ရှောင်ကွမ်းပင်ပန်းနေပြီ
Vol. 6 Ch. 102
ထိုရက်များအတွင်း ရှောင်ရှောင်းဟွေ့တစ်ယောက် အလွန်ကို မပျော်မရွှင်ဖြစ်နေခဲ့သည်။ သူက သူ့ဝမ်းကွဲအစ်မ၏ နွားကျောင်းသားလေးဖြစ်ပါသော်လည်း ရွာထဲရှိလူတိုင်းက သူ့အလုပ်အတွက် တိုက်ခိုက်နေကြတာကြောင့် သူ့ဆီက တစ်စုံတစ်ခုကို လုယူခံလိုက်ရသလို ခံစားနေရသည်။
“ရှောင်နီချိုး၊ ရှောင်ကွမ်းက တကယ်ပဲနွားဘုရင်လေးလား။” ရှောင်ယွဲ့က မေးလာခဲ့သည်။ “ငါ့အမေပြောတာတော့ ရှောင်ကွမ်းရဲ့ဆီးက အပင်တွေကြီးထွားစေတဲ့ ဆန်းကြယ်ရေစင်တဲ့။ ငါ့အမေက ရှောင်ကွမ်းကို ငါတို့လယ်ထဲမှာ လမ်းလျှောက်ခေါ်သွားဖို့ ခိုင်းထားတယ်။”
ရှောင်ပေါင်းဇီကလည်း နှာရည်တယိုယိုနှင့်ပြောလာလေသည်။ “ရှောင်ယွဲ့၊ ငါ့အမေပြောတာလည်း အတူတူပဲ။ သူကလည်း ရှောင်ကွမ်းကို လယ်ထဲခေါ်သွားဖို့ ငါ့ကိုပြောတယ်။”
“ငါ့အမေလည်း အဲ့လိုပဲ။” ရှောင်မုထန့်ကလည်း ငှက်ဥကိုစားရင်း ဝင်ပြောလာခဲ့သည်။ “ရှောင်နီချိုး၊ ရွာသားတွေက ရှောင်ကွမ်းကိုရဖို့ တိုက်တောင် တိုက်ခိုက်ချင်နေကြတာလား။”
ရှောင်ရှောင်းဟွေ့တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလာခဲ့သည်။ “ဟုတ်တယ်။ တကယ်ကို စိတ်ရှုပ်စရာပဲ။ ရှောင်ကွမ်းက ငယ်သေးတာကို။ သူက အခုမှ ကြီးထွားနေတုန်းရှိသေးတယ်၊ ဒီလူတွေက သူ့ကို မစင်စွန့်ခိုင်းဖို့ပဲ ဖိအားပေးနေကြတာ။ ဒါကြောင့်ပဲ အခုတလော ရှောင်ကွမ်းပင်ပန်းနေတာ။” ရှောင်ရှောင်းဟွေ့သည် ရှောင်ကွမ်းကိုထိန်းရသည့်ရက်ပိုင်းအတွင်း အလွန်ကိုမှရင်းနှီးလာခဲ့လေသည်။ အနည်းဆုံးတော့ သူကတော့ အဲ့လိုထင်နေတာပေါ့။
သူ့သူငယ်ချင်းများကလည်း ရှောင်နီချိုး၏စကားကိုကြားပြီး ခါးသီးမှုများခံစားလိုက်ရသည်။ “လူကြီးတွေက အရမ်းကြောက်ဖို့ကောင်းတာပဲ။ ရှောင်ကွမ်းက ဒီလောက်ငယ်သေးတာကို။ ဘယ်လိုလုပ် သေးတွေချီးတွေ အများကြီး ပါနိုင်မှာလဲ။ သူတို့လုပ်လို့ ရှောင်ကွမ်းလေး အရမ်းပင်ပန်းနေပြီ။”
သူတို့သည်လည်း ရှောင်ရှောင်းဟွေ့နှင့်အတူ နွားကျောင်းရင်လိုက်နေတာကြောင့် ရှောင်ကွမ်းရော သာ့ကွမ်းနှင့်ပါ ရင်းနှီးနေခဲ့ပြီဖြစ်သည်။ ရှောင်ကွမ်း အခုလို နှိပ်စက်ခံနေရသည်ကိုမြင်တော့ သူတို့အရမ်းကိုမှ သနားမိသွားကြသည်။
ထိုအချိန်မှာပဲ ရှောင်ပေါင်းဇီ၏မျက်လုံးများက လက်သွားကာ၊ “ရှောင်နီချိုး၊ ငါတို့ ဒီအကြောင်း အစ်မလင်းယွီကို ပြောပြကြရင်ရော။ ရှောင်ကွမ်းကို ထပ်မငှားပေးတော့ဖို့ ပြောကြမယ်လေ။ သူအရမ်းပင်ပန်းနေပြီ။”
