ငှားမှာလား မငှားဘူးလား
Vol. 6 Ch. 104
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်လေသည်။ “ရွာသူကြီးရယ် တိုက်ဆိုင်လိုက်တာ။ လူတွေက ရှောင်ကွမ်းကို ငှားပြီး အလုပ်တွေဖိလုပ်ခိုင်းခဲ့လို့ သူစိတ်အခြေမကောင်းတော့ဘူး။ သူတို့ လာငှားကြတုန်းကလည်း ကျွန်မက ရှောင်ကွမ်းကို အနားပေးဖို့ စီစဉ်ထားပြီးသား။ ဒါကြောင့်ပဲ သူတို့ငှားဖို့ပြောတော့ ငြင်းလိုက်ရတာ။”
ရွာသူကြီးသည် ရှောင်လင်းယွီပြောသည်ကို ယုံသော်လည်း ကောလဟာလများကတော့ တားဆီး၍မရပေ။ ရွာသားများသည် ရှောင်လင်းယွီက နွားဘုရင်လေးအား ထိုမိသားစုသုံးစုအား မငှားခြင်းမှာ သူတို့က သူတို့မြေများကို ရှောင်ကျန်းယန်အားငှားဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့်ဟု ပြောနေကြလေသည်။
နွားဘုရင်လေးသည် လယ်ကွင်းထဲတွင် လျှောက်ပတ်သွားလိုက်ရုံဖြင့် အပင်များပြန်လည်လန်းဆန်းလာမည်ဖြစ်သည်။ ဒါက အရမ်းကိုမှ ကြီးမားတဲ့ အကျိုးအမြတ်ကြီးလေ။ မိသားစုသုံးစုသည် ရှောင်မိသားစုကို ကူညီရန် ငြင်းပယ်ခဲ့ကြသော်လည်း သူတိုအပေါ် အမြတ်ထုတ်ဖို့တော့ အကြံရှိကြလေသည်။ ရှောင်မိသားစုက သူတို့လှည့်ချင်တိုင်းလှည့်လို့ရမည့် အရူးတွေဟု ထင်နေကြခြင်းပင်။
ရှောင်ကျန်းယန်၏မိသားစုသည် တစ်ဖက်က ကြင်နာမှုကို ကျေးဇူးကန်းတတ်ကြသူများမဟုတ်ပေ။
ရှောင်လီချွမ်းနှင့် ရှောင်ဖာ့ချိုင်တို့မိသားစုသည် ထိုကောလဟာလများကို ကြားသည်နှင့် အလွန်ကို ဒေါသထွက်သွားကြလေသည်။ သူတို့က ရှောင်ကျန်းယန်တို့မိသားစုကို တစ်ကိုယ်ကောင်းဆန်ပြီး တွန့်တိုသည်ဟု ပြောဆိုနေကြလေသည်။ ရှောင်မိသားစုက ချမ်းသာနေပြီပဲ ဘာလို့များ ဈေးကိုမြင့်မြင့်မပေးနိုင်ကြတာလဲ။ အခုကျ မြေငှားဖို့ငြင်းလိုက်တာနဲ့ပဲ နွားဘုရင်လေးကိုငှားပေးဖို့ သူတို့ကို ပြန်ငြင်းတယ်တဲ့။ တကယ်ကို ကပ်တွက်လိုက်တဲ့လူတွေ။
သို့သော်လည်း ဆွေးနွေးတိုင်ပင်ကာ အကျိုးအမြတ်တွက်ချက်ကြည့်ပြီးနောက်မှာတော့ ရှောင်မိသားစုကို မြေငှားလိုက်ခြင်းက ပိုအကျိုးရှိသည် ဆုံးဖြတ်လိုက်ကြတော့သည်။
ပထမဦးဆုံး သူတို့က မြေငှားလိုက်မယ်၊ ဒုတိယအနေနှင့် သူတို့ရဲ့အသီးအနှံတွေ အထွက်ကောင်းမယ်။ တတိယအနေနဲ့ ရှောင်မိသားစုက သူတို့အပေါ် အကြွေးတင်သွားမယ်။
ရှောင်လင်းယွီသည် မြို့ကြီးပေါ်တွင် အလုပ်လုပ်ပြီး ပြန်လာသူဖြစ်တာကြောင့် ထိုမိသားစုနှစ်စု၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
သူမက ရွာသူအတွက်ပါ အခြေအနေကို ချိန်ညှိပေးနေလေသည်။
ရွာသူကြီးက ပြုံးကာပြောလာလေသည်။ “ဘာပဲဖြစ်ဖြစ် သူတို့နောက်ဆုံးတော့ သဘောပေါက်သွားကြတာပဲ ကောင်းတယ်။”
“ဟုတ်တာပေါ့။”
…..
