← Chapters

နွားပေါက်လေး၏ဒဏ္ဍာရီ

Vol. 6 Ch. 94

နွားပေါက်လေး၏ဒဏ္ဍာရီ

Vol. 6 Ch. 94

နောက်တစ်နေ့မနက်မှာတော့ ဖေဖေရှောင်သည် ရွာသူကြီးကို သွားရှာခဲ့သည်။ ရွာသူကြီး၏နာမည်မှာ ရှောင်ထိုက်ယန်ဖြစ်ပြီး ရွာလယ်ရှိ နှစ်ထပ်အိမ်တစ်လုံးတွင် နေထိုင်လေသည်။

ရှောင်ထိုက်ယန်က ရှောင်ကျန်းယန်ကိုမြင်သည်နှင့် ပြုံးကာ ပြောလာခဲ့သည်။ “ကျန်းယန်၊ ရှားရှားပါးပါး ငါ့ဆီရောက်လာပါလား။ ဘာလိုလို့လဲ။”

ရှောင်ကျန်းယန်လည်း ပြုံးလိုက်လေသည်။ “သူကြီးကို ကျွန်တော်တစ်ခုလောက် အပူကပ်ချင်လို့။”

ရှောင်းထိုက်ယန်သည် ရှောင်လင်းယွီက ထိပ်တန်းကျောင်းသူတစ်ဦးအဖြစ် သူတို့ရွာကို ဂုဏ်တက်အောင်လုပ်ပေးခဲ့သူ ဖြစ်တာကြောင့် ရှောင်ကျန်းယန်တို့မိသားစုနှင့် တွေ့ရတိုင်း ပျော်ရွှင်နေလေသည်။ ရှောင်ထိုက်ယန်သည် ခရိုင်တစ်ခုလုံး၏ခေါင်းဆောင်များကြားတွင် အမြဲတမ်းဂုဏ်ယူခဲ့ရ၍ပင်။

“လာလေ၊ အရင်ထိုင်ပါဦး။”

ရှောင်ကျန်းယန် အိမ်ထဲသို့ရောက်ပြီးသည်နှင့် လိုရင်းကိုသာ တန်းပြောလိုက်တော့သည်။ “ရွာသူကြီး၊ ကျွန်တော့်ယွီအာက တောင်နောက်ဘက်က မြေကွက်နည်းနည်းကို ငှားချင်နေတယ်။ ရွာသူကြီးကပဲကူပြီး ကျွန်တော်တို့ကို ငှားပေးချင်မလားဆိုတာ ရွာသားတွေကို မေးပေးလို့ရမလား။”

ရှောင်ထိုက်ယန် အံ့ဩသွားတော့သည်။ “လင်းယွီက မြေငှားမလို့လား။ ဘာလို့လဲ။ သူက မြို့ပေါ်ကို ပြန်သွားပြီး အလုပ်မလုပ်တော့ဘူးလား။” နှစ်ပေါင်းများစွာအတွင်း ရှောင်လင်းယွီတစ်ယောက်သာ ထောင်ယွမ်ရွာမှ ရုန်းထွက်နိုင်ခဲ့ပေသည်။ သို့သော်လည်း ထိုတက္ကသိုလ်ကျောင်းသူကြီးက ရွာပြန်ပြီး လယ်စိုက်မလို့တဲ့လား။ ဤသတင်းက ရွာသူကြီးကို အတော်လေး စိတ်ရှုပ်ထွေးသွားစေမိသည်။ အထူးသဖြင့် ရှောင်လင်းယွီ မြို့ကြီးပေါ်မှာ အလုပ်စလုပ်ကတည်းက အခြေအနေတိုးတက်လာသည့် ရှောင်မိသားစု၏ဘဝကိုပါ ပြန်တွေးမိရင်ပေါ့။

ရှောင်ကျန်းယန်က ပြောလာလေသည်။ “ရွာသူကြီး၊ ယွီအာက လတ်တလောတော့ မြို့ပေါ်ပြန်ဖို့ အစီအစဉ်မရှိသေးဘူး။ သူက အိမ်မှာပဲ လယ်စိုက်ချင်နေတာ။” ရှောက်ကျန်းယန်သည် သူ့သမီးဖြစ်ချင်သမျှကို အပြည့်အဝထောက်ပံ့ပေးပေသည်။

