← Chapters

စာချုပ်တွင် လက်မှတ်ထိုးကြခြင်း (၂)

Vol. 6 Ch. 108

စာချုပ်တွင် လက်မှတ်ထိုးကြခြင်း (၂)

Vol. 6 Ch. 108

“ဒီတော့ စာချုပ်နဲ့ပတ်သတ်ပြီး တုံ့ဆိုင်းနေတဲ့အချက်တွေရှိရင် အခုချိန် ပြန်နောက်ဆုတ်လို့ရပါသေးတယ်။” ရှောင်လင်းယွီက အလေးအနက်ထားကာ ရှင်းပြလာခဲ့သည်။ “စာချုပ်မှာ လက်မှတ်ထိုးပြီးသွားရင်တော့ မြေယာလုပ်ပိုင်ခွင့်က နောက်ဆယ်နှစ်အထိ ကျွန်မအပိုင်ဖြစ်သွားမှာပါ။ လက်မှတ်ထိုးပြီးနောက်မှ ကိုယ့်မြေကိုပြန်ယူချင်တယ်ဆိုရင်တော့ ကျွန်မကို ငွေပမာဏရဲ့ ဆယ်ဆ ပြန်ပေးရပါမယ်။”

ရှောင်လင်းယွီ၏ အတိအလင်းကြေညာချက်ကြောင့် ရွာသားတော်တော်များများ အံ့ဩထိတ်လန့်သွားကြလေသည်။

သူတို့က ပုံမှန် ရွာထဲတွင် မြေငှားသလိုမျိုးပဲဖြစ်မည်ဟု ထင်ထားခဲ့ကြခြင်းပင်။ အားလုံးက နှုတ်ဖြင့် သဘောတူကြခြင်းဖြစ်ကာ တရားဝင်မဟုတ်ပေ။ ငါက ဒီနေ့ ငါ့မြေကို နင့်ကိုငှားပေးမယ်၊ မနက်ဖြန်ကျရောက်လို့ ငါပြန်လိုချင်ရင်တော့ ပြန်ယူနိုင်တယ်ဆိုသည့် သဘောပင်။

သို့သော်လည်း ရှောင်လင်းယွီက အပေးအယူကိစ္စကို ရှင်းလင်းနေအောင်လုပ်လိုက်တာကြောင့် အရင်နှင့် လုံးဝမတူတော့ပေ။ သူတို့ စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် သူတို့မြေက ရှောင်လင်းယွီအပိုင်ဖြစ်သွားပေမည်။ သူတို့သာ မြေကိုပြန်လိုချင်လျှင် ဆယ်ဆပြန်လျော်ရပေမည်။ ဒါက မယုံနိုင်စရာပဲ။ ကိုယ့်မြေကိုယ် ပြန်ယူတာကို လျော်ကြေးပေးရမယ်တဲ့လား။ ဒီလိုမျိုး တခါမှမကြားဖူးပါဘူး။

ထိုအခိုက်အတန့်တွင် တော်တော်များများ တွန့်ဆုတ်သွားကြတော့သည်။ သူတို့ကို ရှောင်လင်းယွီက အမြတ်ထုတ်နေသလိုမျိုး ခံစားနေရလေသည်။

သို့သော်လည်း ရှောင်လင်းယွီသာ စာချုပ်ကို ဖောက်ဖျက်မည်ဆိုလျှင် သူတို့လည်း လျော်ကြေးဆယ်ဆရမည်ဖြစ်သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတော့သည်။

ရုတ်တရက် ရွာသူကြီးက စကားဝင်ပြောလာခဲ့သည်။ “လင်းယွီ၊ တကယ်လို့ တစ်ဖက်လူက စာချုပ်ကိုဖောက်ဖျက်ခဲ့ပေမယ့် လျော်ကြေးပေးဖို့ကိုလည်း ငြင်းဆန်မယ်ဆိုရင်ရော။” ထိုအချက်ကို လူတော်တော်များများလည်း သိချင်နေကြလေသည်။ ပြောရရင် ဤနေရာတွင်ရှိနေသည့် လူအားလုံးနီးပါးသည် ဥပဒေအကြောင်း တစ်လုံးတစ်ပါဒမှ မသိကြပေ။ သူတို့မြေကို ငှားပြီးရင်တောင် မြေက သူတို့အပိုင်ဖြစ်နေသေးသည်ဟုသာ တွေးနေကြခြင်းဖြစ်သည်။ သူတို့စိတ်ရှိသ၍ သူတို့မြေကို အချိန်မရွေး ပြန်ယူလို့ရသည်ဟုပင်။ နောက်ဆက်တွဲအကျိုးဆက်တွေ လျော်ကြေးတွေဆိုတာ မရှိပေ။