ရှောင်ဖူချီနှင့် သူ့မိသားစုသည်လည်း ထိုကောလဟာလများကိုကြားကြလေသည်။ သူတို့က ဒေါသတကြီး ကျိန်ဆဲနေတော့သည်။ “ရှောင်ကျန်းယန်၊ ရှောင်လင်းယွီ၊ ယုတ်မာလိုက်တဲ့သားအဖ။ မင်းတို့က ငါတို့ကို နွားမငှားချင်တာနဲ့ပဲ ငါတို့သိက္ခာကျအောင် ကောလဟာလအတွေ ဖြန့်တယ်ပေါ့။ ဒေါသထွက်လိုက်တာ။”
“ငါတို့က ကိုယ့်လယ်ကိုယ် လုပ်ချင်လို့လေ။ အဲ့ဒါ ဘာမှားလို့လဲ။ သူတို့ကများ ငါတို့ကို ဒီလိုပြောရတယ်လို့။”
“ရှောင်လင်းယွီ၊ အဲ့ဒီကလေးမက သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာ။ သူ့ဘာသာ ဘယ်တက္ကသိုလ်ကမှန်းမသိ ဘွဲ့လေးတစ်ဘွဲ့ရပြီး မြို့ကြီးမှာ နှစ်နည်းနည်းလောက် အလုပ်လုပ်ခဲ့တော့ရော ဘာဖြစ်လဲ။ အာ့ကောဇီ၊ မင်း စာကြိုးစားပြီး မင်းအဖေရဲ့ဂုဏ်သိက္ခာအတွက် ပြန်လည်တိုက်ခိုက်ရမယ်။ အနာဂါတ်မှာ ငါတို့မိသားစုကို ဘယ်သူမှ အထင်မသေးရဲအောင်လုပ်။”
အာ့ကောဇီသည် ရှောင်ဖူချီ၏ဒုတိယသားဖြစ်ကာ အသက်၁၃နှစ်ရှိပြီဖြစ်ပြီး ရှောင်ရှောင်းဟွေ့ထက် အနည်းငယ်ကြီးလေသည်။ ကံမကောင်းစွာဖြင့် အာ့ကောဇီသည် သူ့အဖေ၏မျှော်လင့်ချက်အတိုင်း ရှင်သန်နိုင်မည်မဟုတ်ပေ။ သူ့အမှတ်များက ရှောင်ရှောင်းဟွေ့ထက်ပင် ပိုဆိုးလေသည်။ ရှောင်းရှောင်းဟွေ့သာ သူတို့အတန်းတွင် နောက်ဆုံးမှရေလျှင် ဒုတိယရပါက ရှောင်ဖူချီ၏ဒုတိယသားကတော့ နောက်ဆုံးနေရာကို ဗိုလ်ဆွဲထားသူဖြစ်သည်။
ရှောင်ဖူချီကတော့ သူ့သား၏ဉာဏ်ရည်က တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ထွန်းပေါက်လာမည်ဟု မျှော်လင့်နေတုန်းပင်။ ထိုမျှော်လင့်ချက်က အချည်းအနှီးဖြစ်နေသည်ကတော့ နှမြောစရာပင်။
ရှောင်ဖူချီဘေးမှ ခပ်ဝဝအမျိုးသမီး၊ ကျန်းချွမ်းကျောင်းကလည်း ဒေါသတကြီး ကြိမ်းဝါးလေသည်။ “ဖူချီ၊ အဲ့ကောင်မလေးက ငါတို့ကို နွားမငှားပေးမှတော့ ငါတို့လည်း သူ့ကို မြေငှားပေးစရာအကြောင်းမရှိဘူး။ သူ ငါတို့ကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။”
ရွာသားအများစုက ရှောင်လင်းယွီကို မြေငှားဖို့ သဘောတူထားကြောင်း သူမသိလေသည်။ သူမတို့အနည်းငယ်သာ ကွဲထွက်နေခြင်းဖြစ်သည်။ သူတို့သာ ဆက်ပြီးတင်းခံထားလိုက်ပါက ရှောင်လင်းယွီသည် သူမစိုက်ခင်းဖြစ်မြောက်ရေးအတွက် ငွေပိုကုန်ကျပေလိမ့်မည်။ ရှောင်လင်းယွီက နဂါးမောက်သီးနှင့် စတော်ဘယ်ရီသီးများစိုက်ပျိုးမည်ကို သူမကြားထားလေသည်။ ထိုအတွက်ဆိုလျှင် စင်ဆောက်ပေးဖို့ လိုအပ်ပေသည်။ သူတို့သာ သူတို့မြေကို ငှားပေးဖို့ ငြင်းဆန်လိုက်မည်ဆိုလျှင် သူတို့တည်ဆောက်ဖို့အတွက် အများကြီးပိုခက်ခဲသွားပေလိမ့်မည်။