“သူက လယ်သမားဖြစ်ချင်တာလား။” ရွာသူကြီး အံ့ဩသွားတော့သည်။ “ကျန်းယန်၊ လင်းယွီက မြို့ပေါ်မှာ အလုပ်ကောင်းတစ်ခုရထားတာလေ။ ဘာလို့ အိမ်ပြန်ပြီး လယ်သမားဖြစ်ချင်နေရတာလဲ။ လယ်စိုက်ရတာ ဘယ်လောက်ပင်ပန်းလဲ သူမသိဘူးလား။ တက္ကသိုလ်ကျောင်းသူတစ်ယောက်က ရွာပြန်ပြီး လယ်စိုက်တယ်… ဒါ တော်တော်ရူးမိုက်တာပဲ။ ဘာလို့ မင်းကပါ သူ့ကို ထောက်ခံနေရတာလဲ။”

ရှောင်ကျန်းယန်က ခေါင်းယမ်းလိုက်လေသည်။ “ရွာသူကြီးလည်း ယွီအာအကြောင်းသိရဲ့သားနဲ့။ သူက အရမ်းခေါင်းမာတာလေ။ ဘယ်လောက်ပဲ ခက်ခဲပါစေ အဆုံးထိရအောင်သွားတာပဲ။”

ဥပမာအားဖြင့် ရှောင်လင်းယွီ အသက် ၁၅နှစ်မှာတင် ချန်းယန်နှင့်တွဲဖို့ ဆုံးဖြတ်လိုက်သည်နှင့် သူတို့အားလုံး ဘာမှမတတ်နိုင်ခဲ့ကြပေ။

ထို့ကြောင့် လယ်စိုက်ခွင့်ပေးလိုက်ခြင်းက ချန်းယန်နှင့်လမ်းခွဲခဲ့ရသည့် ခံစားချက်အပေါ် အာရုံမစိုက်မိတော့အောင် လုပ်နိုင်မည့် အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပေသည်။

သူ့သမီးသည် တစ်ခုကလွဲ၍ အရာအားလုံးတွင် ပြီးပြည့်စုံလေသည်။ အဲ့ဒါကတော့ တစ်ကိုယ်ကောင်းဆန်တာပင်။ သူမမိဘတွေတောင်မှ သူမကို မထိန်းချုပ်နိုင်ပေ။ ရွာသူကြီးလည်း သက်ပြင်းသာ ချလိုက်တော့သည်။ “ဒါပေမယ့် မင်း သူ့ကို ဖြောင့်ဖျကြည့်ပါဦး အရင်က မင်းနဲံချိုးယင်းလည်း လယ်စိုက်ဖူးခဲ့တာပဲ။ နောက်ဆုံး ဘာဖြစ်သွားလဲ။ လက်လီပြန်ရောင်းပေးမယ့် ဘယ်နေရာနဲ့မှ ချိတ်လို့မရဘဲ အသီးအရွက်တွေအားလုံး ပုပ်ကုန်ရောလေ။ အများကြီးတော့မဆုံးရှုံးခဲ့ပေမယ့် မင်းတို့ မြတ်လည်း မမြတ်လိုက်ကြဘူးလေ။”

ရှောင်လင်းယွီသာ လယ်စိုက်ဖို့ ရွာမှာပဲ နေမည်ဆိုလျှင် သူမအရည်အချင်းတွေကို အလကား ဖြုန်းတီးလိုက်သလိုပင်။ တကယ်လို့ စိုက်ထားတာတွေကိုသာ မရောင်းခဲ့ရရင် ငွေရော၊ အချိန်ရော၊ ကြိုးစားထားသမျှပါ ဆုံးရှုံးရလိမ့်မည်။

ရွာသူကြီးက စေတနာနှင့်သတိပေးနေမှန်း ရှောင်ကျန်းယန် သိပေသည်။ သူလည်း ထိုပြဿနာများကို တွေးမိထားပြီးဖြစ်သည်။

“ရွာသူကြီး၊ ကျွန်တော်တို့လည်း ဒီပြဿနာတွေအကြောင်း ပြောပြပြီးပြီ။ ဒါပေမယ့် ယွီအာက ကြိုးစားကြည့်ချင်နေတုန်းပဲ။”

