မည်။
ရှောင်လင်းယွီလည်း အစားအသောက်များက ဘယ်လောက်တောင်မှ ဆွဲဆောင်နေပြန်ကြောင်း ထပ်ပြီး သတိထားမိလိုက်ရပြန်ကာ အကြောင်းအရင်းကို နားလည်နေ၍ သက်ပြင်းသာ ချမိတော့သည်။
မေမေရှောင်လည်း ကုန်ခါနီးနေသည့်ဟင်းပန်းကန်များကို မြင်ပြီး မြန်မြန်ပင် ဝင်ထိုင်လာခဲ့သည်။ သူမသမီးဆီက ထမင်းပန်းကန်ကို ယူကာ သူမလည်း စားလိုက်လေသည်။ အိမ်ရှင်များနှင့် ဧည့်သည်များမှာ အလုအယက်စားသောက်နေကြတော့သည်။
ရှောင်လင်းယွီကတော့ ရယ်ချင်လွန်း၍ သူမပါးစပ်ကိုသာ လက်ဖြင့် အုပ်ထားမိတော့လေသည်။
ထိုအချိန်မှာပဲ ဖေဖေရှောင်က အပြေးဝင်လာခဲ့သည်။ ရှောင်လင်းယွီက ချက်ချင်းပင် ထရပ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ပါးစပ်ကလည်း လှမ်းမေးလိုက်သည်။ “အဖေ၊ ဦးလေးချန်းနဲ့အတူ မနေဘူးလား။”
ဖေဖေရှောင်က ပြုံးလိုက်ကာ၊ “ဒီနေ့ ငါတို့အိမ်ကို ဧည့်သည်တွေရောက်နေတယ်ဆိုပြီး ပြန်လာပြီး ကြိုဆိုပေးတာလေ။” တကယ်တော့ ဖေဖေရှောင်သည် အိမ်မှ အစားအသောက်များကို လွမ်း၍သာဖြစ်သည်။ အိမ်ကိုဧည့်သည်လာတယ်ဆိုကတည်းက သူ့ဇနီးက သေချာပေါက် ဟင်းပွဲတွေအများကြီး ချက်မည်မှန်း သူသိနေသည်။ ထိုဟင်းလျာများ၏အရသာမှာ သူ့အချစ်တော် ဝိုင်ပုလင်းထက် များစွာသာလွန်ပေသည်။
“မင်္ဂလာပါ၊ ဦးလေး။” ဧည့်သည်လေးသုံးယောက်က ဖေဖေရှောင်ကိုမြင်သည်နှင့် ချက်ချင်းထရပ်ကာ နှုတ်ဆက်လာကြသည်။
“ကလေးတွေက လိမ္မာတာပဲ။ ဦးလေးမင်းတို့ကို မနှောက်ယှက်တော့ဘူးနော်။” ဖေဖေရှောင်သည် သူ့သားက သူငယ်ချင်းတွေ ခေါ်လာမှန်း သိထားပြီးဖြစ်သည်။
နဉ်ဝေ့ယီက ဖေဖေရှောင်ကိုကြည့်ကာ ချက်ချင်းပင် ချီးမွမ်းလာခဲ့သည်။ “ဦးလေးက အရမ်းခန့်တာပဲ။ ကျောင်းက မိန်းကလေးတွေကြားထဲ ယဲ့,ဒီလောက် နာမည်ကြီးနေတာ မဆန်းတော့ပါဘူး။ ဦးလေးဆီက အမွေရထားတာကိုး။ ယဲ့က ဦးလေးနဲ့ တစ်ပုံစံတည်းပဲ။”
နဉ်ဝေ့ယီ ညာနေခြင်းမဟုတ်ပေ။ ထိုသားအဖနှစ်ယောက်သည် အကျင့်စရိုက်မတူသော်လည်း ရုပ်ရည်ကတော့ အတော်လေးတူလှသည်။ ရှောင်လင်းယဲ့သည် ဖေဖေရှောင်၏ လူငယ်ဗားရှင်းအတိုင်းပင်။
ဖေဖေရှောင်သည် ချီးမွမ်းစကားကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူတစ်ခုခုပြန်ပြောမည့်အချိန်မှာပဲ ယန်ပေါင်းလင်းက ထပ်ပြောလာပြန်သည်။ “ဦးလေးနဲ့ဒေါ်လေးတို့မိသားစုက လုံးဝပန်းချီကားထဲကလို ပြီးပြည့်စုံတဲ့မိသားစုပဲ။ အားလုံး အချောအလှတွေချည်းပဲ။”
အမျိုးသမီးများကို ဘယ်အသက်အရွယ်ပဲရောက်ပါစေ လှပသည်ဟု ခေါ်ဆို၍ရတာကြောင့် မေမေရှောင်ကလည်း ချွင်းချက်မဟုတ်ပေ။ ရှောင်လင်းယဲ့ကို ဖေဖေရှောင်နှင့်တူသည်ဟု ပြောမည်ဆိုလျှင် ရှောင်လင်းယွီသည်လည်း မေမေရှောင်နှင့် တူလေသည်။
ခမ်းလဲကလည်း နောက်ကောက်ကျမကျန်ခဲ့လိုဟန်ဖြင့်၊ “အဟုတ်ပဲ။ ဦးလေးက အရမ်းခန့်၊ ဒေါ်လေးကကျတော့ အရမ်းလှ။ အစ်မကြီးက နတ်မိမယ်လေးလိုပဲ၊ ယဲ့တောင်မှ ကောင်မလေးတွေအများကြီးရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ မင်းသားလေးတစ်ပါးလိုထင်ရတယ်။”
