ငါ့မှာနွားဘုရင်လေးရှိတယ်
Vol. 6 Ch. 103
ရှောင်မင်ယန်းရောက်လာသည်နှင့် ရှောင်ဖူချီနှင့် ရှောင်ဖာ့ချိုင်တို့ တိတ်သွားကာ ကျောရိုးများမှာ အသာကိုင်းညွတ်သွားလေသည်။
ရှောင်မင်ယန်းသည် ရှောင်ကျန်းယန်ကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသလို ထိန်းထိန်းသိမ်းသိမ်းလည်း မရှိပေ။ သူ့သည် ကြွက်သားများနှင့် တောင့်တင်းသန်မာပြီး ခက်ထန်လေသည်။ ပြောရရင်တော့ သူတို့ ပေါ့ပေါတန်တန် ဆက်ဆံ၍ရသည့်လူမဟုတ်ပေ။ ရွာသားများစွာကလည်း သူ့ကို ကြောက်ရွံ့ကြလေသည်။
အဆုံးမှာတော့ ရှောင်လင်းယွီက နွားပေါက်လေးကို ငှားရန်ရောက်လူသူများကို နွားဘုရင်လေးပင်ပန်းနေ၍ အနားယူဖို့လိုကြောင်း ပြောကာ ငြင်းဆိုလိုက်တော့သည်။ ထိုလူများသည် မကျေနပ်ကြသော်လည်း ရှောင်လင်းယွီကို မစော်ကားချင်ကြပေ။ မဟုတ်လို့ နောက်ကျရင်ပါ နွားဘုရင်လေးကို သူတို့ကို မငှားတော့ရင် ဘယ်လိုလုပ်မလဲ။
ရှောင်ဖူချီသည် မည်းမှောင်နေသည့်မျက်နှာနှင့် ခပ်တိုးတိုးပြောလိုက်သည်။ “တခြားလူတွေကျ ငှားလို့ရပြီး ဘာလို့ ငါတို့ကျတော့ ငှားလို့မရတာလဲ။ ငါတို့လာတာနဲ့ နွားက ပင်ပန်းသွားရောလား။ ဒီအတိုင်း တွက်ကပ်နေတယ်ဆိုတာသာ ဝန်ခံလိုက်စမ်းပါ။ ဘာလို့ အဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်တွေ လာပေးနေတာလဲ။”
တခြားလူများမှာ သူ့စကားကို မကြားသလို ဟန်ဆောင်ထားကြသော်လည်း ထိုထဲတွင် ရှောင်ရှောင်းဟွေ့မပါပေ။ “လူတွေတောင် အနားယူဖို့ အိပ်ဖို့လိုသေးတာပဲ၊ ရှောင်ကွမ်းကျမှ မလိုရတော့ဘူးလား။ ဟမ့်၊ ရှောင်ကွမ်းက ပင်ပန်းနေပြီဆိုပေမယ့် ခင်ဗျားတို့တွေက ကိုယ့်အကျိုးစီးပွားအတွက် သူ့ဆီက အမြတ်ထုတ်ချင်နေကြတုန်းပဲ။ အရှက်မရှိလိုက်တာ။”
လူများစွာ၏အမူအရာတို့မှာ ပြောင်းလဲသွားလေသည်။ ရှောင်ရှောင်းဟွေ့သည် ကလေးတစ်ယောက်ဖြစ်ကာ သူ့အဖေကလည်း အနားမှာရှိနေသေးတာကြောင့် ဘယ်သူမှ ပြန်မပြောရဲကြပေ။
အားလုံးထွက်သွားပြီးနောက်မှာတော့ ရှောင်မင်ယန်းက ရှောင်ဖူချီ၏နောက်ကျောကိုကြည့်ကာ တံတွေးထွေးလိုက်လေသည်။ “ရယ်စရာကောင်းလိုက်တဲ့လူ။ တစ်ဖက်ကတော့ ငါ့အစ်ကိုရဲ့နာမည်ကို ဖျက်နေပြီး အခုကျ ငါတို့ဆီက အမြတ်ထုတ်ချင်နေတယ်။ စိတ်ရှုပ်စရာကောင်းချက်။” ထို့နောက် သူက ရှောင်လင်းယွီကို ကြည့်လိုက်ကာ၊ “ယွီအာ၊ အဲ့လူတွေကို လျစ်လျူသာရှုထားလိုက်။”
ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ဟုတ်ကဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ငြင်းလိုက်ပြီးပြီပဲကို။” ရှောင်လင်းယွီသည် မတုံးအပေ။ ရှောင်ဖူချီသည် ရှောင်ကွမ်းကိုတော့ ငှားချင်နေသော်လည်း ရှောင်မိသားစုအကြောင်းကိုလည်း မကောင်းပြောနေတုန်းပင်။ သူမကို ရူးနေတယ်များထင်နေလား။
ရှောင်မင်ယန်း ခေါင်းညိတ်လိုက်လေသည်။ “တော်တယ်။” ထို့နောက် သူ့အကြည့်များက စူးရှသွားကာ ရှောင်ရှောင်းဟွေ့ကို စိုက်ကြည့်လိုက်ပြီး၊ “ဒီကောင်စုတ်လေးကတော့၊ ငါသာ အချိန်မီမရောက်လာရင် မင်းအရိုက်ခံရတော့မှာ။”
ရှောင်ရှောင်းဟွေ့က စူပုတ်ပုတ်ဖြင့် ပြန်ပြောလေသည်။ “အဲ့လိုဖြစ်မှာမဟုတ်ဘူး။ အဲ့ကပ်စီးနဲဦးလေးကြီးက သားကို မရိုက်ရဲပါဘူးနော်။ သူရိုက်လည်း သား ရှောင်နိုင်တယ်။ ပြီးတော့ ဒီမှာ ဝမ်းကွဲအစ်မလည်း ရှိနေတာပဲ။ သူသာ ရိုက်ရဲမယ်လိုမထင်ဘူး။ သူသာရိုက်လိုက်ရင် နွားဘုရင်လေးကို ငှားနိုင်တော့မှာမဟုတ်ဘူးလေ။” ရှောင်ရှောင်းဟွေ့တစ်ယောက် သူ့ပါးတွေကို ဖောင်းကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “ပြီးတော့ သားက နွားဘုရင်လေးရဲ့ တာဝန်ရှိသူပဲ။”
ရှောင်မင်ယန်းသည် သူ့သားခေါင်းကို ဖြတ်ရိုက်လိုက်လေသည်။ “ပေါက်ကရတွေ၊ နွားပေါက်လေးက မင်းအစ်မဝမ်းကွဲရဲ့နွား။ သူ့ကို ငှားမယ် မငှားဘူးဆိုတာ မင်းအစ်မဝမ်းကွဲဆုံးဖြတ်ရမှာ။ မင်းမဟုတ်ဘူး။”
ရှောင်ရှောင်းဟွေ့က မကျေနပ်သေးပေ။ “ဟမ့်၊ ဝမ်းကွဲအစ်မက သားကိုအချစ်ဆုံးပဲ။ သားသာ ရှောင်ကွမ်းကို မငှားတော့ဖို့ပြောရင် သေချာပေါက် ငှားပေးတော့မှာမဟုတ်ဘူး။ ဟုတ်တယ်မလား၊ ဝမ်းကွဲအစ်မ။”
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ဒါပေါ့၊ ငါက မင်းကို အချစ်ဆုံးလေ။ မင်းသာ ရှောင်ကွမ်းကို တခြားလူတွေဆီ မငှားပေးစေချင်ရင် ငါမငှားပါဘူး။”
“အဖေ၊ တွေ့လား။” ရှောင်ရှောင်းဟွေ့က ဝမ်းသာပျော်ရွှင်စွာ ပြောလိုက်လေသည်။
ရှောင်မင်းယန်သည် သူ့သားကိုကြည့်ပြီး မျက်လုံးသာလှန်လိုက်မိတော့သည်။ “ငါ နားမလေးသေးဘူး။ ကောင်းပြီ၊ မင်းအစ်မဝမ်းကွဲက မင်းကို နွားကျောင်းဖို့ တာဝန်ပေးထားတာ။ မင်းလည်း အလုပ်ကို သေချာလုပ်။ နောက်တစ်ခါ ရှောင်ကွမ်းနဲ့သာ့ကွမ်း တခြားမိသားစုက အသီးအရွက်တွေ သွားစားတယ်လို့ကြားရင် မင်းနောက်ဘယ်တော့မှ မမေ့အောင် ငါ ရိုက်ပြီးပဲ ဆုံးမပေးတော့မယ်။”
