← Chapters

ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာ

Vol. 6 Ch. 106

ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာ

Vol. 6 Ch. 106

အချိန်သုံးရက် ကုန်ဆုံးသွားပြီးနောက်မှာတော့ အနောက်တောင်ပေါ်တွင် မြေရှိသည့် မိသားစုတိုင်းသည် ရွာဗဟိုကော်မတီသို့ ကိုယ်စားလှယ်တစ်ဦးဆီ လွှတ်ခဲ့ကြကာ တချို့ကတော့ တစ်မိသားစုလုံး ရောက်လာခဲ့ကြသည်။

ဒါက သူတို့အတွက် အရမ်းကို ဆန်းကြယ်နေလေသည်။ စာချုပ်ဆိုတာ ဘယ်လိုလဲ သူတို့မြင်ချင်နေကြသည်။ ရွာသားများ ရွာဗဟိုကော်မတီသို့ရောက်သည်နှင့် ထိုအကြောင်းကိုသာ တချိန်လုံးပြောဆိုနေကြပြီး အလွန်ကိုမှ သက်ဝင်နေလေသည်။

မနက် ၉နာရီတွင်၊ ရွာသူကြီး ရှောင်ထိုက်ယန်နှင့် ရှောင်လင်းယွီတို့မိသားစု သုံးဦး အချိန်ကွက်တိရောက်လာခဲ့ကြသည်။

ရှောင်ထိုက်ယန်က မိုက်ခရိုဖုန်းကိုကိုင်ကာ ပြောလာခဲ့သည်။ “အားလုံးပဲ၊ တိတ်တိတ်နေကြပါ။”

ရွာသားများအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး ရှောင်လင်းယွီကိုင်ထားသည့် စာရွက်စာတမ်းအိတ်ကို စပ်စပ်စုစုဖြင့် ကြည့်နေကြလေသည်။ ရွာသားတော်တော်များများသည် စာမတတ်ကြပေ။ သို့သော်လည်း ရွာသူကြီးနှင့် မျိုးဆက်သစ်များကတော့ ဘယ်လိုဖတ်ရမလဲ သိကြလေသည်။ ရှောင်လင်းယွီက ပညာတတ်တစ်ယောက်ဖြစ်နေတာကြောင့် သူတို့လှည့်စားခံရမည်ကို မစိုးရိမ်ကြပေ။ ထို့အပြင် ရှောင်ကျန်းယန်၏အကျင့်စရိုက်ကိုလည်း သူတို့ယုံကြည်လေသည်။ သူ့မိသားစုသည် ရိုးသားကာ ဖြောင့်မတ်ကြသူများပင်။

ရွာသူကြီးက ဆက်ပြောလာခဲ့သည်။ “အားလုံးလည်း ဒီနေ့ဘာလို့ ဒီကိုလာရလဲ သိပြီးသားဖြစ်မှာပါ။ ရှောင်လင်းယွီက အနောက်တောင်တန်းက သဲမြေတွေကို ငှားချင်နေတယ်။ မြေတွေက အဆင့်နိမ့်တဲ့ခြောက်သွေ့မြေတွေပဲ။ ပုံမှန်ငှားခဆို တစ်မူကို ယွမ်၃၀၀လောက်ရလိမ့်မယ်။ ဒါပေမယ့် ရှောင်လင်းယွီက မျှတတဲ့ကလေးပါ။ ငါတို့က တစ်ရွာတည်းသားတွေဖြစ်တာကြောင့် သူက တစ်မူကို ယွမ်၄၀၀ ပေးပြီး ငှားလိမ့်မယ်။ ဒါကြောင့် ငှားခက နည်းတယ်ဆိုပြီး အထွန့်တက်ဖို့တော့ စိတ်မကူးကြနဲ့။ သဘောတူထားတာကို ဗလောင်းဗလဲလုပ်ရင် မင်းတို့ကို ငါအရင် အပြစ်ပေးမယ်။”

သူ့စကားကိုကြားသည်နှင့် တချို့က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေကြလေသည်။ “ရွာသူကြီး၊ မစိုးရိမ်ပါနဲ့။ ကျုပ်တို့ မလုပ်ပါဘူး။”

“ဟုတ်တယ်၊ ရွာသူကြီး။ လင်းယွီပေးတဲ့ဈေးက ပုံမှန်ထက်များနေပြီလေ။ အပိုတွေဆက်ပြောနေရင် ပြဿနာရှာတာပဲဖြစ်သွားမှာပေါ့။”

“ဟုတ်တယ် ရွာသူကြီး။ ကျွန်တော်တို့ လင်းယွီကို ငှားပေးဖို့ သဘောတူထားပြီးမှတော့ သူ့ကိုပြဿနာမရှာပါဘူး။”

