← Chapters

မိသားစုအစည်းအဝေး

Vol. 6 Ch. 93

မိသားစုအစည်းအဝေး

Vol. 6 Ch. 93

ကျောင်းသားသုံးယောက်ကို ကိုယ်လက်သန့်ရှင်းရေးလုပ်ရန် လွှတ်လိုက်ပြီးသည့်နောက် ရှောင်လင်းယွီက ထရပ်ကာ ပြောလာခဲ့သည်။ “သမီးတို့ မိသားစုအစည်းအဝေးလုပ်ဖို့ လိုမယ်။”

ဖေဖေရှောင်နှင့် မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ ရှောင်လင်းယဲ့သည်လည်းတော့ သူ့သူငယ်ချင်းများကို သူ့အခန်းထဲသို့ ခေါ်သွားခဲ့သည်။ ကောင်လေးသုံးယောက်သည် ထို ‘မိသားစုအစည်းအဝေး’ အကြောင်း သိချင်နေကြသော်လည်း ဝင်ရောက်စွက်ဖက်ပါက အလွန်ရိုင်းသည့်အပြုအမူဖြစ်ကြောင်း သိနေသည်။ သူတို့သည် ရှောင်လင်းယဲ့ကိုလည်း အတော်လေး မနာလိုဖြစ်မိနေကြသည်။ အဆောင်မှာဆိုလျှင် ရှောင်လင်းယဲ့သည် အဆင်းရဲဆုံးကျောင်းသားဖြစ်သည်။ သို့သော်လည်း ရှောင်မိသားစုတွင် ခဏမျှနေကြည့်ပြီးသည့်နောက်မှာတော့ ရှောင်လင်းယဲ့သည် သူတို့ထဲတွင် အပျော်ရွှင်ရဆုံးလူဖြစ်ကြောင်း သိလိုက်ရသည်။

ငွေကို ဘာအတွက်များသုံးနေကြတာလဲ။

သူတို့သုံးယောက်လုံးအတွက် သူတို့အမေများသည် လူမှုဆက်ဆံရေးများဖြင့် အလုပ်ရှုပ်နေကြသည်။ သူတို့အဖေတွေကတော့ ငွေရှာဖို့နှင့် မယားငယ်ရှာဖို့အတွက် အလုပ်များနေကြသည်။ သူတို့အိမ်များတွင် နွေးထွေးမှုဆိုတာမရှိပေ။ ဝန်ထမ်းတွေကလွဲ၍ အိမ်မှာ မိသားစုဆိုတာ ရှိမနေပေ။

ရှောင်လင်းယဲ့၏အခန်းထဲသို့ ဝင်ပြီးနောက် ခမ်းလဲ့က ထိုင်ခုံပေါ်တွင်ထိုင်ကာ နဉ်ဝေ့ယီနှင့် ယန်ပေါင်လင်းတို့ကတော့ အိပ်ယာပေါ်တွင် လဲနေကြသည်။

ယန်ပေါင်လင်းက မေးလိုက်လေသည်။ “ယီ၊ လဲ့၊ ယဲ့ရဲ့မိသားစုအစည်းအဝေးက ဘယ်လိုမျိုးဖြစ်လောက်မယ်လို့ ထင်လဲ။”

နဉ်ဝေ့ယီနှင့် ခမ်းလဲ့က ခေါင်းသာ ယမ်းပြလာခဲ့သည်။ “မသိဘူးလေ၊ နောက်မှ ယဲ့ကို မေးကြည့်ကြရင်ရော။”

နဉ်ဝေ့ယီက အကြံပေးလာခဲ့သည်။ “ဒါမှမဟုတ် ငါတို့ တစ်ချက်လောက် သွားကြည့်ကြမလား။”

ယန်ပေါင်လင်းနှင့်ခမ်းလဲ့တို့ မျက်လုံးသာ လှန်ပြလိုက်လေသည်။ “မင်းဘာသာသွား။ ယဲ့မင်းကို ရှာတွေ့သွားရင်တော့ ငါတို့ကိုပါ ဆွဲမထည့်နဲ့။”

ဤသည်မှာ ရှောင်မိသားစု၏ အစည်းအဝေးဖြစ်ကာ သူတို့ကတော့ အပြင်လူများပင်။ ထို့အပြင် ရှောင်လင်းယဲ့က သူတို့ကို သူ့အခန်းထဲပို့လိုက်တာနှင့်ပင် ရှင်းနေပြီမဟုတ်လား။ သူတို့က မိသားစုအစည်းအဝေးကို တက်ဖို့အထိ သူတို့ကို ဖိတ်ခေါ်မနေတာလေ။