ရှောင်ဖူချီသည် သံသယအနည်းငယ်ဖြင့် ပြောလာလေသည်။ “ဒါပေမယ့် ငါတို့သာ ဒီလိုလုပ်လိုက်ရင် ရှောင်လင်းယွီက ငါတို့ကို သူ့နွား တကယ်ကြီးမငှားတော့လောက်ဘူး။”
ကျန်းချွမ်းကျောင်းက နှာခေါင်းရှုံ့လိုက်လေသည်။ “သူမလုပ်ပါဘူး။ သူက ငါတို့မြေကို လိုနေတာလေ။ ငါတို့ဆီ တောင်းတောင်းပန်ပန်နဲ့ သူ့နွားကို ကိုယ်တိုင်လာပို့ပေးလိမ့်မယ်။” ဒါက တကယ်ကိုဉာဏ်ပြေးတဲ့အစီအစဉ်ပဲ။
သို့သော်လည်း သူမသည် ဉာဏ်ကောင်းသူတစ်ယောက်မဟုတ်ပေ။
မကြာမီတွင် ရွာသူကြီးသည် ရှောင်ဖူချီ စိတ်ပြောင်းမလားသိရအောင် လာမေးခဲ့လေသည်။ သူတို့ မြေငှားပေးချင်စိတ်ရှိသွားပြီလားပေါ့။ သို့သော်လည်း ရလဒ်ကတော့ စိတ်ကျေနပ်စရာမကောင်းနေပေ။
ရှောင်ဖူချီနှင့် ကျန်းချွမ်းကျောင်းတို့သည် အခိုင်အမာကို ပြောလာကြသည်။ “ရှောင်လင်းယွီသာ သူ့နွားကို ခေါ်လာပေးပြီး သုံးရက်လောက် ကျွန်မတို့အတွက် ထားပေးရင် သူ့ကို မြေငှားဖို့ စဉ်းစားပေးမယ်။” သူတို့က ရှောင်လင်းယွီသည် သူတို့မြေကို သေချာပေါက်လိုအပ်နေသည်ဟု ယူဆနေကြသည်။
ရွာသူကြီးမှာ ဆွံ့အသွားရတော့သည်။ သူက မျက်လုံးသာ လှန်မိလိုက်လေသည်။ ‘ကျန်းယန်တို့မိသားစုကို ငတုံးတွေများမှတ်နေလားပဲ။ သူတို့မှာ ဒီမိသားစုရဲ့မြေမရှိတာနဲ့ အသက်မရှင်နိုင်တော့လို့လား။’
သူက အလေးအနက်ထားကာ ပြောလာခဲ့သည်။ “မင်းတို့ ကျန်းယန်ရဲ့မိသားစုကို ဒီလိုပုံစံမျိုးဆက်ဆံပြီး သူတို့ကို အစေခံတွေလို အမိန့်ပေးချင်နေတာလား။ ကောင်းပြီ၊ ငါ မင်းတို့နဲ့အချိန်ထပ်မဖြုန်းတော့ဘူး။ ဒါက မင်းတို့ပိုင်တဲ့မြေပဲ။ မင်းတို့ ငှားမယ်လို့ ဆုံးဖြတ်ခဲ့ရင် ငါ့အိမ် ဒါမှမဟုတ် ကျန်းယန်တို့အိမ်ကို လာခဲ့လိုက်။ မင်းတို့ဘာသာပဲ စိုက်မယ်ဆိုလည်း ထားလိုက်တော့။” ထို့နောက် ရွာသူကြီးက ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။
ကျန်းချွမ်းကျောင်းက ထွက်သွားသည့် ရွာသူကြီးကိုကြည့်ကာ အထင်သေးသည့် အမူအရာများဖြင့် ပြည့်လာလေသည်။ “ဟမ့်၊ ရှင့်ကိုယ်ရှင်ဘာများထင်နေလဲ။ ရှင် ရှောင်ကျန်းယန်ကို ကပ်ဖားနေမှန်း လူတိုင်းသိတယ်။ ဒီမြေက ကျွန်မမြေ။ ကျွန်မဘာသာ ငှားချင်ငှားမယ်။ မငှားချင်လည်း ရှင်တို့ ကျွန်မစိတ်ကို မပြောင်းနိုင်ဘူး။ အခု ရှောင်လင်းယွီကမှ ကျွန်မတို့ကို လိုအပ်နေတာ၊ ဒါကိုများ ကျွန်မတို့ကို သူ့ဆီသွားပြီး တောင်းဆိုစေချင်နေတာလား။ လာနောက်နေတာပဲ။”
ရှောင်ဖူချီကလည်း သူ့ဇနီးစကားကို ထောက်ခံလေသည်။
…..