“ဟုတ်တယ်၊ ဟုတ်တယ်။” အားလုံးက ပြောလာကြသည်။

သို့သော်လည်း တစ်ယောက်က သူတို့အသိချင်ဆုံးမေးခွန်းကို မေးလာခဲ့သည်။

“လင်းယွီ၊ တကယ်တော့ နောက်ကျရင် ငါတို့ မင်းအိမ်က နွားဘုရင်လေးကို ငှားလို့ရဦးမလားဆိုတာတော့ သိချင်တယ်။” တစ်နည်းပြောရရင်တော့ နွားဘုရင်လေး၏မစင်ကို လိုချင်ခြင်းဖြစ်သည်။ ဒါပေါ့ တကယ်ပြောချင်တာကြောင့် ငါတို့ မင်းကိုမြေငှားထားတယ်၊ ဒီတော့ နွားဘုရင်လေးကိုလည်း ငါတို့ကို ပြန်ငှားပေးဆိုတာပေါ့။

“ဟုတ်တယ်၊ လင်းယွီ။” ထိုမြေသည် အလွန်ကိုမှ သဲများသည်။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့် အသီးအနှံ့မှာ အကန့်အသတ်ရှိလေသည်။ ဒါ့အပြင် ထွက်နှုန်းကလည်း ပျမ်းမျှသာရှိပေသည်။ ဒါကြောင့် အများစုအတွက်တော့ ရှောင်လင်းယွီကို မြေငှားပေးလိုက်တာက ပိုကောင်းလေသည်။

သို့သော်လည်း လတ်တလောတွင် ရှောင်လင်းယွီက သူ့ကိုမြေမငှားပေးတဲ့လူကို နွားဘုရင်လေးအား မငှားပေးနိုင်တော့ဘူးဆိုသည့် ကောလဟာလတစ်ခုထွက်နေလေသည်။ ဒါက ရွာသားများကို စိုးရိမ်သွားစေခဲ့သည်။ ရှောင်လင်းယွီက သူတို့မြေကိုငှားချင်နေတာကြောင့် နွားဘုရင်လေးကို အလကား ခေါ်ခွင့်ပြုထားခြင်းဖြစ်သည်။ သူမသာ သူတို့မြေကိုရပြီးသွားသည်နှင့် နွားဘုရင်လေးကို ထပ်ပြီး သူတို့နဲ့လမ်းလျှောက်ခွင့်ပြုတော့မှာမဟုတ်ဘူး။

ရှောင်လင်းယွီက ပြန်ဖြေလာခဲ့သည်။ “ကျွန်မ ဘယ်သူ့ကိုမှ ရှောင်ကွမ်းကို ထပ်ငှားပေးမှာမဟုတ်တော့ဘူး။”

သူမထိုစကားပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံး ဆူပွက်သွားတော့သည်။

“ဘာပြောတယ်။”

“ဒီလိုဆို… ငါတို့လည်း ငါတို့မြေကို မငှားပေးနိုင်ဘူး။” တချို့ရွာသားများက ဒေါသထွက်သွားကြသည်။ “လင်းယွီ၊ မင်းက ငါတို့မြေကိုလိုချင်လို့ နွားဘုရင်လေးကို ငါတို့ကိုငှားပေးခဲ့တာပဲ။ ငါတို့သဘောတူလိုက်တာနဲ့ နွားဘုရင်လေးကို ထပ်မငှားတော့ဘူးပေါ့။ ရှောင်လင်းယွီ၊ မင်းက အတော်အတွက်အချက်ကြီးတာပဲ။”

“ကျန်းချိုးရှန်၊ နင်ဘာတွေပြောနေတာလဲ။” ကျိုးယန်သည် ထိုလူများကို စိတ်ပျက်သွားတော့သည်။ “လင်းယွီမှာ နွားဘုရင်လေးကိုငှားပေးဖို့ ဝတ္တရားမရှိဘူး။ ပြီးတော့ ထောင်ယွမ်ရွာမှာ နွားမွေးထားတဲ့မိသားစုတွေမှ အများကြီးပဲ။ နင်ဘာလို့ အဲ့မိသားစုတွေဆီက နွားတစ်ကောင်လို့ သွားမငှားကြည့်တာလဲ။ အကုန်လုံး နင့်ဆီက ငှားခတောင်းလိမ့်မယ်။ လင်းယွီရဲ့နွားပေါက်လေးက အများပိုင်မဟုတ်ဘူး။”

