ထိုက်တန်မှု
Vol. 11 Ch. 151
ဘုန်းကြီးအို ကျမ်းစာရွတ်ခြင်းကို မရပ်သေး။ နေမင်းက ထင်ထင်ရှားရှားပေါ်လာချိန်မှ ကျမ်းရွတ်ခြင်းအဆုံးသတ်သွားသည်။ ငှက်နှင့်သားရဲများ အိပ်မက်မှ နိုးလာကြသည်။ ပဲ့တင်ထပ်၍ တိုးညှင်းပျောက်ကွယ်သွားသည့် ဓမ္မသံတို့က စွဲထင်ကျန်ရစ်ခဲ့ပြီး အားအင်ပြည့်ဖြိုးလာကြသည်။
“ဒီနေ့တရားက ဒီမှာအဆုံးသတ်ပါပြီ။ အခု အိမ်ကိုပြန်ကြတော့။ ကံကြုံရင် ကျုပ်ရဲ့ဓမ္မကို နောက်ထပ်ဆက်နားထောင်ခွင့်ကြုံဦးမှာပါ”
ဘုန်းကြီးအို၏ မေတ္တာလွှမ်းသည့်အကြည့်က ငှက်နှင့်သားရဲများထံ ကျလာသည်။ သူတို့စိတ်ထဲစွဲနေသည် ဗုဒ္ဓစွမ်းအင်ကြောင့် သတ်ဖြတ်လိုစိတ် ကင်းကွာနေသည်။ ဗိုက်ထဲတွင် ဆာလောင်နေသော်လည်း သူတို့ဘေးတွင် အလွယ်တကူသတ်ဖြတ်စားသောက်နိုင်သည့် အစာများကို မတပ်မက်ကြ။
နောက်ဆုံးတွင် ငှက်နှင့်သားရဲများ ပျောက်ကွယ်သွားကြသည်။ တစ်ချို့တစ်ဝက်သာ ထွက်မသွားသေးပဲ ကျန်ခဲ့သည်။ သို့သော် ဘုန်းကြီးအိုက ကျမ်းစာဆက်မရွတ်တော့။ နေ့အလင်းအောက်မှာပင် တံလျှပ်ပမာ ပျောက်ကွယ်သွားသည်။
“ကျမ်းရွတ်တာ အတောကောင်းတာပဲ”
မနီးမဝေးတွင် အာရုံစိုက်၍ နားထောင်နေသည့် တောင်တန်းနတ်ဘုရားက ရုတ်တရက် ပြောလိုက်သည်။
“အော်မီတော်ဖော်”
ဘုန်းကြီးအိုက သူ့နောက်တွင်ပေါ်လာသည်။
“တောင်တန်းနတ်ဘုရားရဲ့ ချီးကျူးထောက်ခံမှုရတာ ကိုယ်တော့်အတွက် တကယ်ဂုဏ်ယူစရာပါပဲ”
“ဒါပေမယ့် တရားချီးမြှင့်တာ တိုလွန်းတယ်။ ကျမ်းစာတစ်ခုတည်းနဲ့ အကျိုးရှိဖို့ ခဲ့ယဉ်းတယ်”
“ပါရမီရှိသူတွေအတွက် ကျမ်းတစ်ခုနဲ့တင် လုံလောက်ပါတယ်။ တောင်တန်းရဲ့ငှက်နဲ့ သားရဲတွေအတွက် သူတို့သိစိတ်ဝိညာဉ်တွေ နိုးထနိုင်တယ်။ အင်း...ခင်ဗျားလို့တောင်တန်းနတ်ဘုရားအတွက်တော့ ကျမ်းတစ်စောင်နဲ့ ဘာမှသက်ရောက်မှုမှ မရှိနိင်ဘူးပေါ့”
“မှန်ပါတယ်”
တောင်တန်းနတ်ဘုရား ခေါင်းငြိမ့်သည်။ ကျမ်းစာ၏နက်နဲမှုကို အသိအမှတ်ပြုသည်။ သို့သော် သူ့အတွက် အကျိုးမရှိ။ ဤနေရာသို့ရောက်နေသည်မှာလည်း တောင်တန်း၏နတ်ဘုရားဖြစ်နေသောကြောင့်သာဖြစ်သည်။
“တောင်တန်းနတ်ဘုရား ကျမ်းစာအပြည့်အဝ ကြည့်ချင်ရင် ကျုပ်တို့ဗောဓိကျောင်းကို လာခဲ့လို့ရပါတယ်။ “သံသရာရသေ့ဘုရင်ရဲ့သုတ္တန်” ရှိတယ်။ “မဟာဝေရောစနသုတ္တာန်”ရှိတယ်။ “ရန်ဝမ်ကျင်း” ..........”