ရှောင်လင်းယဲ့အတွက်တော့ သူ့အခန်းဖော်များသည် ကောင်းတော့ကောင်းသည့်ကပ်ပါးကောင်တွေလိုပင်။ သူတို့ သူ့မိသားစုနှင့်ရင်းနှီးအောင် အတင်းကြိုးစားနေကြသည်။ ဒါကြောင့် နောက်အနာဂါတ်ကျရင် သူတို့က သူနှင့်သူ့မိသားစုကို ပိုပြီး ကယ်တွယ်လာကြလိမ့်မည်ဟု ခံစားနေမိသည်။ ရှောင်လင်းယဲ့ သူ့အစ်မကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဒါပေါ့၊ ရှောင်လင်းယဲ့သည် သူ့သူငယ်ချင်းများက သူတို့မိသားစုအစည်းအဝေးကို ခိုးနားထောင်ရလောက်အောင်အထိ ဆိုးရွားမည်ဟုလည်း မထင်ပါပေ။

….

ဖေဖေရှောင်နှင့် မေမေရှောင်က ထမင်းစားစားပွဲမှာပဲထိုင်နေကာ ရှောင်လင်းယွီကို ကြည့်နေခဲ့သည်။ မေမေရှောင်က မေးလာခဲ့သည်။ “ယွီအာ၊ ဘာဖြစ်လို့လဲ။ ဘာလို့ မိသားစုအစည်းအဝေးခေါ်ရတာလဲ။” သူတို့မိသားစုတွင် အရေးကြီးသည့်ပွဲမျိုးရှိမှသာ မိသားစုအစည်းအဝေးခေါ်ကြပေသည်။

ရှောင်လင်းယွီကပြောလာလေသည်။ “အမေ၊ အဖေ၊ သမီး မြေနည်းနည်းလောက် ငှားဖို့ စိတ်ကူးထားတယ်။”

သူမမိသားစုကတော့ သူမကို နားမလည်သည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

ရှောင်လင်းယဲ့ကတော့ သူ၏သိလိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ ဝင်မေးလာလေသည်။ “အစ်မ၊ ငါတို့အိမ်မှာ မြေရှိပြီးသားပဲမဟုတ်ဘူးလား။ ဘာလို့ နောက်ထပ် မြေငှားဖို့လိုဦးမှာလဲ။”

သူတို့မိသားစုတွင် မြေ၈မူရှိသည်။ သူမသာ ဟင်းသီးဟင်းရွက်တွေစိုက်လိုလျှင် တစ်မူနှစ်မူလောက်ဆို လုံလောက်နေပေပြီ။ ဘာလို့ နောက်ထပ်မြေတွေ ထပ်ငှားနေဦးမှာလဲ။ သူ့အစ်မက လယ်မြေတိုးချဲ့ဖို့ စိတ်ကူးနေတာများလား။

ဖေဖေရှောင်၏မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။ “ဟုတ်သားပဲ ယွီအာ။ အဖေတို့မိသားစုမှာ မြေနည်းနည်းရှိပြီးသားလေ။ ဘာလို့ နောက်ထပ်ငှားနေမှာလဲ။”

ရှောင်လင်းယွီက အလေးအနက်ထားကာ ပြောလာခဲ့သည်။ “အမေ၊ အဖေ၊ သမီးသူငယ်ချင်းပို့ပေးတဲ့ အသီးအရွက်တွေကို သမီးတို့လည်း စားခဲ့တာပဲ။ ဒါတွေကို အမြာက်အမြားစိုက်ပျိုးမယ်ဆို ဈေးကွက်ရှိလောက်မယ်လို့ထင်လား။” တစ်နည်းပြောရရင်တော့ သူတို့မိသားစု၏ လက်ရှိမြေနေရာနှင့်ဆိုလျှင် ထိုသို့စိုက်ပျိုးရန် လုံလောက်မည်မဟုတ်ပေ။

ဖေဖေရှောင်နှင့် မေမေရှောင်တို့ အံ့ဩသွားကြလေသည်။ မေမေရှောင်က မေးလာခဲ့သည်။ “ယွီအာ၊ ဒီတော့ ကိုယ်တိုင်စိုက်ပြီး ရောင်းမယ်လို့ပြောချင်တာလား။”

“ဟုတ်တယ်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

ထိုသို့သိလိုက်ရပြီးနောက် မေမေရှောင်တွင် မေးခွန်းတစ်ခုရှိလာခဲ့သည်။ “ယွီအာ၊ ဒီဟင်းသီးဟင်းရွက်တွေ အရမ်းအရသာရှိနေတာက သမီးသူငယ်ချင်းမှာ လျှို့ဝှက်ဖော်မြူလာရှိနေလို့မဟုတ်လား။ ဒါပေမယ့် သမီးသာ အမြောက်အမြားစိုက်ပျိုးမယ်ဆိုရင် သမီးသူငယ်ချင်းဘက်က အမေတို့ကို မြေဩဇာလုံလုံလောက်လောက် ပံ့ပိုးပေးနိုင်ပါ့မလား။”

ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်လေသည်။ “အမေ၊ အဲ့ဒါတော့ စိတ်မပူနဲ့။ သမီးသူငယ်ချင်းက သမီးလိုသလောက် မြေဩဇာတွေ ပို့ပေးနိုင်တယ်။” ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးနေရာလွတ်ထဲမှာ မကုန်ခမ်းနိုင်တဲ့စမ်းရေတွေရှိနေတာပဲကို။

“အဖေတို့သာ အမြောက်အမြားစိုက်ပျိုးမယ်ဆိုရင် ရိတ်သိမ်းပြီးတဲ့အသီးအရွက်တွေကို ဘယ်မှာရောင်းဖို့ စီစဉ်ထားလဲ။ ဈေးထဲမှာလား။” ဖေဖေရှောင်က အဓိကပြဿနာကို ထောက်ပြလာလေသည်။ “ဘယ်လောက်ပဲ အရသာရှိတဲ့အသီးအရွက်တွေဖြစ်ပါစေ ဈေးကတော့ ကြီးလွန်းတယ်။ အဖေတို့သာ လက်လီတစ်မျိုးတည်းကို အားကိုးမယ်ဆိုရင် ဘယ်လောက်များ ရောင်းရမှာမို့လို့လဲ။ အများဆုံး ခန့်မှန်းချေ ကတ်တီထောင်ချီလောက်ပေါ့။ ဒါဆို ကျန်တာတွေကရော၊ ယွီအာ၊ ဒီပြဿနာကိုရော စဉ်းစားပြီးပြီလား။”

မေမေရှောင်ကလည်း ခေါင်းညိတ်လိုက်သည်။ “ယွီအာ၊ သမီးအဖေပြောတာ မှန်တယ်။ အသီးအရွက်တွေက အရသာရှိတာမှန်ပေမယ့် ဈေးကအရမ်းမြင့်တယ်။ သာမာန်အသီးအရွက်တွေထက် အဆပေါင်းများစွာကို မြင့်တာ။” သူမက ခဏရပ်လိုက်ပြီးနောက်မှ ဆက်ပြောလာသည်။ “အမေတို့ ဈေးထွက်တဲ့နေ့တုန်းက အကုန်လုံးရောင်းကုန်သွားတယ်ဆိုတာ အမေတို့မှာလည်း ကုန်များများပါမသွားလို့ပဲ။ ပြီးတော့ တချို့ဖောက်သည်တွေက အသစ်အဆန်းဆိုပြီးတော့ ဝယ်သွားကြတာ။ အကြိမ်အနည်းငယ်လောက်အထိတော့ အလုပ်ဖြစ်မယ်ဆိုပေမယ့် ရည်ရှည်အတွက်ရော။ အမေတို့မှာ ချမ်းသာတဲ့ရည်ရှည်ဖောက်သည်တွေရှိလို့လား။”

“အမေနဲ့အဖေတို့မေးတဲ့ မေးခွန်းတွေအားလုံးအတွက် သမီး စဉ်းစားထားပြီးသားပါ။ ဒါပေမယ့်…” သူမမျက်လုံးများထဲတွင် ပြတ်သားသည့်ဆုံးဖြတ်ချက်အရိပ်အယောင်များဖြင့် ပြည့်နေကာ လေးလေးနက်နက် ဆက်ပြောလာခဲံသည်။ “သမီးတို့သာ အသီးအရွက်တွေရဲ့အရသာကို အမြဲတစ်ပုံစံတည်းဖြစ်အောင် ထိန်းထားနိုင်သ၍ အောင်မြင်မှာ သေချာတယ်။ သမီးတို့ဘက်က ဝယ်မယ့်သူတွေကို လိုက်ရှာနေစရာတောင်မလိုဘူး၊ သူ့ဘာသာ ရောက်လာကြလိမ့်မယ်။ ဟိုတယ်ကြီးတွေ စားသောက်ဆိုင်ကြီးတွေကလည်း ယူကြလိမ့်မယ်။”

ရှောင်လင်းယွီက မျက်စိတစ်ဖက်မှိတ်ပြကာ ယုံကြည်ချက်ရှိရှိ ပြောလာသည်။ “သမီးတို့ရဲ့အသီးအနှံ့တွေက အကောင်းဆုံးစိုက်ကွင်းတွေကိုတောင် ယှဉ်နိုင်တယ်လေ။ ဒီတော့ သမီးတို့ အသီးအနှံ့တွေရဲ့ အရသာနဲ့ လတ်ဆတ်မှုကို သက်သေပြပေးရမှာပေါ့။”

