ဆွေးနွေးခြင်း
Vol. 6 Ch. 105
ရွာထဲရှိမိသားစုတိုင်း မြေငှားစာချုပ်တွင် လက်မှတ်ရေးထိုးရန်အတွက် ကျေးရွာဗဟိုကော်မတီသို့ လာရောက်ကြရန် သတိပေးချက်ကို လက်ခံရရှိခဲ့ကြလေသည်။ သူတို့ စာချုပ်တွင် လက်မှတ်ထိုးပြီးသည်နှင့် ချက်ချင်းပင် ငှားရမ်းခကို ရရှိမည်ဖြစ်သည်။ ထိုသတင်းကိုကြားလိုက်သည်နှင့် ရွာသားများစွာသည် ပျော်ရွှင်နေကြတော့သည်။
“ယွီအာ၊ မြို့ပေါ်မှာ ပိုက်ဆံသွားထုတ်ရင် သမီးအဖေနဲ့ စတုတ္ထဦးလေးကိုပါ ခေါ်သွားနော်။” မေမေရှောင်က အကြံပေးလာခဲ့သည်။ ရှောင်လင်းယွီသည် ငွေအများကြီးထုတ်ယူလာမည်ဖြစ်သည်။ ဒါကြောင့် သူမသမီး တစ်ယောက်တည်း မဟုတ်ရင်က ပိုစိတ်ချရပေမည်။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ကဲ့ပါ။” သူမသည်လည်း ငွေအများကြီးနှင့်ပြန်လာလျှင် မသမာသူတချို့၏ပစ်မှတ်ဖြစ်သွားမည်ကို စိုးရိမ်မိလေသည်။ သို့သော်လည်း သူမအဖေနှင့် စတုတ္ထဦးလေးသာ ဘေးမှာပါလာလျှင်တော့ သူမကို ကာကွယ်ပေးနိုင်လေသည်။
ဖေဖေရှောင်သည် ရှောင်လင်းယွီကို အချိန်ပေးနိုင်ရန်အတွက် ကမ်းလှမ်းထားသည့် အလုပ်တချို့ကို ငြင်းထားလေသည်။ ရှောင်မင်ယန်းသည်လည်း တစ်ရက် အလုပ်နားထားခဲ့သည်။
ရှောင်လင်းယွီက ဖေဖေရှောင်၏ဆိုင်ကယ်နှင့် အတူလိုက်ကာ ရှောင်မင်ယန်းသည်တော့ သူ့ဆိုင်ကယ်သူစီးပြီး ရှန်းအန်းမြို့သို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ရှင်းယင်ခရိုင်မြို့သို့သွားမည့် ဘက်စ်ကားကိုစီးရန်အတွက် သူတို့ဆိုင်ကယ်များကို အသိဆိုင်တစ်ဆိုင်တွင် ရပ်ထားခဲ့လိုက်လေသည်။
ရှောင်လင်းယွီသည် ဘဏ်ထဲမှ ယွမ် ၄၈၀၀၀ ထုတ်လာခဲ့သည်။ တကယ်တော့ သူမက ယွမ် ၅သောင်း ထုတ်ချင်ခဲ့ခြင်းဖြစ်သော်လည်း ထိုအတွက်ဆိုလျှင် ကြိုတင်ပြီး ရက်ချိန်းယူဖို့လိုနေလေသည်။
ဘဏ်ကနေပြန်ထွက်လာပြီးနောက်မှာတော့ သူတို့သုံးဦးသည် လယ်ယာခြံဆောက်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများမှာရန် သွားခဲ့သည်။ ရှောင်လင်းယွီ၏ စတုတ္ထဦးလေးသည် အလုပ်အတွက် ရှင်းယန်ခရိုင်မြို့သို့ မကြာခဏလာလေ့ရှိတာကြောင့် အသက်အသွယ်တချို့ရှိလေသည်။ ဒါကြောင့် သူကပဲ ရှောင်လင်းယွီတို့ သားအဖကို ဆိုင်တချို့သို့ လှည့်ပတ်ခေါ်သွားပေးခဲ့သည်။
…..
