ရှောင်ကွမ်း
Vol. 6 Ch. 95
ရှောင်ရှောင်းဟွေ့တစ်ယောက် ခေါင်းငိုက်စိုက်ကျကာ ရှောင်ချန်းပမ်းနောက်မှ လိုက်လာခဲ့လေသည်။
ရှောင်ချန်းပမ်းကတော့ နွားပေါက်လေးကို ဆွဲထားသည်။
ရှောင်ရှောင်းဟွေ့က တောင်းပန်လိုက်လေသည်။ “ဦးလေးချန်း၊ သားတို့ ဒုတိယဒေါ်လေးရဲ့အိမ်ကို သွားနေတာမဟုတ်ဘူးလား။ အခုကစပြီး ရှောင်ကွမ်းကို မျက်စိဒေါက်ထောက်ကြည့်ထားပါမယ်လို့ သားကတိပေးပါတယ်။ သူနောက်ထပ် ဒါမျိုး ဘယ်တော့မှ မလုပ်စေရဘူး။” ရှောင်ကွမ်းသည် နွားပေါက်လေးကို ရှောင်ရှောင်းဟွေ့ပေးထားသည့် နာမည်ဖြစ်သည်။ ရှောင်ရှောင်ဟွေ့တစ်ယောက် အလွန်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ ပုံမှန်ဆိုလျှင် ရှောင်ကွမ်းသည် အလွန်ကိုမှ နာခံလှကာ ဘာကိုစားရပြီး ဘာကိုတော့ မစားသင့်မှန်း သိပေသည်။
သို့သော်လည်း ရှောင်ရှောင်းဟွေ့တစ်ယောက် သူ့သူငယ်ချင်းများနှင့် ငှက်သိုက်နှိုက်သွားချိန်မှာပဲ ရှောင်ကွမ်းသည် ပျိုးကွင်းတစ်ခုလုံးကို အပြတ်ဖြုတ်လိုက်လေပြီး တခါတည်း လက်ပူးလက်ကြပ်ပါ မိသွားခဲ့သည်။
ရှောင်ရှောင်းဟွေ့ ရင်တွေတုန်နေတော့သည်။ သူ့ဝမ်းကွဲအစ်မနှင့် မျက်နှာချင်းဆိုင်ဖို့လည်း ရှက်နေခဲ့သည်။ သူ သူမကို စိတ်ပျက်သွားအောင် လုပ်မိပြီမဟုတ်လား။ သူ့ဝမ်းကွဲအစ်မက သူ့ကို နွားဆက်ကျောင်းခွင့် မပြုတော့မည်ကိုလည်း ကြောက်နေမိသည်။ ဒီလိုသာဆို သူအိမ်ပြန်ရောက်တာနဲ့ သူ့အဖေရိုက်တာ သေချာပေါက်ခံရတော့မည်။
ရှောင်ချန်းပမ်းလည်း ရှောင်ရှောင်းဟွေ့၏မျက်နှာငယ်လေးကို မြင်ပြီး စိတ်မကောင်းဖြစ်မိပေသည်။ သို့သော်လည်း ရှောင်ရှောင်းဟွေ့သည် အမြဲတမ်းပြဿနာရှာတတ်ပြီး ဒါကလည်း ပြဿနာကြီးတစ်ခုဖြစ်နေပြန်သည်။ နွားကျောင်းသားတစ်ယောက်အနေနှင့် သူ့နွားတွေကို တခြားရွာသားများ၏ စိုက်ခင်းများအား မစားမိစေရန် သေချာထိန်းထားသင့်သည်။
ရှောင်ချန်းပမ်းက တင်းမာနေသည့်မျက်နှာထားဖြင့် ပြောလိုက်လေသည်။ “မရဘူး၊ မင်းမိသားစုက ဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမယ်။”