ရှောင်လင်းယွီက ရှင်းပြပေးခဲ့သည်။ “ဒါကတော့ ထုံးစံအတိုင်း ကျွန်မတို့ ရဲကိုပဲ ဖြေရှင်းခိုင်းမှာပါ။”

လူအုပ်ကြီးက အထွန့်တက်လာကြတော့သည်။ “ဘာကိစ္စရဲကပါလာရတာလဲ။”

“ဘာလို့ဆို စာချုပ်ဖောက်ဖျက်တာက ဥပဒေနဲ့မညီဘူးလေ။” ရှောင်လင်းယွီက ဆက်ရှင်းပြလာခဲ့သည်။ “ဒီစာချုပ်က ဥပဒေအရ တရားဝင်အကျုံးဝင်တာပါ။ ဒါကြောင့် ဦးလေးတို့ ဒေါ်လေးတို့ စာချုပ်မှာ လက်မှတ်မထိုးခင် ကျေးဇူးပြုပြီး သေချာစဉ်းစားကြပါ။”

ရွာဗဟိုကော်မတီခန်းမတစ်ခုလုံး ငြိမ်ကျသွားပြန်သည်။ ရှောင်လင်းယွီ၏ အပြောအရဆို သူတို့ မြေကိုငှားလိုက်ပြီးသည်နှင့် ပြန်ယူဖို့ ခက်သွားပြီဖြစ်သည်။ သူတို့သာ မြေကိုပြန်ယူဖို့ အတင်းအကြပ်လုပ်မည်ဆိုလျှင် လျော်ကြေးငွေအများကြီးပေးရလိမ့်မည်။ တကယ်လို့ မပေးခဲ့ရင်တော့ ရဲနနှင့် ဖြေရှင်းရပေမည်။ ရွာသားများ၏ တုန်လှုပ်ချောက်ချားကာ နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ ကျေးလက်နေပြည်သူများအတွက်တော့ အများစုမှာ သူတို့တစ်ဘဝလုံး ရဲများနှင့် အဆက်အဆံမရှိဘဲ ရှင်သန်လာကြခြင်းဖြစ်ပေသည်။

“ငါ ငှားမယ်။” ရှောင်ချန်းပမ်းက ပြောလိုက်သည်။ “ငါ လင်းယွီကိုယုံတယ်။ ပြီးတော့၊ ငါတို့လည်း ဒီသဲမြေတွေပေါ်မှာ နောက်နှစ်နှစ်မကလို့ အနှစ်နှစ်ဆယ်နေရင်တောင် ဘာမှ စိုက်ပျိုးလို့ဖြစ်ထွန်းမှာမဟုတ်ဘူး။ ယွီအာကို ငှားလိုက်တာက ပိုကောင်းတယ်။ သူကတော့ ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်။”

“ငါလည်း ချန်းပမ်းပြောတာ သဘောတူတယ်။” နောက်တစ်ယောက်ကပါ သဘောတူလာခဲ့သည်။ “အနောက်တောင်တန်းကမြေကသာ အလုပ်ဖြစ်ရင် ငါတို့ အဲ့မြေမှာ တစ်ခုခုစိုက်တာ ဆယ်စုနှစ်တွေချီနေရောပေါ့။ အခုလိုမျိုး စွန့်ပစ်ထားမှာတောင် မဟုတ်ဘူး။ ယွီအာ၊ ငါလည်း ငါ့မြေကို မင်းကို ငှားမယ်။ ဘယ်အချိန် လက်မှတ်ထိုးရမလဲ။”

ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ဦးလေးလင်း၊ အခုပဲ လက်မှတ်ထိုးလို့ရပါတယ်။ တကယ် ထိုးချင်ပြီလား။”

“သေချာတာပေါ့။” ရှောင်ချန်းလင်က အမြန်အဆန်ပင် သဘောတူလိုက်သည်။

“ငါလည်း လက်မှတ်ထိုးမယ်။” ရှောင်းချန်းပမ်းကလည်း ပြောလိုက်လေသည်။

“ငါရောပါ။” ရွာသူကြီးကပါ ပါဝင်လာသည်။

“ကောင်းပါပြီ။” ရှောင်လင်းယွီသည် စာချုပ်ကို ချပေးလိုက်ကာ၊ “ဦးလေးချန်းပမ်း၊ ဦးလေးလင်း၊ ရွာသူကြီး၊ ကျေးဇူးပြုပြီး ဒီကိုလာပြီး ဒီနေရာမှာ လက်မှတ်ထိုးပေးကြပါ။”