ရွာထဲတွင်တော့…
ရှောင်လင်းယွီ မြို့တက်သွားသည်ကိုမြင်သည်နှင့် သူမ ငွေသွားထုတ်မှန်း ရွာသားများ ခန့်မှန်းမိလိုက်ကြပေသည်။ သူတို့က ထိုအကြောင်းကို လှုပ်လှုပ်ရှားရှား ဆွေးနွေးနေကြပြီး မနာလိုစိတ်များလည်း ပြည့်နေကြသည်။
“လင်းယွီက ဒီလောက်မြေတွေအများကြီးငှားမယ့်အပြင် တစ်ခါတည်း သုံးနှစ်စာပါ ပေးမှာဆိုတော့ အနည်းဆုံး ယွမ် ၃သောင်းလောက်တော့ လိုမှာပဲ။”
“ဟုတ်တယ်၊ ပြီးတော့ သူက အဲ့မြေပေါ်မှာ စတော်ဘယ်ရီစိုက်မယ်လို့လည်း ကြားသေးတယ်။ ဒီလိုသာဆို စိုက်ခင်းအတွက် ဥယျာဉ်ခြံလိုမျိုး ဆောက်ဖို့လိုမှာပဲ။ ဒီအတွက် သူ လူတွေလည်း ငှားရဦးမယ်။ ဒီလိုသာဆို အားလုံးပေါင်း ယွမ်၅သောင်းမကဘူး ကျလိမ့်မယ်။ လင်းယွီ မြို့ပေါ်မှာအလုပ်လုပ်တုန်းက လစာဘယ်လောက်တောင်မှ ရခဲ့လို့လဲ။”
ယွမ်၅သောင်းသည် ရွာသားများ အကြမ်းဖျင်းတွက်ကြည့်လိုက်သည့် စုစုပေါင်းပမာဏဖြစ်သည်။ ရှောင်လင်းယွီသည် မြို့ပေါ်တွင် နှစ်အနည်းငယ်သာ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူမသည် သူမမိသားစုကိုကူညီပြီး တက္ကသိုလ်တက်တုန်းက အကြွေးများကို ပြန်ဆပ်ခဲ့ရုံမက ငွေတွေအများကြီးလည်း စုဆောင်းမိခဲ့သည်။ ဒါ အရမ်းမနာလိုစရာကောင်းတာပဲ။
“သူက စတော်ဘယ်ရီစိုက်ချင်တာလား။ ဒါပေမယ့် ရှင်းယင်ခရိုင်မြို့မှာ အရင်က ဒါမျိုးတစ်ခါမှမစိုက်ဖူးပါဘူး။ ဒီလိုနေရာမှာ စတော်ဘယ်ရီက ရှင်ရောရှင်ပါ့မလား။ သူသာ ကျရှုံးသွားရင် ဆုံးရှုံးမှုက မနည်းမနောပဲ။” တစ်ယောက်က အသံကျယ်ကျယ်ဖြင့် ထပြောလိုက်သည်။ ထိုလူများကတော့ ရှောင်မိသားစုကို မနာလိုဖြစ်နေကြသည့် လူအုပ်စုပင်ဖြစ်သည်။
“ငွေတွေဆုံးရှုံးသွားတော့ရော ဘာဖြစ်လဲ။ ရျောင်လင်းယွီက မြို့ပြန်လိုက်ရုံနဲ့ ငွေထပ်ရှာနိုင်သေးတယ်။ ဆုံးရှုံးသွားလဲ နှစ်နှစ်လောက်ဆို ပြန်ဖာနိုင်ပြီ။ ငါတို့လိုမဟုတ်ဘူး၊ ငါတို့ကတော့ အဲ့လိုသာ ဆုံးရှုံးလိုက်ရရင် ရှိသမျှအကုန်ပြောင်မှာ။”
“ဟုတ်တယ်၊ လင်းယွီကတတ်နိုင်တယ်လေ။ ပြီးတော့ စတော်ဘယ်ရီခင်းသာ ဒီနေရာမှာ အဆင်ပြေသွားရင် ငွေတွေအများကြီးလည်း ပြန်ရဦးမှာ။”
“သူသာအဆင်ပြေသွားရင် ငါတို့လည်း အကျိုးအမြတ်ရနိုင်တာပဲ။” တချို့ကတော့ ရှောင်လင်းယွီကို အထင်ကြီးကြလေသည်။
