လျှို့ဝှက်ပူးပေါင်းကြံစည်မှု
Vol. 6 Ch. 98
နဉ်ဝေ့ယီတို့သူငယ်ချင်းတစ်စုသည် ကလေးအဖွဲ့နှင့်အတူ တောင်ပေါ်သို့ လိုက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ရှောင်ကွမ်းနှင့် သာ့းကွမ်းတို့က ဘယ်လောက်တောင် ဉာဏ်ကောင်းသည်ကို ထပ်မံပြသခဲ့ပြန်သည်။ သူတို့သည် ရွာသားများ စိုက်ပျိုးထားသည့် ဘာအပင်ကိုမှ မစားခဲ့ဘဲ လမ်းဘေးရှိ မြက်များကိုသာ စားလေသည်။
ရှောင်ရှောင်းဟွေ့သည် ရှောင်ကွမ်းနှင့် သာ့ကွမ်းတို့ကို တောင်များဘက်သို့ မောင်းသွားခဲ့သည်။
နဉ်ဝေ့ယီနှင့် သူ့သူငယ်ချင်းနှစ်ယောက်သည် တောင်များဘက်သို့ ရောက်သည်နှင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည့် အရာများကို တွေ့ရှိသွားလေသည်။ သူတို့က သစ်ပင်များပေါ်မှ ငှက်သိုက်များ၊ ဘယ်ရီသီးရိုင်းများနှင့် တောင်ပေါ်မှိုများကို တွေ့သွားကြခြင်းပင်။
“ဒါဘာမှိုတွေလဲ။ အရမ်းလှတာပဲ။” နဉ်ဝေ့ယီက အနီရောင်တောက်တောက် မှိုတစ်မျိုးကို သတိထားမိသွားခဲ့သည်။
“ပတ္တမြားနဲ့တောင်တူတယ်။ ဒါ စားလို့ရလား။”
ရှောင်ရှောင်းဟွေ့က မျက်လုံးသာ လှန်လိုက်လေသည်။ “ခင်ဗျား သေချင်ရင်တော့ စားပေါ့။” သူ၏မျက်လုံးများထဲတွင် အထင်သေးသည့်အရိပ်အယောင်များ ပြည့်နေလေသည်။ “မှိုတွေက အရောင်အသွေးစုံလေ ပိုပြီးတော့ အဆိပ်ပြင်းလေဆိုတာ မသိဘူးလား။ ခင်ဗျားတို့က တကယ်ပဲ ကျွန်တော့် တတိယဝမ်းကွဲရဲ့ အတန်းဖော်တွေ ဟုတ်ရဲ့လား။ ဘယ်လိုလုပ် သာမာန်အသိမျိုးတောင် မရှိရတာလဲ။ အတန်းထဲမှာ အိပ်ပျော်နေကြတာလား။”
နဉ်ဝေ့ယီသည် ကလေးတစ်ယောက်၏ သင်ပြခြင်းကို ခံလိုက်ရတာကြောင့် ဒေါခွီးသွားတော့သည်။ သူက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့အရေး အလျင်အမြန်ပင် ပြန်ပြောလိုက်လေသည်။ “ကောင်စုတ်လေး၊ သေချာပေါက် သိတာပေါ့။ ငါ…ငါက မင်းကို စမ်းသပ်ကြည့်ရုံပဲ။” ရှောင်ရှောင်းဟွေ့ကတော့ သူ့စကားကို မယုံပေ။ “ဘာလို့များ ဒီလိုသာမာန်အသိမျိုးကို စမ်းသပ်ကြည့်နေရတာလဲ။ မြို့ပေါ်ကလူတွေက တကယ်ကို အရှက်မရှိတာပဲ။”
ခမ်လဲ့က ချက်ချင်းပင် ထိုအခြေအနေမှ သူ့ကိုယ်သူ ရုန်းထွက်လိုက်လေသည်။ “ရှောင်နီချိုး၊ ငါ အရောင်တောက်တဲ့ မှိုတွေအကြောင်းသိတယ်နော်။ ငါ့ကို သူနဲ့တစ်တန်းထဲ မထားနဲ့။” ထို့နောက် ခမ်းလဲ့က နဉ်ဝေ့ယီကိုကြည့်ကာ၊ “ယီ၊ မင်းဘယ်လိုလုပ်ပြီးများ ဒါလေးတောင် မသိရတာလဲ။ သင်ပေးထားသမျှ ငါတို့ဆရာဆီကိုပဲ အကုန်ပြန်ပေးလိုက်သလားနော်။ ရှက်စရာပဲ။”
