ကျေးဇူးတုံ့ပြန်မည်
Vol. 11 Ch. 152
“ဘယ်လိုနေသေးလဲ၊ တစ်ခုခု ထူးခြားသလား”
တောင်နက်ကိုပြန်ခေါ်လာပြီးနောက် အခြေအနေကောင်းမကောင်း ဖုန်ချင်အန်း မေးသည်။ စစ်ဆေးကြည့်သည်။ ခန္ဓာကိုယ်ပြဿနာမရှိ။ သို့သော် တောင်နက်၏ကိုယ်ပိုင်ခံစားချက်သာ အရေးကြီးဆုံးဖြစ်သည်။
“အူး”
တောင်နက်ခပ်တိုးတိုးတစ်ချက်ညည်း၍ ဖုန်းချင်းကို ဦးခေါင်းဖြင့် ပွတ်တိုက်နေသည်။
ဂရုစိုက်ခံရသည်ကို သူသဘောကျသည်။ ယခုသူ မသက်မသာခံစားရခြင်းမျိုးမရှိ။ ဦးခေါင်းထဲ ခါတိုင်းထက်ပင် ပို၍ကြည်လင်ပေါ့ပါးနေသေးသည်။ အပိတ်အဆို့အတားအဆီးတစ်ခုခုမှ လွတ်မြောက်လာသလို ခံစားရသည်။
“တကယ်လား”
ဖုန်ချင်အန်း ခြေလှမ်းရပ်၍ ဆောင့်ကြောင့်ထိုင်သည်။ လက်တစ်ဘက်ကို ရင်ဘတ်ပေါ်တင်ကာ နောက်လက်တစ်ဘက်ဖြင့် မေးကိုပွတ်၍ တောင်နက်ကို သေချာအကဲခတ်သည်။
“ဟုတ်လောက်တယ်။ မနေ့ကထက် မင်းနည်းနည်းပိုအဆင်ပြေလာတယ်။ ကြမ်းတမ်းတဲ့အရိပ်အယောင်တွေ လျော့သွားတယ်”
သားရဲထိန်းသခင်ဖြစ်၍ တောင်နက်အခြေအနေကို တောင်နက်ထက်ပို၍ သူမြင်နိုင်သည်။ နတ်ဆိုးခန္ဓာ နတ်ဆိုးစွမ်းအားနှင့် သားရဲဝိညာဉ်တို့ အပြောင်းအလဲမရှိ။ သို့သော် အသွင်အပြင် နည်းနည်းပြောင်းသွားသည်။
မြေအောက်ဘုံမှ သွေးသံရဲရဲတိုက်ပွဲများကြောင့် ကြမ်းတမ်းသည့်စွမ်းအင်ရိပ်များ တောင်နက်ကိုယ်တွင် လွှမ်းမိုးနေခဲ့သည်။ သိပ်သည်းမည်းနက်သည့် အမွှေးများ ရှိခဲ့သည်။
ကြမ်းတမ်းရိပ်မရှိဘဲ ထိုင်နေလျှင်ပင် ဆင့်ခေါ်လိုက်သည့်နတ်ဆိုးဝံပုလွေများ လေးစားကြောက်ရွံ့ရသည်။ သာမန်သေမျိုးများဆိုလျှင် ပြောစရာပင်မလို။
ကြီးမားသည့်အရွယ်အစားနှင့် ကြမ်းတမ်းသည့်ဟန်ပန် ရုပ်ခန္ဓာအစစ်ကိုသာ ထုတ်ပြလိုက်လျှင် လူများ သေမတတ်ထိတ်လန့်သွားပေလိမ့်မည်။
သို့သော်ယခု ကြမ်းတမ်းသည့်စွမ်းအင်ရိပ်များ လျော့သွားသည်။ မြေအေက်မှ ပြန်လာစဉ်ကထက် မျက်လုံးများ ပိုကြည်လင်လာသည်။ အရွယ်အစားလည်း ချုံ့ထားသဖြင့် အိမ်မွေးခွေးအသွင်မျိုး ရှိနေသည်။