“အကျိုးအမြတ်လား။ အဲ့ကောင်မလေး အရင်အောင်မြင်အောင်ပဲ စောင့်ကြည့်စမ်းပါဦး။” တစ်ယောက် လှောင်ရယ်လိုက်သည်။ “ဘာလဲ သူရှုံးနိမ့်သွားရင် ငါတို့ရဲ့ငှားရမ်းခတွေ သူ့ကို ပြန်ပေးမလို့လား။”
“မဖြစ်နိုင်တာ။” တစ်ယောက်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။ “သူ့ဘာသာ ရှုံးတာလေ၊ ငါတို့နဲ့ဘာဆိုင်လို့လဲ။ ဘာလို့ ငါတို့က ငါတို့ငှားလို့ရထားတဲ့ငွေကို သူ့ကိုပြန်ပေးရမှာလဲ။”
“ဟုတ်တယ်၊ ငါတို့ စာချုပ်ချုပ်ရင် ဒီအချက်ကို သေချာရှင်းရှင်းလင်းလင်း လုပ်ထားရမယ်။ သူအရှုံးပေါ်တာနဲ့ ငါတို့ငှားခတွေကို ပြန်ပေးရမယ်ဆိုရင် ငါတို့လည်း ဒီမြေကို ငှားစရာအကြောင်းမရှိတော့ဘူး။”
“ဟုတ်တယ်၊ ငါလည်း သဘောတူတယ်။”
“မင်းတို့ကတော့ အရမ်းအစိုးရိမ်လွန်နေကြပြန်ပါပြီ။ ရှောင်လင်းယွီ ကံဘယ်လောက်ကောင်းလဲ မင်းတို့ မေ့နေကြပြီလား။ သူဝယ်လာတဲ့ နွားပေါက်လေးက နွားဘုရင်လေးဖြစ်နေတာလေ။ သူ့မှာသာ နွားဘုရင်လေးရှိနေမှတော့ ဘယ်လိုလုပ်ပြီးများ အရှုံးပေါ်မှာလဲ။”
“ဟုတ်သားပဲ၊ သူ့မှာ နွားဘုရင်လေးရှိသ၍ သူ အချီကြီးရမှာပဲ။”
“ရှောင်ကျန်းယန်က ဘာလို့ဒီလောက်ကံကောင်းရတာလဲ။ သူ့ကလေးနှစ်ယောက်လုံးက ဉာဏ်ကောင်းပြီး ကြိုးလည်းကြိုးစားကြတယ်။ ရှောင်လင်းယွီက ဘွဲ့ရပြီးတာနဲ့ အိမ်ကို ငွေပြန်ထောက်တယ်။ သူ့မိသားစုကလည်း နှစ်အနည်းငယ်လေးနဲ့ အရမ်းကိုမှ အဆင်ပြေလာပြီ။ အခုဆို နွားဘုရင်လေးကိုပါပိုင်တဲ့အထိ ကောင်းချီးပေးခံနေရတယ်။”
နွားဘုရင်လေးအကြောင်း စကားစလာသည်နှင့် တစ်ယောက်က တစ်ခုခုကိုတွေးမိသွားကာ စိုးရိမ်တကြီးမေးလာခဲ့သည်။ “ရှောင်လင်းယွီက သူ့ဘာသာ စိုက်ပျိုးတော့မှာဆိုတော့ ငါတို့ကို နောက်ဆို နွားဘုရင်လေး ငှားပေးပါဦးမလား။”
နွားဘုရင်လေး၏မစင်သည် အရမ်းကိုမှ အံ့ဩဖို့ကောင်းပေသည်။ ရလဒ်ကို သူတို့ကိုယ်တိုင်လည်း အတည်ပြုထားပြီးဖြစ်သည်။ တချို့ရွာသားများဆိုလျှင် သူတို့လယ်ကွင်းများထဲ နွားဘုရင်လေး နေ့တိုင်းလာပေးဖို့အထိတော့ လောဘတက်နေကြသည်။
“ငါတို့ ကျန်းယန်နဲ့ ချိုးယင်းကို သွားမေးကြတာပေါ့။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီအကြံကောင်းတယ်။”
…..
