← Chapters

အရှက်ကိုမရှိကြဘူး

Vol. 6 Ch. 109

အရှက်ကိုမရှိကြဘူး

Vol. 6 Ch. 109

နောက်တစ်နေ့တွင်တော့ ဆုံးဖြတ်ချက်မချရသေးသည့် မိသားစု၂၃စုထဲမှ ငါးစုသည် စာချုပ်တွင် လက်မှတ်မထိုးတော့ကြောင်း ပြောလာခဲ့သည်။ ထိုမိသားစုငါးစုကို ကျန်းချွမ်းကျောင်းက သိမ်းသွင်းထားခြင်းဖြစ်လေသည်။

ထိုမိသားစုငါးစုသည် ရှောင်ဖူချီ၏မိသားစုနှင့် ဆက်ဆံရေးကောင်းကြကာ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး မကောင်းကြပေ။

ကျန်းချွမ်းကျောင်းက ပြောခဲ့သည်။ “ရှောင်လင်းယွီက မြေတွေငှားပြီး စတော်ဘယ်ရီစိုက်ချင်တာမဟုတ်လား။ ငါတို့လည်း စိုက်လို့ရတာပဲ။ သူက နွားဘုရင်လေးဆီကရမယ့် သဘာဝမြေဩဇာကိုသုံးပြီး စတော်ဘယ်ရီစိုက်မှာလေ၊ ဒီတော့ ငါတို့လည်း အဲ့နည်းအတိုင်း လိုက်လုပ်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့အိမ်မှာ သဘာဝမြေဩဇာကို အလကားလာယူလို့ရတယ်လို့ သူကတိပေးထားပြီးသားပဲ မဟုတ်လား။”

“ဟုတ်တယ်၊ နွားဘုရင်လေးဆီကရမယ့် သဘာဝမြေဩဇာနဲ့သာဆိုရင် စတော်ဘယ်ရီပင်တွေ ကောင်းကောင်းကြီးထွားနိုင်လောက်တယ်။ ဒီလိုဆိုမှတော့ ငါတို့ကဘာလို့ စတော်ဘယ်ရီသီးတွေ မအောင်ဘဲ ရောင်းမထွက်မှာကို စိုးရိမ်နေစရာလိုသေးလဲ။ တွေးကြည့်လိုက်လေ၊ ငါတို့မြေကို ငါတို့ဘာသာလုပ်တာက ရှောင်လင်းယွီကို ငှားလိုက်တာထက် ပိုပြီးတောင် သက်သာသေးတယ်။ စတော်ဘယ်ရီတွေကောင်းကောင်းဖြစ်ထွန်းသွားရင် ငါတို့လည်း ငွေတွေအများကြီး ဝင်လာမှာပဲ။”

“ဟုတ်တယ်၊ ဒီအကြံကောင်းသားပဲ။”

“ဒါပေါ့၊ ရှောင်လင်းယွီရဲ့ အစီအစဉ်အတိုင်း ငါတို့လည်း လိုက်လုပ်ကြမယ်။ နွားဘုရင်လေးရဲ့ သဘာဝမြေဩဇာကိုသုံးပြီး စတော်ဘယ်ရီတွေကို ကောင်းကောင်းပျိုးထောင်ကြမယ်။ ပြီးရင် ကိုယ့်ဘာသာ ရောင်းကြမယ်။”

“ပြီးတော့၊ ငါတို့ရဲ့လက်ကျန်တွေကို ရှောင်လင်းယွီက သူယူမယ်လို့ ကတိပေးထားသေးတယ် မဟုတ်လား။ ငါတို့ စတော်ဘယ်ရီတွေ မရောင်းနိုင်ခဲ့ရင်တောင်မှ ရှောင်လင်းယွီလက်ထဲထိုးထည့်ပြီး ငါတို့ကို ငွေပြန်ပေးအောင် ဖိအားပေးလို့ရတာပါ။”

“ဟုတ်တယ်၊ ဒီအကြံအရမ်းကောင်းတယ်။”

“ဒါပေမယ့် ငါတို့မှာ စတော်ဘယ်ရီမျိုးစေ့မှ မရှိတာ။”

