စာချုပ်တွင်လက်မှတ်ထိုးကြခြင်း (၁)
Vol. 6 Ch. 107
ထောင်ယွမ်ရွာသားများသည် ရှောင်ကျန်းယန်၏အကျင့်စရိုက်ကို သိကြပြီးသားပင်။ သူသည် သူ့မိသားစုကိုသာ မထိသ၍ ပြောရဆိုရလွယ်ကူသူဖြစ်သည်။ ဒါကြောင့် လူတွေက သူ့သမီး၏နာမည်ကို ပွင့်ပွင့်လင်းလင်းပင် မဟုတ်တမ်းတရား စွပ်စွဲပြောဆိုလာချိန်မှာတော့ သူ့ဒေါသကို မထိန်းနိုင်တော့သည်မှာ သဘာဝပင်။
ထောင်ယွမ်ရွာတွင် ရွာသူကြီးကလွဲ၍ ရှောင်ကျန်းယန်၏မိသားစုသည် အကျော်ကြားဆုံးမိသားစုဖြစ်သည်။
ရှောင်ကျန်းယန်သည် ရွာထဲတွင် အချမ်းသာဆုံးဖြစ်လေသည်။ တခြားထက် သူ့တွင် ဉာဏ်ပညာထူးချွန်သော ကလေးနှစ်ယောက်လည်းရှိသည်။ တစ်ယောက်ဆိုလျှင် တက္ကသိုလ်ကပင် ဘွဲ့ရခဲ့ပြီဖြစ်သည်။
ရှောင်ကျန်းယန်၏စကားများသည် ရိုးရှင်းသော်လည်း လျစ်လျူမရှုနိုင်လောက်အောင် ပြင်းထန်လှသည်။
တချို့ကတော့ ချက်ချင်းပင် ရှက်ရွံ့စွာ ပြုံးလိုက်ကာ၊ “ကျန်းယန်၊ မင်းဘာလို့ ဒီလောက်အတည်ကြီးလုပ်နေတာလဲ။ ငါတို့က နောက်နေရုံပါ။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့က နောက်နေရုံပဲ။”
အခုချိန်က ရှောင်လင်းယွီဖြစ်ဖြစ် ရှောင်ကျန်းယန်ကိုဖြစ်ဖြစ် အာခံရန် အချိန်ကောင်းမဟုတ်သေးပေ။ ရှောင်လင်းယွီသည် အခုလေးတင် ရွာသားများကို နွားဘုရင်လေး၏မစင်ကို ကျုံးခွင့်ပြုမည်ဟု ပြောထားခြင်းဖြစ်သည်။ သူမကို အာခံလိုက်တာက ကိုယ့်ခြေထောက်ပေါ် ကျောက်တုံးပစ်ချတာနဲ့ မကွာပေ။
ရှောင်ကျန်းယန်၏အကြည့်စူးစူးက ထိုအပြစ်ရှိစိတ်တို့ လွှမ်းခြုံနေသည့်မျက်နှာများပေါ် ဖြတ်သွားလေသည်။ သူက ထူးမခြားနားစွာပင် ပြန်ပြောလာခဲ့သည်။ “ငါတော့ ဒီလိုနောက်ပြောင်မှုမျိုးကို မကြိုက်ဘူး။”
ဘယ်သူမှ ဘာမှပြန်မပြောရဲကြတော့ပေ။ အားလုံး အပြစ်မကင်းသည့်အပြုံးများဖြင့်သာ တုံ့ပြန်ကြလေသည်။
ထို့နောက် ရှောင်လင်းယွီက ထပ်ပြောလာခဲ့သည်။ “ဒါပေမယ့် ကျွန်မ တစ်ခုကိုတော့ တစ်ခါတည်းရှင်းအောင် လုပ်ချင်တယ်။ ကျွန်မမိသားစုမှာ နွားနှစ်ကောင်ထဲရှိပေမယ့် ထောင်ယွမ်ရွာမှာတော့ အိမ်ထောင်စု ၂၀၀လောက်ရှိတယ်။ ဒါက သေချာမခွဲဝေထားရင် ပြဿနာဖြစ်လာနိုင်တယ်။”
ဤသည်မှာ ပြဿနာကြီးတစ်ရပ်ဖြစ်လေသည်။ ထောင်ယွမ်ရွာရှိ မိသားစုတော်တော်များများတွင် ကိုယ်ပိုင်နွားများရှိသော်လည်း သူတို့၏နွားချေးများကတော့ နွားဘုရင်လေး၏ နွားချေးကို မယှဉ်နိုင်ပေ။
သို့သော်လည်း မိသားစုပေါင်း ၂၀၀ ဝန်းကျင်အတွက် နွားဘုရင်လေးမှာ တစ်ကောင်သာရှိတာကြောင့် အချိုးကမမျှပေ။
“ယွီအာ၊ ဒါဆို မင်းမှာ ဘာအစီအစဉ်ရှိလဲ။” ရှောင်ချန်းပမ်းက မေးလာခဲ့သည်။
