ရင်ထဲထိစရာအခိုက်အတန့်
Vol. 6 Ch. 97
ကောင်လေးသုံးယောက်သည် နွားတောင်မစားသည့် ခရမ်းချဉ်သီးများကိုကြည့်ပြီး ငြင်းခုံနေကြတော့သည်။ နွားပေါက်လေးတောင်မှ သူတို့ခရမ်းချဉ်သီးကိုမစားဘူး၊ လွှင့်လည်း မလွှင့်ပစ်နိုင်ဘူးလေ။ ဒါဆို ဘယ်သူစားမှာလဲ။ အလကားဖြစ်သွားတော့မယ်။
နဉ်ဝေ့ယီက ရုတ်တရက် အံ့ဩတကြီးထပြောလာခဲ့သည်။ “နေဦး… နွားပေါက်လေးက ငါတို့ကို မျက်လုံးလှန်ပြလိုက်တာမဟုတ်လား။ မင်းတို့တွေ့လိုက်ကြလား။” ရှောင်လင်းယွီကလွဲ၍ လူတိုင်း ရှောင်ကွမ်းကို ဝိုင်းကြည့်လာကြသည်။
“ဟုတ်သားပဲ။ နွားပေါက်လေးက ရွံတဲ့ပုံစံနဲ့ မျက်လုံးလှန်ပြသွားတာ။” ယန်ပေါင်လင်းလည်း အံ့ဩသွားလေသည်။ “သူက မှော်သတ္တဝါများလား။”
ခမ်းလဲ့က ရယ်လိုက်လေသည်။ “ငါတို့ ဝူရှလောကထဲရောက်နေတာလား။” ထို့နောက် သူက ရှောင်လင်းယွီကိုကြည့်ကာ ချီးကျူးလာခဲ့သည်။ “အစ်မ၊ ရှောင်ကွမ်းက ဉာဏ်အရမ်းကောင်းတာပဲ”
ရှောင်ရှောင်းဟွေ့နှင့် တခြားကလေးများကလည်း သူတို့နောက် လိုက်လာကြသည်။ ထိုအချိန်မှာပဲ ရှောင်ရှောင်းဟွေ့က၊ “ဒါ ဘာမှမဟုတ်သေးဘူး။ ရှောင်ကွမ်းက သူ့အမေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းလေး။ သူက ဉာဏ်ကြီးရှင်နွားလေးပဲ။”
ကျောင်းသားလေးသုံးယောက်သည် အံ့ဩသွားကြတော့သည်။ “ရှောင်နီချိုး၊ လာ လာ၊ အစ်ကိုကြီးတို့ကို ဘာတွေဖြစ်ခဲ့တာလဲ ပြောပြပါဦး။”
ရှောင်ရှောင်းဟွေ့က ဂုဏ်ယူစွာဖြင့် စကားစလာခဲ့သည်။ “ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အကြီးဆုံးဝမ်းကွဲ မြို့ပေါ်က ပြန်လာတဲ့လမ်းမှာ ရှောင်ကွမ်းက လူတွေကြားထဲကနေ တိုးထွက်ပြီး ဝမ်းကွဲအစ်မဆီ ပြေးဝင်သွားတယ်လေ။ သူက မျက်ရည်တွေဝဲနေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ဝမ်းကွဲအစ်မကိုကြည့်နေခဲ့တာ။ ရှောင်ကွမ်းရဲ့ အရင်သခင်လည်း ရောက်လာခဲ့တာ။ နောက်တော့ လှည့်ပတ်မေးကြည့်ပြီးတဲ့နောက် သာ့ကွမ်းကို နွားသတ်ရုံပို့တော့မယ်မှန်း ဝမ်းကွဲအစ်မ သိသွားတယ်လေ။ ဒါကြောင့် ဝမ်းကွဲအစ်မက အဲ့မှာတင်ပဲ ရှောင်ကွမ်းနဲ့ သာ့ကွမ်းတို့ကို ဝယ်လာခဲ့လိုက်တော့တာ။”
ရှောင်လင်းယဲ့နှင့် သူ့သူငယ်ချင်းသုံးယောက်လုံး အံ့ဩသွားကြတော့သည်။
“ရှောင်ကွမ်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။” ခမ်းလဲ့က အထင်ကြီးသွားခဲ့သည်။ “သူက အစ်မရဲ့အကူအညီရအောင် ငိုတောင်ပြသေးတယ်။ ဒီလိုအဖြစ်မျိုး ငါပထမဆုံးအကြိမ် ကြားဖူးတာပဲ။”