“ဟုတ်သားပဲ၊ ရှင်းယင်ခရိုင်တစ်ခုလုံးမှာ စတော်ဘယ်ရီမျိုးစေ့တင်ရောင်းတာ လုံးဝမရှိတော့ဘူးလေ။”

ကျန်းချွမ်းကျောင်းက ပြောလာခဲ့သည်။ “ဒီလိုဆိုမှတော့ အဲ့ကောင်မလေးဆီက ငါတို့နည်းနည်းသွားတောင်းကြတာပေါ့။ သူပဲ စတော်ဘယ်ရီစိုက်ခင်းလုပ်မယ်လို့ ပြောနေခဲ့တာမလား။ ဒီတော့ သူ့ဆီမှာ မျိုးစေ့တွေအများကြီး ရှိနေလိမ့်မယ်။”

“ဒီအကြံက တကယ်ရောကောင်းရဲ့လား။” တစ်ယောက်က အနည်းငယ်တွန့်ဆုတ်နေမိသည်။ ရှောင်မိသားစုကို မြေမငှားပေးတာက ကိစ္စတစ်ခုဖြစ်ပေမယ့် အခုတော့ သူတို့က ရှောင်လင်းယွီဆီက မျိုးစေ့ကိုရော သဘာဝမြေဩဇာတ်ကိုပါ သုံးချင်နေကြပြန်ပြီလေ။

“ဘာများမှားလို့လဲ။” ကျန်းချွမ်းကျောင်းက ပြန်ပြောလိုက်သည်။ “ငါတို့အချင်းချင်း အကူအညီမပေးသင့်ဘူးလား။ ပြီးတော့ ရှောင်လင်းယွီကိုယ်တိုင်ပဲ ငါတို့မြေကို ငှားငှားမငှားငှား ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲလို့ ပြောခဲ့တယ်လေ။ နောက်ပြီးတော့၊ ငါတို့မြေမှာ ငါတို့ဘာသာ စတော်ဘယ်ရီစိုက်မှာကို သူ့မှာတားပိုင်ခွင့်မရှိဘူး။”

“ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ငါတို့အတွက် စတော်ဘယ်ရီမျိုးစေ့ ပေးခိုင်းတာကလည်း သိပ်တော့ မှန်မနေဘူးလားလို့။” လူတိုင်းကတော့ ကျန်းချွမ်းကျောင်းတို့လောက် မျက်နှာအရေထူနိုင်ကြသူများ မဟုတ်ပေ။

သို့သော်လည်း ကျန်းချွမ်းကျောင်းဘက်ကရပ်တည်သည့် လူလည်းရှိသေးသည်။ “ရှောင်လင်းယွီ သူ့ဘာသာ ကတိပေးထားတာလေ။ နောက်မှ သူ့စကားသူ မတည်လို့ရမလား။”

သူတို့က ရှောင်မိသားစုကို မြေတော့မငှားချင်ဘဲ ရှောင်မိသားစုထံမှ သဘာဝမြေဩဇာကို အလကားယူမည်ဖြစ်သလို ရှောင်မိသားစုထံမှ စတော်ဘယ်ရီစေ့များလည်း တောင်းဦးမည်ဖြစ်ပြီး သူတို့ရောင်းမထွက်သည့်အသီးများကိုပါ ရှောင်မိသားစုကို ဝယ်စေဦးမည်ဖြစ်သည်။

လူအများစုကတော့ ထိုသို့လုပ်နိုင်လောက်သည်အထိ အရှက်မကင်းမဲ့ကြပေ။ သို့သော်လည်း တချို့ကတော့ ကျန်းချွမ်းကျောင်း၏သိမ်းသွင်းခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် လက်မှတ်ထိုးမည့် ဒုတိယနေ့တွင် သူတို့က မသွားကြဖို့ ရွေးချယ်လိုက်လေသည်။

ရွာသူကြီး၊ ရှောင်လင်းယွီနှင့် အခြားသူများမှာ ထိုသတင်းကို ကြားလိုက်ကြသည်။ ရွာသူကြီးက မျက်မှောင်ကြုတ်သွားကာ မကျေမနပ်ပြောလာခဲ့သည်။ “ကျန်းချွမ်းကျောင်းနဲ့ သူ့ယောက်ကျားက အရမ်းကို အရှက်မရှိကြတာပဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး တခြားမိသားစုတွေကပါ သူတို့သိမ်းသွင်းတဲ့ထဲ ပါသွားတာလဲ။ သူတို့လည်း ကျန်းချွမ်းကျောင်းလို့ အရေထူလာကြပြီထင်တယ်။”