“မိသားစုတစ်ခုစီတိုင်း ခြောက်လတစ်ကြိမ်ပဲ နွားချေးလာယူလို့ရမယ်။ လာတဲ့သူတွေက ကျွန်မတို့မိသားစုမှာ စာရင်းသွင်းသွားရမယ်။”
ထောင်ယွမ်ရွာတွင် မိသားစုပေါင်း ၁၈၆ စုရှိသည်။ မိသားစုတစ်စုကို ၆လလျှင် တစ်ကြိမ် အခွင့်အရေးရှိမည်ဆိုလျှင် အားလုံးအလှည့်ကျ ရသွားနိုင်မည်ဖြစ်သည်။ ဒီအစီအစဉ်က အတော်လေး ကျိုးကြောင်းဆီလျော်သော်လည်း…
လျိုချွမ်းရှို့က မေးလာခဲ့သည်။ “ငါတို့က ၆လနေမှတစ်ကြိမ်ပဲရမှာလား။ ဒါဆို အရေးပေါ်လိုလာရင်ဘယ်လိုလုပ်မလဲ။”
ရှောင်လင်းယွီက ပြန်ဖြေလာခဲ့သည်။ “မိသားစုတိုင်းကို တိကျတဲ့ပမာဏတစ်ခုသတ်မှတ်ပြီး ပေးမှာပါ။ ကိုယ်ရထားသမျှကို တစ်ခါတည်းအကုန်သုံးပစ်ဖို့မှမလိုတာ။ တစ်ခါကို နည်းနည်းစီပဲ သုံးပေါ့။ ပြီးတော့ ကိုယ့်ဘာသာကိုယ် တိုင်းတိပြီးသုံးကြလေ။ လာယူတဲ့အခါတိုင်းတော့ စာရင်းသွင်းဖို့ပဲလိုတယ်။ ကျွန်မမိသားစုက အားလုံးသုံးလို့ရမယ့် နွားချေးစုဆောင်းတဲ့ကိရိယာတစ်ခု လုပ်ပေးထားမယ်။”
“ဒီလိုဆိုတော့လည်း မျှတသားပဲ။” ရွားသားများသည် ဤသည်က ပြဿနာတစ်ခုမဟုတ်မှန်း သိကြသည်။ နွားဘုရင်လေး၏ ကျင်ငယ်ရေကတင် လယ်ကွက်ကြီးတစ်ခုကို ရေရောပြီး လောင်းလို့ရလေသည်။
“ယွီအာ၊ ငါတို့ အဲ့ဒီနွားချေးမြေဩဇာတွေအတွက် ငွေပေးဖို့လိုသေးလား။” တစ်ယောက်က မေးလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုသဘာဝမြေဩဇာသည် အလွန်ကိုမှ တန်ဖိုးကြီးလေသည်။ ရွာသားများစွာသည် ထိုပြဿနာအတွက် စိုးရိမ်နေကြသည်။ သူတို့အကြည့်များက ရှောင်လင်းယွီပေါ်က မခွာကြတော့ပေ။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “သေချာပေါက် အခမဲ့ပါ။”
ရွာသားတော်တော်များများ အံ့ဩသွားကြလေသည်။ နွားဘုရင်လေးသာ တခြားမိသားစုမှာဆိုလျှင် သေချာပေါက် အခကြေးငွေကောက်ခံကြပေလိမ့်မည်။ ဒီလိုကနေ သူတို့ချမ်းသာလာနိုင်တာပဲကို။ သို့သော်လည်း ရှောင်လင်းယွီကတော့ အတော်လေး ရက်ရက်လေသည်။
“လင်းယွီ… အရမ်းကြင်နာတတ်တာပဲ။” ကျိုးယန်သည် အံ့ဩသွားခဲ့သည်။ သူမက ခဏတွေးကြည့်လိုက်ပြီးနောက်၊ “လင်းယွီ၊ ငါကတော့ ဒီအတွက် ငွေပေးသင့်တယ်လို့ ထင်မိတုန်းပဲ။ ငါတို့ တစ်အိတ်ကို ယွမ် ၁၀၀ ပေးမယ်။”
“ဟုတ်တယ်၊ လင်းယွီ။ နွားဘုရင်လေးက အရမ်းအံ့ဩဖို့ကောင်းတယ်။ တခြားလူတွေတော့မသိပေမယ်။ ငါလည်း ဒီလိုပစ္စည်းမျိုးကို အလကားယူတာ မဟုတ်သေးဘူးလို့ တွေးမိတယ်။ ငါ့မိသားစုကလည်း ပေးမယ်။”
“ငါတို့ပေးလိုက်တာက ပိုပြီးသင့်တော်မယ်လို့ ငါလည်းတွေးမိတယ်။” တချို့ရွာသားများကလည်း ရှောင်မိသားစုကို ဤသို့ အမြတ်ကြီးထုတ်တာ မကောင်းဘူးဟု ခံစားမိကြသည်။
