ထင်ကြေးပေးခြင်း
Vol. 6 Ch. 100
“ဟေ့၊ ရှောင်ချန်းပမ်းရဲ့ခရမ်းချဉ်သီးတွေ ရုတ်တရက်ကြီး မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် ကြီးကုန်ကြတာ မင်းတို့ သတိထားမိကြလား။”
ရှောင်ချန်းပမ်း၏ ခရမ်းချဉ်ခင်းနားက ဖြတ်သွားသည်လူတိုင်း အသားထူထူနှင့်ဝိုင်းစက်လှသည့် မီးပုံးနီကြီးများလို ခရမ်းချဉ်သီးများကိုမြင်ပြီး မအံ့ဩဘဲ မနေနိုင်ကြပေ။
“ဟုတ်တယ်၊ ငါလည်း သတိထားမိတယ်။ ထူးဆန်းလိုက်တာ။ သူ့ခရမ်းချဉ်သီးတွေက အရင်ကလည်း မဆိုးဘူးဆိုပေမယ့် ဒီလောက်အထိ ကောင်းနေတာတော့မဟုတ်ဘူး။ ကြည့်စမ်း၊ ခရမ်းချဉ်ပင်က ခိုင်မာတောင့်တင်းနေလိုက်တာများ သစ်ပင်တစ်ပင်ကျနေတာပဲ။ အသီးတွေကလည်း ကြီးမားဝိုင်းစက်နေတာပဲ။”
“သူတို့မိသားစုက အမြဲတမ်း အရသာကောင်းတဲ့ ခရမ်းချဉ်သီးတွေ ထွက်နေကြလေ။ ရှင်းအန်းမြို့နဲ့ ရှင်းယင်မြို့က တချို့စားသောက်ဆိုင်ကြီးတွေဆို သူတို့ဆီက ခရမ်းချဉ်သီးကို မှာနေကျ။”
“ဟုတ်တာပေါ့၊ အဲ့လိုသာမဟုတ်ရင် သူတို့ ဘာလို့ နှစ်တိုင်း ခရမ်းချဉ်သီးတွေ စိုက်နေတော့မှာလဲ။ ဒါပေမယ့် လက်တလော ထွက်တဲ့ခရမ်းချဉ်သီးတွေကတော့ တကယ်ကိုအံ့ဩစရာပဲ။ ကြည့်နေရုံနဲ့တင် သွားရည်ကျတယ်။” ရွာသားတစ်ယောက်က ပြောပြောဆိုဆိုဖြင့် ခရမ်းချဉ်သီးတစ်လုံးကို ဆွဲလိုက်လေသည်။ “ငါတစ်လုံးလောက် အရသာမြည်းကြည့်ဦးမယ်။”
“ဟေး၊ အဲ့ဒါဘာလုပ်နေကြတာလဲ။” ကျိုးယန်က လူအုံနေတာကိုမြင်ပြီး ခရမ်းချဉ်ခင်းကို စစ်ဆေးရန် သွားခဲ့လေသည်။ လူတစ်ယောက်က သူမခရမ်းချဉ်သီးကို ခူးနေတာကိုလည်း သတိထားမိခဲ့သည်။ သူမမျက်နှာက မဲမှောင်သွားကာ သတိပေးလိုက်တော့သည်။ “ကျန်းချိုးရှန်၊ နင် ငါ့ခရမ်းချဉ်သီးကို ခိုးနေတာလား။”
ကျန်းချိုးရှန်တစ်ယောက် လက်ပူးလက်ကြပ်အမိခံလိုက်ရတာကြောင့် သူမမျက်နှာက နီရဲသွားတော့သည်။ “နင့်ခရမ်းချဉ်သီးတွေက အရမ်းဆွဲဆောင်လွန်းနေလို့ အရသာမြည်းရအောင် တစ်လုံးလောက်ခူးကြည့်ရုံပါ။”