ရှောင်လင်းယွီက ပြုံးသာပြုံးလိုက်လေသည်။ “ရွာသူကြီး၊ သူတို့ကြောင့်နဲ့ စိတ်ဆိုးနေဖို့ မလိုပါဘူး။ မြေက သူတို့မြေပဲ၊ ဒီတော့ သူတို့မြေကို သူတို့ငှားတာ မငှားတာ သူတို့လွတ်လပ်ခွင့်ပါ။”

ထိုအချိန်မှာ ရှောင်ကျန်းယန်ကလည်း ဝင်ပြောလာခဲ့သည်။ “သူတို့က တော်တော်ယုံကြည်ချက်ရှိနေတာပဲ။ ငါတို့မိသားစုကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်များထင်နေတာလား။ ရွာသူကြီး၊ အားလုံးလည်း ဒီမှာရှိနေမှတော့ ကျွန်တော့် အခုပဲ ကိစ္စတစ်ခုကို ကြေညာလိုက်ချင်တယ်။ ရွာထဲက တစ်ယောက်ယောက်က သူတို့ဘာသာ စတော်ဘယ်ရီစိုက်ချင်တယ်ဆိုရင် ရတယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် မျိုးစေ့ကို သူတို့ဘာသာ ရအောင်လုပ်ကြ။ ငါ့ယွီအာက ဒီမျိုးစေ့တွေအတွက် အများကြီး အကုန်အကျခံထားရတာ။ ငါတို့စိုက်ခင်းအတွက်တောင် လုံလောက်တာမဟုတ်ဘူး။ ဒီတော့ ဘယ်သူ့ကိုမှ အလကားမပေးနိုင်ဘူး။”

တကယ်လို့ သူတို့မှာ ပိုနေရင်တောင်မှ တခြားလူတွေကို ပေးစရာအကြောင်း မရှိပေ။

ထိုမိသားစုများသည် ရှောင်မိသားစုက သူတို့အပေါ် အကြွေးတင်နေသလိုမျိုး ပြုမူနေကြလေသည်။ ရှောင်လင်းယွီသည် အငယ်ဖြစ်တာကြောင့် သူတို့ကို အပြစ်မပြောနိုင်ဘူးဆိုပေမယ့် ရှောင်ကျန်းယန်ကတော့ ပြောနိုင်လေသည်။

သူ့စကားများက စတော်ဘယ်ရီစေ့များ ‘ချေးရန်’ ကြံနေသည့် ထိုလူများ၏အကြံအစည်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်လေသည်။ ရှောင်ကျန်းယန်သည် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တာကြောင့် ဘာအကြောင်းပဲရှိပါစေ သူ့ဇနီးကလည်း သူ့ကို ထောက်ခံပေးသွားမည်ဖြစ်သည်။

ကျန်းချိုးယင်းကပါ ထပ်ပြောလာခဲ့သည်။ “ကျွန်မလည်း ကျွန်မခင်ပွန်းပြောတာကို သဘောတူတယ်။ တခြားမိသားစုတွေ စတော်ဘယ်ရီစိုက်ချင်တာနဲ့ ပတ်သတ်လို့ ကျွန်မတို့ဘက်က ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့မိသားစုက သူတို့ကို မျိုးစေ့ရော မြေဩဇာပါ ထောက်ပံ့ပေးရမယ်ပေါ့။ ပြီးတော့ ဒီလောက်နဲ့တင်မရပ်သွားဘဲ သူတို့ဈေးကွက်ထဲ မတင်ပို့နိုင်တဲ့ လက်ကျန်တွေကိုပါ ကျွန်မတို့ ယွီအာကို အတင်းထိုးရောင်းဖို့ စိတ်ကူးနေသေးတယ်လို့ ကြားတယ်။ ဒီလောက်မျက်နှာအရေထူတဲ့လူတွေရှိမယ်လို့ ယုံတောင် မယုံနိုင်ဘူး။ သူတို့က ဒီလောက် လောဘကြီးနေကြမှတော့ ကျွန်မတို့ဘက်ကလည်း သူတို့ကို ထက်ပြီး မျက်နှာသာပေးစရာအကြောင်း မရှိတော့ဘူး။” တစ်နည်းပြောရရင် ရှောင်မိသားစုက စတော်ဘယ်ရီမျိုးစေ့များကို အလကားပေးမည်မဟုတ်ဟုပင်။