ရှောင်လင်းယွီ၏မိဘများသည် မျက်မှောင်တင်းတင်းကြုတ်ကာ အလေးအနက်စဉ်းစားနေခဲ့ကြသည်။

ခဏကြာပြီးနောက် ဖေဖေရှောင်က မေးလိုက်လေသည်။ “ယွီအာ၊ သမီးသူငယ်ချင်းရဲ့ လျှို့ဝှက်ဖော်မြူလာကြောင့် အခုလို အသီးအရွက်တွေ ရိတ်သိမ်းနှုန်းက အံ့ဩစရာကောင်းနေတာ အဖေတို့သိတယ်လေ။ ဒါပေမယ့် အဖေတို့သာ ဒါကို အမြောက်အမြားစိုက်ပျိုးလိုက်ပြီဆိုတာနဲ့ လူတွေကလည်း သာမာန်အသီးအရွက်တွေနဲ့ အရသာဘယ်လိုကွာလဲဆိုတာ သိသွားကြမှာ။ အဲ့ဒီအချိန်ကျရင် အရမ်းသိသာသွားလိမ့်မယ်။ ပြဿနာတွေလည်း များလာလိမ့်မယ်။ ဒီလိုဆို သမီးသူငယ်ချင်းကို ပြဿနာမဖြစ်စေနိုင်ဘူးလား။”

ရှောင်လင်းယွီသည် သူတို့အသီးအရွက်များအတွက် သူမသူငယ်ချင်းက မြေဩဇာလုံလောက်အောင် စီစဉ်ပေးမည်ဟု ပြောလျှင်တောင်မှ ထိုသူငယ်ချင်းဆိုသူကို ဖေဖေရှောင် တစ်ခါမှ မမြင်ဖူးပေ။ ရှောင်လင်းယွီက ထိုသူငယ်ချင်းနဲ့ ဘယ်လိုဆက်သွယ်မိပြီး သူ့သမီးဆီကို ဒီလိုပစ္စည်းတွေ ဘယ်လိုပို့ပေးလာတာလဲ။

ရှောင်လင်းယွီသည် တခဏလောက်စိတ်ရှုပ်သွားရသော်လည်း မြန်မြန်ဆန်ဆန်ပင် သူမအတွေးများကို ပြန်ချိန်ညှိလိုက်သည်။ သူမအဖေက သူမကို တစ်ခုခု အရိပ်အမြွက်ပေးနေခြင်းဖြစ်ကြောင်း ခံစားမိလိုက်လေသည်။

ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “အဖေ မစိုးရိမ်ပါနဲ့။ သူ အဆင်ပြေပါတယ်။” ထိုသူငယ်ချင်းသည် စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုသာဖြစ်သည်။ လူတွေက စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီကိုသွားရှာကြရင်တောင်မှ ဘယ်လောက်ပဲခက်ခက်ခဲခဲရှာရှာ တွေ့နိုင်လိမ့်မည်မဟုတ်ပေ။

ဖေဖေရှောင်သာ သက်ပြင်းဖွဖွသာချလိုက်တော့သည်။ “ကောင်းပြီလေ၊ ယွီအာ။ အဖေ ထောက်ပံ့ပေးမယ်။”

မေမေရှောင်ကလည်း တွေးကြည့်ပြီးနောက်၊ “ယွီအာ၊ အမေလည်း ထောက်ပံ့ပေးမယ်။”

မိဘများဖြစ်တာကြောင့် ရှောင်လင်းယွီကို သူတို့အမြဲပံ့ပိုးပေးရပေမည်။

ရှောင်လင်းယဲ့ကလည်း သူ့လက်ကိုမြှောက်ကာ၊ “အစ်မ၊ ငါလည်း နင့်ဘက်မှာရှိတယ်။”

မိသားစုတစ်ခုလုံးက တညီတညွတ်တည်း ထောက်ခံပေးလာခဲ့သည်။

ရှောင်လင်းယွီ စိတ်လှုပ်ရှားမိသွားလေသည်။ “ကျေးဇူးတင်ပါတယ်၊ အဖေ၊ အမေ။ ပြီးတော့ ငါ့ရဲ့ချစ်စရာအကောင်းဆုံးမောင်လေး။”

သူမတွင် သူမမိသားစု၏ထောက်ခံပံ့ပိုးမှုရှိနေသ၍ အနာဂါတ်လမ်းက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ သူမဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်သည်။

“ယွီအာ၊ သမီး ငှားချင်တဲ့မြေကို ရွေးပြီးသွားပြီလား။” ဖေဖေရှောင်က မေးလိုက်သည်။ “မနက်ဖြန်၊ အဖေ ရွာထဲမှာ မေးကြည့်ပေးပမယ်။”

ရှောင်လင်းယွီက မြေနေရာတချို့၏တည်နေရာများကို ပြောပြာလိုက်သည်။

***

All Chapters