ထိုချီးကျူးစကားက ကျိုးယန်အပေါ်ကိုတော့ အလုပ်မဖြစ်ပေ။ သူမက တိုက်ရိုက်ပင်ပြောလာခဲ့သည်။ “ကျန်းချိုးရှန်၊ နင် အရသာမြည်းကြည်ချင်တယ်ဆိုလည်း ခူးလို့ရပါတယ်။ အနည်းဆုံးတော့ ငါ့ကို အရင်ခွင့်တောင်းရမှာပေါ့။ ငါက ကပ်စီးနည်းတဲ့လူမျိုးလည်းမဟုတ်ဘူး။ ဒါပေမယ့် ငါ့ခရမ်းချဉ်သီးကို ငါ့ခွင့်ပြုချက်မပါဘဲ ခူးတာကတော့ မှားသွားပြီ။”
ကျန်းချိုးရှန်သည် ရှက်သွားတာကြောင့် ဒေါသကပါထွက်လာပြီး ပြန်အော်လေသည်။ “ခရမ်းချဉ်သီးလေးတစ်လုံးအတွက်နဲ့ ဒီလောက်အထိ အပြစ်တင်ဖို့လိုလို့လား။ နင့်ခရမ်းချဉ်သီးတွေက ရွှေချထားတယ်များထင်နေလား။”
တခြားရွာသားများကလည်း ခေါင်းညိတ်ကြလေသည်။ “ဟုတ်သားပဲ။ ခရမ်းချဉ်သီးလေးတစ်လုံးပဲဟာကို။ လူကို ဒီလောက်အထိအရှက်ခွဲဖို့ မလိုပါဘူး။”
ထိုစကားများကိုကြားသည်နှင့် ကျိုးယန်သည် ပေါက်တူးကို မြေပေါ်သို့ပစ်ချကာ လက်ပိုက်လိုက်ပြီး၊ “ခရမ်းချဉ်သီးလေးပဲလို့ပြောတယ်ပေါ့။ အဲ့ဒီ ငါ့ခရမ်းချဉ်သီးကိုပဲ နင်တို့ ခိုးဖို့လုပ်နေပြီး ဒါကို နင်တို့ကပဲ မှန်နေတဲ့ပုံစံနဲ့တောင် လာပြောနေလိုက်သေးတယ်။ နင်တို့ ပစ္စည်းတစ်ခုခုယူတော့မယ်ဆိုရင် ပိုင်ရှင်ကို အရင်ခွင့်မတောင်းသင့်ဘူးလား။ ငါတို့မှာ ရွာသားတွေမှအများကြီးပဲ။ လူတိုင်းကသာ နင့်လိုအကျင့်စရိုက်နဲ့ နင့်လိုအတွေးများရှိပြီး ခရမ်းချဉ်သီးလေးတစ်လုံးလောက်ပဲ ခူးချင်ခူးလို့ရတယ်လို့ တွေးနေရင် ငါရောင်းဖို့ ဘာများကျန်တော့မှာလဲ။ လျိုအာယင်း၊ ဒါဆို ငါလည်း နင့်ကိုခွင့်တောင်းနေစရာမလိုဘဲ နင့်လယ်ထဲသွားပြီး မက်မွန်သီးတစ်လုံးလောက် သွားခူးလို့ရတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် မက်မွန်သီးလေးတစ်လုံးလောက်ပဲလေ မဟုတ်ဘူးလား။”
လျိုအာယင်း၏မိသားစုတွင် မက်မွန်သီးခြံရှိပေသည်။ သူတို့မိသားစုသည် မက်မွန်သီးများရောင်းချခြင်းဖြင့် ဝင်ငွေအများအပြားရှိကြသည်။ ဒါပေါ့၊ သူတို့ခြံထဲက မက်မွန်သီးတွေကို လူတွေ လျှောက်ခူးတာမျိုး သူတို့လည်း ခွင့်မပြုထားနိုင်ပါဘူး။ ဒါကြောင့် လျိုအာယင်း တုန်လှုပ်သွားသွားလေသည်။