“ငါလည်း နွားကငိုပြတယ်လို့ ပထမဆုံးအကြိမ်ကြားဖူးတာပြ။” နဉ်ဝေ့ယီက ရှောင်ကွမ်းကို ကြည့်လိုက်ကာ၊ “ရှောင်ကွမ်းက အသက်ဘယ်လောက်ရှိပြီလဲ။ ဒီလောက်ငယ်ငယ်လေးနဲ့တောင် သူက လူသားအများစုထက် ပိုပြီးသစ္စာရှိပြီး နားလည်သိတတ်နေပြီ။”
“ဟုတ်ပါ့။” ကျန်လူများက ထောက်ခံကြသည်။
ယန်ပေါင်လင်းက ဝမ်းနည်းသွားခဲ့သည်။ “ငါတို့လူသားတွေက နွားတွေလောက်တောင် မကောင်းဘူးလို့ ခံစားရတယ်။” နွားတစ်ကောင်ကမှ သူ့အမေကို ကယ်ရန် ဘာလုပ်ရမလဲ သိနေသေးသည်။ လူသားတွေကရော။
ကျောင်းသားလေးယောက်မှာ သက်ပြင်းချလိုက်ကြတော့သည်။
နဉ်ဝေ့ယီက သူစားထားသည့် ခရမ်းချဉ်သီးကိုကြည့်လိုက်သည်။ ထို့နောက် ထိုခရမ်းချဉ်သီးကို ရှောင်ကွမ်းရှေ့ တိုးပြလိုက်ပြီး၊ “ရှောင်ကွမ်း၊ ဒါ ငါ အခုမှ တစ်ကိုက်ပဲ ကိုက်ရသေးတာ။ စိတ်မပူနဲ့။ ငါက ကျန်းမာရေးအရမ်းကောင်းတယ်။ ငါ့အစား ဒါလေး စားကူပေးလို့ရမလား။”
ရှောင်ကွမ်းက သူပြောတာကို နားလည်နေသလိုမျိုး မျက်လုံးရွဲကြီးများနှင့် နဉ်ဝေ့ယီကို ကြည့်လာခဲ့လေသည်။
ထို့နောက်မှာတော့ သူက နဉ်ဝေ့ယီလက်ထဲက ခရမ်းချဉ်သီးကို လျှာဖြင့်ရစ်ပတ်ကာယူလိုက်တော့သည်။ “ဂလု” ခရမ်းချဉ်သီးမှာ ရှောင်ကွမ်း၏ပါးစပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ သူ့သူငယ်ချင်းများကလည်း ထိုအချင်းအရာကိုမြင်သည်နှင့် မြန်မြန်ပင် ထိုနည်းအတိုင်း လိုက်ကြတော့သည်။ “ရှောင်ကွမ်း၊ ငါတို့မှာလည်း ခရမ်းချဉ်သီးတွေရှိသေးတယ်။ ငါတို့လည်း ကျန်းမာရေးအရမ်းကောင်းပါတယ်။”
ရှောင်ကွမ်းက သူတို့ခရမ်းချဉ်သီးများကိုကြည့်လိုက်ပြီး နောက်တော့ ရှောင်လင်းယွီ၏ ခြင်းတောင်းထဲမှ ခရမ်းချဉ်သီးများကို ကြည့်လိုက်သည်။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ကောင်လေးများ၏ ခရမ်းချဉ်သီးများကို ယူစားကာ လက်စသတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ သူ့အကြည့်များက ရှောင်လင်းယွီနှင့် သူမလက်ထဲက ခြင်းတောင်းထံသို့ ရောက်သွားပြန်သည်။ ရှောင်လင်းယွီက ခရမ်းချဉ်သီးတစ်လုံးကိုထုတ်ပေးလိုက်ရာ ရှောင်ကွမ်းကလည်း သူ့လျှာနှင့် ရစ်ပတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