ကျန်းချိုးရှန်က အေးစက်စက်နှာမှုတ်လိုက်လေသည်။ “ဒါပေမယ့် အဲ့နွားတွေထက် ဘယ်ကောင်ကမှ နွားဘုရင်မဟုတ်ဘူးလေ။ ငါက ဘာလို့ သူတို့ကိုသွားငှားရမှာလဲ။”

“နွားဘုရင်လေးကရော နွားပဲမဟုတ်ဘူးလား။ လင်းယွီက သူ့ကိုဝယ်ဖို့ သူငွေသူသုံးထားတာမဟုတ်ဘူးလား။” လျိုချွမ်းဟွာက ဝင်ပြောလာလေသည်။ “တကယ်လို့ တွက်ကပ်နေတဲ့သူရှိရင် အဲ့ဒါတခြားမဟုတ်ဘူး၊ နင်ပဲ။ လင်းယွီက နွားဘုရင်လေးကို မငှားတော့ဘူးဆိုတာနဲ့ နင်ကလည်း နင့်မြေကိုမငှားချင်တော့ဘူးလေ။ ဒါခြိမ်းခြောက်နေတာမဟုတ်လို့ ဘာလဲ။”

ကျန်းချိုးရှန်၏မျက်နှာက နီရဲသွားကာ အော်ကျယ်အော်ကျယ်ဖြင့် ဆက်ပြောလေသည်။ “ဒီမြေက ငါ့မြေ။ ငါ့ဘာသာ ငှားငှား မငှားငှား ငါ့လွတ်လပ်ခွင့်ပဲ။ ဒါကို ဘယ်လိုလုပ် ခြိမ်းခြောက်တယ်လို့ ယူဆလို့ရမှာလဲ။”

“လင်းယွီ မင်း တကယ်ပဲ ငါတို့ကို နွားဘုရင်လေး ထပ်မငှားပေးတော့ဘူးပေါ့။ ဒါဆို ငါတို့လည်း ငါတို့မြေကို မင်းကိုငှားပေးစရာအကြောင်း မရှိတော့ဘူး။”

“ဒါပေမယ့် ငါတို့မြေငှားပေးဖို့ သဘောတူပြီးသားလေ။ အခုမှ ကိုယ့်စကားကို ပြန်ရုတ်သိမ်းတာ မကောင်းဘူးထင်တယ်။”

“ငါတော့ ငါ့မြေကိုငှားချင်သေးတယ်။ ဒီမြေက ဘာပဲဖြစ်ဖြစ် အသုံးမှမဝင်တာ။ လင်းယွီကိုငှားပေးလိုက်တာကမှ ငွေနည်းနည်းရနိုင်သေးတယ်။”

“ဟုတ်တယ်၊ ယွီအာက ငါတို့ကို ရက်ရက်ရောရောနဲ့ တစ်မူကို ယွမ် ၄၀၀ တောင်ပေးထားပြီးပြီလေ။ လျိုမိသားစုရွာကလူတွေဆိုရင် သူတို့ရဲ့အဆင့်နိမ့်ခြေသွေ့မြေအတွက် အငှားစာချုပ်ချုပ်တာ တစ်မူကို ယွမ် ၂၈၀ ပဲပေးတယ်လို့ပြောတယ်။”

“မှန်တယ်၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ငါ့မြေကို လင်းယွီကို ငှားပေးမယ်။”

ထိုသို့ဖြင့် ချက်ချင်းဆိုသလိုပင် ရွာသားများသည် အုပ်စုသုံးစု ကွဲသွားကြတော့သည်။

ပထမတစ်စုကတော့ သူတို့မြေကို မငှားချင်တော့တဲ့အုပ်စု၊ ဒုတိယကတော့ ငှားချင်တဲ့အုပ်စု၊ တတိယကတော့ ကြားနေအုပ်စုဖြစ်သည်။

ရွာဗဟိုကော်မတီတစ်ခုလုံး ဆူညံပွက်လောရိုက်နေတော့သည်။ ရွာသားများက အပြိုင်အဆိုင် ငြင်းခုန်နေကြကာ ရန်ပင်ထသတ်ကြတော့မလိုပင်။

ရှောင်လင်းယွီက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ သူတို့ကို ရပ်ခိုင်းလိုက်သည်။ “အားလုံးပဲ၊ နားထောင်ကြပါဦး။ ကျွန်မပြာတာ အခုထိ မပြီးသေးဘူး။”

လူအုပ်ကြီးက ချက်ချင်းပင် တိတ်သွားကြသော်လည်း တချို့ကတော့ ဒေါသထွက်နေကြတုန်းပင်။

“လင်းယွီ ဆက်ပြော။ အားလုံးနားထောင်နေတယ်။”