“သူအဲ့လောက် စမ်းကြည့်ချင်နေလဲ မင်းတို့မိသားစုမှာ လယ်မူတွေအများကြီး ရှိနေတာပဲမဟုတ်ဘူးလား။ မင်း သူ့ကို အဲ့မြေတွေနည်းနည်းလောက် ခွဲပေးလိုက်ပေါ့။ တောင်နောက်က မြေက ၁၀မူမကဘူး။ ဘယ်လောက်တောင်မှ ကြီးလဲ မင်းသိရဲ့လား။”

“သိပါတယ်။” ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်သည်။ “ယွီအာက လုပ်ချင်ပြီဆို တခါတည်း အကြီးကြီးထလုပ်နေကျလေ။ သူက လယ် တစ်မူနှစ်မူလောက်နဲ့ဆို လယ်လီဖြန့်ချီသူကြီးတစ်ယောက် ရှာဖို့က မလွယ်ဘူးလို့ပြောတယ်။”

“မင်း… မင်းတို့ လင်းယွီကို အရမ်းအလိုလိုက်နေတာပဲ။” ရွာသူကြီးမှာ ကူကယ်ရာမဲ့သွားတော့သည်။ သို့သော်လည်း အဆုံးမှာတော့ သူက သက်ပြင်းချကာ သဘောတူလိုက်လေသည်။ “ကောင်းပြီလေ၊ ငါမေးကြည့်ပေးမယ်။”

“ကျေးဇူးတင်ပါတယ်၊ ရွာသူကြီး။” ရှောင်ကျန်းယန် ပြုံးကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူက သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်ကာ ရွာသူကြီးကို ပေးလိုက်လေသည်။ “ရွာသူကြီး၊ ဒါ ယွီအာ မြို့ပေါ်ကနေဝယ်လာတဲ့ စီးကရက်တွေလေ။ ရွာသူကြီးအတွက်ပါ။”

ရှောင်ထိုက်ယန်ရယ်လိုက်လေသည်။ သူက ရယ်ချင်နေသည့် အသံဖြင့်၊ “ကျန်းယန်၊ ငါသာ မင်းကို ကူညီဖို့သဘောမတူရင် ဒီစီးကရက်တွေ ထုတ်လာမှာမဟုတ်ဘူးမလား။ မင်းက တော်တော်ကို ကပ်စီးနည်းတာပဲ။” သို့သော်လည်းသူ့အသံထဲတွင် ဒေါသရိပ်မပါသလို စီးကရက်တွေကိုလည်း မငြင်းခဲ့ပေ။

ရှောင်ကျန်းယန်က၊ “ရွာသူကြီးကလဲ ဘယ်လိုတောင် ပြောလိုက်တာလဲ။ ခင်ဗျားဆေးလိပ်သောက်နေတာမြင်မှ ကျွန်တော်လည်း စီးကရက်ကို သတိရလိုက်လို့ပါ။” သူက ခဏရပ်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။ “ဒါပေမယ့် ခင်ဗျားဘယ်လိုပဲ ဖြေပါစေ ဒီစီးကရက်တွေက ခင်ဗျားအတွက်ပါပဲ။ ခင်ဗျား ကျွန်တော်တို့မိသားစုကို အများကြီး ဂရုစိုက်ပေးခဲ့တာပဲကို။”

ရှောင်ထိုက်ယန်က လက်ကို ယမ်းလိုက်သည်။ “ထားပါတော့၊ ငါ့ကို အဲ့လောက် အချိုသပ်မနေနဲ့တော့။ ငါ ကူညီဖို့သဘောတူပြီးမှတော့ သေချာပေါက် ကူညီပေးမှာပါ။ တောင်နောက်ကလွတ်နေတာဆိုပေမယ့် ပိုင်ရှင်ရှိတဲ့ မြေတွေပဲ။ လင်းယွီက ဒီမြေတွေကို ငှားချင်မှတော့ ငှားခဘယ်လောက်ဆိုတာရော စဉ်းစားပြီးပြီလား။”

“ဒီကိစ္စကိုလည်း ကျွန်တော်တို့မိသားစု ဆွေးနွေးပြီးပါပြီ။ ရွာသူကြီးကပဲ အရင်ပတ်မေးကြည့်ပေးပါဦး။”

ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”

“ကျေးဇူးတင်ပါတယ်၊ ရွာသူကြီး။”

“ငါ့ကိုကျေးဇူးတင်မနေနဲ့။ နောက်ကျ လင်းယွီ လယ်စိုက်တာကို ‌တကယ်လုပ်ဖြစ်တော့မှ ရွာကိုလည်း ပြန်ကူညီဖို့ သတိရပေး။”

“သေချာတာပေါ့။” ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူပြန်သွားတော့သည်။

….