ယန်ပေါင်လင်းကလည်း ဘေးကနေ သံယောင်လိုက်လာလေသည်။ “ဟုတ်ပါ့။ အရောင်တောက်လေ အဆိပ်ပိုပြင်းလေ။ ဒါ သာမာန်အသိလေးပဲကို။ ယီ၊ မင်း နောက်ဆို မမေ့တော့နဲ့နော်။”
နဉ်ဝေ့ယီမှာ အလွန်အရှက်ရသွားတာကြောင့် သူတို့အားလုံးကို လက်ညှိုးထိုးကာ ပြောလာတော့သည်။ “ကောင်းတယ်၊ မင်းတို့နှစ်ယောက်၊ ဒီလိုအချိန်မျိုးကျ ငါ့ကို ဒီလိုမျိုး စွန့်ပစ်လိုက်တယ်ပေါ့။ ငါတို့ သူငယ်ချင်းတွေ မဟုတ်တော့ဘူး။” သူက ရှောင်လင်းယဲ့ဘက် လှည့်သွားကာ၊ “ယဲ့၊ အခုကစပြီး ငါတို့လမ်း ငါတို့လျှောက်မယ်။ သူတို့ကို လျစ်လျူရှုထားလိုက်တော့။”
ရှောင်လင်းယဲ့က ပြန်ပြောလိုက်လေသည်။ “ငါက ငတုံးတစ်ယောက်နဲ့ သူငယ်ချင်းမလုပ်ဘူး”
နဉ်ဝေ့ယီ၊ “…”
လူတိုင်း၊ “….”
“ဟားဟား…” ခမ်းလဲ့နှင့် ယန်ပေါင်လင်းတို့နှစ်ယောက် သေးထွက်မတတ်ကို အကြီးအကျယ် ရယ်မောနေကြတော့သည်။
“မင်းတို့တွေ… ကောင်းပြီလေ မင်းတို့အားလုံးနဲ့ သူငယ်ချင်းမလုပ်တော့ဘူး။” နဉ်ဝေ့ယီ၏အော်သံက သစ်ပင်များကိုပင် တုန်ခါသွားစေကာ ငှက်များကို လန့်ပျံသွားစေသည်။
….
ရှောင်ချန်းပမ်း၏ဇနီး ကျိုးယန်သည် ခရမ်းချဉ်သီးများကိုကြည့်ရန် လယ်ကွင်းသို့ သွားလေသည်။
သူမက ကောင်းစွာကြီးထွားနေသည့် ခရမ်းချဉ်သီးတစ်ခိုင်ကို တွေ့လိုက်လေသည်။ ထိုအခိုင်ပေါ်ရှိ အသီးများမှာ တခြားအပင်များထက် ပိုကြီးကာ ပိုရဲလေသည်။ ကျိုးယန်သည် ထိုအသီးများထံမှ ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရကာ တစ်လုံးကိုခူးပြီး ကိုက်ကြည့်လိုက်လေသည်။ သူမ ခရမ်းချဉ်သီးတစ်ကိုက်စားလိုက်ပြီးသည်နှင့် မျက်လုံးများ တောက်ပသွားတော့သည်။
“ဒီခရမ်းချဉ်သီးက ဘယ်လိုလုပ် ဒီလောက်တောင် အရသာရှိနေတာလဲ။” ကျိုးယန် စိတ်ရှုပ်ထွေးသွားတော့သည်။ “အချိုအရသာရော ခရမ်းချဉ်သီးရဲ့အသားတင်းတာကပါ လုံးဝ ကွက်တိပဲ။ ပြီးတော့ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို လှုံ့ဆောင်ပေးနိုင်တဲ့ အနံ့ဖျော့ဖျော့လေးပါ ထွက်နေသေးတယ်။”
ကျိုးယန်က တွေးကြည့်ပြီးနောက် လယ်ကွက်၏အခြားတစ်ဖက်သို့ သွားလိုက်ကာ တခြားအခိုင်တစ်ခုပေါ်မှ ခရမ်းချဉ်သီးတစ်လုံးကို ခူးလိုက်လေသည်။ ထို့နောက် အခွံကို သုတ်ကာ တစ်ကိုက်,ကိုက်လိုက်သည်။ ချက်ချင်းဆိုသလို သူမ မျက်မှောင်ကြုတ်သွားတော့သည်။ “ဒီခရမ်းချဉ်သီးရဲ့ အရသာက ပုံမှန်ပဲ။” ထို့နောက် အစောက လှပသည့်အခိုင်ဘက်သို့ ပြန်သွားကာ နောက်တစ်လုံးခူးလိုက်ပြီး ထပ်ကိုက်ကြည့်လိုက်သည်။ “ဘာလို့ အရသာက ဒီလောက်တောင် ကွာခြားနေရတာလဲ။” သူမ ခရမ်းချဉ်ခင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိသည်။ “ဘာတွေဖြစ်ကုန်တာလဲ။”
