နွားဘုရင်ငယ်လေး
Vol. 6 Ch. 101
သူမတို့ခြံထဲသို့ ရောက်ရှိလာသည့် ဒေါ်လေးတွေအားလုံးက ရှောင်ကွမ်းကို ငှားချင်နေခြင်းဖြစ်ကြောင်း ရှောင်လင်းယွီကြားသည်နှင့် နားမလည်နိုင်ဖြစ်သွားလေသည်။ “ရှောင်ကွမ်းကို လမ်းလျှောက်ခေါ်ချင်တာလား။ ဘာလို့လဲ။”
စုဝေးနေကြသည့်လူအုပ်ကြီးက ရှောင်လင်းယွီကိုတစ်လှည့် သူတို့အချင်းချင်းတစ်လှည့် ဟိုကြည့်ဒီကြည့်လုနေကြလေသည်။ ထိုအချိန်မှာပဲ ဒေါ်လေးဟူက အရင်ရှေ့ထွက်ကာ ရှင်းပြလာခဲ့သည်။ “လင်းယွီ၊ ဒေါ်လေးကြားတာတော့… သမီး မြို့ပေါ်က ပြန်လာတဲ့အချိန် ရှောင်ကွမ်းက သူ့အမေအတွက် သမီးကို အကူအညီလာတောင်းတာဆို။ သူက ငိုတောင်ငိုပြသေးတယ်လို့ပြောတယ်။ အဲ့ဒါ အမှန်ပဲလား။”
ရှောင်လင်းယွီသည် လူအုပ်ကြီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါတယ်။”
ဒေါ်လေးဟူက ချက်ချင်းပင် ပြုံးသွားတော့သည်။ “ရှောင်ကွမ်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။” ထို့နောက် သူမက ပါးပါးနပ်နပ်နှင့် ဆက်ပြောလာခဲ့သည်။ “လင်းယွီ၊ အခုတလော ချန်းပမ်းက ရှောင်ကွမ်းကို သူ့ခရမ်းချဉ်ခင်းထဲ လမ်းလျှောက်ခေါ်သွားတယ်လို့ ဒေါ်လေးကြားထားတယ်။ အခုကျ သူ့ခရမ်းချဉ်သီးတွေက အရမ်းကို ကောင်းကောင်းမွန်မွန်ကြီးထွားနေကြတယ်လေ။ ဒါကြောင့် ဒေါ်လေးတို့လည်း ရှောင်ကွမ်းဆီက ကံကောင်းမှုလေး နည်းနည်းလောက် ချေးငှားချင်လို့ပါ။”
ရှောင်ချန်းပမ်းနှင့် ကျိုးယန်တို့သည် သူတို့အပင်တွေ ကောင်းမွန်စွာ ကြီးထွားနေကြခြင်းမှာ ရှောင်ကွမ်း၏မစင်ကြောင့်ဖြစ်ကြောင်း မပြောခဲ့ကြပေ။ ဒါကြောင့် တခြားရွာသားများက ရှောင်ကွမ်း၏ ကံကောင်းမှုကြောင့်ဟု ထင်နေကြခြင်းဖြစ်သည်။
ဒေါ်လေးဟူပြောတာကို နားထောင်ပြီးနောက်မှာတော့ တကယ့်အကြောင်းအရင်းမှန်ကို ရှောင်လင်းယွီ ခန့်မှန်းမိသွားတော့သည်။ သူမသည် နွားနှစ်ကောင်ကို စမ်းရေတိုက်ခဲ့သည်။ သူတို့ဆီက အညစ်အကြေးတွေမှာ မှော်စွမ်းအားသက်ရောက်မှု အနည်းငယ်ရှိသွားသည်ပုံပင်။ သို့သော်လည်း ပုံမှန်စိုက်ပျိုးထားသည်များနှင့် ယှဉ်လျှင်တော့ ရှောင်ကွမ်း၏မစင်နှင့်စိုက်ပျိုးထားခြင်းမှာ မှော်ဆန်ဆန်ပြောင်းလဲနေလေသည်။
ရှောင်လင်းယွီသည် သူမစိုက်ပျိုးထားသည့် အသီးအနှံများအတွက် အကြောင်းပြချက်တစ်ခုရှာနေခဲ့သော်လည်း အခုတော့ ကောင်းမွန်လှသည့် အကြောင်းပြချက်တစ်ခုက သူမရှေ့သို့ စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာပေပြီ။
ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “ရှောင်ကွမ်းကို လမ်းလျှောက်ခေါ်သွားချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် ဒေါ်လေးဟူ၊ ဒေါ်လေးတို့က လူအရမ်းများတော့၊ ကျွန်မ…” သူမဆိုလိုချင်သည်မှာ ရှောင်ကွမ်းကို ဘယ်သူနဲ့အရင်ဆုံး လမ်းလျှောက်ထွက်ခိုင်းရမလဲဆိုသည်ကို သူမ မသိခြင်းပင်။
“ဒေါ်လေးအရင်ယူမယ်။” ဒေါ်လေးဟူက ပြောလိုက်လေသည်။ ထို့နောက် သူမက ကျန်သုံးယောက်ကို ကြည့်လိုက်ကာ၊ “ဆန်းရှို့၊ ချန်းရှို့၊ ချွမ်းရှို့၊ ငါ မနက်ပိုင်း ရှောင်ကွမ်းကို ခေါ်ထားလိုက်မယ်။ နင်တို့က နောက်ပိုင်းအလှည့်ကျယူလိုက်။ အဆင်ပြေလား။” ကျန်ဒေါ်လေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့လည်း အရင်ခေါ်သွားချင်ပေမယ့် သူတို့ထဲတွင် ဒေါ်လေးဟူက စီနီယာအကျဆုံးဖြစ်နေသည်။ ဒါကြောင့်ပဲ သူမက ရှေ့ထွက်ကာ ရှောင်လင်းယွီကို ရှင်းပြပေးခဲ့ခြင်းဖြစ်ပေသည်။
“ကောင်းပြီလေ။” ကျန်ဒေါ်လေးသုံးယောက်က သူတို့ဘာသာ အချိန်ကို ဆက်ညှိလိုက်ကြသည်။
သူတို့အားလုံး အဆင်ပြေနေမှတော့ ရှောင်လင်းယွီလည်း ကန့်ကွက်နေစရာအကြောင်း မရှိပေ။ ရှောင်လင်းယွီက သူမ စတုတ္ထဦးလေး၏နွားတင်းကုတ်သို့သွားကာ ရှောင်ကွမ်းကို ခေါ်လာခဲ့သည်။ သူမက နွားပေါက်လေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး၊ “ရှောင်ကွမ်း၊ ဒီနေ့တော့ ဒီဒေါ်လေးတွေနဲ့ လိုက်သွားနော်။ သူတို့စိုက်ထားတာတွေကိုတော့ စားပစ်လို့မရဘူး၊ ဟုတ်ပြီလား။”
“မူး…” ရှောင်ကွမ်းက ပြန်ဖြေလာလေသည်။
ဒေါ်လေး၄ယောက်ကတော့ ထိုအချင်းအရာကြောင့် အံ့အားသင့်သွားကြတော့သည်။ “ဒီနွားပေါက်လေးက ဉာဏ်ကောင်းလိုက်တာ။ ငါ ဒါမျိုးမြင်ကို မမြင်ဖူးဘူး။”
“သူက သူ့အမေကိုကယ်ဖို့ လင်းယွီကိုတောင် တားခဲ့သေးတာပဲလေ။”
…..
ဒေါ်လေးဟူကအရင် ရှောင်ကွမ်းကို သူမလယ်ထဲသို့ ခေါ်သွားလေသည်။ ဒါပေါ့ သူမအနေနှင့် နွားပေါက်လေးကို ခေါ်ကာ လယ်ထဲပစ်လျှောက်နေရုံနဲ့တော့ မဖြစ်ကြောင်း သိပေသည်။ အနည်းဆုံးတော့ နွားပေါက်လေးကို အစာကျွေးရမည်။
ဒေါ်လေးဟူသည် ရှောင်ကွမ်းကို သူမအိမ်သို့ ခေါ်သွားခဲ့သည်။ သူမက ရှောင်ကွမ်းအတွက် ဖွဲနုနည်းနည်းကို ကျိုလိုက်လေသည်။
သို့သော်လည်း ရှောင်ကွမ်းသည် သာမာန်နွားတစ်ကောင်မဟုတ်ဘဲ အလွန် ဉာဏ်ကောင်းလေသည်။ ထိုဉာဏ်ရည်ဉာဏ်သွေးသည့် စမ်းရေကိုသောက်ပြီးချိန်မှာတော့ ပိုလို့ပင် တိုးတက်လာခဲ့ကာ အစားချေးများသူပါ ဖြစ်လာစေခဲ့သည်။ သူက ဖွဲနုဆန်ပြုတ်ကို မသတီစွာကြည့်ကာ ခေါင်းလွှဲလိုက်ပြီး တချက်လေးတောင် မကြည့်လာတော့ပေ။