တခြားလူများကတော့ သူတို့အပြုအမူများအတွက် အရှက်ရသွားကြကာ မြန်မြန်ပင် လူစုခွဲသွားကြတော့သည်။ “ငါ ဘာခရမ်းချဉ်သီးမှ မခူးထားဘူးနော်။ ဒီအတိုင်း လျှောက်ကြည့်ရုံပဲ။”
ကျန်းချိုးရှန်သည်လည်း သူမမှားကြောင်း သူမသိပေသည်။ ဒါကြောင့် ကျိုးယန်နှင့် ဆက်လက်အချင်းများမနေတော့ဘဲ သူမခြင်းကိုကောက်ကာ ထွက်သွားတော့သည်။
သူတို့ထွက်သွားပြီးသည်နှင့် ကျိုးယန်သည် ခရမ်းချဉ်ခင်းကို စစ်ဆေးကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင်တော့ ပျော်ရွှင်မှုများဖြင့် ပြည့်နေလေသည်။ “ရှောင်မိသားစုရဲ့နွားက တကယ်အံ့ဩဖို့ကောင်းတာပဲ။ သူ့မစင်လေးနည်းနည်းလောက် သုံးလိုက်တာနဲ့ကို ခရမ်းချဉ်သီးတွေက ကောင်းကောင်းကြီးလာကြတယ်။ အရသာက အရမ်းကောင်းတယ်။ သေချာပေါက် ဈေးကောင်းရမှာပဲ။”
ရှောင်ချန်းပမ်း၏ ခရမ်းချဉ်သီးများ ပုံမှန်မဟုတ်စွာ ကြီးထွားလာမှုသည် ရွာသားများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ရွာသားများကတော့ ရှောင်ချန်းပမ်းနှင့် ကျိုးယန်တို့ သူတို့လယ်ထဲ ဓာတ်မြေဩဇာတ်အသစ် ကျဲထားသည်ဟု ခန့်မှန်းနေကြသည်။
ထို့နောက် တချို့က ရှောင်ချန်းပမ်းတစ်ယောက် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ရှောင်လင်းယွီ၏ နွားပေါက်လေးကို ခရမ်းချဉ်ခင်းထဲ ခေါ်သွားသည်အား အမှတ်ရလိုက်ကြသည်။ သူက ထိုနွားပေါက်လေးကို အစာတွေလည်း အများကြီး ကျွေးခဲ့လေသည်။
“အဲ့ဒ ါနွားပေါက်လေးကြောင့်လို့ မထင်ကြဘူးလား။” တစ်ယောက်က ထင်ကြေးပေးလိုက်သည်။
“မဖြစ်နိုင်ပါဘူး။” နောက်ထပ်ရွာသားတစ်ယောက်က ဖြေလိုက်လေသည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ ရှောင်မိသားစုထံသွားကာ နွားပေါက်လေးကိုငှားဖို့ စိတ်ကူးထားပြီဖြစ်သည်။ မဟုတ်ရင်တော့ ဘာမှဆုံးရှုံးသွားစရာမရှိပေမယ့် တကယ်အမှန်သာဆို အကျိုးရလဒ်က အများကြီးပဲလေ။
….