သို့သော်လည်း သူက ထိုခရမ်းချဉ်သီးကို မြိုမချလိုက်ပေ။ ထိုအစား မြေပေါ်တွင် လှဲနေသည့် နွားအိုကြီးကိုလှည့်ကြည့်ကာ အသံပေးလိုက်သည်။ နွားအိုကြီးကလည်း အသံပြန်ပေးလိုက်လေသည်။ ထို့နောက် သူမက ရှောင်ကွမ်းဆီမှ ခရမ်းချဉ်သီးကို ယူလိုက်တော့သည်။
အနားတွင်ရှိနေသည့်လူတိုင်း အံ့ဩကုန်ကြတော့သည်။ ရှောင်ကွမ်းသည် အရမ်းကိုမှာ ဉာဏ်ကောင်းပြီး သိတတ်လှသည်။ သူက ခရမ်းချဉ်သီးကို သူ့အမေကိုမှ ဝေမျှရမည်မှန်း နားလည်လေသည်။ လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားကြတော့သည်။
နွားအိုကြီးသည် အသက်ကြီးနေပြီဖြစ်သည်။ ရှောင်ကွမ်းကို မွေးပြီးနောက် သူမသည် နေမကောင်းဖြစ်ကာ အားနည်းလာခဲ့သည်။ သူမဘဝ၏နောက်ဆုံးအချိန်ရောက်ခါနီးမှာတော့ သားသတ်ရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရလေသည်။ ကျေးဇူးတင်စရာကောင်းသည်က သူမ အမဲသားဘဝသို့ မပြောင်းခင်လေးမှာပဲ ကယ်တင်ခံလိုက်ရကာ ထိုသို့ကယ်တင်ခဲ့သူမှာ သူ့သားလေး ရှောင်ကွမ်းဖြစ်ပေသည်။
ရှောင်လင်းယွီက နွားနှစ်ကောင်ကို ကယ်တင်ပြီးနောက် သူမက သူတို့ကို စမ်းရေတိုက်ခဲ့သည်။ သာ့ကွမ်း၏အခြေအနေသည်လည်း များစွာ တိုးတက်လာခဲ့သည်။ သူမသည် အားမနည်းတော့သော်လည်း ရှောင်ကွမ်းအပေါ်ထားသည့် မိခင်မေတ္တာကတော့ မပြောင်းလဲသွားခဲ့ပေ။
သူမက ဘာပဲဖြစ်ဖြစ် ရှောင်ကွမ်းကိုသာ အရင်စားစေသည်။ ရှောင်ကွမ်းက အတင်းတိုက်တွန်းမှသာ သူမအတွက်လည်း စားခဲ့သည်။ ထိုသို့ဖြင့် ရှောင်ကွမ်းက သူမကို ခရမ်းချဉ်သီးကျွေးသည့် မြင်ကွင်းသည် ထိုလူအုပ်ကြီးကို အရမ်းခံစားသွားစေသည့်ပုံပင်။
ရှောင်လင်းယွီက ရှောင်ကွမ်းကို နောက်ထပ်ခရမ်းချဉ်သီးတွေ ထပ်ပေးလိုက်ပြီး သူ့အမေအတွက်လည်း ထည့်ပေးလိုက်သည်။ ရှောင်လင်းယွီ သူမခြင်းကိုပြန်ကြည့်လိုက်ရာ သူမဝယ်လာသည့် ခရမ်းချဉ်သီး၏ တစ်ဝက်သာ ကျန်တော့သည်။ သူမက ရှောင်ကွမ်းကို ပြောလိုက်လေသည်။ “မင်းတို့ တစ်ဝက်တောင်စားပြီးသွားပြီ။ နောက်တစ်ဝက်ကို မနက်ဖြန်မှပဲ စားရတော့မယ်။”
ရှောင်ကွမ်း၏မျက်လုံးများသည် ရှောင်လင်းယွီ၏ခြင်းတောင်းက မခွာကြပေ။ သူ ထပ်စားချင်နေသေးသည်မှာ သိသာလှသည်။
နဉ်ဝေ့ယီမှာ ဆက်မကြည့်နိုင်တော့ဘဲ၊ “အစ်မ၊ ရှောင်ကွမ်းကို တစ်ခြင်းလုံး ကျွေးလိုက်ပါလား။ မလောက်သေးရင် ကျွန်တော်တို့ ဦးလေးချန်းဆီက သွားဝယ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ရှင်းမှာပါ။” ခမ်းလဲ့နှင့် ယန်ပေါင်လင်းတို့ကလည်း သဘောတူလာခဲ့သည်။ “ဟုတ်တယ်၊ ရှောင်ကွမ်း အကုန်စားပါစေ၊ ကျွန်တော်တို့ ထပ်သွားဝယ်လိုက်ပါ့မယ်။”