သူမ အခင်းကို သေချာစစ်ဆေးကြည့်ပြီးနောက် မြေပေါ်တွင် နွားခြေရာတစ်ကွက်ကို တွေ့သွားခဲ့သည်။ သူမ မျက်မှောင်ကြုတ်လိုက်မိလေသည်။ ‘ဒါ ရှောင်မိသားစုက နွားပေါက်လေးကြောင့်များလား။’
ကျိုးယန်က ခပ်မြန်မြန်ပင် ထိုလှပသည့် အခိုင်ရှိသော အပင်မှ ခရမ်းချဉ်သီးအားလုံးကို ခူးယူကာ ခြင်းထဲသို့ ထည့်လိုက်ပြီး ပေါက်ပြားကိုဆွဲကာ ပြန်ပြေးတော့သည်။ မသိသည့်လူများဆိုလျှင် သူမကို သူခိုးဟုပင် ထင်နိုင်ပေသည်။
“ချန်းပမ်း၊ ချန်းပမ်း…” ကျိုးယန်က အိမ်သို့ပြန်ရောက်သည်နှင့် အော်ခေါ်လိုက်လေသည်။
ခြံထဲတွင် ထင်းခွဲနေသည့် ရှောင်ချန်ပမ်းသည် သူ့ဇနီး၏ အမောတကော အော်သံကို ကြားသည်နှင့် ပုဆိန်ကို အမြန်ချကာ စိုးရိမ်တကြီး ပြေးထွက်လာတော့သည်။ သူ့ဇနီးသည်လည်း သူ့ဆီသို့ အပြေးရောက်လာလေသည်။
ရှောင်ချန်းပမ်းက မေးလိုက်သည်။ “ဘာဖြစ်လာတာလဲ။”
ကျိုးယန်က ပြန်မဖြေခဲ့ဘဲ ခြင်းထဲမှ ခရမ်းချဉ်သီးတစ်လုံးကိုသာ ထုတ်ကာ ရှောင်ချန်းပမ်းကို လှမ်းပေးလိုက်လေသည်။ “ရော့ ဒါစားကြည့်။”
ရှောင်ချန်းပမ်းတစ်ယောက် ခရမ်းချဉ်သီးကို သံသယများဖြင့် ကြည့်လိုက်ပြီးနောက် အံ့ဩစွာဖြင့် မေးလိုက်လေသည်။ “အိမ်ကို ဒီလောက် အလောတကြီးပြေးလာတာ ခရမ်းချဉ်သီးကျွေးမလို့လား။”
ကျိုးယန်က လောလိုက်သည်။ “စားမှာသာစားလိုက်စမ်းပါ။”
ရှောင်ချန်းပမ်းလည်း ဘာမှပြောမနေတော့ဘဲ တစ်ကိုက်,ကိုက်လိုက်လေသည်။ ထို့နောက်မှာတော့ သူ့မျက်လုံးများပြူးကျယ်လာကာ အံ့ဩတကြီးဖြင့် ကြည့်လာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာလေသည်။ “ဒါ..ဒါ.. ဒီအရသာက…”
“ဒီအရသာက ကျွန်မတို့ အရင်တစ်ခေါက် ခူးတုန်းကနဲ့ အများကြီး ကွာနေတယ်မဟုတ်လား။” ကျိုးယန်က သူ့စကားကို ဆုံးအောင် ဆက်ပြောပေးလိုက်သည်။
ရှောင်ချန်းပမ်းသည် ကျန်သည့် ခရမ်းချဉ်သီးအပိုင်းကို အမြန်အပြီးသတ်လိုက်ပြီး စိတ်မရှည်စွာ မေးလိုက်လေသည်။ “ယန်အာ၊ ဒီလောက်အရသာရှိတဲ့ ခရမ်းချဉ်သီးကို ဘယ်ကရလာတာလဲ။ ငါတို့လည်း စိုက်ရအောင် မျိုးစေ့သွားဝယ်ရအောင်။”
ကျိုးယန်က ပြုံးလိုက်သည်။ “ဒါ မျိုးစေ့အသစ်တွေမဟုတ်ဘူး။ ကျွန်မတို့ အခင်းထဲက ခရမ်းချဉ်သီးပဲ။”
