နွားပေါက်လေးနှင့်လမ်းလျှောက်ထွက်ခြင်း
Vol. 6 Ch. 99
ထိုနေ့မနက်မှာပဲ ရွာသားအများစုသည် အနောက်ဘက်တောင်တန်းမှ သူတို့မြေများကို ငှားရမ်းလိုကြောင်း ရွာသူကြီးထံမှသတင်းကို ရှောင်ကျန်းယန် ရရှိခဲ့လေသည်။ သို့သော်လည်း သူတို့က ငှားခကို ဘယ်လိုတွက်မလဲဆိုသည်ကို သိချင်နေကြသည်။ လူအနည်းငယ်က တိကျသည့် အဖြေမပေးခဲ့ကြပေ။ လက်တစ်ဆုပ်စာမိသားစုကတော့ ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့ကြသည်။ ရှောင်ကျန်းယန်၏မိသားစုထံ သူတို့မြေများကို ငှားပေးမည့်အစား အပုပ်သာခံလိုက်လိုကြသည်။
ထို့ကြောင့် ရှောင်ကျန်းယန်နှင့် ရှောင်လင်းယွီတို့သည် အကြောင်းအရာအသေးစိတ်ကို သိရရန် ရွာသူကြီမ်းအိမ်သို့သွားကာ အစီအစဉ်တစ်ခုကိုလည်း ချမှတ်သွားခဲ့ကြသည်။
ရှောင်ကျန်းယန်က ရွာလူကြီးကို စီးကရက်တစ်လိပ်ကမ်းပေးလိုက်ကာ မေးလိုက်လေသည်။ “ရွာသူကြီး၊ ရွာသားတွေဘက်က ဘာပြောကြလဲ။”
ရွာသူကြီးက ဆေးလိပ်ကိုယူလိုက်ပြီးနောက် ပြောလာခဲ့သည်။ “ကျန်းယန်၊ ယွီအာ၊ ရွာသားအများစုကတော့ သူတို့မြေကို ငှားပေးချင်ကြပါတယ်။ မြေနေရာက နည်းနည်းတော့ သဲများတယ်။ မင်းတို့ မြေပဲ၊ ကန်စွန်းဥနဲ့ ဖရဲသီးလိုအပင်တွေ စိုက်လို့ရပေမယ့် အဲ့ဒီမြေကွက်တွေက ရွာနဲ့ ဝေးတယ်။ ငှားခသာ သင့်တင့်တယ်ဆိုရင် မင်းတို့လည်း ဒုက္ခတချို့သက်သာသွားတာပေါ့။”
လယ်လုပ်ခြင်းသည် ဝင်ငွေမများတာကြောင့် ရွာသားများသည် သူတို့မြေများကို ငှားခရန် ငှားလိုက်လိုကြသည်။
ကျန်းချန်က ချက်ချင်းပင် ပြောလာလေသည်။ “ရွာသူကြီး၊ အဲ့ဒါတော့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ သင့်တင့်တဲ့ဈေးကို ပေးမှာပါ။”
ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။ “ငါ မင်းတို့ကို ယုံပါတယ်။” သူက ဆေးလိပ်တစ်ရှိုက်ဖွာလိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။ “ဒါပေမယ့် လူနည်းနည်းလောက်ကတော့ ဘာမှအကြောင်းမပြန်သေးဘူး။ ကြည့်ရတာ တခြားလူတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ချင်လို့နဲ့တူတယ်။ တချို့ကတော့ သူတို့မြေကို သူတို့ကိုယ်တိုင်ပဲ လုပ်ချင်ကြတယ်။ အကြီးဆုံးပြဿနာကတော့ မိသားစု နှစ်စုသုံးစုလောက်က သူတို့မြေကို မင်းတို့ကို ငှားမယ့်အစား အဲ့ဒီမြေရိုင်းကို သူတို့ဘာသာပဲ သုံးလိုက်မယ်လို့ ပြောလာတာပဲ။”
ရှောင်ကျန်းယန်နှင့် ရှောင်လင်းယွီတို့ အခြေအနေကို အကြမ်းဖျင်းနားလည်သွားလေသည်။ ရှောင်ကျန်းယန်နှင့် ရှောင်လင်းယွီတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်သွားကြတော့သည်။