“ကျုပ်နဲ့ ဒီတောင်တန်းဟာ တစ်သားတည်းပါ။ ဒါကြောင့် ဗုဒ္ဓဂိတ်ကို ကျုပ်မဝင်နိုင်ပါဘူး”
တောင်တန်းနတ်ဘုရား ကြားဖြတ်ပြောလိုက်သည်။
“ဗုဒ္ဓဟာ နေရာတိုင်းမှာရှိပါတယ်။ တောင်တန်းနတ်ဘုရားဆန္ဒရှိရင် ဒီတောင်တန်းပေါ်မှာ ကျောင်းဆောင်တစ်ခု ဆောက်ပေးလို့ရပါတယ်”
ဘုန်းကြီးအိုက လက်မလျှော့။ နေရာစုံ ရောက်ဖူးခဲ့သူဖြစ်၍ အသိအမြင်ကျယ်သည်။ သူ့ရှေ့မှ တောင်တန်းနတ်ဘုရားသည် သာမန်တောင်တန်းနတ်ဘုရားများနှင့်မတူမှန်းသိသည်။ ဤနေရာသို့ ဘုံကျောင်းတစ်ခု သယ်လာနိုင်လျှင် စွမ်းအားမြင့်နတ်ဘုရားတစ်ယောက်ကို သိမ်းသွင်းနိုင်ခြင်းပင်ဖြစ်သည်။
အစောပိုင်းက သူထိတ်လန့်သွားသော်လည်း ထိုအတွေးကိုက ပျောက်ပျက်မသွား။ တောင်တန်းနတ်ဘုရားသည် သူ့မူလဦးတည်ချက်မဟုတ်။ အမှတ်မထင်ကြုံရသည့် ပရိတ်သတ်ဖြစ်သည်။ တောင်တန်းနတ်ဘုရားကို သူလွှမ်းမိုးနိုင်လျှင် ဗောဓိကျောင်းအတွက် တာ့ကျင်းတွင် ခြေချစရာတစ်ခု ရလာခြင်းသဘောဖြစ်သည်။
“ဒီတောင်တန်းက ဘုံကျောင်းမလိုပါဘူး”
တောင်တန်းနတ်ဘုရားမျက်နှာ နည်းနည်းအေးစက်လာသည်။ သူ့ရည်ရွယ်ချက်များက ရှင်းလင်း။ ထိုဘုန်းကြီး အလိုက်တသိရပ်မသွားပဲ ဆက်တိုးလာလျှင် သူရိုင်းမိမည်သာဖြစ်သည်။
“တောင်တန်းနတ်ဘုရား စိတ်မဝင်စားရင်လည်း ဒီကိစ္စ ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် တောင်တန်းနတ်ဘုရားအနေနဲ့ ကိစ္စတစ်ခု မေးချင်ပါတယ်”
“ပြောပါ”
“တောင်တန်းနတ်ဘုရားက ကျုပ်တို့ဗုဒ္ဓဂိတ်ကို နားကျည်းချက်တစ်ခုခုရှိလား”
ဘုန်းကြီးအိုမျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ လက်ထဲမှပုတီးများလည်း ထူးဆန်းစွာ အရောင်ပြောင်းသွားသည်။ ရိုးရှင်းသည့် သူ့သာမန်ဝတ်ရုံကလည်း အနီရောင်ပြောင်းသွားသည်။ ဖုန်မတင်စေသည့် ပုတီးလုံးများ၊ လေကိုတည်ငြိမ်စေသည့် ပုတီးလုံးများ အနီရောင်ဥဿဖုရား၊ အပြာရောင်သန္တာကျောက်နှင့် ဗုဒ္ဓဓာတ်တော်မွေတော်များဖြင့် တန်ဆာဆင်ထားသည်။
“ဗုဒ္ဓဂိတ်ကို နာကျည်းချက်သာရှိရင် ခင်ဗျားရဲ့ဓမ္မကို ဒီနေရာမှာ ရွတ်ဆိုခွင့်ဘယ်ပေးခဲ့ပါ့မလဲ”
ဘုန်းကြီးအို၏ ခန္ဓာကိုယ်အပြောင်းအလဲများကို အရေးမစိုက်ဘဲ နတ်ဘုရားက ပြန်ပြောသည်။