“ဟုတ်တယ်။ ငါတို့ ငွေပေးချေကြတာပေါ့။”
ရွာသားအများစုသည် ပိုက်ဆံပေးရန် သဘောတူလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ပုံမှန်ဆိုလျှင် ဓာတ်မြေဩဇာတ်များဝယ်နေရခြင်းဖြစ်သည်။ ထိုဓာတ်မြေဩဇာတ်က နွားဘုရင်လေးထံမှရသည့် သဘာဝမြေဩဇာထက်လည်း မကောင်းပေ။
သို့သော်လည်း တွန့်တိုကာ လောဘကြီးသည့် လူများလည်းရှိသေးသည်။ ရှောင်မိသားစုကတောင် ရူးရူးမိုက်မိုက်နဲ့ အရမ်းရက်ရောနေမှတော့ သူတို့ကဘာလို့ အခွင့်ကောင်းမယူရမှာလဲ။
“လင်းယွီက ငါတို့ကို စေတနာနဲ့ပေးနေတာလေ၊ ဘာလို့ သူ့စေတနာကို ငြင်းနေမှာလဲ။”
“ဟုတ်သားပဲ။ တစ်နှစ်ကိုမှ နှစ်ကြိမ်လေးပဲယူခွင့်ပေးပြီးတော့များ ငါတို့ဆီက ပိုက်ဆံလိုချင်နေသေးတာလား။ အရမ်းလွန်သွားပြီ။”
“အဲ့ဒါဘာသဘောလဲ။ မင်းတို့မိသားစု အပတ်တိုင်း ဓာတ်မြေဩဇာဝယ်နေကြတာပဲမဟုတ်ဘူးလား။ အဲ့ဒီဓာတ်မြေဩဇာတွေအတွက်ကျတော့ မင်းတို့ ပိုက်ဆံပေးဖို့ မလိုကြဘူးလား။”
“ဒါက တူမလား။ ဓာမြေဩဇာတ်ကို လူတွေလုပ်ဖို့အတွက် လစာပေးရတယ်လေ။ လင်းယွီက သူ့နွားကို လစာပေးဖို့မှမလိုတာ၊ မဟုတ်ဘူးလား။”
ထိုလူများသည် သူတို့လုပ်သမျှ တရားမျှတသယောင်ဆောင်ဖို့ အကြောင်းပြချက်တွေ အဆင်သင့်ရှိကြလေသည်။
“ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးကြပါဦး။” ရှောင်လင်းယွီက မိုက်ခရိုဖုန်းနှင့် ထပ်အော်လိုက်ပြန်သည်။ သူမက ဆက်ပြောလာခဲ့သည်။ “အားလုံးပဲ သဘာဝမြေဩဇာကို အလကားယူလို့ရပါတယ်၊ ဒါပေမယ့် ကျွန်မမှာ အခြေအနေသေးသေးလေးတစ်ခုတော့ရှိတယ်။”
“ဘာများလဲ၊ လင်းယွီ။”
“လူတိုင်း ကိုယ်ရိတ်သိမ်းထားတဲ့အသီးအနှံတွေကို ရောင်းတော့မယ်ဆိုရင် ကျွန်မကို အရင်ရောင်းပေးနိုင်မလား။”
ရှောင်လင်းယွီသည် အသီးအနှံများအပေါ် စမ်းရေ၏သက်ရောက်မှုရှိနေမည်ဖြစ်ကြောင်း သိနေလေသည်။ “ဒါပေါ့၊ ကျွန်မ ရှင်တို့အပေါ် အခွင့်ကောင်းမယူပါဘူး။ အားလုံးကို တန်ရာတန်ကြေးပေးမှာပါ။” ရှောင်လင်းယွီက ထပ်ပေါင်းပြောလိုက်သည်။
လူတော်တော်များများကတော့ စိတ်ရှုပ်ထွေးသွားကြလေသည်။
“ရိုးရိုးသားသားပြောရရင်၊ လယ်ယာလုပ်ငန်းလုပ်တာထက် ကျွန်မတို့မိသားစုက ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေရောင်းချမယ့် စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ဖို့ စီစဉ်နေတာပါ။”
ဒီတော့မှ အားလုံး သဘောပေါက်သွားတော့သည်။
“လင်းယွီ၊ ဒါက ဘာမှမဟုတ်ဘူးလေ။ ငါတို့ မင်းအပေါ်ကနေ အခွင့်ကောင်းယူနေမိတုန်းပဲ။”