တခြားလူများကလည်း ဝိုင်းထောက်ခံကြသည်။ “ဟုတ်တယ်။ အစ်မလင်းယွီကို သွားပြောကြမယ်။”
သူတို့စိတ်ပိုင်းဖြတ်လိုက်ကြပြီးသည်နှင့် ကလေးများသည် တောင်ပေါ်မှဆင်းကာ ရှောင်မိသားစုအိမ်သို့ ချီတက်လာကြတော့သည်။
ထိုအချိန်တွင် နောက်ထပ်မိသားစုသုံးစုကလည်း ရှောင်မိသားစုအိမ်သို့ ရောက်နေကြလေသည်။ ထိုထဲမှ နှစ်စုသည် ရှောင်လင်းယွီတို့ကို သူတို့မြေငှားဖို့ ငြင်းခဲ့ကြသည့် လူဆိုးများဖြစ်သော၊ ရှောင်ဖာ့ချိုင်နှင့် ရှောင်ဖူချီတို့ဖြစ်လေသည်။
ရှောင်ဖူချီက ရှောင်လင်းယွီကို ပြောလာလေသည်။ “ရှောင်လင်းယွီ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်က ငါမင်းရဲ့နွားပေါက်လေးကို ငှားပေးဖို့ပြောခဲ့တယ်လေ။ အဲ့တုန်းက တခြားတစ်ယောက်ယူသွားပြီလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ အခုရက်တွေလည်းကြာပြီဆိုတော့ ဒီနေ့ဘာပဲဖြစ်ဖြစ် မင်းရဲ့နွားပေါက်ကို ငါ့ဆီငှားကိုငှားရမယ်။” သူက ရှောင်လင်းယွီကပဲ သူ့အပေါ်အကြွေးတင်နေသလို လေသံမျိုးဖြင့် ပြောလာလေသည်။
ရှောင်လင်းယွီ ပြန်မပြောနိုင်ခင်မှာပဲ ရှောင်ဖာ့ချိုင်က ဖြတ်ပြောလိုက်သည်။ သူက ရွဲ့စောင်းသည့်လေသံဖြင့်၊ “ရှောင်ဖူချီ၊ မင်းတော်တော် မျက်နှာအရေထူတာပဲ။ မင်း ရှောင်ကျန်းယန်တို့မိသားစုကို မကြိုက်ဘဲ မနာလိုဖြစ်နေတာ ရွာထဲကလူတိုင်းသိတယ်။ မင်းက သူတို့မကောင်းကြောင်းပဲ အမြဲပြောနေခဲ့တာလေ။ အခုကျ နွားဘုရင်လေးကိုငှားဖို့ မင်းမှာ ဘယ်လိုများမျက်နှာရှိနေသေးတာလဲ။”
ရှောင်ဖာ့ချိုင်က ရှောင်ဖူချီ၏ဒေါသထွက်နေသည့်မျက်နှာကို လျစ်လျူရှုကာ ရှောင်လင်းယွီကို ပြုံးပြီး ကြည့်လိုက်သည်။ “ယွီအာ၊ ငါ့မှာ အသီးအရွက်စိုက်ခင်းတစ်ခင်းရှိတယ်။ အပင်တွေက ကောင်းကောင်းမကြီးထွားကြဘူးလေ။ အဲ့ဒါ ငါ့စိုက်ခင်းထဲမှာ လမ်းလေးပတ်လျှောက်ဖို့ နွားဘုရင်လေးကို ငှားချင်တယ်။ နွားဘုရင်လေး လည်ပတ်သွားတဲ့ စိုက်ခင်းတွေက အရမ်းကိုမှ သန်မာကြီးထွားလာကြတယ်လို့ ကြားလို့လေ။”
“မရဘူး၊ ဘယ်သူမှ ရှောင်ကွမ်းကို ထပ်မငှားရဘူး။” ထိုအချိန်မှာပဲ ရှောင်ရှောင်းဟွေ့နှင့် ကလေးတစ်စုက ပြေးဝင်လာကြသည်။ သူတို့က ရှောင်ဖာ့ချိုင်နှင့် ရှောင်ဖူချီတို့ ရှေ့တွင် ရပ်လိုက်ကာ သူတို့၏မျက်နှာငယ်လေးများတွင် ဒေါသများလွှမ်းခြုံနေလေသည်။
ရှောင်ရှောင်းဟွေ့က အသံခပ်ကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ခင်ဗျားတို့လူကြီးတွေက တကယ်ကိုအရှက်မရှိကြတာပဲ။ ခင်ဗျားတို့က ရှောင်ကွမ်းကို လမ်းလျှောက်ခေါ်သွားမယ်လို့ပြောပြီး တကယ်တမ်းကျတော့ သူ့ကို ချီးပါသေးပေါက်အောင် အတင်းဖိအားပေးကြတာလေ။ ရှောင်ကွမ်း စိတ်ဓာတ်ကျနေတာကို ခင်ဗျားတို့ မမြင်ကြဘူးလား။”