“ရွာသူကြီး၊ ရှောင်ဖူချီရဲ့မိသားစုက အခုထိ သူတို့မြေကို မငှားချင်သေးဘူးလား။” ရှောင်ကျန်းယန်က မေးလိုက်လေသည်။
ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။” ထို့နောက် သူက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ “ကျန်းယန်၊ ကျန်းချွမ်းကျောင်းက မင်းတို့သာ နွားဘုရင်လေးကို သူတို့ဆီ သုံးရက်ပေးထားရင် မြေငှားပေးဖို့ စဉ်းစားပေးမယ်လို့ ပြောနေတယ်။ ဒါပေမယ့် စဉ်းစားပေးရုံပဲတဲ့နော်။” ဒါက သူတို့မြေကို ငှားပေးလိုက်မည်ဟု ကတိပေးနေခြင်းမဟုတ်ပေ။
ရှောင်ကျန်းယန်က ထိုစကားထဲမှ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်ကို ခန့်မှန်းမိလိုက်လေသည်။ ရှောင်ကျန်းယန်၏အမူအရာက ပြောင်းလဲမသွားခဲ့ပေ။ “ဒီလိုဆိုတော့လဲ ထားလိုက်ပါ။ ကျွန်တော်တို့ သူတို့မြေဘေးပတ်လည်မှာပဲ ဆောက်စရာရှိတာဆောက်မယ်လို့ ယွီအာကပြောတယ်။”
“ဒီအကြံလည်း မဆိုးဘူးပဲ။” ရွာသူကြီးက ခေါင်းညိတ်လိုက်လေသည်။
ရှောင်လင်းယွီက၊ “ရွာသူကြီး၊ ကန့်ကွက်တဲ့လူမရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး အားလုံးကို နောက်သုံးရက်နေရင် ရွာဗဟိုကော်မတီကိုလာပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ ပြောပေးပါဦးနော်။”
ရွာသူကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ “စာချုပ်ရောပါတာလား။”
သူတို့ရွာတွင် မြေငှားအများစုသည် နှုတ်ဖြင့်သာ သဘောတူသွားခြင်းဖြစ်သည်။ ဘာစာချုပ်စာတမ်းမှ မပါဝင်ပေ။ ဒါပေါ့ ရွာသူကြီးဖြစ်တဲ့သူကတော့ စာချုပ်တွေအများကြီးလုပ်ဖူးပါတယ်၊ ဒါပေမယ့် အဲ့ဒါကလည်း ရှင်းအန်းနဲ့ရှင်းယင်မြို့ကလူတွေနဲ့ပဲ။
ဒါက ထောင်ယွမ်ရွာမှာ တရားဝင်စာချုပ်မျိုးလုပ်ခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။
ရှောင်လင်းယွီက ပြုံးကာ ရှင်းပြလာခဲ့သည်။ “ရွာသူကြီး၊ ကျွန်မတို့ရွာမှာ ပုံမှန်ဆို နှုတ်နဲ့ပဲပြောဆိုပြီး မြေငှားနေကျဆိုတာ သိပါတယ်။ ရွာသားတွေက သူတို့စကားကို ဗလောင်းဗလဲလုပ်မှာ ကျွန်မ မစိုးရိမ်ပါဘူး။ ဒါပေမယ့် ကျွန်မငှားမှာ မြေ၁၀မူမကဘူးလေ။ မိသားစုတွေအများကြီးလည်း ပါတယ်။ စာချုပ်တစ်ခုရှိထားမှသာ စိတ်ချရမှာ။ ဒီစာချုပ်က နှစ်ဦးနှစ်ဖက်လုံးအတွက် အကျုံးဝင်ပြီး နှစ်ဖက်လုံးကို အကာအကွယ်ပေးတယ်လေ။ ဒါက လူတွေ သူတို့မြေငှားထားတာကို ရုတ်တရက်ကြီး ပြန်ယူဖို့ ဆုံးဖြတ်လိုက်တာမျိုးမဖြစ်အောင် လုပ်ပေးနိုင်တယ်။ ပြီးတော့ ကျွန်မဘက်ကလည်း သဘောတူထားတဲ့အတိုင်း ငှားရမ်းခပေးတာ သေချာစေတာပေါ့။”
***