ရှောင်းလင်းယွီက ပြောလာခဲ့သည်။ “ကျွန်မ ရှောင်ကွမ်းကို မငှားတော့ပေမယ့် ကျွန်မတို့မိသားစုရဲ့ နွားတင်းကုတ်မှာ နွားချေးလာယူလို့ရသေးတယ်လို့ ပြောမလို့ပါ။ ဒီလိုဆို ပိုပြီး အဆင်မပြေဘူးလား။”

ရွာသားတော်တော်များများသည် ရှောင်ကွမ်းကို ဂရုမစိုက်ကြကြောင်း ရှောင်လင်းယွီ သတိထားမိလေသည်။ သူတို့အတွက်တော့ ရှောင်ကွမ်းသည် ပစ္စည်းတစ်ခုသာဖြစ်သည်။ ရှောင်ကွမ်းသာ ဆီးမသွား အလေးမသွားရင် ရွာသားများသည် သူ့ကို မြက်များအလွန်အကျွံကျွေးတာ၊ ရိုက်နှက်တာနှင့် အမျိုးစုံ နှိပ်စက်ကြလေသည်။ ထို့ကြောင့်ပဲ ရှောင်ကွမ်းကို သူမဘာသာ ဂရုစိုက်တော့မည်ဟု ရှောင်လင်းယွီ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရှောင်လင်းယွီ၏စကားကိုကြားပြီးနောက် ရွာသားများ မှင်သက်သွားကြတော့သည်။

ကျိုးယန်က ထရယ်လာခဲ့သည်။ “လင်းယွီက ကြင်နာတတ်တဲ့ကလေးမှန်း ငါသိသားပဲ။ အခု၊ ဟိုအရေထူတဲ့လူတွေ ဘာပြောမလဲ ကြည့်ရသေးတာပေါ့။”

“ဟုတ်တယ်။ သူတို့က သူတို့မြေကို ရွှေလို့ထင်နေကြတာလ။ လင်းယွီက ငှားကိုငှားမှဖြစ်မယ်ပေါ့။”

“ဟားဟား၊ ယွီအာ၊ တချို့လူတွေက သူတို့ကိုယ်သူတို့ အရမ်းအထင်ကြီးနေတာ၊ မင်းအိမ်လာပြီး နွားချေးကျုံးဖို့ လုပ်ချင်ကြမှာမဟုတ်ဘူး။”

“ဟုတ်တယ်၊ သူတို့က မင်းကို ကိုယ်တိုင် နွားချေးကျုံးပြီး ကိုယ်တိုင်ကိုယ်ကျ ဆက်သတာကို လိုချင်နေကြတာ။ မဟုတ်ရင် သူတို့မြေကို ငှားပေးမှာမဟုတ်ဘူး။”

တချို့ကတော့ ထိုအထေ့အငေါ့စကားများကြောင့် ရှက်ရွံ့လာခဲ့ကြသည်။ သို့သော်လည်း သူတို့ဘာမှ ပြန်မပြောရဲကြပေ။ သူတို့သာ စကားမှားသွားလျှင် ရှောင်လင်းယွီက နွားချေးကျုံးဖို့စာရင်းထဲကနေတောင်မှ ထုတ်ပစ်နိုင်ပေသည်။

ဒါကြောင့် သူတို့အနေနှင့် နေရခက်ခက်ဖြင့် အကျယ်ကြီးထရယ်ရုံသာ တတ်နိုင်တော့သည်။ “ငါတို့က နောက်နေတာပါ။”

ရှောင်ကျန်းယန်က မိုက်ခရိုဖုန်းကို ဆွဲယူလိုက်လေသည်။ “အားလုံးလည်း ငါ့ရဲ့အကျင့်နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ငါ့ယွီအာက နွားပေါက်လေးကို စေတနာနဲ့ငှားပေးခဲ့တာဆိုပေမယ့် ငါကတော့ သူ့စေတနာအပေါ် ဘယ်သူ့ကမှ အမြတ်ထုတ်တာကို မလိုချင်ဘူး။ နောက်အနာဂါတ်မှာ တစ်ယောက်ယောက်က ငါ့ယွီအာကို ရှောင်ကွမ်းကိုဗန်းပြပြီး တွက်ချက်တယ်လို့ ပြောရဲပြောကြည့်၊ ဖြစ်လာမယ့် အကျိုးဆက်အတွက်ပါ အသင့်ပြင်ထားကြ။”

ဖခင်တစ်ယောက်အနေနှင့် သူ့သမီးကို အစွမ်းကုန် ကာကွယ်ပေးသွားပေမည်…

***

All Chapters