တခြားကလေးများက သံပြိုင်အော်ဟစ်လာကသည်။ “ဟုတ်တယ်။ ဒီအတိုင်းသာဆက်သွားရင် ရှောင်ကွမ်း ပင်ပန်းလွန်းလို့ နေမကောင်းဖြစ်တော့မယ်။ အဲ့လိုဆို ဘယ်လိုလုပ်ကြမလဲ။” ထို့နောက် ကလေးလေးယောက်က ရှောင်လင်းယွီကို လှည့်ကြည့်လိုက်ကြကာ၊ “အစ်မလင်းယွီ၊ ရှောင်ကွမ်းက နေလို့မကောင်းတော့ဘူး။ သူ အရမ်းပန်ပန်းနေပြီ၊ အနားယူဖို့လိုအပ်တယ်။ သားတို့ သူနေမကောင်းဖြစ်အောင် ပစ်ထားလို့ မဖြစ်ဘူးလေ။”
“ဟုတ်တယ်၊ ရှောင်ကွမ်းနေမကောင်းဖြစ်သွားရင် သူ ဆေးထိုးနေရလိမ့်မယ်။”
“ဟုတ်တယ်၊ ဆေးထိုးရတာက အရမ်းကိုနာတာ။ သားဆို မကြိုက်ဘူး။ ရှောင်ကွမ်းက နွားဘုရင်လေးလေ၊ သူလည်း ကြိုက်မှာမဟုတ်ဘူး။”
ကလေးများအသံကိုကြားသည်နှင့် ရှောင်ဖူချီ၏အာရုံက ရှောင်ဖာ့ချိုင်ဆီကနေ ပြောင်းသွားလေသည်။ သူက ထိုကောင်စုတ်လေးများကို စိုက်ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ “ကောင်စုတ်လေးတွေ၊ ဒါမင်းတို့ကိစ္စမဟုတ်ဘူး။ မြန်မြန်ထွက်သွားကြစမ်း၊ လူကြီးတွေ ကိစ္စ ဝင်မရှုပ်နဲ့။”
ရှောင်ဖာ့ချိုင်ကလည်း ရန်သူတူသွားတာကြောင့် ရှောင်ဖူချီဘက်ကပါလာခဲ့သည်။ “ဒီကောင်စုတ်လေးတွေကတော့ လူကြီးတွေကို နှောက်ယှက်မယ့်အစား သွားကစားနေသင့်တာ။ မင်းတို့ကို သင်ခန်းစာပေးဖို့လိုနေပြီပဲ။ ကောင်းပြီလေ၊ မင်းတို့မိဘတွေက ဒီမှာမရှိနေမှတော့ ငါကပဲ သူတို့ကိုယ်စား မင်းတို့ကို ကောင်းကောင်းသင်ပြပေးမယ်။”
ကလေး၄ယောက်သည် ချက်ချင်းပင် ရှောင်လင်းယွီနောက်သို့ ဝင်ပုန်းကြလေတော့သည်။ ရှောင်ရှောင်းဟွေ့ကတော့ ပုန်းနေရက်နှင့်ပင် ခေါင်းလေးထွက်ကာ လှမ်းအော်လိုက်လေသည်။ “ခင်ဗျားတို့က ကလေးတွေအနိုင်ကျင့်ဖို့ပဲသိတယ်။ ရှက်စရာပဲ။ ဘလာဘလာ…” သူက အမူအရာနှင့်ပါ လှောင်ပြောင်လိုက်လေသည်။
ရှောင်ဖာ့ချိုင် ဒေါသထွက်သွားတော့သည်။ “မင်း.. ရှောင်နီချိုး၊ ငါ့ကိုမထီမဲ့မြင်ပြုတယ်ပေါ့။ ငါမင်းအဖေကိုယ်စား မင်းကို ရိုက်ပြမယ်။”
သူက ချက်ချင်းပင် ရှောင်ရှောင်းဟွေ့ကို ဆွဲထုတ်ရန် ရှောင်လင်းယွီအနားသို့ပြေးလာလေသည်။ ရှောင်ရှောင်းဟွေ့ကလည်း ထိုလူကိုမကြောက်ဘဲ မျက်နှာက အမူအရာမျိုးစုံနှင့် ပြောင်ပြနေလေသည်။ “ဘူး… ခင်ဗျားကို ကြောက်မယ်များထင်နေလား။” ထို့နောက် ရှောင်ရှောင်းဟွေ့က ရှောင်ဖူချီကိုပါ လှမ်းအော်လိုက်ပြန်သည်။ “ခင်ဗျားရောပဲ။ ခင်ဗျားလည်း