← Chapters

ရှောင်ကွမ်းနှင့် ကောင်လေးသုံးယောက်

Vol. 6 Ch. 96

ရှောင်ကွမ်းနှင့် ကောင်လေးသုံးယောက်

Vol. 6 Ch. 96

ရှောင်ရှောင်းဟွေ့သည် ခေါင်းငုံလျက်ပင် ရှေ့သို့ထွက်လာပြီး ဝန်ခံလေသည်။ “ဝမ်းကွဲအစ်မ၊ သားတောင်းပန်ပါတယ်။ သား ကစားလွန်သွားပြီး ရှောင်ကွမ်းကို စောင့်ကြည့်ဖို့ မေ့သွားလို့ပါ။ သူ ဦးလေးချန်းရဲ့ခရမ်းချဉ်သီးတွေ စားတာကို လွှတ်ထားလိုက်မိတယ်။”

ရှောင်လင်းယဲ့က ထပ်ပြီး ရှင်းပြလာခဲ့သည်။ “အစ်မ၊ ရှောင်ကွမ်းက ဦးလေးချန်းရဲ့ ခရမ်းချဉ်သီးတွေရော အပင်ပေါက်တွေကိုပါ စားသွားတာ။” ရှောင်လင်းယွီသည် ချက်ချင်းပင် ဖြစ်စဉ်တစ်ခုလုံးကို နားလည်သွားလေသည်။

သူမက ရှောင်ချန်းပမ်းနားသို့သွားလိုက်ကာ၊ “ဦးလေးချန်း၊ ကျွန်မရဲ့နွားက ဦးလေးရဲ့အပင်တွေကို စားပစ်တယ်ဆိုမှတော့ ကျွန်မ အားလုံးအတွက် လျော်ကြေးပေးပါ့မယ်။”

ရှောင်ချန်းပမ်းက ပြုံးလိုက်လေသည်။ “ဒါက အသီးနဲ့အပင်ပေါက်လေး နည်းနည်းလောက်ပါ။ လျော်ကြေးပေးဖို့ မလိုပါဘူး။ ဒါပေမယ့်…” သူက ရှောင်ရှောင်းဟွေ့ကို စိုက်ကြည့်လိုက်သည်။ “ဒီကလေးက နွားကျောင်းသားလုပ်ပြီး တာဝန်မကျေဘူး။ ကံကောင်းလို့ ရှောင်ကွမ်းက ငါ့အပင်တွေဖြစ်နေတယ်လေ။ သူသာ တခြားရွာသားတွေအိမ်က အပင်တွေကို စားပစ်တာဆိုရင် သေချာပေါက် ခွင့်လွှတ်မှာမဟုတ်ဘူး။”

ရှောင်လင်းယွီသည် ရှောင်ချန်းပမ်းလာရောက်ရသည့် ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားတော့သည်။ သူမက ပြုံးကာ ပြောလိုက်လေသည်။ “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဦးလေးချန်း။”

သူမက ရှောင်ရှောင်းဟွေ့နားသို့ လျှောက်သွားကာ သူ့ခေါင်းကို ပုတ်လိုက်ပြီး၊ “ရှောင်းဟွေ့၊ ကြည့်ရတာ မင်းငါ့ကို ကတိပေးထားတဲ့စကားကို မတည်နိုင်ခဲ့ဘူးပဲ။”

ရှောင်ရှောင်းဟွေ့၏မျက်နှာထက်တွင် အပြစ်ရှိစိတ်တို့ဖြင့် လွှမ်းခြုံနေကာ သူက ခေါင်းကို ဆက်ငုံ့ထားရင်း သူ့အမှားကို ဝန်ခံခဲ့သည်။ “ဝမ်းကွဲအစ်မ၊ သားမှားသွားပါတယ်။ နောက် ဒီလိုထပ်မဖြစ်စေရတော့ပါဘူး။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီ၊ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်။ နောက်ဒါမျိုး ထပ်မဖြစ်စေနဲ့တော့။”

“ဟုတ်ကဲ့ပါ။” ရှောင်ရှောင်းဟွေ့က အမြန်ခေါင်းညိတ်လိုက်သည်။ “သား နောက်ဆို ပိုပြီး ဂရုစိုက်ပါ့မယ် ဝမ်းကွဲအစ်မ။”