ရှောင်ရှောင်းဟွေ့သည် သူ့အစ်မ၏နွားကိုကျောင်းပေးမည်ဟု ကတိပေးထားကတည်းက အလွန်ကိုမှ အလုပ်ကြိုးစားနေခဲ့သည်။ လစာကြောင့်အပြင် နွားနှစ်ကောင်ကလည်း အလွန်ထိန်းရလွယ်ကူလေသည်။ သူတို့နှစ်ယောက်သည် အလွန်ဉာဏ်ကောင်းကြကာ ရှောင်ရှောင်းဟွေ့အနေနှင့် သူတို့ကို တောင်ပေါ်သို့ ခေါ်သွားပေးဖို့ရန်သာလိုပြီး သူတို့ဘာသာ မြက်ကို ရှာစားကြလေသည်။ ဒါ့အပြင် ရွာသားများစိုက်ပျိုးထားသည့် အပင်များကိုလည်း သူတို့ဘာသာ ရှောင်သွားကြသည်။

ထိုကိစ္စကို ရှောင်ရှောင်းဟွေ့ တွေ့ရှိပြီးနောက် အလွန်ကို ဝမ်းသာသွားလေသည်။ သူက သူငယ်ချင်းအုပ်စုနှင့် ငှက်ဥရှာထွက်နေတော့သည်။ သူတို့က ငှက်သိုက်ရှိသည့် သစ်ပင်များပေါ်သို့တက်ကာ ငှက်ဥရသည်နှင့် မီးမွှေးကာ ကင်စားကြသည်။ ငှက်ဥကင်သည် အနည်းငယ်ညှီသော်လည်း ချိုလှသည်။

“ရှောင်နီချိုး၊ မင်း မင်းဝမ်းကွဲအစ်မရဲ့နွားကို ကူထိန်းပေးနေတာမဟုတ်ဘူးလား။” ရှောင်မုထန့်က ငှက်ဥကင်ကိုစားရင်း နားမလည်စွာမေးလိုက်သည်။ “ဘာလို့ ငါတို့နဲ့ကစားဖို့ အချိန်ရှိနေရသေးတာလဲ။”

တခြားကလေးများသည်လည်း အရင်က နွားကျောင်းဖူးကြကာ ထိုအလုပ်က သူတို့၏ကစားချိန်များကိုပါ အကန့်အသတ်နှင့်ဖြစ်သွားကြောင်း သိလိုက်ရလေသည်။ သူတို့အနေနှင့် နွားတွေကို တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကာ ကြည့်နေရသည်။ နွားများသည် ရွာသားများ၏အပင်များကို စားမိသွားလျှင် သူတို့အဆူခံရပေမည်။

ရှောင်ရှောင်းဟွေ့က ဂုဏ်ယူစွာဖြင့် ပြောလာလေသည်။ “အဲ့ဒါကတော့ ငါ့ဝမ်းကွဲအစ်မကြီးရဲ့ နွားနှစ်ယောက်က အရမ်းဉာဏ်ကောင်းလို့ပေါ့။ နွားပေါက်လေးကို တွေ့လား။ ငါ့အစ်မ ဘာလို့ သူတို့ကို ဝယ်လာခဲ့လဲဆိုတာ သိလား။”

“ဘာလို့လဲ။” ကလေးတစ်သိုက်က သိချင်သွားကြသည်။

“နွားပေါက်လေးကြောင့်ပေါ့။ သူ့အမေက နွားသတ်ရုံကို ဆွဲခေါ်သွားခံရတော့မယ်ဆိုတာနဲ့ သူက ငါ့အစ်မကိုဆွဲထားပြီး ငိုတယ်လေ။ သူ့အမေကို ကယ်ပေးဖို့ တောင်းပန်နေတာပေါ့။”

“ဟမ်။ နွားက ငိုတတ်လို့လား။” ကလေးများက သံသယများဖြင့် မေးလာကြသည်။

“ဒါပေါ့၊ ငိုတတ်တာပေါ့။”

***

All Chapters