“ဒါဆို ကျုပ်နားမလည်တော့ဘူး။ ဘာလို့ နတ်ဘုရားက ဒုတိယသခင်လေးရှေ့မှာ ကျုပ်တို့ဗုဒ္ဓဂိတ်ကို အပုပ်ချပြီးပြောခဲ့တာလဲ”
ဘုန်းကြီးအိုမျက်နှာတွင် အပြုံးရိပ်မရှိတော့။ သူ့လက်ထဲတွင် သံတုတ်တစ်ခု ပေါ်လာသည်။ လည်ပတ်နေသည့် ပုတီးကုံးစေ့များ မီးနီရောင်ပြောင်းသွားသည်။ အထဲတွင် ရုန်းကန်အော်ဟစ်နေသည့် သရဲအရိပ်များ ရှိနေသည်။
“ကျုပ်က အမှန်တရားကိုပြောတာပါ။ အပုပ်ချတာမဟုတ်ဘူး”
သူနှင့်ဖုန်ချင်အန်း စကားပြောသည်ကို ဘုန်းကြီးအိုကြားမည်မှန်း ကြိုသိခဲ့သည်။ သို့သော် သူအရေးမစိုက်။ သူသည် တောင်တန်းနတ်ဘုရားဖြစ်သည်။ အမှန်တရားကို ပြောခွင့်ရှိသည်။ ဘုန်းကြီးအို စွမ်းအားမြင့်သော်လည်း သူကြောက်ရမည့်အနေအထားမဟုတ်။
“တောင်တန်းနတ်ဘုရားက ဗုဒ္ဓဝါဒကို အထင်အမြင်လွဲမှားနေတာပဲ။ ဗောဓိကျောင်းကိုဝင်ဖို့ ငြင်းဆန်နေတယ်ဆိုတော့ ကျုပ်ကလည်း အတင်းဖိတ်ခေါ်ရတော့မှာပဲ။ ဗောဓိကျောင်းကိုလိုက်ပြီး သောင်းချီတဲ့ဗုဒ္ဓသုတ္တန်တွေကို လိုက်ပြီးကြည့်ပါဦး။ ဒါဆို အထင်အမြင်လွဲနေတာတွေ ရှင်းသွားပါလိမ့်မယ်”
ဘုန်းကြီးအို ပုတီးကုံးကို ပစ်လွှတ်လိုက်သည်။ အနီရောင်ပုတီးစေ့များ ပေါက်ကွဲထွက်၍ ကြောက်စရာနတ်ဆိုးအရိပ် ဆယ့်နှစ်ခုအဖြစ်ပြောင်းသွားသည်။ ထိုအရိပ်များအောက်မှ မြက်ခင်းများ ချက်ချင်းညှိုးခြောက်၍ သေသွားသည်။
“ဗုဒ္ဓကို လိုအပ်တဲ့အချိန်တုန်းက ဗုဒ္ဓဘယ်ရောက်နေလဲ။ လွန်းခဲ့တဲ့နှစ်ငါးရာက ကျုပ်သက်တမ်းကုန်ခါနီးတော့ ဗုဒ္ဓလမ်းကို ကျုပ်ရှာခဲ့တယ်။ ဒါပေမယ့် ဘာဗုဒ္ဓမှ မမြင်ခဲ့ပါဘူး။ ခင်ဗျားက ကျုပ်ကိုဘုံကျောင်းထဲခေါ်ပြီး သုတ္တန်ဖတ်ခိုင်းမယ်ပေါ့။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က တောင်တန်းပေါ်မှာ နှစ်တစ်ရာလောက် ကျုပ်လှည့်ပတ်သွားနေခဲ့ဖူးတယ်။ အဲဒီတုန်းက ကျုပ်ကို ဘာလို့မဖိတ်ခေါ်ခဲ့တာလဲ”
နတ်ဘုရားမျက်နှာက အပြုံးအရယ်မရှိ။ နတ်ဆိုးအရိပ်များကို ကြည့်ပင်မကြည့်။ ကြည်လင်သည့်မျက်နှာ မရှိတော့သည့် ဘုန်းကြီးအိုကိုသာ စိုက်ကြည့်နေသည်။
“အော်မီတော်ဖော်၊ တောင်တန်းနတ်ဘုရား၊ မင်းဟာ လမ်းကြောင်းအတားအဆီးတစ်ခုထဲ ပိတ်မိနေတာပဲ။ လွတ်မြောက်ဖို့အတွက် ဗုဒ္ဓကျမ်းစာကို ရွတ်ဆိုဖို့လို....”