ရှောင်ရှောင်းဟွေ့က နှုတ်ခမ်းကိုစူထားကာ၊ “ဦးလေးကလဲ၊ ဒီလိုသာဆို သားအဖေလည်း သိသွားပြီး သေချာပေါက် ရိုက်လိမ့်မယ်။”
ရှောင်ချန်းပမ်းက ရယ်လိုက်လေသည်။ “ကောင်းတာပေါ့။” သူက အလျှော့မပေးခဲ့ပေ။ ထို့နောက် သူက တစ်ချက်စဉ်းစားကြည့်လိုက်ကာ၊ “ရှောင်နီချိုး၊ ဒီနွားတွေကို မင်းဝမ်းကွဲအစ်မအကြီးဆုံးက မင်းကို ထိန်းခိုင်းတာမဟုတ်လား။ ဒါဆိုလည်း ငါမင်းအဖေကို သွားမရှာတော့ဘူး။ သူ့ဆီပဲ သွားလိုက်တော့မယ်။”
ရှောင်ရှောင်းဟွေ့၏မျက်နှာ ပျက်သွားကာ ငိုတော့မလိုပင်ဖြစ်သွားလေသည်။ “ဦးလေးချန်း၊ ကျေးဇူးပြုပြီး အဖေ့ကိုပဲသွားရှာလိုက်ပါ။ ဝမ်းကွဲအစ်မ စိတ်ပျက်သွားတာထက် အဖေ့ဆီက အရိုက်ခံလိုက်ရတာမှ ပိုကောင်းဦးမယ်။”
ရှောင်ရှောင်းဟွေ့၏ အမူအရာအပြောင်းအလဲကြောင့် ရှောင်ချန်းပမ်း ရယ်ချင်သွားရသည်။ ထိုကောင်စုတ်လေးသည် တစ်ရွာလုံးရှိ ဘယ်သူ့ကိုမှ မကြောက်ပေ။ သို့သော်လည်း သူတို့ရွာ၏ အနူးညံ့ဆုံးကလေးဖြစ်သော ရှောင်လင်းယွီကိုတော့ ကြောက်လေသည်။
ရှောင်ချန်းပမ်းသည် ဒီတစ်ကြိမ်တော့ ရှောင်ရှောင်းဟွေ့ကို သင်ခန်းစာပေးဖို့ လိုနေပြီဖြစ်သည်ဟု တွေးလိုက်မိတာကြောင့် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်လေသည်။ “ကြည့်ရတာ မင်းရဲ့ဝမ်းကွဲအစ်မအကြီးဆုံးဆီကို တိုက်ရိုက်သွားမှပဲ။”
ရှောင်ရှောင်းဟွေ့မျက်နှာပိုတောင် ပျက်သွားတော့သည်။
သူတို့နောက်ကလိုက်လာသည့် ကလေးတစ်အုပ်ကလည်း စနောက်လာကြတော့သည်။ ရှောင်ပေါင်းဇီက၊ “ရှောင်နီချိုး၊ မင်းပဲ ဒီနွားတွေက အရမ်းကိုမှ ဉာဏ်ကောင်းတာဆို။ ဘာလို့ ဦးလေးချန်းရဲ့ ခရမ်းချဉ်ပင်ပေါက်တွေကို သွားစားပစ်ရတာလဲ။”
ရှောင်ရှောင်းဟွေ့က ဒေါသတကြီးနှင့်ပြန်ပြောလိုက်သည်။ “ငါက ဘယ်လိုလုပ်သိမှာလဲ။ ပုံမှန်ဆို ရှောင်ကွမ်းက နာနာခံခံပဲကို။”
ရှောင်ယွဲ့ကတော့ သူ့ကိုနှစ်သိမ့်ပေးလာသည်။ “ရှောင်နီချိုး၊ အရမ်းမစိုးရိမ်ပါနဲ့။ အစ်မလင်းယွီက အရမ်းကြင်နာတတ်တာပဲ။ ဒီတော့ နင့်ကို သူ မဆူလောက်ပါဘူး။”