ရှောင်လင်းယွီသည် ရှောင်ရှောင်းဟွေ့နားမှနေပြီး ရှောင်ကွမ်းအနားသို့ ဆက်သွားလိုက်သည်။ သူမက နွားပေါက်လေးခေါင်းကို ပုတ်ကာ ဆူလိုက်လေသည်။ “ရှောင်ကွမ်း၊ မင်း ခရမ်းချဉ်သီးကြိုက်တာ သိပေမယ့် တခြားတစ်ယောက်ရဲ့ ပျိုးခင်းကိုတော့ မဖျက်ဆီးသင့်ဘူး။ မင်းက ခရမ်းချဉ်သီးနည်းနည်းလောက်တင်မဟုတ်ဘဲ ဦးလေးချန်းတို့မိသားစုရဲ့ ကြိုးစားအားထုတ်မှုကိုပါ ဖျက်ဆီးပစ်တာ။”

ခြံထဲရှိလူများမှာ ရှောင်လင်းယွီတစ်ယောက် နွားကို ဆူနေသည့်မြင်ကွင်းကိုကြည့်ပြီး အံ့ဩလွန်း၍ အသံပင်မထွက်နိုင်ကြတော့ပေ။ ရှောင်ကွမ်းက ဒီလိုပြောလို့ နားလည်နိုင်လို့လား။

ရှောင်ယွဲ့က အလွန်သိချင်သွားကာ၊ “အစ်မလင်းယွီ၊ ရှောင်ကွမ်းက အစ်မဘာပြောနေလဲဆိုတာ နားလည်လို့လား။”

ရှောင်ကွမ်းက နားလည်သော်လည်း ထိုအကြောင်းကို ရှောင်လင်းယွီ မရှင်းပြချင်ပေ။ သူမက ပြုံးလိုက်ကာ၊ “ရှောင်ယွဲ့၊ ရှောင်ကွမ်း နားလည်လား နားမလည်ဘူးလားတော့ အစ်မလည်း မသိဘူး။ ဒါပေမယ့် အစ်မ သင်ပေးမှဖြစ်မယ်လေ။ တဖြည်းဖြည်းနဲ့ သူနားလည်သွားမှာပါ။ ခွေးပေါက်လေးတွေလိုပေါ့၊ မင်းသာ ခဏခဏသင်ပြပေးရင် ဘာကိုဆိုလိုချင်မှန်း နားလည်သွားကြတယ်လေ။”

ရှောင်ယွဲ့တစ်ယောက် နားမလည်နိုင်သေးသော်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရှောင်ရှောင်းဟွေ့ကို ကြည့်လိုက်ကာ၊ “ရှောင်နီချိုး၊ နင်လည်း ရှောင်ကွမ်းကို နောက်ဆို တခြားသူတွေရဲ့အစာကို မစားဖို့ သတိပေးရမယ်နော်။”

“ငါသိပါတယ်။” ရှောင်ရှောင်းဟွေ့ ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီသည် ရှောင်ကွမ်းနှင့် သာ့ကွမ်းတို့အား နွးတင်းကုတ်သို့ ပြန်မောင်းသွားရန် ရှောင်ရှောင်းဟွေ့ကို ပြောလိုက်သည်။ သူမတို့အိမ်က နွားတင်းကုတ်က အခုထိ ဆောက်လို့မပြီးသေးတာကြောင့် နွားနှစ်ကောင်သည့် ရှောင်လင်းယွီ၏ စတုတ္ထဦးလေးဆီမှာသာ နေနေတုန်းပင်။

ရှောင်းလင်းယွီသည်တော့ ရှောင်ကွမ်းဖျက်ဆီးလိုက်သည့် ပျက်စီးမှုများအတွက် ဈေးတွက်ရန် ရှောင်ချမ်းပမ်းနောက်သို့ လိုက်သွားလေသည်။ ကံကောင်းစွာဖြင့် ရှောင်ကွမ်းကို စောစောစီးစီးမိသွား၍ပင်။ ပျိုးပင်အနည်းငယ်သာ အနင်းခံလိုက်ရလေသည်။ ရှောင်လင်းယွီသည် ရှောင်ချန်းပမ်းကို မေးလိုက်ရာ၊ ရှောင်ကွမ်းသည် ခရမ်းချဉ်သီး ဆယ်လုံးကိုစားသွားသည်ဟု သိလိုက်ရလေသည်။ ရှောင်ကွမ်းက ခရမ်းချဉ်သီးကို ထိုမျှကြိုက်နေတာကြောင့် ရှောင်လင်းယွီပင် အံ့ဩမိသွားသည်။