ထိုအချိန်မှာပဲ ရွာသူကြီးက ရှောင်လင်းယွီကိုကြည့်ကာ ပြောလာလေသည်။ “လင်းယွီ၊ မင်း အသီးအရွက်တွေစိုက်ဖို့အတွက် မြေငှားချင်နေတာလို့ မင်းအဖေပြောတယ်။ ဒါပေမယ့် ဒီမြေတွေက သဲမြေများတယ်။ မြေပဲ၊ ကန်စွန်းဥနဲ့ ဖရဲသီးလိုကလွဲရင် ဘာဟင်းသီးဟင်းရွက်မှ စိုက်လို့ရမှာမဟုတ်ဘူး။ ဒီအကြောင်း သေချာတွေးကြည့်ပြီးပြီလား။”
ရွာသူကြီးသည် ရှောင်လင်းယွီကို သာမာန်အသိလေးတောင် မရှိဘူးဟူ၍တော့ မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမက တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲမဟုတ်လား။ ဒါ့အပြင် ရှောင်လင်းယွီသည် ထောင်ယွမ်ရွာတွင် ကြီးပြင်းခဲ့သူဖြစ်တာကြောင့် ဒီနေရာရဲ့အခြေအနေကို သူမလည်း သိသင့်ပေသည်။ သူမရဲ့လုပ်ရပ်တွေက တော်တော်လေးတော့ အဆင်အခြင်မဲ့လွန်းသည်။
ရှောင်ကျန်းယန်က ကြေကြွစွာပြုံးလိုက်မိသည်။ သူလည်း ထိုပြဿနာကို တွေးကြည့်ထားပြီးသားဖြစ်ပုံပင်။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ရွာသူကြီး၊ တကယ်တော့ ရိုးရိုးသားသားပြောရရင်၊ အဲ့ဒီမှာ စတော်ဘယ်ရီ၊ ဖရဲသီးနဲ့ နဂါးမောက်သီးတွေစိုက်ဖို့ စီစဉ်ထားတာပါ။ ဟင်းသီးဟင်းရွက်တွေအတွက်ကိုတော့ ပုံမှန်လယ်ကွက်တွေပဲ ငှားမှာ။”
ရွာသူကြီးရော ရှောင်ကျန်းယန်ပါ အံ့ဩသွားကြတော့သည်။ ရှောင်ကျန်းယန်သည်တော့ သူသမီးနေရာမှာ တစ်ခြားတစ်ခုခုများ အစားဝင်နေသလားဟုပင် တွေးမိသွားသည်။ သူ့သမီးသည် အတွေးများစွာရှိတတ်သော်လည်း သူမအတွေးများကို ဘယ်တော့မှ ဒီလောက်မြန်မြန်မပြောင်းတတ်ပေ။
ရွာသူကြီးက အံ့အားသင့်စွာဖြင့် ပြောလာခဲ့သည်။ “စတော်ဘယ်ရီနဲ့ နဂါးမောက်သီးစိုက်မလို့လား။ ဒီနေရာမှာ အဲ့ဒီအပင်တွေ ကြီးထွားနိုင်ပါ့မလား။”
ရှောင်လင်းယွီ ခေါင်းယမ်းလိုက်သည်။ “ကျွန်မလည်း မသိဘူး၊ ဒါပေမယ့် စမ်းကြည့်ချင်တယ်။”
ထိုစကားကိုကြားပြီး ရွာသူကြီးမှာ အေးခဲသွားတော့သည်။ ဒီကလေး အရမ်းရဲတင်းတာပဲ။
သူမက မသေချာသည့် အရာတစ်ခုအတွက် ဒီလောက်ငွေတွေအများကြီးကို သုံးချင်နေတယ်ပေါ့။ တကယ်လို့ သူမအစီအစဉ်ကသာ မဖြစ်မြောက်သွားရင်ရော၊ ငွေတွေအများကြီး ဆုံးရှုံးကုန်မှာမဟုတ်ဘူးလား။
ရွာသူကြီးမှာ ဘာပြောလို့ပြောရမှန်းပင် မသိတော့ပေ။ “ကလေး၊ ဒါကို ဂိမ်းကစားပွဲတစ်ခုလို့ ထင်နေတာလား။ မြေငှားဖို့ဆိုရင် ငွေပမာဏအများကြီးလိုမှာ။ တကယ်လို့ အဲ့ဒီမြေမှာ ဘာအပင်မှမပေါက်လာဘူးဆိုရင် ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲ သိရဲ့လား။” ထို့နောက် သူက ရှောင်ကျန်းယန်ဘက်လှည့်သွားလေသည်။ “ကျန်းယန်၊ မင်း သမီးကို ဒီအတိုင်း သူလုပ်ချင်တာလုပ်ဆိုပြီး လွှတ်ပေးထားမယ့်အစား အကြံဉာဏ်လေးပေးပြီး ဆုံးမပါဦးလား။”