"ဂျိန်း ဝုန်း ဝုန်း"”
နေသာနေသည့်ကောင်းကင်မှ ကောင်းကင်လျှပ်စီးတစ်ခု ရောက်လာသည်။ အပြင်းထန်ဆုံး အင်အားအကြီးဆုံး သဘာဝစွမ်းအား၏ အမှတ်သညာဖြစ်သည်။ တစ်ချက်ထိသည်နှင့် အပြစ်သားနတ်ဆိုးများ ချက်ချင်းပျောက်ကွယ်သွားသည်။ မြူမှုန့်ဖြစ်သွားသည်။ နတ်ဆိုးစွမ်းအင်ရောင်ဝါးမျိုမှုကြောင့် ညှိုးခြောက်သွားသည့်မြက်ခင်းလည်း ပြန်ရှင်သန်လာသည်။ အရွက်များပေါ်တွင် ခြစ်ရာပင်မရှိ။
ကောင်းကင်လျှပ်စီးဆင်းလာသဖြင့် ဘုန်းကြီးအို တအံ့တဩဖြစ်ကာ စကားရပ်သွားသည်။ တောင်တန်းနတ်ဘုရားကို တအံ့တဩကြည့်သည်။ မြေစွမ်းအင် မှော်စွမ်းအင် လှုပ်ရှားမှုများကို မမြင်ရ။ လျှပ်စီးတန်းက ကောင်းကင်မှ ရုတ်တရက်ဆင်းလာခြင်းဖြစ်သည်။
“မင်းရဲ့ဗုဒ္ဓကို ငါတွေ့စရာမလိုဘူး။ မင်းတို့သုတ္တန်တွေကိုလည်း ငါဖတ်စရာမလိုဘူး”
တောင်တန်းနတ်ဘုရားအသွင်က အပြောင်းအလဲမရှိ။ သို့သော် သူ့မျက်လုံးသူငယ်အိမ်များ ရွှေရောင်တောက်လာပြီး ဒေါင်လိုက်အနေအထားဖြစ်လာသည်။ ဩဇာအမြင့်ဆုံး ကောင်းကင်နဂါးက သေမျိုးတစ်ယောက်ကို စိုက်ကြည့်နေကဲ့သို့ ဘုန်းကြီးအိုကို သူကြည့်နေသည်။
ထိုအကြည့်ကြောင့် ဘုန်းကြီးအိုသင်္ကန်းတွင် စီခြယ်ထားသည့် အဖိုးတန်ကျောက်မျက်များ ပေါက်ကွဲထွက်ကုန်သည်။ လက်ထဲမှသံဖြူချောင်းလည်း ချက်ချင်းပေါက်ကွဲသွားသည်။ တုတ်တိုတစ်ချောင်းအဖြစ် ပြောင်းသွားသည်။ အဘိုအိုမျက်နှာ ရိုးသားကြည်လင်သည့အသွင်မျိုး ပြန်ပြောင်းသွားသည်။ သို့သော် ရယ်စရာကောင်းသလိုလိုဖြစ်နေသည်။
“ကောင်းကင်ကောင်းချီးရထားတဲ့ နတ်ဘုရားလား။ မဖြစ်နိုင်ပါဘူး”
ဘုန်းကြီးအို သူ့လက်ထဲမှတုတ်တံကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ တောင်တန်းနတ်ဘုရား ထူးခြားမှန်းရိပ်မိသည်။ သို့သော် ဤမျှထူးခြားမည်ထင်မထား။
သူတွေ့ဖူးသမျှ သဘာဝနတ်ဘုရားများ ယခုသူ့ရှေ့မှလူနှင့် လုံးဝမတူ။ သူရှက်လာသည်။ တည်ငြိမ်သည့်ဗုဒ္ဓသမာဓိစိတ် ပျက်စီးသွားသည်။
ထိုနတ်ဘုရားမျိုး တစ်ခါမှမမြင်ဖူး။ သဘာဝနတ်ဘုရားအများစုက ဝိညာဉ်စွမ်းအားတိုးတက်ပေါက်မြောက်ခဲ့သည့် ကျင့်ကြံသူများ၊ မြေသွေးကြော ရေသွေးကြောပိုင်ဆိုင်သည့် နတ်ဆိုးများ၊ နတ်ဝိညာဉ်များ ဖြစ်သည်။