“ဟုတ်တယ်။ ငါတို့ စိုက်ပျိုးရိတ်သိမ်းပြီးလို့ စားမကုန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ရောင်းရမှာပဲလေ။ မင်း ငါတို့အတွက် ရောင်းပေးနိုင်ရင် ငါတို့ကတောင် ကျေးဇူးတင်ရမှာပေါ့။”
“ဟုတ်သားပဲ။ ဒါက ငါတို့ကို ပိုပြီးတောင် အဆင်ပြေသွားစေသေးတယ်။ မင်းအပေါ် အရမ်းအခွင့်ကောင်းယူသလို ဖြစ်နေပြီပဲ။” လူတော်တော်များများက ထိုအတိုင်း ဆက်ပြောလာကြသည်။
ရှောင်လင်းယွီက ပြုံးလိုက်ကာ ဘာမှပြန်မပြောခဲ့ပေ။ စမ်းရေကြောင့် ဖြစ်ထွန်းလာမည့် အသီးအရွက်များ၏တန်ဖိုးကို သူမကတော့ ရှင်းရှင်းလင်းလင်းသိလေသည်။ ထိုတန်ဖိုးအကြောင်း အခြားသူများ ရှာမတွေ့သေးခင် ဈေးကွက်ကို လွှမ်းမိုးထားဖို့လိုပေသည်။
“လင်းယွီ၊ ဒီကိစ္စကိုတော့ ငါတို့သဘောတူတယ်။” ရွာသားအများစုက တုံ့ဆိုင်းခြင်းမရှိ သဘောတူလာကြသည်။ “တခြားအခြေအနေတေရှိသေးလား။ အခုတစ်ခါတည်းပြောလိုက်တော့။”
“ဟုတ်တယ်၊ ဟုတ်တယ်။”
ရှောင်လင်းယွီက ခေါင်းခါလိုက်လေသည်။ “ဒါ အကုန်ပါပဲ။”
ရှောင်လင်းယွီသည် စာချုပ်ကိုထုတ်လိုက်ကာ အလေးအနက်ထားပြီး မေးလိုက်လေသည်။ “အားလုံးပဲ စာချုပ်နဲ့ပတ်သတ်ပြီး သေချာစဉ်းစားဖို့ မျှော်လင့်ပါတယ်။ တခြားပြောချင်တာများ ရှိကြသေးလား။”
“မရှိဘူး၊ မရှိဘူး။” တချို့က ချက်ချင်းပြန်ဖြေလိုက်ကာ တချို့ကတော့ နှုတ်ဆိတ်နေကြလေသည်။
စာချုပ်ကဘာမှန်း သူတို့နားမလည်ကြတာတောင်မှ သူတို့ စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် သူတို့မြေကို ပြန်ယူချင်တိုင်း ပြန်ယူဖို့ ခက်သွားပြီဖြစ်ကြောင်းကိုတော့ ရွာသူကြီးဆီက ကြားထားပြီးဖြစ်သည်။
ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “ဒါက မြေအငှားစာချုပ်ပါ။ ဖတ်ကြည့်ပြီးလို့ ဘာပြနာမှမရှိရင် လက်ဗွေနှိပ်ပြီး လက်မှတ်ထိုးလိုက်လို့ရပါပြီ။ ဒါက ရှင်တို့မြေကို ကျွန်မဆီ တရားဝင်ငှားလိုက်ပြီဆိုတဲ့ သဘောပါ။”
“ပြီးတော့ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် တခါတည်းပြောလိုက်ပါ့မယ်။ စာချုပ်အရ၊ စာချုပ်ကာလမပြီးဆုံးခင် မြေကိုပြန်လိုချင်တယ်ဆိုရင် ငှားခရယ် အဲ့ဒီနှစ်က အဲ့ဒီမြေကွက်ကနေ ရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေရဲ့ ဆယ်ဆ ကျွန်မကို ပေးရမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့ရင်လည်း ငှားခရယ် အဲ့ဒီနှစ်အတွင်း အဲ့ဒီမြေကွက်ပေါ်ကနေ ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ဆယ်ဆကို ပြန်ပေးလျော်မှာပါ။”
ရှောင်လင်းယွီက စာချုပ်ပါ အချက်အလက်များကို ဆက်လက်ရှင်းပြလာခဲ့သည်။
***