ရှောင်မုထန့်ကပါ ထပ်ပြောလာပြန်သည်။ “ရှောင်ယွဲ့ပြောတာ မှန်တယ်။ ဒါပေမယ့် ဦးလေးမင်ယန်းသိသွားတာနဲ့တော့ ရှောင်နီချိုး အရိုက်ခံရမှာပဲ။” သူ့အသံက တော်တော်လေး အူမြူးနေပုံပေါက်လေသည်။
ရှောင်ချန်းပမ်းသည် ကလေးစုတ်လေးတစ်အုပ်၏ စကားများကြောင့် ရယ်ကြောမိနေလေသည်။
ရှောင်ချန်းပမ်းသည် ရှောင်လင်းယွီ၏အိမ်သို့ ရှောင်ရှောင်းဟွေ့ကို ခေါ်သွားခဲ့သည်။
“လင်းယွီ၊ အိမ်မှာရှိလား။” ရှောင်ချန်းပမ်းက တံခါးသို့ရောက်သည်နှင့် အော်လိုက်လေသည်။ သူက အထဲသို့ လှမ်းကြည့်လိုက်ရာ ရှောင်လင်းယဲ့နှင့် ကောင်လေးသုံးယောက်ကို တွေ့လိုက်ရသည်။
ရှောင်ချန်းပမ်းက ပြုံးလိုက်ကာ၊ “လင်းယဲ့တောင် ပြန်ရောက်နေပြီပဲ။”
ရှောင်လင်းယဲ့လည်း ရှောင်ချန်းပမ်းကို မြင်သည်နှင့် ချက်ချင်းလျှောက်လာခဲ့သည်။ “ဦးလေးချန်း။” ရှောင်လင်းယဲ့က ရှောင်ကျန်းပမ်းနောက်ရှိ ကလေးတစ်အုပ်နှင့် နွားပေါက်လေးကို ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။ “ဦးလေးချန်း၊ ဘာဖြစ်လို့…”
ရှောင်လင်းယွီ နွားနှစ်ကောင်ကိုဝယ်တုန်းက ရှောင်လင်းယဲ့သည် မြို့ပေါ်တွင် ကျောင်းတတ်နေခြင်းဖြစ်၍ သူတို့လယ်ထဲတွင် မိသားစုဝင်အသစ်နှစ်ကောင်တိုးလာမှန်း မသိခဲ့ပေ။ ရျောင်လင်းယဲ့က ရှောင်ရှောင်းဟွေ့၏ အိုကျနေသည့်မျက်နှာလေးကိုပါ မြင်ပြီးနောက် ပိုလို့ပင် နားမလည်နိုင်ဖြစ်သွားတော့သည်။
ရှောင်ချန်းပမ်းက သူ့နောက်ရှိ နွားပေါက်လေးကို ညွှန်ပြကာ၊ “ရှောင်ကွမ်းက ငါ့ခရမ်းချဉ်ပင်ပေါက်တွေကို ဖျက်ဆီးပစ်ပြီး ခရမ်းချဉ်သီးနည်းနည်းကိုတောင် စားပစ်တယ်လေ။”
“ရှောင်ကွမ်း?” ရှောင်လင်းယဲ့ နားမလည်နိုင်တော့ပေ။ သူက အဝါရောင်နွားပေါက်လေးကို ကြည့်ကာ မေးလာခဲ့သည်။ “ဦးလေးချန်းရဲ့နောက်က နွားပေါက်လေးက ရှောင်ကွမ်းလား။”