ရှေးခေတ်က တောင်တန်းများတွင် သဘာဝအတိုင်း ဝိညာဉ်ဖြစ်တည်မှုများ ပေါ်လာနိုင်ကြောင်း ကြားဖူးသည်။ ထိုမွေးရာပါနတ်ဘုရားများ ပျောက်ကွယ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဒဏ္ဍာရီသာရှိတော့သည်။
ယခု သူ့ရှေ့မှလူသည် တောင်တန်းမှ မွေးဖွားသည့်ဝိညာဉ်မဟုတ်။ မြေဝိညာဉ်လမ်းကြောင်းမှန်ကို လျှောက်ခဲ့ပြီး ကောင်းကင်ကောင်းချီးရလာသူဖြစ်သည်။ မွှေးတိုင်များ မှော်ပညာများ အားကိုးခဲ့သူမဟုတ်။
“ဒီတောင်တန်းကဝိညာဉ်တွေကို အလင်ပြပေးခဲ့တဲ့မျက်နှာထောက်ပြီး ဒီနေ့ ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ နောက်ထပ်လာစော်ကားရင် ဗုဒ္ဓနယ်မြေကို မင်းစောစောရောက်အောင် ငါပို့ပေးမယ်။ ကြိုသတိမပေးဘူးလို့ မပြောနဲ့တော့”
“ကျုပ်သင်ခန်းစာ ရသွားပါပြီ။ အသက်ချမ်းသာ ကျေးဇူးတင်ပါတယ်”
ဘုန်းကြီးအို အမှန်တကယ် ရိုကျိုးသွားသည်။ တောင်တန်းနတ်ဘုရား သူ့ရှေ့မှပျောက်ကွယ်သွားပြီးသည့်တိုင် အဆက်မပြတ် သူဦးညွှတ်နေသည်။
ထို့နောက် တောင်တန်းမှ ချက်ချင်းထွက်သွားသည်။ မွှေးတိုင်နံ့သင်းနေသည့် ဘုံကျောင်းသို့ ရောက်သည်အထိ ခြေလှမ်းမရပ်။ နောက်ဆုံးတွင် သူသက်ပြင်းချလိုက်သည်။
ပုံပျက်ပန်းပျက်ဖြစ်နေသည့် သူ့ပုံစံသူ ပြန်ကြည့်၍ မချိပြုံးပြုံးလိုက်သည်။
“နှစ်ငါးရာစုစည်းမှုတွေ မရည်ရွယ်တဲ့ စကားတစ်ခွန်းကြောင့် ချက်ချင်းပျက်စီးသွားပြီပဲ။ အကုသိုလ်က တကယ်ကြီးတာပဲ။ ကောင်းပါတယ်လေ ကောင်းပါတယ်”
အဆင့်မြင့်မြင့် ကျင့်ကြံထားသူဖြစ်၍ သူ့ဗုဒ္ဓရတနာအားလုံး ပျက်စီးသွားသည့်အဖြစ်ကို အရေးမစိုက်။ သက်ပြင်းချရုံသာချသည်။
“ကန်းကျိုးသခင်ဖုန်(ဖုန်ချင်ပင်း)ရဲ့ဇာတိမြေ ပီသပါပေတယ်။ ဝိညာဉ်သန္ဓေကြွယ်ဝတယ်။ သူ့ညီကလည်း ပါရမီထူးတာပဲ။ ကောင်းကင်ထောက်ခံမှုရထားတဲ့ တောင်တန်းနတ်ဘုရားလည်း ရှိနေတယ်။ ဒီကိစ္စကို ငါ့ဘာသာမဆုံးဖြတ်နိုင်ဘူး။ ဘုံကျောင်းက ငါ့အကိုတွေဆီ သတင်းပို့မှဖြစ်မယ်”
*********************************************