မေမေရှောင်က ရယ်လိုက်ကာ ရှောင်လင်းယဲ့သည်တော့ စားနေတာပင် သီးသွားရသည်။
မေမေရှောင်က သဘောတကျဖြင့် ပြောလိုက်သည်။ “ဒီကလေးသုံးယောက်ကတော့ ပါးစပ်လေးတွေကို ချိုနေကြရောပဲ။ လာ လာ၊ ဆက်စားကြရအောင်။ ညစာတွေ အေးစက်ကုန်တော့မယ်။”
“ကျေးဇူးတင်ပါတယ် ဒေါ်လေး။” ကောင်လေးသုံးယောက်က တညီတညာပင် ပြန်ဖြေလိုက်ကြသည်။
သိပ်မကြာခင်မှာပဲ သူတို့အားလုံး စကားစတွေပြတ်သွားကာ အစားအသောက်တိုက်ပွဲကြီးကို ဆက်လက်ဆင်နွှဲကြလေသည်။ ဘယ်သူက ဧည့်သည် ဘယ်သူကအိမ်ရှင်မှန်းပင် ပြောရခက်တော့သည်။
၁၅မိနစ်တောင်မပြည့်သေးခင်မှာပင် အစားအသောက်အားလုံး ကုန်သွားတော့သည်။
နဉ်ဝေ့ယီက ခရမ်းသီးစတူးကို သူ့ထမင်းပန်းကန်ထဲသို့ အကုန်လုံးပင် လောင်းထည့်လိုက်သည်။ ဟင်းအရည်မှာ အလွန်အရသာရှိကာ ဟင်းရည်အိုးကိုပင် လျှာနဲ့ကောက်ယက်ချင်လောက်အောင်ပင်။ သို့သော်လည်း ထိုသို့ပြုမူပါက အလွန်ရိုင်းစိုင်းသွားမည်ဖြစ်တာကြောင့် သူ့ပန်းကန်ကိုသာ ယက်နေတော့သည်။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း သူ့လမ်းစဉ်အတိုင်းလိုက်ကြကာ မကြာခင်ခင်မှာပဲ သုံးယောက်လုံး ဗိုက်ပြည့်သွားကြကာ ကျေနပ်စွာဖြင့် သူတို့ဗိုက်ကို ပွတ်သပ်နေကြလေသည်။
ယန်ပေါင်လင်းက ပွင့်ပွင့်လင်းလင်းပင် ချီးကျူးလာလေသည်။ “ဒေါ်လေးရဲ့ ဟင်းချက်လက်ရာက အရမ်းမိုက်တာပဲ ကြယ်ငါးပွင့်စားဖိုမှူးတွေတောင် ဒေါ်လေးလက်ရာကို မယှဉ်နိုင်ဘူး။ ဟင်းတွေက ပန်းကန်တွေကိုပါ ဝါးစားပစ်ချင်လောက်တဲ့အထိကို အရသာရှိတာ။”
နဉ်ဝေ့ယီကလည်း ခေါင်းညိတ်ကာ ထောက်ခံလာသည်။ “ဒေါ်လေး၊ တကယ်ပြောတာ။ ယဲ့အာက အမြဲတမ်း သူ့အိမ်ချက်လက်ရာတွေ လွမ်းနေတာ မဆန်းတော့ပါဘူး။”
ခမ်းလဲ့ကလည်း၊ “ဒေါ်လေး၊ စားသောက်ဆိုင်ဖွင့်ပါလား။ ဒေါ်လေးရဲ့ဟင်းချက်လက်ရာနဲ့ဆိုရင် စားသောက်သူတွေက မြို့တစ်ပတ်တောင်ပတ်လို့ရအောင် တန်းစီနေကြလိမ့်မယ်။”
ခမ်းလဲ့စကားကိုကြားပြီးနောက် ရှောင်လင်းယွီနှင့် မေမေရှောင်တို့ စိတ်ဝင်စားသွားကြသည်။
ပြီးခဲ့သည့်နှစ်အနည်းငယ်တုန်းက မေမေရှောင်နှင့် ဖေဖေရှောင်သည် ရှောင်လင်းယွီ၏ ကျူရှင်လခအတွက် ငွေစုရင်း အလုပ်ရှုပ်ခဲ့ကြရသည်။ သူတို့တွင် သူတို့ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်စည်းရန်အတွက် ငွေအပိုမရှိခဲ့ကြပေ။
သူတို့မိသားစုတွင် ငွေပိုအချို့ရှိလာသည်မှာ အခုတလောလေးမှတင်ဖြစ်သည်။ စားသောက်ဆိုင်လေးတစ်ဆိုင်တဖွင့်လိုက်တာက ဆိုးတော့မဆိုးပေ။
သို့သော်လည်း ရှောင်လင်းယွီတွင် တခြားဦးတည်ချက်တစ်ခုရှိပြီးသားပင်။ သူမက ထောင်ယွမ်ရွာရှိ ဖုန်းဆိုးတောင်ကို ငှားရန်စီစဉ်ထားလေသည်။ ငှားခကတော်တော်ကုန်မည်ဖြစ်တာကြောင့် သူမအနေနှင့် မိသားစု၏စုငွေကို သုံးဖို့လိုအပ်နေသည်။
ဒါကြောင့် ဒီည သူမမိသားစုနှင့် စကားအေးအေးဆေးဆေးပြောမှဖြစ်ပေမည်။
***