ရှောင်လင်းယွီက ခရမ်းချဉ်သီးနှင့် ပျိုးပင် ပျက်စီးမှုများအတွက် ရှောင်ချန်းပမ်းကို လျော်ကြေးပေးခဲ့သည်။ သူမက နွားနှစ်ကောင်ကိုကျွေးရန် ခရမ်းချဉ်သီး တစ်ကတ်တီကိုပါ ဝယ်ခဲ့လိုက်သေးသည်။ ရှောင်ချန်းပမ်းကတော့ သူမအတွက် အပိုပါ ထည့်ပေးလိုက်လေသည်။

ရှောင်လင်းယွီလည်း ရှောင်ချန်းပမ်းကို သေချာ ကျေးဇူးတင်စကားဆိုကာ ပြန်ခဲ့လိုက်သည်။

ရှောင်လင်းယွီတစ်ယောက် ခရမ်းချဉ်သီးတစ်ခြင်းနှင့် အိမ်သို့ပြန်ရောက်လာချိန် ရှောင်လင်းယဲ့၏ အခန်းဖော်များက ချက်ချင်းပင် နည်းနည်းလောက်ကို ဆွဲယူသွားကြလေသည်။ တကယ်တော့ ထိုထက်ပိုယူချင်ကြပေမယ့် တောင်းရမှာရှက်၍ပင်။ သို့သော်လည်း အသီးများကို ရေးဆေးကာ ပါးစပ်ထဲသို့ ထည့်ပြီးချိန်မှာတော့ သူတို့ မျက်မှောင်ကြုတ်သွားကြလေသည်။

ခရမ်းချဉ်သီးများသည် သူတို့ ဈေးကဝယ်စားသည်ထက် အနည်းငယ်သာ ပိုကောင်းလေသည်။ ဤခရမ်းချဉ်သီးများသည် သဘာဝအတိုင်းရင့်မှည့်နေခြင်းဖြစ်ကာ ဓာတ်မြေဩဇာ မသုံးထားတာကြောင့် အရသာမှာ သန့်ရှင်းလတ်ဆတ်နေသည်။

ရှောင်လင်းယဲ့က ထိုမြင်ကွင်းကိုကြည့်ပြီး အော်ရယ်လိုက်တော့သည်။ “ဟားဟား၊ ဒီခရမ်းချဉ်သီးတွေက ငါ့အစ်မပေးတဲ့ ခရမ်းချဉ်သီးတွေနဲ့ မတူဘူးလေ။ ငါ့အစ်မရဲ့ခရမ်းချဉ်သီးတွေက စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက သူ့သူငယ်ချင်းဆီကရတာ။ ဒါတွေက သာမာန်ခရမ်းချဉ်သီးတွေလေ၊ ဘယ်ယှဉ်နိုင်ပါ့မလဲ။”

တကယ်တော့ သူ့အစ်မဆီက ခရမ်းချဉ်သီးများကို စားပြီးနောက် ရှောင်လင်းယဲ့သည် သာမာန်ခရမ်းချဉ်သီးများကို မကြိုက်တော့ပေ။ ဒါကြောင့်ပဲ အစောက ခရမ်းချဉ်သီးလုပွဲတွင် မပါဝင်ခဲ့ခြင်းဖြစ်သည်။

နဉ်ဝေ့ယီက ခရမ်းချဉ်သီးကို တစ်ကိုက်,ကိုက်လိုက်ပြီးနောက် ထွေးထုတ်ရင်ကောင်းမလားတောင် စဉ်းစားမိသွားသည်။ နောက်ဆုံး စေတနာကို မစော်ကားချင်တာကြောင့် မြိုသာချလိုက်လေတော့သည်။ “ယဲ့၊ ဒါဆို မင်းအစ်မက ဘာလို့ ဒီလောက်ခရမ်းချဉ်သီးတွေအများကြီး ဝယ်လာတာလဲ။”

“နွားကျွေးဖို့လေ။” ရှောင်လင်းယဲ့က သူ့အစ်မအကြောင်းသိနေတာကြောင့် ပြန်ဖြေလိုက်သည်။

“နွားကျွေးဖို့?” သုံးယောက်သား တညီတည်းအော်လိုက်မိကြသည်။

“ဟုတ်တယ်လေ။” ရှောင်လင်းယဲ့က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ “ရှောင်ကွမ်းက ခရမ်းချဉ်သီးကြိုက်တယ်လေ၊ ဒါကြောင့် ငါ့အစ်မက သူ့အတွက် ဝယ်လာပေးတာ။”