ကျမ်းစာရွတ်သံနားထောင်ပြီးမှ အသွင်အပြင်ပြောင်းလဲလာခြင်းဖြစ်သည်။ ထိအပြောင်းအလဲသည် တောင်နက်အပေါ်မည်သို့သက်ရောက်မည်ကို သူမသိသေး။ သို့သော် ပြဿနာမရှိပါ။
“တုန်ဟွမ်း၊ အခု မင်းအားလား။ မေးစရာရှိလို့ပါ”
စိတ်ထဲမှ သံသယကို တုန်ဟွမ်းထံ လှမ်းသည်။ တုန်ဟွမ်းသည် တစ်ချိန်က မသေမျိုးဖြစ်ခဲ့သည်။ အတိတ်မှတ်ဉာဏ်များ ရှိနေသေးသည်။ ထို့ကြောင့် အကျိုးအကြောင်း ရှင်းပြနိုင်မည်မှာ သေချာသည်။
“မေးပါ”
အေးစက်စက်စကားသံ သူ့အာရုံသို့ဝင်လာသည်။ ဝိညာဉ်စာချုပ်ဖြင့် လောကနှစ်ခုကြား ဆက်သွယ်နေကြသည်။ တုန်ဟွမ်းကို မလိုအပ်ဘဲ သူမနှောက်ယှက်။ ဘုရင်မတစ်ပါး မည်မျှအလုပ်များသည်ကို မသိနိုင်။
ထို့အပြင် တုန်ဟွမ်းသည် အမြဲတွယ်ကပ်နေသည့်နန်းကောနှင့် စရိုက်ချင်းမတူ။ ဖုန်ချင်အန်း အကြောင်းမရှိဘဲ စကားသွားမပြော။ အကြံတောင်းစရာရှိတိုင်း သွားမေးသည်။ တုန်ဟွမ်းတုံ့ပြန်ပုံက အလေးအနက်ဆန်လွန်းသည်။ ကြည်နူးစရာမကောင်း။
“တောင်နက်က ဘုန်းကြီးအိုတစ်ပါးနဲ့ ဒီနေ့ တွေ့ခဲ့တယ်........”
အဖြစ်အပျက်ကို သူပြောပြသည်။ နောက်ဆုံးတွင် သူမေးသည်။
“ဒီအပြောင်းအလဲက တောင်နက်အတွက် ကောင်းတာလား ဆိုးတာလား”
“ကောင်းတာပါ”
အတက်အကျမရှိသည့်လေသံဖြင့် ယုဟွမ်သခင်မက ဖြေသည်။
“သရဲဝံပုလွေတွေဟာ သရဲသတ္တဝါစားပြီး ရှင်သန်ကြီးထွားတယ်။ သွေးဆက်ကနေ အမွေရတဲ့ ဝိညာဉ်စားသရဲမီးတောက်က သရဲဝိညာဉ်တွေနဲ့အတူပါလာတဲ့ ကြမ်းတမ်းယုတ်ညံ့တဲ့ ဓာတ်တွေကို ရှင်းထုတ်ပေးတယ်။ ဒါပေမယ့် အများစုကိုပဲ ရှင်းထုတ်နိုင်တယ်။ အကြွင်းအကျန်တွေလည်းရှိတယ်။ အချိန်တိုအတွင်း သရဲဝိညာဉ်တွေအများကြီးစားရင် ဒုက္ခတောင်ရောက်သွားနိုင်တယ်။ ဦးနှောက်တွေရှုပ်ထွေးပြီး အသိလွတ်သွားတယ်။ နတ်ဆိုးသားရဲဖြစ်လာတယ်”
“သရဲဝံပုလွေသွေးဆက်ကရတဲ့ နတ်စွမ်းအားမှ ဒီလိုအန္တရာယ်မျိုး ရှိတယ်ပေါ့”
ဖုန်ချင်အန်း တောင်နက်ကို တစ်ချက်ကြည့်လိုက်သည်။ တောင်နက်က အမြီးနံ့ပြနေသည်။