ဒေါ်လေးဟူမှာ အံ့အားသင့်သွားရသည်။ ထို့နောက်မှာတော့ ရှောင်ကွမ်းက ထိုအစာကို မကြိုက်ကြောင်း ပြောနေခြင်းဖြစ်မှန်း သူမ သဘောပေါက်သွားခဲ့သည်။ ဒေါ်လေးဟူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် စိမ်းစိမ်းစိုစိုမြက်ပင်အချို့ကို ဖြတ်ကာ ရှောင်ကွမ်းကို ပေးလိုက်လေသည်။ ရှောင်ကွမ်းကလည်း ထိုမြက်များကို စားခဲ့သည်။ ထိုတော့မှ ဒေါ်လေးဟူ သက်ပြင်းချနိုင်သွားတော့သည်။ ရှောင်ကွမ်း ဗိုက်ပြည့်သွားပြီးနောက်မှာတော့ ဒေါ်လေးဟူက သူ့ကို သူမ၏အသီးအရွက်စိုက်ခင်းထဲသို့ ခေါ်သွားတော့သည်။
ရှောင်ကွမ်းသည် စိုက်ခင်းထဲတွင် သေးလိုက်ပန်းကာ ခဏကြာပြီးနောက် မစင်ပါစွန့်ခဲ့လေသည်။
ဒေါ်လေးလျို ယူရမည့်အလှည့်သို့ရောက်ချိန်မှာတော့ ဒေါ်လေးဟူက ရှောင်ကွမ်းကိုခေါ်ကာ နောက်စိုက်ခင်းတစ်ခုဆီ ခေါ်သွားပေးခဲ့သည်။ ရွာသားများမှာ ဒေါ်လေးဟူနှင့် ဒေါ်လေးလျိုတို့ သူတို့အခင်းများထဲတွင် ရှောင်ကွမ်းကို ပတ်ခေါ်သွားနေသည်အားမြင်ပြီး စိတ်ရှုပ်ထွေးသွားကြလေသည်။ “ဒီအဒေါ်ကြီးတွေ အရမ်းအားနေကြတာလား။ ကိုယ့်လယ်မှာကိုယ် အလုပ်မလုပ်ဘဲ ရှောင်မိသားစုကနွားကို ဝိုင်းကျောင်းပေးနေတယ်ပေါ့။”
ဒေါ်လေး၄ယောက်သည် ရှောင်ကွမ်းကို ကောင်းကောင်းကျွေးခဲ့ကြသည်။
နှစ်ရက်ကြာပြီးနောက်မှာတော့ ထိုဒေါ်လေး၄ယောက်၏စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များသည် ပိုလို့ပင် ကြီးထွားလာကြာကာ အရောင်အသွေးစိုလာသည်ကို ရွာသားများ သတိထားမိသွားကြတော့သည်။
“ချွမ်းရှို့၊ ပြီးခဲ့တဲ့နှစ်ရက်ကတင် နင့်ငရုတ်ပင်က အရွက်တွေက ဝါကျနေတာမဟုတ်ဘူးလား။ ဘာလို့ အခုကျ ရုတ်တရက်ကြီး ပြန်စိမ်းလန်းသွားတာလဲ။”
“ချန်းရှို့၊ ငါမမှတ်မိသလောက် နင့်ငရုတ်ပင်တွေက သေတော့မလိုဖြစ်နေတာပါ။ ဘယ်လိုလုပ်ပြီး အခုကျ လန်းလန်းဆန်းဆန်းနဲ့ ပန်းတွေပါ ပွင့်နေတာလဲ။”
“ဆန်းရှို့၊ နင့်စပါးခင်းက ဘာလို့ ရုတ်တရက်ကြီး အရမ်းကောင်းလာတာလဲ။ နင့်မိသားစုက ရေစပါးစိုက်ထားတာလေ၊ အခု နေအပူအချိန်က အရမ်းပြင်းပြီး ရေတွေတောင်ခြောက်ကုန်ပြီ။ ပျိုးပင်တွေကလည်း ပိန်လိန်ကုန်တာ။ အခုကျ ရက်ပိုင်းလေးပဲရှိသေးတယ် နင့်စပါးပင်တွေက ငါတို့ထက်တောင်မှ ပိုပြီး သန်လာတယ်။”
“လန်ယင်း၊ နင့်စိုက်ခင်းထဲက စပါးတွေက ဒီနှစ်ရက်အတွင်း ဘာလို့ ဒီလောက်တောင် ထွားလာရတာလဲ။”
“ငါတို့ လင်းယွီရဲ့နွားပေါက်လေးကို လမ်းထဲ လမ်းလျှောက်ခိုင်းလိုက်လို့လေ။ သူက အညစ်အကြေးစွန့်လိုက်တယ်။ သူ့ရဲ့မစင်က ငါတို့သုံးနေကျ ဓာတ်မြေဩဇာတွေထက်တောင် ပိုပြီး ထိရောက်မှုရှိနေသေးတယ်။”