သူမမိဘတွေက ဝင်ပြောလာမှတော့ ရှောင်လင်းယွီကလည်း ငြိမ်မနေတော့ပေ။ “ရွာသူကြီး၊ ကျွန်မမိဘတွေပြောသွားတဲ့စကားက ကျွန်မစိတ်ထဲမှာ ရှိနေတဲ့စကားပါပဲ။ စတော်ဘယ်ရီမျိုးစေ့တွေကို ခက်ခက်ခဲခဲနဲ့ရလာခဲ့တာပါ။ လက်ရှိမှာ ကျွန်မ မြေဆယ်မူစာအတွက်ပဲရှိတယ်။ ကျွန်မဘာသာစိုက်ဖို့တောင် မျိုးစေ့က မလုံလောက်နေဘူး။ တစ်ယောက်ယောက်က ဈေးမြင့်မြင့်နဲ့ လာဝယ်မယ်ဆိုရင်တောင်မှ ကျွန်မ ဒီမျိုးစေ့တွေကို ရောင်းမှာမဟုတ်ဘူး။”

ထိုစကားများကိုကြားပြီးနောက် စာချုပ်တွင် လက်မှတ်ထိုးထားခဲ့ကြသူများမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။ ရိုးရိုးသားသားပြောရရင်၊ သူတို့ဆီကိုလည်း ကျန်းချွမ်းကျောင်းနှင့် ရှောင်ဖူချီတို့ ရောက်လာကာ စတော်ဘယ်ရီကို ကိုယ်တိုင်စိုက်ကြဖို့ ဖျားယောင်းခဲ့ကာ သူတို့လည်း စိတ်ပါခဲ့မိကြသည်။ သို့သော်လည်း သူတို့စကားကို ပြန်မရုတ်သိမ်းနိုင်တော့ပေ။ ထို့အပြင် ရှောင်လင်းယွီက သူတို့ကို မျိုးစေ့တွေ ပေးမယ်မပေးဘူးဆိုတာလည်း အတိအကျမပြောနိုင်ပေ။

သူတို့သာ သူတို့စကားကိုမတည်ရင် လျော်ကြေးပေးရလိမ့်မည်။ ဆုံးရှုံးမှုက အလွန်ကိုမှ မြင့်ပေသည်။ ဒါကြောင့် အများကြီးစဉ်းစားကြည့်ပြီးနောက်မှာတော့ စာချုပ်အတိုင်း လိုက်နာဖို့သာ ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုအချိန်မှာပဲ မေမေရှောင်က ထပ်ပြောလာခဲ့ပြန်သည်။ “ရွာသားတွေ ကျွန်မတို့အိမ်မှာ ရှောင်ကွမ်းရဲ့ နွားချေးလာယူတာနဲ့ပတ်သတ်ပြီး ကျွန်မ ဘာမှမကန့်ကွက်ဘူး။ ကျွန်မတို့ကို မြေမငှားတဲ့ မိသားစုငါးစုဆိုရင်တောင်မှ ကြိုဆိုနေပါတယ်။ ဒါပေမယ့် ရှောင်ဖူချီရဲ့မိသားစုကိုတော့ လုံးဝမကြိုဆိုဘူး။ သူတို့လည်း သူတို့လုပ်ရပ်အတွက် တာဝန်ခံရမှာပေါ့။ အရင်ကတည်းက သူတို့ ကျွန်မတို့မိသားစု မကောင်းကြောင်းတွေ လျှောက်ပတ်ပြောတာ များနေပြီ။ ဒါပေမယ့် ကျွန်မ ဂရုမစိုက်ခဲ့ပါဘူး။ အခုတော့ သူတို့က ယွီအာရဲ့လုပ်ငန်းကိုပါ ဖျက်ဆီးဖို့ကြံလာတယ်၊ ဒါကိုတော့ ကျွန်မ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။”