ပြီးခဲ့သည့် သုံးရက်အတွင်း ရှောင်ဖူချီနှင့် ကျန်းချွမ်းကျောင်းတို့သည် ရှောင်ကျန်းယန် ဒါမှမဟုတ် ရှောင်လင်းယွီ တစ်ယောက်ယောက် နွားဘုရင်လေးကိုခေါ်လာပြီး သူတို့ကို တောင်းတောင်းပန်ပန်နှင့် မြေငှားပေးဖို့ လာပြောမည်ကို အိမ်မှာထိုင်စောင့်နေကြလေသည်။
သူတို့လိုချင်သည့်ရလဒ်ကို အကြာကြီးတောင် မစောင့်လိုက်ရပါဘဲ စာချုပ်ချုပ်မည့်သတင်းကို လက်ခံရရှိလိုက်လေသည်။
ရှောင်ဖူချီသည် အလွန်ဒေါသထွက်သွားတော့သည်။ “ရှောင်ကျန်းယန်၊ ဒါဘာသဘောလဲ။ သူက ငါတို့မြေကိုပဲ ကျော်သွားဖို့ စိတ်ကူးနေတာလား။” မြေငှားရမငှားရကို သူတို့ ဂရုမစိုက်ပေ။ မြေငှားလိုက်လို့လဲ သူတို့အတွက် အကျိုးအမြတ်အများကြီးရမည်မဟုတ်ပေ၊ အဓိကရည်ရွယ်ချက်မှာ နွားဘုရင်လေးကို လိုချင်ခြင်းသာဖြစ်လေသည်။
ကျန်းချွမ်းကျောင်းသည် အစကတော့ ယုံကြည်ချက်အပြည့်ဖြင့် စောင့်နေခဲ့ခြင်းဖြစ်သည်။ ရှောင်လင်းယွီက ကိုယ်တိုင်လာပြီး သူမတို့မိသားစု၏မြေကိုငှားဖို့ တောင်းဆိုလာမည်ဟု သေချာနေခဲ့လေသည်။
သို့သော်လည်း သုံးရက်သာကုန်သွားသော်လည်း သူမလိုချင်သည့် သတင်းက ရောက်မလာတာကြောင့် သူမ၏ယုံကြည်ချက်များမှာ တဖြည်းဖြည်း လွင့်ပျယ်လာတော့သည်။
သူမခင်ပွန်း၏ သံသယအတွေးများကို ကြားလိုက်သော်လည်း ကျန်းချွမ်းကျောင်းကတော့ မောက်မာနေတုန်းပင်။ “သူတို့ လာမှာပါ။ သူတို့သာ ကျွန်မတို့မြေမငှားရင် ကုန်ကျစရိတ်က မိုးထိအောက် ထောင်တက်သွားမှာ။ ကျွန်မတို့မြေကိုငှားမှာသာ ဈေးသက်သက်သာသာနဲ့ပြီးသွားနိုင်မှာလေ။ သူတို့သာ ဉာဏ်ကောင်းရင် သေချာပေါက် ရောက်လာလိမ့်မယ်။”
“ဒါပေမယ့် ရွာလူကြီးက မနက်ဖြန်ကျရင် စာချုပ်လက်မှတ်ထိုးဖို့ ရွာဗဟိုကော်မတီကိုလာခဲ့ဖို့ ရွာသားတွေကို ပြောထားပြီးနေပြီလေ။” ရှောင်ဖူချီက သံသယရှိနေတုန်းပင်။ “ငါတို့ရော သွားကြမလား။”