ရှောင်ချန်းပမ်းသည် ပထမတော့ နားမလည်သလိုဖြစ်သွားကာ နောက်မှာတော့ အော်ရယ်လာတော့သည်။ “အိုး၊ လင်းယဲ့၊ မင်းမိသားစုရဲ့ နွားပေါက်လေးနာမည်က ရှောင်ကွမ်းမှန်း မသိဘူးလား။ တကယ်တော့ အဲ့ဒါ ရှောင်နီချိုးပေးထားတာလေ။ သူ မင်းကို မပြောပြဘူးလား။”
“ဟမ်? ကျွန်တော်တို့မိသားစုကလား?” ရှောင်လင်းယဲ့ နည်းနည်း အံ့ဩသွားခဲ့သည်။
ရှောင်ရှောင်းဟွေ့သည် နောက်ကနေ ခေါင်းအသည်းအသန်ညိတ်ပြလာလေသည်။ “တတိယဝမ်းကွဲ၊ သာ့ကွမ်းနဲ့ ရှောင်ကွမ်းက အကြီးဆုံးဝမ်းကွဲ ဝယ်ထားတဲ့ နွားနှစ်ကောင်လေ။”
ရှောင်လင်းယဲ့ နောက်ဆုံးတော့ သဘောပေါက်သွားလေသည်။ သူ့အစ်မက နွားနှစ်ကောင် ဝယ်ထားပြီး ရှောင်ရှောင်းဟွေ့က ထိုနှစ်ကောင်ကို သာ့ကွမ်းနှင့် ရှောင်ကွမ်းဆိုပြီး နာမည်ပေးထားလေသည်။ အခုတော့ ရှောင်ကွမ်းက ဦးလေးချန်း၏ ခရမ်းချဉ်ပင်ပေါက်များနှင့် ခရမ်းချဉ်သီးများကို စားပစ်ခဲ့သည်။ ဒါကြောင့် ဦးလေးချန်းက ဖြေရှင်းချက်တောင်းဖို့ ရောက်လာခြင်းပင်။
သို့သော်လည်း ရှောင်ရှောင်းဟွေ့က ထိုနွားနှစ်ကောင်ကို ထိန်းဖို့တာဝန်ယူထားသည်ကိုတော့ ရှောင်လင်းယဲ့ မသိသေးပေ။
ရှောင်လင်းယဲ့က ရှေ့သို့တိုးလာပြီး ဇက်ကြိုးကိုကိုင်ကာ တောင်းပန်လာလေသည်။ “ကျွန်တော် တောင်းပန်ပါတယ်၊ ဦးလေးချန်း။ ကျွတော်တို့ နွားတွေကို မလွှတ်ထားသင့်ဘူး။ စိတ်မပူပါနဲ့။ ပျက်စီးသွားတာတွေအတွက် ကျွန်တော်တို့ အလျော်ပေးပါ့မယ်။”
ရှောင်ချန်းပမ်းက ပြုံးလိုက်လေသည်။ “ရပါတယ်၊ ပင်ပေါက်လေးနည်းနည်းနဲ့ ခရမ်းချဉ်သီးလေးတွေပဲကို။ ရှောင်ကွမ်းသာ ခရမ်းချဉ်သီးကြိုက်တယ်ဆိုရင် ဦးလေး နေ့လည်ကျ သူ့အတွက် ယူခဲ့ပေးမယ်။”
ရှောင်လင်းယဲ့က ချက်ချင်းပင် ခေါင်းကို ခါလိုက်သည်။ “ဦးလေးချန်းကလည်း ဒါတော့ ဘယ်ဖြစ်ပါ့မလဲ။ ရှောင်ကွမ်းက ဦးလေးရဲ့ခရမ်းချဉ်သီးတွေကို ဖျက်ဆီးပစ်မှာတော့ လျော်ကြေးပေးရမှာပေါ့။ ရှောင်ကွမ်းသာ ခရမ်းချဉ်သီးကြိုက်လို့ဆိုရင် ကျွန်တော်ပဲ ဦးလေးဆီကနေ ဝယ်ကျွေးလိုက်ပါ့မယ်။”
ထိုအချိန်မှာပဲ ရှောင်ရှောင်းဟွေ့သည် ပတ်ဝန်းကျင်ကို အသာအကဲခတ်ကာ အသံနှိမ့်ပြီး မေးလာလေသည်။ “တတိယဝမ်းကွဲ၊ အကြီးဆုံးဝမ်းကွဲ အိမ်မှာ မရှိဘူးလား။” သူမသာ အိမ်မှာမရှိရင် အကောင်းဆုံးဖြစ်သည်။