ယန်ပေါင်လင်းသည် သူ တစ်ကိုက်,ကိုက်ပြီးသား ခရမ်းချဉ်သီးကို ကိုင်ထားရင်း မေးလာခဲ့သည်။ “ယဲ့၊ ဒီခရမ်းချဉ်သီးကို နွားပေါက်လေးက ကုန်အောင် ဆက်စားပေးမယ်လို့ ထင်လား။” ကျန်နှစ်ယောက်ကလည်း ရှောင်လင်းယဲ့ကို အမေးမျက်လုံးများဖြင့် လှမ်းကြည့်လာကြသည်။

ရှောင်လင်းယဲ့တစ်ယောက် ဆွံ့အသွားရတော့သည်။ သူက ချောင်းနှစ်ချက်လောက်ဟန့်လိုက်ပြီးနောက်၊ “ကဲပါ၊ ရမရသွားစမ်းကြည့်တာပေါ့။” သုံးယောက်သား သူတို့ကိုက်ထားပြီးသား ခရမ်းချဉ်သီးများကိုကိုင်ကာ ရှောင်လင်းယဲ့၏ စတုတ္ထဦးလေးအိမ်သို့ လိုက်သွားကြလေသည်။

နွားတင်းကုတ်တွင်၊ ရှောင်လင်းယွီသည် ရှောင်ကွမ်းနှင့် သားကွမ်းတို့အား ခရမ်းချဉ်သီးများ ကျွေးနေခဲ့သည်။

“အစ်မ။” ကောင်လေး ၄ယောက်က အော်ခေါ်လိုက်ကြသည်။

ကောင်လေးအုပ်စုကိုမြင်ပြီး ရှောင်လင်းယွီ စိတ်ရှုပ်ထွေးသွားခဲ့သည်။ “ဘာလို့ အကုန်လုံးရောက်လာတာလဲ။ ရှောင်ကွမ်းနဲ့ သားကွမ်းကို ကြည့်ချင်လို့လား။”

ရှောင်လင်းယဲ့၏သူငယ်ချင်းသုံးယောက်သည် ရှက်ရွံ့စွာဖြင့် ခေါင်းများကို ငုံ့ထားကြလေသည်။

ရှောင်လင်းယဲ့က သူတို့ကို ကြည့်ကာ လှောင်ပြောင်လာခဲ့သည်။ “အစ်မရဲ့ ဖြစ်ပုံကဒီလိုလေ။ သူတို့ အစောက အစ်မဆီက ခရမ်းချဉ်သီးတွေ လုသွားတယ်မလား။ ဒါပေမယ့် အဲ့ဒီခရမ်းချဉ်သီးတွေက ကျွန်တော်တို့အိမ်ကနဲ့ အရသာတူမနေဘူးလေ။ ဒါကြောင့် သူတို့ ကိုက်ပြီးသားအကျန်တွေကို နွားကျွေးဖို့ လိုက်လာတာ။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဒီလိုကိုး၊ ယူလာခဲ့လေ။ သူတို့စားမလား ကြည့်ရတာပေါ့။”

ကောင်လေးသုံးယောက်က လျှောက်လာကာ သူတို့ကိုက်ပြီးသား ခရမ်းချဉ်သီးများကို ရှောင်ကွမ်းရှေ့သို့ ထိုးပေးလိုက်သည်။ နောက်ဆက်တွဲဖြစ်ရပ်က သူတို့ကို ပိုလို့တောင်မှ ရှက်ရွံ့သွားစေခဲ့သည်။

ရှောင်ကွမ်းသည် သူတို့၏ကိုက်ပြီးသား ခရမ်းချဉ်သီးများကိုကြည့်ကာ မျက်လုံးလှန်လိုက်လေသည်။ သူက ခရမ်းချဉ်သီးအကျန်များကိုကြည့်ပြီး အော်လိုက်ကာ ခေါင်းကို လှည့်သွားလေသည်။

သူက ထိုစားကြွင်းစားကျန်များကို အထင်သေးနေခြင်းပင်။

“ဟားဟား…” ရှောင်လင်းယဲ့ အော်ရယ်နေတော့သည်။ “နွားတောင်မှ မင်းတို့အကျန်ကို မစားဘူး။ အရမ်းအံ့ဩဖို့ကောင်းတာပဲ။”

***

All Chapters