“သွားရမှာပေါ့။” ကျန်းချွမ်းကျောင်းက အော်လိုက်သည်။ “သူတို့ဘယ်လိုစာချုပ်မျိုး ချုပ်မလဲ ကြည့်ရသေးတာပေါ့။ အဲ့ကလေးမ ရှောင်လင်းယွီက မြို့ပေါ်တက်ပြီး တစ်နှစ်နှစ်နှစ်လောက် အလုပ်လုပ်လိုက်ရုံနဲ့ ကျွန်မတို့ကို အရူးလုပ်နိုင်ပြီထင်နေတာလား။”
“ဟုတ်တယ်၊ စာချုပ်မှာ ပြဿနာတစ်ခုခုရှိနေတာနဲ့ ငါတို့ချက်ချင်းဖော်ထုတ်ပစ်ကြမယ်။” ရှောင်ဖူချီက သဘောတူလေသည်။
တကယ်တော့ သူတို့လင်မယားမေ့နေသည်က သူတို့ကသာ ရှောင်မိသားစုဆီမှ အကူအညီလိုအပ်နေသူများ ဖြစ်သည်ကိုပင်။ သူတို့ကိုယ်တိုင်ကတော့ သူတို့ကိုယ်သူတို့ အမှန်တရားဘက်တော်သားကြီးများလို တွေးခေါ်နေကာ ရှောင်မိသားစုကိုတော့ အပြစ်သားများလို သဘောထားနေလေသည်။
….
တချိန်တည်းမှာပဲ လူများစွာသည် သတင်းမေးရန်အတွက် ရှောင်မိသားစုထံသို့ ရောက်လာခဲ့ကြသည်။
“ချိုးယင်း၊ လင်းယွီက တကယ်ပဲ စတော်ဘယ်ရီနဲ့ နဂါးမောက်သီးစိုက်ဖို့ မြေငှားစာချုပ်ချုပ်ချင်တာလား။”
“ချိုးယင်း၊ လင်းယွီ မြို့မှာ ဝင်ငွေဘယ်လောက်တောင် ရခဲ့တာလဲ။ စဦးငှားခကတင် ယွမ် ၃သောင်း ကျော်နေပြီ။ ပြီးတော့ တခြားကုန်ကျစရိတ်တွေကျန်သေးတယ်လေ။ ငါတို့တစ်ဘဝလုံးအလုပ်လုပ်လာတာတောင် အဲ့လောက်အများကြီးမတတ်နိုင်ဘူး။ မင်းတို့မိသားစုမှာ ဒီလိုထူးချွန်တဲ့သမီးတစ်ယောက်ရှိတာ ငါတကယ်ကို အားကျတယ်။”
“ချိုးယင်း၊ ငါ့မိသားစုကလည်း လင်းယွီရဲ့ဦးဆောင်မှုနောက်လိုက်ပြီး စတော်ဘယ်ရီနည်းနည်းလောက် စိုက်ချင်လို့။ ငါတို့ကို ငွေချေးပေးလို့ရမလား။”
မေမေရှောင်သည် ထိုလူများ၏တစ်ယောက်တစ်ပေါက်ပြောသံများကို နားထောင်နေလေသည်။ သူမက သူမဖြေပေးသင့်သည်ဟုထင်သော အမေးများကို ဖြေပေးခဲ့ပြီး ကျန်လူများကိုတော့ လျစ်လျူရှုထားလိုက်လေသည်…
***