“ငါတို့အခင်းကလား။” ရှောင်ချန်းပမ်း စိတ်ရှုပ်ထွေးသွားရသည်။ “မဟုတ်သေးပါဘူး။ ငါတို့ခရမ်းချဉ်သီးတွေက ဘယ်တုန်းက ဒီလောက်အရသာရှိသွားတာလဲ။ မိန်းမ၊ မင်း ငါ့ကိုညာနေတာတော့ မဟုတ်ပါဘူးနော်။”
“ကျွန်မက ရှင့်ကို ဘာကိစ္စညာရမှာလဲ။ တကယ်ကို ကျွန်မတို့ အခင်းထဲမှာ ကြီးတဲ့အသီးပဲ။ ဒါပေမယ့် အပင်င်တစ်ခုကပဲ ဒီလိုအရသာရှိတဲ့ ခရမ်းချဉ်သီးတွေ သီးနိုင်တာ။ ကျွန်မ မြေကို စစ်ဆေးကြည့်လိုက်တော့ အဲ့ဒီအခိုင်က ရှောင်မိသားစုကနွားရဲ့ မစင်ပုံနဲ့ အနီးဆုံးပဲ။”
ကျိုးယန်က တိုးတိုးလေး ထင်ကြေးပေးလာခဲ့သည်။ “ယောက်ျားရေ၊ ဒီနွားပေါက်လေးရဲ့နွားချေးက ဒီလိုပြောင်းလဲမှုတွေ ဖြစ်စေတာလို့ မထင်ဘူးလား။”
ကျိုးယန်၏စကားများက ရှောင်ချန်းပမ်းကို မျက်မှောင်ကြုတ်သွားစေသည်။ “ဒါက မှန်းကြည့်ရုံပဲရှိသေးတယ်။ ဘယ်သူ့ကိုမှလျှောက်မပြောနဲ့။” ထို့နောက် သူက တွေးကြည့်လိုက်ကာ၊ “ခဏနေကျရင်၊ ငါ ကျန်းယန်ရဲ့အိမ်ကိုသွားပြီး နွားပေါက်လေးကို သွားငှားခဲ့မယ်။ ပြီးရင် လယ်ကွင်းထဲမှာ ကျောင်းကြည့်လိုက်မယ်။ ဒါဆို အကြောင်းအရင်းမှန်ကို သိရမှာပဲ။”
…..
ညနေဘက်တွင်တော့ ရှောင်ချန်းပမ်းသည် ရှောင်ကျန်းယန်၏အိမ်သို့ သွားခဲ့လေသည်။
သို့သော်လည်း ရှောင်ကျန်းယန်က အိမ်မှာမရှိဘဲ မေမေရှောင်သာ ရှိလေသည်။
ရှောင်ချန်းပမ်းက နှုတ်ဆက်လိုက်သည်။ “အစ်မကြီး။”
မေမေရှောင်က ပြုံးလိုက်လေသည်။ “ချန်းပမ်းပါလား။ ကျန်းယန်ကို လာရှာတာလား။ သူက အိမ်ပြန်မရောက်သေးဘူး။ ရွာသူကြီးအိမ်ကို သွားတယ်။”
ရှောင်ချန်းပမ်းက ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ “ကျွန်တော် ကျန်းယန်ကို လာရှာတာမဟုတ်ဘူး။” သူက ချောင်းအသာဟန့်ကာ ဆက်ပြောလာခဲ့သည်။ “အစ်မကြီး၊ ကျွန်တော် ဒီနေ့တစ်ရက်လောက် အစ်မတို့အိမ်က နွားပေါက်လေးကို ငှားလို့ရမလား။”
မေမေရှောင် နားမလည်နိုင်ဖြစ်သွားလေသည်။ “ဒါပေမယ့် ငါတို့နွားပေါက်လေးက လယ်ထွန်ဖို့အတွက် အရမ်းငယ်သေးတယ်။” ရှောင်ကွမ်းသည် သုံးလသားသာရှိသေးတာကြောင့် လယ်ထဲတွင် အလုပ်ခိုင်းဖို့အတွက် အလွန်ငယ်သေးလေသည်။
ရှောင်ချန်းပမ်းက ပြုံးလိုက်ကာ၊ “အစ်မကြီး၊ အဲ့အတွက်မဟုတ်ဘူး။ မင်းရဲ့နွားပေါက်လေးကို လယ်ထွန်ဖို့ ငှားတာမဟုတ်ပါဘူး။ ဒီအတိုင်း သူ့ကို ကျွန်တော့်ခရမ်းချဉ်ခင်းထဲ လမ်းလျှောက်ခိုင်းချင်ရုံပါ။” ရှောင်ချန်းယမ်းသည် နွားပေါက်လေး၏မစင်ကို လိုချင်ခြင်းပင်။
“အို၊ ဒါဆိုလည်း ကောင်းပြီလေ။ ငါ ရှောင်ကွမ်းကို သွားဆွဲပေးမယ်။”
***