ဦးလေးသုံးယောက်က ရောက်လာကာ ရှောင်လင်းယွီ၏ညွှန်ကြားချက်အတိုင်း သူတို့နာမည်များကို ရေးထိုးလိုက်ပြီးနောက် လက်ဗွေများနှိပ်လိုက်ကြသည်။

“ဦးလေးလင်းရဲ့မြေက ၃ဖန်း၊ ဦးလေးချန်းဖန်းက ၂ဖန်း၊ ရွာသူကြီးက ၃.၅ဖန်းနော်၊ မှန်တယ်မလား။”

(၁ဖန်း分 = ၀.၁ မူ)

“ဟုတ်တယ်၊ မှန်တယ်။” အားလုံးက ခေါင်းညိတ် သဘောတူလိုက်သည်။

စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ရှောင်ကျန်းယန်က အိတ်အမည်းထဲက ပိုက်ဆံတစ်အုပ်ကို ထုတ်ယူလိုက်သည်။ “ရှောင်ထိုက်ယန်၊ ၃.၅ဖန်း ဆိုတော့ သုံးနှစ်စာ ငှားရမ်းခ ၄၂၀ယွမ်၊ ရှောင်ချန်းပမ်းက ၂ဖန်းအတွက် ၂၄၀ယွမ်၊ ရှောင်ချန်းလင်က ၃ဖန်းအတွက် ၃၆၀ယွမ်၊”

ရွာသားများမှာ ရှောင်ကျန်းယန်က ပိုက်ဆံထုတ်လာသည်နှင့်တပြိုင်နက် မျက်လုံးများက မနာလိုမှုများဖြင့် တောက်ပလာတော့သည်။ ငွေကို တခါတည်းရှင်းပေးသွားတာကြောင့် တော်တော်များများ စိတ်လှုပ်ရှားလာကြလေသည်။

ထိုအနောက်တောင်တန်းဘက်မှ မြေများကို သူတို့ သမုံးကြသော်လည်း ငှားလိုက်မည်ဆိုပါက ယွမ် ရာပေါင်များစွာရနိုင်လေသည်။ ဒါက အရမ်းကောင်းတဲ့ အပေးအယူပဲ။ သူတို့ဘာသာ ထိုမြေမှာ လယ်လုပ်မည်ဆိုပါက ယွမ်၅၀ကျော်လောက်ရရင်တောင် အတော်ကံကောင်းနေပြီဖြစ်သည်။ သုံးယောက်လက်မှတ်ထိုးသွားသည်နှင့် နောက်ထပ်ရွာသားတွေကပါ ရောက်လာကြသည်။

လယ်မြေ ၅ဖန်း၊ ၆ဖန်းရှိသူများအတွက်တော့ သာမာန်လယ်သမားမိသားစုတစ်စု၏ နှစ်ဝက်ဝင်ငွေထက်ပိုများသော ယွမ် ၅၀၀ - ၆၀၀ လောက်ရနိုင်ပေသည်။ ငွေရသွားသည့်လူများ၏အပြုံးမှာ အလွန်ကို တောက်ပနေကြတော့သည်။

အခုထိ စဉ်းစားနေသေးသည့်လူများကလည်း ငွေကိုမြင်သည်နှင့် ချက်ချင်းပင် ငှားဖို့ သဘောတူလိုက်ကြတော့သည်။ သူတို့ကလည်း ထွက်လာကြကာ၊ “ငါလည်း လက်မှတ်ထိုးမယ်။”

ထိုတစ်မနက်တည်းဖြင့် မိသားစု ၈၃စု၏ တစ်ဝက်ကျော်လောက်က လက်မှတ်ထိုးသွားကြပြီဖြစ်သည်။ ကျန်လူများကတော့ စဉ်းစားနေကြတုန်းပင်။ သူတို့က စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် သူတို့မြေကို လက်လွှတ်လိုက်ရမည့်အရေးကို တွေးပူနေကြခြင်းဖြစ်သည်။

ရှောင်လင်းယွီက သူတို့ကို ဖိအားမပေးခဲ့ပေ။ “ဦးလေးတို့၊ ဒေါ်လေးတို့၊ အိမ်ပြန်ပြီး အေးအေးဆေးဆေးစဉ်းစားလို့ရပါတယ်။ တကယ်လို့ ငှားဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် မနက်ဖြန်မနက် ဒီကိုပြန်လာပြီး လက်မှတ်လာထိုးကြပါ။”