ရှောင်ရှောင်းဟွေ့က မကျေမနပ်ဖြင့် ပြန်ပြောလာလေသည်။ “အဖေကလည်း အဲ့ဒါတော့ အဖေမှားသွားပြီ။ အခု ရှောင်ကွမ်းက နွားဘုရင်လေးဖြစ်နေပြီ။ သူ့ကို မကြိုဆိုတဲ့မိသားစုဆိုတာ မရှိတော့ဘူး။ သူတို့ကဘာလို့ အဖေကို လာတိုင်တော့မှာလဲ။” ရှောင်ရှောင်းဟွေ့က ခပ်ညစ်ညစ်ပြုံးလိုက်ကာ၊ “သူတို့ သားကို လာပြီး ခယနေအောင်တောင် လုပ်ပစ်မှာ။ ဒါပေမယ့် အဖေစိတ်မပူပါနဲ့။ ရှောင်ကွမ်းနဲ့ သာ့ကွမ်းကို တခြားမိသားစုတွေရဲ့ အစားအသောက်တွေ စားခွင့်မပြုတော့ပါဘူး… သူတို့သာ သားကို အကျိုးအမြတ်လေးနည်းနည်းပါးပါး မပေးရင်ပေါ့။ အဲ့လိုသာဆိုရင်တော့ သူတို့လယ်ကွက်ထဲမှာ ရှောင်ကွမ်းကို လမ်းလျှောက်ဖို့ ခေါ်သွားပေးနိုင်ပါတယ်။”
သူ့အဖေက ချက်ချင်းပင် သူ့သားခေါင်းကို ပိတ်ရိုက်လိုက်တော့သည်။ “တွေးတောင်မတွေးနဲ့။ အလုပ်ကို မှန်မှန်ကန်ကန်လုပ်။”
ရှောင်ရှောင်းဟွေ့လည်း သူ့ခေါင်းကို ပွတ်ကာ ဝေဝေဝါးဝါးပြန်ဖြေလိုက်သည်။ “ဟုတ်ပါပြီ..”
….
ထိုညတွင် မေမေရှောင်နှင့် ဖေဖေရှောင်တို့ အိမ်ပြန်ရောက်သည်နှင့် မနက်ပိုင်းက အဖြစ်အပျက်ကို ကြားသိသွားကြကာ မပျော်မရွှင်ဖြစ်သွားကြလေသည်။
မေမေရှောင်က နှာခေါင်းရှုံ့လိုက်ကာ၊ “အဲ့ဒီ ရှောင်ဖူချီဆိုတဲ့လူကလေ တကယ်ကို အရှက်မရှိတာပဲ။ သူက ငါတို့မိသားစုမကောင်းကြောင်းတွေ လျှောက်ပြောနေပြီးတော့များ ငါတို့ဆီက ရှောင်ကွမ်းကို လာငှားဖို့ မျက်နှာရှိသေးတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ။”
ဖေဖေရှောင်ကတော့ ဘာမှမပြောလာသော်လည်း ခေါင်းညိတ်ကာ ထောက်ခံလေသည်။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “သမီး သူတို့ကို ငြင်းလိုက်ပြီးပါပြီ။”
“သေချာပေါက် ငြင်းရမှာပေါ့။” မေမေရှောင်က ချက်ကျလက်ကျပြန်ပြောလာလေသည်။ “သူတို့ လာပြီး တောင်းပန်တာမှမဟုတ်ရင် ငှားပေးစရာကိုမလိုဘူး။ သူတို့ဘာပြောပြော ဂရုကိုမစိုက်ဘူး။”
“ဟုတ်ပါပြီ၊” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာပဲ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မေမေရှောင်က မျက်မှောင်ကြုတ်သွားကာ ပြောလာခဲ့သည်။ “ဒါ သေချာပေါက် ရှောင်ကွမ်းကို ငှားဖို့ တစ်ယောက်ယောက် ရောက်လာပြန်တာမှန်း ငါပြောနိုင်တယ်။” မေမေရှောင်က ထရပ်လိုက်လေသည်။ ထို့နောက် ရှောင်လင်းယွီကို လှည့်ကာ သတိပေးလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် ရှောင်ကွမ်းကို ထပ်ပြီး မငှားနဲ့တော့နော်။ ရှောင်ကွမ်းက အလုပ်ပင်ပန်းလွန်းလို့ အစာစားချင်စိတ်တောင် ပျောက်နေပြီ။”
ဒါပေါ့ သူတို့နွားပေါက်လေးကို စောင့်ရှောက်မှဖြစ်မယ်။ ရှောင်ကွမ်းက သာမာန်နွားပေါက်လေးမဟုတ်ဘဲ နွားဘုရင်လေးလေ။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “သမီး နားလည်ပါတယ်၊ အမေ။”