သူတို့က တခြားလူများကိုပါ ရှောင်လင်းယွီနှင့် အလုပ်တွဲမလုပ်ဖို့ လှုံ့ဆောင်ခဲ့ပြီး ရှောင်လင်းယွီအပေါ် အခွင့်ကောင်းယူဖို့ အကြံများကိုပါ ထုတ်လာကြလေသည်။ ဒီလိုကပ်ပါးကောင်တွေကို ဆက်ပြီးသည်းခံပေးနေဖို့ဆိုတာ သူတော်စင်တွေပဲ လုပ်နိုင်လိမ့်မယ်။

တချို့လူများက မေမေရှောင်၏စကားကိုကြားပြီး ကြိတ်ပြုံးနေကြလေသည်။ သူတို့က ရှောင်ဖူချီနှင့် ကျန်းချွမ်းကျောင်းတို့ကို စိတ်ထဲကနေ လှောင်ပြောင်နေကြသည်။ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရတာပဲ။

ဒီကိစ္စမဖြစ်ခင်ကဆိုလျှင် ရှောင်ကျန်းယန်တို့မိသားစုက ရှောင်ဖူချီ၏မိသားစုကို သဘာဝမြေဩဇာ လာယူခွင့်မပေးနိုင်ဘူးဟု တခါမှ မပြောခဲ့ဖူးပေ။ ဒါပေမယ့် အခုတော့ ရှောင်မိသားစုက ရှောင်ဖူချီ၏မိသားစုကို မကြိုဆိုပါဟု အတိအလင်းကြေညာလာခဲ့ပေပြီ။

ထို့နောက်ဆက်ပြီး လက်မှတ်ထိုးခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။ မြေငှားချင်တဲ့လူတွေကတော့ လက်မှတ်ထားကြပြီး မငှားချင်သည့်လူများကတော့ ပြန်သွားကြသည်။ ရှောင်လင်းယွီကလည်း ဘယ်သူ့ကိုမှ ဖိအားမပေးပေ။

ရှောင်လင်းယွီက တွက်ချက်မှုအချို့ပြုလုပ်ရန်အတွက် အိမ်ပြန်သွားခဲ့လေသည်။

ရှောင်ဖူချီနှင့် တခြားမိသားစုငါးစုကလွဲပြီး ရှောင်လင်းယွီသည် မြေ ၁၆.၂မူ ငှားနိုင်ခဲ့လေသည်။ သူမတွင် စတော်ဘယ်ရီမျိုးစေ့ အများကြီးမရှိပေ။ ဒါကြောင့် မြေ၆မူကို စတော်ဘယ်ရီစိုက်နိုင်ပြီး ကျန်တာကိုတော့ မြေပဲ၊ ပဲပုပ်နှင့် နဂါးမောက်သီးများစိုက်ကြည့်မည်ဟု စဉ်းစားထားသည်။

ရှောင်မိသားစုတွင် စိုစွတ်မြေ ၆မူနှင့် အဆင့်မြင့် ခြောက်သွေ့မြေ ၂မူလည်းရှိသေးပေသည်။ ရှောင်လင်းယွီသည် စိုစွတ်မြေ၃မူတွင် ရေစပါးစိုက်ပြီး ကျန်သည့်မြေတွင်တော့ ဟင်းသီးဟင်းရွက်များစိုက်မည်ဖြစ်သည်။

စုစုပေါင်း သူမတွင် စိုက်ပျိုးရန်မြေစုစုပေါင်း ၂၀မူရှိပေသည်။

အနာဂါတ်တွင် အနောက်ဘက်တောင်၏ တခြားဘက်ခြမ်းရှိမြေများကိုပါ စာချုပ်ချုပ်ကာ သူမလုပ်ငန်းကို ချဲ့ထွင်ရန် စီစဉ်ထားခဲ့ပေသည်။ သို့သော်လည်း ဤသည်မှာ အနာဂါတ်တွင်ဖြစ်လာမည့် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။

***

All Chapters