မကောင်းတဲ့လူကြီးပဲ။ ကျွန်တော့် ဒုတိယဦးလေးနဲ့ ဆက်ဆံရေးလည်း ကောင်းတာမဟုတ်ဘူး။ ခင်ဗျားက နေ့တိုင်းရွာရိုးကိုးပေါက်လျှောက်သွားပြီး ကျွန်တော့် ဒုတိယဒေါ်လေး၊ ဒုတိယဦးလေး၊ အကြီးဆုံးဝမ်းကွဲနဲ့ တတိယဝမ်းကွဲတို့ မကောင်းကြောင်း လှည့်ပြောနေတာလေ။ အခုကျတော့ အကြီးဆုံးဝမ်းကွဲဆီကနေ ရှောင်ကွမ်းကိုငှားဖို့ မျက်နှာရှိသေးတယ်ပေါ့။ အရှက်မရှိဘူး၊ အရှက်မရှိဘူး။”
ရှောင်ဖူချီသည် အမှန်ကို အရှက်မရှိသူဖြစ်သည်။ သို့သော်လည်း လူကြီးများသည် ထိုအကြောင်းကို ထုတ်မပြောရဲကြပေ။ ဒါကြောင့်လည်း ရှောင်ဖူချီသည် တခြားလူများလိုပဲ ရှောင်လင်းယွီထံမှ ရှောင်ကွမ်းကို ငှားမည်ဟု ဆုံးဖြတ်ထားလေသည်။
သို့သော်လည်း ကလေးများကတော့ ဘာကိုမှဂရုမစိုက်ကြပေ။ ရှောင်ဖူချီက ပေါက်ကွဲသွားကာ ချက်ချင်းပင် အော်ဟစ်လာတော့သည်။ “ရှောင်နီချိုး၊ လူယုတ်မာလေး၊ မင်းရဲ့ရိုင်းစိုင်းနေတဲ့ပါးစပ်ကို ငါဆွဲဖြဲပြမယ်။ မင်းအဖေက မင်းကို မသင်ပေးနိုင်မှတော့ ငါသင်ပေးရတာပေါ့။”
သူကလည်း ရှောင်လင်းယွီထံသို့ ပြေးဝင်လာလေသည်။ သူက ရှောင်ရှောင်းဟွေ့ကိုဆွဲထုတ်ကာ ရိုက်ဖို့ပြင်လိုက်သည်။
ရှောင်လင်းယွီ၏မျက်နှာမှာ မည်းမှောင်သွားကာ သူမအသံကလည်း ခက်ထန်လာလေသည်။ “ဦးလေးဖူ၊ ရှောင်းဟွေ့က ကလေးပဲရှိသေးတယ်။ ရှင် ဒီလောက်အထိ အတည်ယူမနေသင့်ဘူး။” ရှောင်လင်းယွီက ရှောင်ရှောင်းဟွေ့ကို သူမနောက်တွင်ထားကာ ကာကွယ်ပေးနေခဲ့သည်။
“ရှောင်ဖူချီ၊ မင်းဘယ်သူ့ကို လူယုတ်မာလေးလို့ ခေါ်နေတာလဲ။” ထိုအချိန်မှာပဲ အသံပါဝါကောင်းကောင်းတစ်သံက ခြံထဲမှ ထွက်လာလေသည်။ “ငါ့သားကို သင်ခန်းစာပေးရအောင် မင်းက ဘာကောင်မို့လို့လဲ။ မင်းအဖေလုပ်တမ်းကစားချင်နေလဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ်သားသမီးကိုယ် ဆုံးမနေလိုက်။”
ရှောင်မင်ယန်း အိမ်သို့ရောက်ရောက်ချင်းမှာပဲ ရှောင်ဖူချီက နွားပေါက်လေးကို ငှားရန် ရှောင်လင်းယွီ၏အိမ်သို့သွားကြောင်း သတင်းကြားလိုက်ရသည်။ သူ့ဒုတိယအစ်ကိုက အလုပ်လုပ်နေဆဲဖြစ်ကာ သူ့ဒုတိယအစ်မကလည်း ရွာထဲကမင်္ဂလာပွဲတွင် ဝိုင်းကူပေးနေလေသည်။ ရှောင်လင်းယွီတစ်ယောက်သာ အိမ်တွင်ရှိနေခြင်းဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွီ အနိုင်ကျင့်ခံနေရမည်စိုး၍ သူလာ ကြည့်ခြင်းပင်။
သို့သော် သူရောက်ရောက်ချင်းမှာပဲ ရှောင်ဖူချီက သူ့သားကို ဆွဲလားရမ်းလားလုပ်နေသည်ကို တွေ့လိုက်ရပြီး… သူ့သားကို လူယုတ်မာလေးဟုတောင်မှ ခေါ်နေသေးသည်။
***