မေမေရှောင်က တံခါးထဖွင့်ပေးလိုက်သည်။ တံခါးအပြင်တွင်ရပ်နေသူမှာ ရွာသူကြီးဖြစ်နေတာကြောင့် သူမ အံ့ဩသွားလေသည်။
“ရွာသူကြီးပဲ၊ ကြွပါ၊ ကြွပါ။”
ရွာသူကြီးက အိမ်ထဲကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့် မေးလာခဲ့သည်။ “ငါ ညစာစားနေကြတာကို နှောက်ယှက်မိပြီလား။”
မေမေရှောင်က ပြုံးကာ ပြောလိုက်လေသည်။ “ကျွန်မတို့ အခုပဲစားပြီးသွားလို့ သန့်ရှင်းရေးလုပ်နေကြတာပါ။ ရွာသူကြီးရော စားပြီးပြီလား။ ကျွန်မတို့မှာ ဟင်းတွေရော ထမင်းတွေရော ရှိသေးတယ်။”
ရွာသူကြီးက ခေါင်းယမ်းလိုက်လေသည်။ “ကျေးဇူးပဲ၊ ငါစားပြီးသွားပြီ။”
“ရွာသူကြီး။” ရှောင်လင်းယွီက နှုတ်ဆက်လိုက်သည်။
ရွာသူကြီးက ပြုံးလိုက်လေသည်။ “ကျန်းယန်၊ ယွီအာ၊ ရှောင်ဖာ့ချိုင်နဲ့ ရှောင်လီချွမ်းတို့က အစကတော့ ဟိုလိုလိုဒီလိုလိုလုပ်နေပေမယ့် အခုတော့ မင်းတို့ကို မြေငှားပေးဖို့ ဆုံးဖြတ်လိုက်ကြပြီ။”
ရှောင်ကျန်းယန် အံ့ဩသွားလေသည်။ “အိုး၊ သူတို့က သဘောတူလိုက်တယ်ပေါ့။” ရှောင်မိသားဈေးပိုပေးလာမှာကို သူတို့စောင့်နေကြမှန်း လူတိုင်းသိကြလေသည်။ သူတို့က ရှောင်မိသားစုတွင် သူတို့မြေကို ငှားရုံကလွဲပြီး တခြားရွေးချယ်စရာမရှိဟု တွေးနေခဲ့ကြခြင်းပင်။
တကယ်တမ်းမှာတော့ သူတို့သာ မငှားချင်ရင် ရှောင်လင်းယွီကလည်း သူတို့မြေပတ်လည်မှာပဲ စိုက်ဖို့ စီစဉ်ထားလေသည်။ ဘာပဲဖြစ်ဖြစ် သူတို့မြေအားလုံးပေါင်းမှ ၅မူ ၆မူလောက်ပဲရှိလေသည်။
သို့သော်လည်း ရွာသူကြီးက ထပ်ပြောလာခဲ့သည်။ “ဒါတွေအားလုံး မင်းတို့မိသားစုရဲ့ နွားဘုရင်လေးကိုပဲ ကျေးဇူးတင်ရမှာပဲ။”
ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်သည်။ “ဒီလိုကိုး။”
ရွာသူကြီးက ဆက်ပြောလာခဲ့သည်။ “နွားဘုရင်လေးကို သူတို့မငှားနိုင်ပေမယ့် တခြားမိသားစုတွေကျတော့ ငှားနိုင်တယ်လေ။” သူတို့က ရှောင်လင်းယွီကို တွန့်တိုသည်ဟု ပြောနေကြသော်လည်း နွားဘုရင်လေးကိုတော့ လိုအပ်နေကြတုန်းပင်။
ဘာပဲဖြစ်ဖြစ် သူတို့ပိုင်သည့် သဲမြေမှာ ဘာမှများများစားစား မထွက်ပေ။ သို့သော်လည်း နွားဘုရင်လေးက တခြားရွာသားများ၏ လယ်မြေများကို ဘယ်လိုမျိုး ရှင်သန်အောင် စွမ်းဆောင်နိုင်ခဲ့လဲဆိုသည်ကို သူတို့ မြင်လိုက်ကြသည်။ သေချာဆွေးနွေးကြည့်ပြီးနောက်မှာတော့ သူတို့က ထပ်စောင့်မနေတော့ဘဲ မြေကိုငှားပေးဖို့ ဆုံးဖြတ်လိုက်တော့သည်… ဤသို့ဖြင့် သူတို့လည်း ငှားခရမည်ဖြစ်သလို မြေပိုင်ရှင်များဖြစ်သည့်အလျောက် ရှောင်လင်းယွီကို နွားဘုရင်လေးအား ငှားပေးရန် ဖိအားပေးပြီး ဗိုလ်ကျနိုင်ပေမည်။
***