ရှောင်လင်းယဲ့က ထိုသုံးယောက်၏ခေါင်းများကို ရိုက်လာခဲ့သည်။ “မင်းတို့ ဘာတွေပြောနေကြတာလဲ။ ငါ့အစ်မက ပိုက်ဆံကုန်မှာ စိုးရိမ်နေတာလား။”
ကောင်လေးသုံးယောက်သည် သူတို့ခေါင်းများကိုပွတ်ကာ နားမလည်နိုင်စွာဖြင့် ရှောင်လင်းယဲ့ကို ကြည့်လာကြသည်။
ရှောင်လင်းယဲ့က ရှင်းပြလာလေသည်။ “ရှောင်ကွမ်းနဲ့ သာ့းကွမ်းက နွားတွေဆိုပေမယ့် သူတို့ကလည်း လူသားတွေလိုပဲ။ အများကြီးတစ်ခါတည်း စားရင် ဗိုက်အောင့်ကြလိမ့်မယ်။ ရှောင်ကွမ်းနဲ့ သာ့ကွမ်းက ခရမ်းချဉ်သီး ၈လုံးလောက် စားပြီးသွားကြပြီ။ ဒီတော့ ထပ်ပြီးစားဖို့ မသင့်တော့ဘူး။ မင်းတို့က ငွေဇွန်းကိုက်ပြီး မွေးလာတဲ့လူတွေဆိုတော့ ဒါမျိုးတွေ ဘယ်သိပါ့မလဲ။”
ကောင်လေးသုံးယောက်က ရိုးရိုးသားသားတောင်းပန်လာကြသည်။ “တောင်းပန်ပါတယ်။ ကျွန်တော်တို့ မသိလိုက်လို့ပါ။”
ခမ်းလဲ့က ရှောင်ကွမ်း၏ခေါင်းကို ပွတ်ကာ နှစ်သိမ့်ပေးလေသည်။ “ရှောင်ကွမ်း၊ မင်းဒီနေ့တော့ ထပ်စားလို့မရတော့ဘူး။ မဟုတ်ရင် မင်းအစာအိမ်က လက်ခံနိုင်မှာမဟုတ်ဘူး။ ငါတို့ မနက်ဖြန်ကျမှ ထပ်လာပြီး မင်းတို့ကို ကျွေးမယ်နော်။ ဟုတ်ပြီလား။”
သူတို့အနေနှင့် တုံ့ပြန်ချက်ရဖို့ မမျှော်လင့်ထားကြသော်လည်း ရှောင်ကွမ်းက ခေါင်းညိတ်လာကာ အသံပါ ပြုလာကြသည်။
ခမ်းလဲ့မှာ ရင်ထဲထိသွားကာ မျက်လုံးများပင် နီလာတော့သည်။
ထို့နောက် သူတို့အုပ်စုလည်း ရှောင်မင်ယန်း၏ နွားတင်းကုတ်မှ ပြန်လာခဲ့ကြသည်။
သူတို့မထွက်သွားခင် နဉ်ဝေ့ယီက ရှောင်ရှောင်းဟွေ့ကို ပြောလာခဲ့သည်။ “ရှောင်နီချိုး၊ ငါဒီနေ့လည် မင်းနဲ့အတူ နွားလိုက်ကျောင်းမယ်လေ၊ ရလား။”
ရှောင်ရှောင်းဟွေ့က သတိတကြီးကြည့်လာခဲ့သည်။ သူ၏ တောက်ပသည့်မျက်လုံးများထဲတွင် စိုးရိမ်နေသည့် အရိပ်အငွေ့များဖြင့် မေးလာလေသည်။ “ခင်..ခင်ဗျား ဘာတွေကြံနေတာလဲ။”
နဉ်ဝေ့ယီ ဆွံ့အသွားတော့သည်။ သူက ထိုကလေး၏နဖူးကို တောက်လိုက်ပြီး။ “ငါက မင်းကို ကူညီမလို့လေ။ ဘာပဲဖြစ်ဖြစ် မင်းတောင်မှ ရှောင်ကွမ်းကိုကြည့်ရင်းနဲ့ သူ တခြားလူရဲ့စိုက်ခင်းကို သွားဖျက်ကို မတားလိုက်နိုင်ဘူးမဟုတ်လား။”
နဉ်ဝေ့ယီသည် ရှောင်လင်းယဲ့၏ ဧည့်သည်ဖြစ်ကာ သူသည် ရှောင်ရှောင်းဟွေ့၏အားနည်းချက်ကိုပါ မိသွားခဲ့သည်။ ဒါကြောင့် ရှောင်ရှောင်းဟွေ့လည်း သက်ပြင်းသာ ချလိုက်ရတော့သည်။ “ကောင်းပြီလေ။”
***