တွေဝေနေကြသည့်လူများမှာ သက်ပြင်းချလိုက်ကြတော့သည်။ ‘ငါတို့မှာ စဉ်းစားဖို့အချိန်ရှိသေးတာပဲ။’

“ဒါပေမယ့် ကျွန်မ မကြာခင် စတော်ဘယ်ရီမျိုးတွေ စစိုက်တော့မှာ။ အပင်ပေါက်လာဖို့ဆို ၁၀ရက်လောက်ပဲလိုတယ်။ ဒါကြောင့် အရမ်းအကြာကြီး စဉ်းစားလို့တော့ မရပါဘူးနော်။ စာချုပ်မှာ လက်မှတ်ထိုးနိုင်တာ မနက်ဖြန်နောက်ဆုံးပါ။ နောက်ရက်ကျော်သွားရင် ကျွန်မ မြေထပ်မငှားတော့ပါဘူး။”

ရှောင်လင်းယွီ ထိုသို့ပြောလိုက်သည်နှင့် နောက်ထပ် မိသားစု ဆယ်စုက လက်မှတ်လာထိုးသွားကာ ချက်ချင်းလက်ငင်းပင် ငှားခများရသွားကြလေသည်။

ကျန်သည့် မိသားစု ၂၀ ကျော်လောက်ကတော့ အိမ်ပြန်ပြီးတစ်ရေးအိပ်ရင်း စဉ်းစားရန် ဆုံးဖြတ်လိုက်ကြလေသည်။

…..

ရှောင်ဖူချီနှင့် ကျန်းချွမ်းကျောင်းတို့သည် ရှောင်လင်းယွီတစ်ယောက် နွားဘုရင်လေးကို သူတို့ဆီခေါ်လာမည်အား အိမ်မှာထိုင်ရင်းစောင့်နေကြလေသည်။ သို့ပေမယ့် ရှောင်လင်းယွီက ရောက်မလာခဲ့ပေ။ သူတို့ မတတ်နိုင်စွာ စိုးရိမ်စိတ် အနည်းငယ် ဝင်လာမိကြတော့သည်။

ရှောင်လင်းယွီက စာချုပ်ချုပ်ရန်အတွက် ရွာသားအားလုံးကို ရွာဗဟိုကော်မတီတွင်စုခိုင်းသည်ကို ကြားပြီးနောက် သူတို့လည်း သွားကာ ရန်ပွဲဖြစ်အောင် လုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။

မမျှော်လင့်ထားစွာဘဲ ကျန်းချွမ်းကျောင်း၏မိဘဘက်က မိသားစုတွင် ကိစ္စတစ်ခုပေါ်လာခဲ့တာကြောင့် ထိုညတွင်းချင်းပဲ သူမအိမ်ပြန်သွားခဲ့ရသည်။ နောက်တစ်နေ့ စာချုပ်ချုပ်သည့်ရက် နေ့လည်အထိတိုင် ပြန်ရောက်မလာနိုင်ခဲ့တာကြောင့် ရွာဗဟိုကော်မတီစုဝေးပွဲကို လွတ်သွားခဲ့လေသည်။

ကျန်းချွမ်းကျောင်းတို့လင်မယားသည် စည်းဝေးပွဲအကြောင်း သတင်းများကိုတော့ ပြန်ကြားခဲ့ရသည်။ သူတို့ကြားခဲ့သည်က စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် သူတို့မြေကို ဆုံးရှုံးလိုက်ရမည်ဟူ၍ပင်။ သူတို့သာ သူတို့မြေကို ပြန်လိုချင်ပါက လျော်ကြေးဆယ်ဆပေးရမည်ဖြစ်သည်။ ဒါကြောင့် အခုထိ မိသားစု ၂၀ ကျော်လောက်က စဉ်းစားနေကြတုန်းပင်။

ထိုလင်မယားနှစ်ယောက် စိတ်ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။

“ဒီကောင်မလေးက အကြံအဖန်တော်တော်ကြီးတာပဲ။ မိသားစုတွေအများကြီး သူတို့မြေကို ငှားဖို့ငြင်းလိုက်တာ မဆန်းပါဘူး။”

ကျန်းချွမ်းကျောင်းက အထင်သေးသည့်အမူအရာဖြင့် ပြောလိုက်လေသည်။ “ကျွန်မတို့ အဲ့ဒီမိသားစုတွေဆီ သွားလည်ရအောင်။ ပြီးရင် ရှောင်လင်းယွီ ငှားခကို ထပ်မမြှင့်ပေးလာမချင်း မငှားကြဖို့ သွားနားချကြမယ်လေ။”

“ကောင်းတယ်၊ သွားကြစို့။”

***

All Chapters