ရှောင်လင်းယွီသည် အိမ်တွင်ရှိနေကာ မြေငှားစာချုပ်ချုပ်ရန်အတွက် အဆိုပြုချက်တစ်ခုကို ချရေးနေလေသည်။ ရွာသူကြီးပြောပုံအရဆိုလျှင် မိသားစု သုံးစုလောက်က သူမတို့ကို သူတို့မြေငှားဖို့ ငြင်းဆိုနေကြသည်ပင်။ ထိုထဲမှနှစ်စုသည် ကမ်းလှမ်းသည့်ဈေးအပေါ် မကျေနပ်ကြခြင်းကြောင့် ဖြစ်သော်လည်း ကျန်မိသားစုသည်တော့ ရှောင်မိသားစုထံ မြေငှားရန်ကို လုံးလုံးလျားလျား ငြင်းဆန်နေခြင်းဖြစ်သည်။
ငှားရမ်းခနဲ့ပတ်သတ်၍ စောဒကတက်သော မိသားစုနှစ်စုထဲတွင် တစ်စုသည် ရွာ၏နာမည်ကြီး လူညစ်တစ်ယောက်ဖြစ်ပေသည်။ ထိုလူသည် အသက် ၄၀ကျော်ပြီဖြစ်ကာ လက်မထပ်ရသေးပေ။ သူ့အဖေကတော့ အသက် ၇၀ ကျော်ပြီဖြစ်သည်။ ထိုအမျိုးသားသည် တခြားလူများအပေါ် အမြတ်ထုတ်တတ်ခြင်းကြောင့် လူသိများလေသည်။ ဥပမာအားဖြင့် နေ့လည်စာစားချိန်ဆို ပေါ်လာတတ်ပြီး စားပြီးသောက်ပြီးသည်နှင့် ပျောက်သွားတတ်သည်။
စားချိန်သောက်ချိန်ဆိုလျှင် ရွာထဲသို့ပတ်သွားကာ တစ်အိမ်မဟုတ်တစ်အိမ်ဝင်စားတတ်သည်။ ထိုအပြုအမူမှာ အလွန်ကိုမှ စိတ်ရှုပ်စရာကောင်းလှသော်လည်း ရွာသားများအနေနှင့် တစ်ရွာတည်းသားချင်းဖြစ်နေတာကြောင့် ဘာမှမပြောနိုင်ပေ။ ဒါ့အပြင် ထိုလူသည် ဥပဒေနှင့်မလွတ်ကင်းသည့် အလုပ်ဘာတစ်ခုမှမလုပ်ပေ။ ဒီအတိုင်း အလကားကုန်းဆင်းသူသာဖြစ်ပေသည်။
တစ်စုံတစ်ယောက်က သူ၏အသုံးမဝင်သော မြေများကို ငှားလိုကြောင်း သိလိုက်ရသည်နှင့် သူ၏လောဘကြီးသည့်သဘောဝက ထွက်ပေါ်လာခဲ့သည်။ ငွေရပေါက်ဖြစ်တာသိနေတာကြောင့် များများပိုရလေ ပိုကောင်းလေဟု တွေးမိခြင်းပင်။ သူ့လက်ရှိ ရည်ရွယ်ချက်ကတော့ ဈေးမြှင့်ပေးရန် ရှောင်လင်းယွီကို ဖိအားပေးမည်ဖြစ်သည်။
နောက်မိသားစုတစ်ခုသည်လည်း ကောင်းသည့် ဂုဏ်သတင်းရှိနေသူများမဟုတ်ပေ။ သူတို့သည် ပျင်းရိကာ တခါတရံ ခိုးဝှက်တတ်ကြသည်။ ဥပမာအားဖြင့် ညဘက်ဆိုလျှင် တခြားရွာသားများ၏ လယ်ကွင်းများမှ ဖရဲသီး၊ မြေပဲ၊ အစရှိသည့် အသီးအနှံများကို ခိုးယူတတ်ကြလေသည်။ သူတို့ ညဘက်တွင် ခိုးယူထားသမျှကို နောက်တစ်နေ့တွင် ပေါ်ပေါ်ထင်ထင်ပင် ရောင်းချကြသည်။ သူတို့ကို ပြစ်တင်ဝေဖန်မည်ကိုလည်း မကြောက်ကြပေ။ တစ်ယောက်ယောက်က ပြစ်တင်လာလျှင်လည်း တံစဉ် သို့မဟုတ် ပုဆိန်တစ်လက်ဖြင့်သာ အဖြေပြန်ပေးလေသည်။ ထိုမိသားစုသည် ရိုင်းစိုင်းကာ ကျိုးကြောင်းဆီလျော်သည့်အတွေးမရှိဘဲ အရှက်မဲ့လှသည်။