ရှောင်လင်းယဲ့က ပြန်မဖြေခင် ဘာကြောင့် ဒီလိုမေးမှန်း နားမလည်တာကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ “အိမ်မှာပဲလေ။ ခြံနောက်က အသီးအရွက်ပင်တွေကို ရေလောင်းနေတယ်။ မင်းတွေ့ချင်ရင် ခြံနောက်လိုက်သွားလေ။”
ရှောင်ရှောင်းဟွေ့က ချက်ချင်းပင် ခေါင်းကို ယမ်းခါလိုက်ပြီး၊ “မဟုတ်ဘူး၊ မဟုတ်ဘူး။ သား အကြီးဆုံးဝမ်းကွဲကို မရှာပါဘူး။ ဒီ..ဒီအတိုင်း မေးကြည့်ရုံပဲ။”
ထိုအချိန်မှာပဲ ရှောင်ပေါင်းဇီက အော်ပြောလာခဲ့လေသည်။ “ယဲ့ကော၊ အစ်မလင်းယွီက နွားကျောင်းပေးဖို့ဆိုပြီး ရှောင်နီချိုးကို ငှားထားတာ၊ ဒါပေမယ့် ရှောင်နီချိုးက သေချာမထိန်းဘူးလေ။ သူက တောင်ပေါ်တက်ပြီး ငှက်ဥနှိုက်နေတာ။ ဒါကြောင့် ရှောင်ကွမ်းက အဲ့ဒီအချိန်မှာပဲ ဦးလေးချန်းရဲ့ အခင်းကို ဖျက်ဆီးပစ်တာ။”
ရှောင်ရှောင်းဟွေ့တစ်ယောက် ရှောင်ပေါင်းဇီကို စိုက်ကြည့်လိုက်ကာ၊ “မင်း မကောင်းတဲ့ပေါက်စီကောင်၊ အတွင်းထဲကကို ပုပ်သိုးနေတာပဲ။ ငါ.. ငါ မင်းနဲ့ ထပ်မကစားတော့ဘူး။”
ရှောင်ပေါင်းဇီက လျှာထုတ်ပြောင်ပြလိုက်လေသည်။ “ငါက အမှန်ကို ပြောပြလိုက်ရုံပဲ။” ရှောင်ရှောင်းဟွေ့၏ ခြိမ်းခြောက်မှုက မှားသွားလေသည်။ ကလေးများသည် ကိစ္စများကို အလွယ်တကူမမေ့လျော့ကြကာ ထိုနေ့ ညနေမှာပဲ သူတို့အတူတူထပ်ပြီး ကစားခဲ့ကြသေးသည်။
ရှောင်လင်းယဲ့လည်း အခြေအနေ အသေးစိတ်ကို သိသွားကာ ရှောင်ရှောင်းဟွေ့ကို ဒေါသတကြီးအော်ဟစ်တော့သည်။ “ရှောင်းဟွေ့၊ မင်း အလုပ်ချိန်မှာ လျှောက်သွားမနေသင့်ဘူး။ ကောင်းပြီ၊ ဒီကိစ္စ မင်းရဲ့ အကြီးဆုံးဝမ်းကွဲကို ငါသွားပြောမယ်။”
ထိုအချိန်မှာပဲ ရှောင်လင်းယွီသည် ခြံနောက်ကနေ ထွက်လာခဲ့သည်။ ခြံရှေ့တွင် လူအုံနေသည်ကိုမြင်ပြီး သူမ စိတ်ရှုပ်ထွေးသွားကာ မေးလာလေသည်။ “ဘာတွေဖြစ်နေကြတာလဲ။”
ရှောင်ရှောင်းဟွေ့ကတော့ ချက်ချင်းပင် သူ့ခေါင်းကို ငုံ့ထားလိုက်တော့သည်။
***