ရှောင်လင်းယွီက ချက်ချင်းပင် ရှင်းပြလာခဲ့သည်။ “ရွာသူကြီး၊ ကျွန်မ ကစားနေတာမဟုတ်ပါဘူး။ ကျွန်မမှာ စိုက်ပျိုးရေးသိပ္ပံက သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ဆီကနေ အပင်စိုက်နည်းနည်းနည်းသင်လာခဲ့တာ၊ ဥပမာ မြေဆီလွှာမဲ့စိုက်ပျိုးရေးနဲ့ သီးနှံအမျိုးမျိုးအတွက် အာဟာရခွဲဝေခြင်းမျိုးတွေပေါ့၊ ဒါကြောင့် ဒီအသီးအနှံတွေကို စိုက်ပျိုးနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်မှုအပြည့်ရှိတယ်။”
ရှောင်ကျန်းယန်ကတော့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သူ့သမီးဘက်က ထောက်ခံပေးလေသည်။ “ရွာသူကြီး၊ ကျွန်တော်လည်း ယွီအာကို စမ်းကြည့်ခိုင်းချင်တယ်။ ကျရှုံးသွားလဲ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ သူ့အကြွေးကို မိသားစုအနေနဲ့ ပြန်ဆပ်ပေးမှာပါ။”
ရှောင်ကျန်းယန်ကတောင် ထိုသို့ပြောလာတာကြောင့် ရွာသူကြီးလည်း လက်ကို ယမ်းသာ သက်ပြင်းချလိုက်တော့သည်။ “ဟုတ်ပါပြီ။ ငါတစ်ချက်မေးကြည့်လိုက်မယ်။ ဒါပေမယ့် ငှားရမ်းခကို ဘယ်လောက်ဖြစ်မယ်လို့ မှန်းထားလဲ။”
ရှောင်ကျန်းယန်က ခေါင်းညိတ်လိုက်သည်။ “လယ်ကွင်းတွေကိုတော့ တစ်မူကို ယွမ် ၈၀၀၊ အဆင့်မြင့်တဲ့ စိုက်ပျိုးရေးမြေနေရာတွေကိုတော့ တစ်မူကို ယွမ် ၆၀၀။ အနောက်တောင်တန်းက သဲမြေတွေက အဆင့်နိမ့်တဲ့မြေတွေဆိုတော့ တစ်မူကို ယွမ် ၃၀၀လောက်ပဲတန်မှာ၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ တစ်မူကို ယွမ် ၄၀၀ ပေးပါမယ်။”
ဈေးနှုန်းမှာ အလွန်ကိုမှသင့်တင့်လှတာကြောင့် ရှောင်ထိုက်ယန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဘယ်လောက်ကြာကြာ ငှားမှာလဲ။”
ဒါကိုတော့ ရှောင်လင်းယွီက ပြန်ဖြေလာခဲ့သည်။ “၁၅နှစ်ပါ။ ငှားရမ်းခကို သုံးနှစ်တစ်ကြိမ်ပေးပါမယ်။ သုံးနှစ်နေတိုင်းလည်း ငှားခကို ၂၀ရာခိုင်နှုန်း မြှင့်ပေးမယ်။”
တစ်နည်းပြောရလျှင် မြေတစ်မူအတွက် ရှောင်လင်းယွီဘက်က ပထမသုံးနှစ်တွင် ယွမ် ၁၂၀၀၊ နောက်သုံးနှစ်တွင် ၁၄၄၀ ယွမ် ၊ နောက်ထပ်သုံးနှစ်တွင် ၁၇၂၈ ယွမ်နှင့် နောက်သုံးနှစ်ကို ထိုအတိုင်းပင် ဆက်တိုးသွားမည်ဖြစ်သည်။
ရှောင်လင်းယွီက နှစ်စဉ်နှင့်အမျှ ပြောင်းလဲလာမည့် ငွေကြေးကျဆင်းမှုတန်ဖိုးကိုပါ ထည့်တွက်ပေးထားခြင်းပင်။ သူမက အနာဂါတ်တွင်ပါ ငှားရမ်းခနှင့်ပတ်သတ်ပြီး ရွာသားများနှင့် အချေအတင်မဖြစ်လိုပေ။
မလွဲမသွေကြုံတွေ့လာရမည်ဆိုလျှင်တောင်မှပေါ့…
ရှောင်ထိုက်ယန်က နောက်ထပ် စီးကရက်တစ်ဘူးကို ယူလိုက်လေသည်။ “ကောင်းပြီ၊ အားလုံး မြေငှားဖို့ သဘောတူလာအောင် ငါ ကြိုးစားပေးမယ်။ သူတို့ သဘောမတူရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူးနော်။ မင်းတို့ဘာသာ သူတို့ကို တိုက်တွန်းကြ။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ကျေးဇူးတင်ပါတယ်၊ ရွာသူကြီး။”
…..