“ဒါက သရဲသတ္တဝါတွေ ကြုံရတဲ့အရာပါ။ သရဲဝံပုလွေမျိုးဆက် ဝိညာဉ်စားမီးတောက်ရဲ့ သန့်စင်နိုင်မှုစွမ်းအားက ပိုအဆင့်မြင့်ပါတယ်။ သရဲဝိညာဉ်စားသုံးတဲ့ အချိန်အတိုင်းအတာနဲ့ ပမာဏကို ထိန်းချုပ်နိုင်ရင် သာမန်နတ်ဆိုးတွေထက် ပိုမြန်မြန်စွမ်းအားတိုးနိုင်ပါတယ်။ အန္တရာယ်သိပ်မရှိပါဘူး”
ဖုန်ချင်အန်း နားလည်သွားသည်။
“မကောင်းတဲ့ဝိညာဉ်တွေ နာကျည်းဒေါသတွေ ကြမ်းတမ်းတဲ့စွမ်းအင်ရောင်တွေကို သန့်စင်တဲ့နေရာမှာ ဗုဒ္ဓဂိတ်က အကောင်းဆုံးပဲ။ ဘုန်းကြီးအိုနဲ့တွေ့ပြီး ကျမ်းရွတ်တာနားထောင်ခဲ့လို့ တောင်နက် အကျိုးကျေးဇူးနည်းနည်းရလာတာပါ။ သရဲဝိညာဉ်တွေစားတုန်းက ကျန်ခဲ့တဲ့ သူ့ကိုယ်ထဲက ကြမ်းတမ်းစွမ်းအင်ရောင် အခုရှင်းသွားလောက်ပါပြီ”
“ဒီတော့ ငါက အဲဒီဘုန်းကြီးကို ကျေးဇူးတင်ရမှာလား”
ဖုန်ချင်အန်း မပွင့်တပွင့်ပြုံးလိုက်သည်။
“တောင်နက်ရဲ့ သခင်အနေနဲ့ မင်းကျေးဇူးတင်သင့်တာပေါ့။ ဒါပေမယ့် ဒီကိစ္စကို စိတ်မပူပါနဲ့ ငါကိုယ်တိုင် အဲဒီ့ဘုန်းကြီးကို မင်းကိုယ်စား ကျေးဇူးတင်စကား သွားပြောပေးမယ်”
ပလ္လင်ပေါ်တွင်ထိုင်နေသည့် ယုဟွမ်သခင်မ၏လေသံ အေးစက်စက်ဖြစ်သွားသည်။ ဖုန်ချင်အန်းကတော့ မရိပ်မိ။ သို့သော် ပလ္လင်အောက်မှ စစ်ရေးသတင်းတိုးတက်မှုများ အစီရင်ခံနေသည့် သရဲစစ်သူကြီးများ လန့်ဖျတ်သွားကြသည်။
နားမလည်ကြ။ သူတို့အလုပ်တွင် အမှားအယွင်းလဲမရှိခဲ့။ သို့သော် ဘုရင်မက ရုတ်တရက် ဒေါသထွက်လာသည်။
နန်းတော်တစ်ခုလုံး အေးစိမ့်သည့်စွမ်းအားတစ်ခု ဖုံးလွှမ်းသွားသည်ကို အားလုံးခံစားမိကြသည်။ ဘုရင်မ၏မျက်နှာက အပြောင်းအလဲသိပ်မရှိသော်လည်း ဒေါသထွက်နေမှန်းသိကြသည်။ မဟုတ်လျှင် သူ့စွမ်းအားကို ထိုသို့ထုတ်လွှတ်မည်မဟုတ်။
“စိတ်အေးအေးထားပါ အရှင်မ”
ဘာအမှားလုပ်မိမှန်းမသိသော်လည်း စစ်သူကြီးတစ်ယောက်က ဒူးထောက်တောင်းပန်လိုက်သည်။ ဘုရင်မသည် အမှားမရှိနိုင်သည်။ ထို့ကြောင့် သူတို့အမှားသာဖြစ်ရမည်။
သူတို့၏ တိုက်ခိုက်ရေးအလုပ်တွင် အမှားမရှိဟု ယုံကြည်ကြသည်။ သို့သော် ဘုရင်မက တိုးတက်မှုနှေးသည်ဟု မြင်နေခြင်းဖြစ်မည်။ တကယ်လည်းမှန်သည်။ ထိုထက်မြန်မြန် တိုးတက်သင့်သည်။ သူတို့က ဖြေးဖြေးချင်းအချိန်ယူ၍ လုပ်နေခဲ့သည်။