ရွာသားများသည် ထိုမိသားစုကို ထိပ်တိုက်ရင်မဆိုင်ချင်တာကြောင့် အများအားဖြင့် သည်းခံဖို့သာ ရွေးချယ်ကြလေသည်။ ပြဿနာနည်းလေကောင်းလေပင်။
ကံကောင်းစွာဖြင့် ထိုမိသားစုသည် အများကြီးတော့ မခိုးကြပေ။ သူတို့က မြေတစ်မူလုံးပြောင်အောင်အထိတော့ မခိုးဘဲ ဟိုနည်းနည်း ဒီနည်းနည်းသာ ယူကြပေသည်။ သို့သော်လည်း တစ်ရွာလုံးစာပေါင်းလိုက်ရင်တော့ တစ်ခါခိုးရင် အချီကြီးရိတ်သိမ်းလိုက်နိုင်ကြလေသည်။
အခုတော့ တစ်စုံတစ်ယောက်က သူတို့၏ အနောက်တောင်တန်းရှိ သဲမြေကို ငှားချင်နေလေပြီ။ သေချာပေါက် ငွေညှစ်နိုင်မည့် အခွင့်အရေးကောင်းပင်။
လုံးဝငြင်းဆန်ခဲ့သည့် မိသားစုကတော့ ရှောင်ကျန်းယန်ကြောင့်ပင်ဖြစ်သည်။ သူတို့တွင် ရှောင်မိသားစုနှင့် ရန်ငြှိုးရှိလေသည်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရှောင်မိသားစုကို မနာလိုကြခြင်းပင်။
ရှောင်ကျန်းယန်၏ကလေးများက ဉာဏ်ကောင်းကြကာ သူတို့မိသားစုသည် တစ်စထက်တစ်စ ပိုမိုကောင်းမွန်လာကြသည်ကို သူတို့က မလိုလားကြပေ။ အခုတော့ ရျောင်ကျန်းယန်က သူတို့ကို လိုအပ်လာပြီဖြစ်တာကြောင့် သဘာဝကျစွာဘဲ ထိုအခွင့်အရေးကို အသုံးချကာ ရှောင်ကျန်းယန်ကို ဖိနှိပ်ချင်နေခြင်းပင်။
ရှောင်လင်းယွီသည် မျက်မှောင်ကြုတ်လိုက်ကာ ထိုမိသားစုသုံးစုထံသို့ သွားရောက်ပြီး ကိုယ်တိုင် စကားပြောရန် ဆုံးဖြတ်လိုက်လေသည်။ သူမက တူညီသောဈေးနှုန်းကိုသာ ကမ်းလှမ်းမည်ဖြစ်သည်။ သူတို့ငြင်းလာရင်လည်း ငြင်းတယ်ပဲပေါ့။ သူမလည်း သူမလယ်မှာ သူမစိုက်မယ်။ သူတို့လည်း သူတို့လယ် သူတို့စိုက်ပေါ့။
ရှောင်လင်းယွီ တွေးနေတုန်းမှာပဲ အပြင်ဘက်မှ သူမနာမည်အော်ခေါ်သံကို ကြားလိုက်ရလေသည်။ သူမထွက်ကြည့်လိုက်ချိန်မှာတော့ ခြံထဲတွင် ရွာသား သုံးလေးယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှောင်လင်းယွီက မေးလိုက်လေသည်။ “ဒေါ်လေးလျို၊ ဒေါ်လေးကျန်း၊ ဒေါ်လေးဟူ၊ ဘာကိစ္စများရှိလို့လဲ။”
အမျိုးသမီးကြီးတချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မေးမြန်းလိုက်ကြလေသည်။ “လင်းယွီ၊ မင်းရဲ့ နွားပေါက်လေးကို ငါတို့လဲထဲ လမ်းလျှောက်ခေါ်သွားလို့ ရမလား။”
ရှောင်လင်းယွီ၊ “….”
***