ရှောင်ချန်းပမ်းသည် နွားပေါက်လေးကို သူ့ခရမ်းချဉ်ခင်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဖြတ်သားဖြတ်လာများစွာက ထိုနွားပေါက်လေးမှာ မကြာသေးခင်က ရှောင်လင်းယွီဝယ်ခဲ့သည့်နွားလေးမှန်း မှတ်မိသွားကြလေသည်။
“ချန်းပမ်း၊ ဘာလို့ ရှောင်မိသားစုရဲ့နွားပေါက်လေးကို ခေါ်လာတာလဲ။ သူ့ကို လယ်ထွန်ခိုင်းမလို့လား။ အရမ်းငယ်သေးတယ်လေ။ ပြီးတော့ လင်းယွီအဖေမှာ လယ်ထွန်စက်ရှိတာပဲ။”
“ချန်းပမ်း၊ ဘာလို့ ရှောင်နီချိုးရဲ့အလုပ်ကို သွားလုနေတာလဲ။”
“ချန်းပမ်း၊ မင်း နွားပေါက်လေးကို မင်းရဲ့ခရမ်းချဉ်ခင်းဆီ ခေါ်သွားနေတာလား။ ပြီးခဲ့တဲ့ရက်က နွားပေါက်လေးက မင်းရဲ့ခရမ်းချဉ်သီးတွေ စားပစ်တယ်ဆို။ ကောင်မလေးကတော့ သူ့နွားပေါက်လေးအတွက် လျော်ကြေးပေးရသေးတယ်မဟုတ်လား။”
ရွာသားများသည် ရှောင်ချန်းပမ်းကို စနောက်နေကြလေသည်။
ရှောင်ချန်းပမ်းကလည်း ပြန်လည်နောက်ပြောင်ခဲ့သည်။ “ငါ့မိသားစုက လယ်တွေက ထွန်ပြီးသားပါ။ ဒီနွားပေါက်လေးနဲ့ လမ်းလျှောက်ထွက်ပေးရုံကလွဲပြီး တခြားဘာမှမလုပ်ပါဘူး။ ခွေးနဲ့လမ်းလျှောက်ထွက်တာက လေ့ကျင့်ခန်းကောင်းတစ်ခုပဲလို့ မပြောကြဘူးလား။ ဒါပေမယ့် ဒီမှာက ခွေးမရှိတော့၊ ငါက နွားပေါက်နဲ့ပဲ လျှောက်လိုက်တော့တာလေ။” ရှောင်ချန်းပမ်းသည် သူ့ရည်ရွယ်ချက်အစစ်အမှန်ကို တိုက်ရိုက်ထုတ်ပြလောက်သည်အထိ မမိုက်မဲပေ။
သူတို့ ခရမ်းချဉ်ခင်းသို့ မရောက်ခင်မှာပဲ ရှောင်ချန်းပမ်းသည် ရှောင်ကွမ်းကို လတ်လတ်ဆတ်ဆတ်မြက်များနှင့် ခရမ်းချဉ်မျိုးစေ့များကိုရောကျွေးခဲ့လေသည်။ ကျိုးယန်က မနက်ကတည်းက အစာကို ပြင်ဆင်ထားခြင်းပင်။
သူတို့ ခရမ်းချဉ်ခင်းသို့ရောက်သည်နှင့် နွားပေါက်လေး၏ခေါင်းကိုပုတ်ကာ မေးလိုက်သည်။ “ရှောင်ကွမ်း၊ မင်းခရမ်းချဉ်သီး ထပ်စားချင်သေးလား။ ငါ မင်းအတွက် ခူးပေးမယ်လေ။”
ရှောင်ကွမ်းက သူ့ခရမ်းချဉ်သီးကို လာစားသွားခဲ့တာကြောင့် သေချာပေါက် ခရမ်းချဉ်သီးကို ကြိုက်လောက်သည်။
“မင်း ဗိုက်ဝသွားရင် ငါ့လမ်းထဲ လမ်းပတ်လျှောက်ပေးနော်။ မင်း အလေးရော အပေါ့ရော နေရာမရွေး စွန့်လို့ရတယ်။”
“မူး…”
***