“ဘာ?” ရွာသားများမှာ ထိုအဖြေကြောင့် အံ့ဩသွားကြလေသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက သာမာန်နွားပေါက်လေးပဲမဟုတ်ဘူးလား။”
“ဘယ်လိုလုပ် သာမာန်နွားပေါက်လေးဖြစ်မှာလဲ။” ဟူလန်ယင်းက ပြန်ပြောလိုက်သည်။ “သာမာန်နွားတစ်ကောင်က မျက်ရည်တွေကျပြီး သူ့အမေကိုကယ်ဖို့ လူတွေကို တားတာမြင်ဖူးလို့လား။”
“ဟုတ်သားပဲ။ ဒီနွားပေါက်လေးက ဉာဏ်အရမ်းကောင်းပြီး သိတတ်တယ်။ သူ့ကို စကားပြောလိုက်ရင် သူက ပြန်တောင်ဖြေတတ်သေးတာ။ ပုံမှန်နွားဆို အဲ့လိုလုပ်နိုင်ပါ့မလား။ ဒါက နတ်နွားပဲ။ အဲ့လိုသာမဟုတ်ရင်လည်း သူက နွားဘုရင်လေးပဲဖြစ်ရမယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်။ နွားဘုရင်လေးပဲဖြစ်မယ်။ ဒါကြောင့် နွားဘုရင်လေးရဲ့ကျင်ငယ်ရေက ဆန်းကြယ်ရေစင်ပဲ။”
ချက်ချင်းဆိုသလိုပင် လင်းယွီကယ်လာသည့် နွားပေါက်လေးမှာ နွားဘုရင်လေးဟု ရွာသားတိုင်း သိသွားကြတော့သည်။ နွားဘုရင်လေး၏ ကျင်ငယ်ရေနှင့် မစင်တို့သည် မှော်အစွမ်းများရှိပြီး အပင်များကြီးထွားသန်မာစေပြီး အရသာကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်လေသည်။
ထိုကောလဟာလပျံ့သွားသည်နှင့် ရွာသားများမှာ ရှောင်မိသားစုအိမ်ရှေ့တွင် ပြည့်ကျပ်နေကြတော့သည်။
နေ့တိုင်းဆိုသလို ရွာသားများသည် ရှောင်ကွမ်းကို လာငှားကြလေသည်။ ရှောင်ကွမ်း ဆီးသွားဖို့နှင့် မစင်စွန့်ဖို့အရေး အစားကောင်းအသောက်ကောင်းများကို ကျွေးမွေးကြသည်။ တချို့ဆိုလျှင် ရှောင်ကွမ်းကို နတ်ဘုရားတစ်ပါးလိုပင် ဆက်ဆံကြလေသည်။
ရှောင်ကွမ်းကို ငှားနိုင်ရန်အတွက် ရွာသားများသည် ရှောင်ကျန်းယန်တို့မိသားစုကို ဟင်းများပင်ပို့ကြသည်။ သူတို့အားလုံးက နွားဘုရင်လေးကို ဝယ်နိုင်သည်အထိ မျက်စိကောင်းသည့် ရှောင်လင်းယွီကိုလည်း ချီးမွမ်းကြလေသည်။
ပထမတော့ ရှောင်ကွမ်းသည် သူ့ကို အစားကောင်းအသောက်ကောင်းများ အလျှံအပယ်ကျွေးနေတာကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် ရွာသားများက သူ့ကျင်ငယ်ရေနှင့် မစင်ကိုသာ လိုချင်ကြခြင်းဖြစ်ကြောင်း သိရှိသွားလေသည်။ ရွာသားအများစုဆိုလျှင် သူ့ကို ကိရိယာတစ်ခုအဖြစ်သာ မြင်ကြသည်။ သူ့ရဲ့ သဘာဝလုပ်ဆောင်ချက်ကို မလုပ်ဆောင်နိုင်ချိန်တွင် စိုးရိမ်ကြောင့်ကြနေသည့် ရွာသားများက သူ့ကို အတင်းဖိအားပေးပေလိမ့်မည်။
ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ရှောင်ကွမ်းသည် အလွန်ကိုမှ ပင်ပန်းနွယ်နယ်လာသည်ကို ရွာသားများ တွေ့ရှိသွားတော့သည်။
***