အကြံတူများ
Vol. 11 Ch. 154
“ဂိုဏ်မှူးဦးလေး၊ ပြန်ရောက်လာပြီလား”
ညနေမိုးချုပ်အချိန် ဝတ်ရုံနှင့်ခန္ဓာကိုယ် မမျှတသည် ခပ်ဝဝ ဘုန်းကြီးတစ်ပါးက ဘုန်းကြီးတစ်ချို့ကို ဦးဆောင်၍ ဗောဓိကျောင်းထဲသို့ဝင်လာသည်။ သတင်းရပြီးဖြစ်သည့် တစ်ခြားဘုန်းကြီးအိုတစ်ပါးလည်း ဖက်တီးဘုန်းကြီးကို ကြိုဆိုနှုတ်ဆက်ရန် ရောက်လာသည်။
“ယီရှို့၊ လွန်ခဲ့တဲ့ နှစ်ဝက်က တောင်ဘက်ကို ငါတို့ပြောင်းရွှေ့သင့်တယ်လို့ မင်းအကြံပေးခဲ့တယ်။ အခု မင်းဘယ်လို ဆုံးဖြတ်ထားလဲ”
ခပ်ဝဝဘုန်းကြီးက ဘုန်းကြီးအိုကိုကြည့်၍ မေးလိုက်သည်။
“ဂိုဏ်းမှူးဦးလေး၊ ကန်းကျိုးအုပ်ချုပ်သူ(ဖုန်ချင်ပင်း) ရဲ့ ညီငယ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျုပ်တွေ့ခဲ့ပါတယ်။ သူက သာမန်ကလေးမျိုးမဟုတ်ဘူး။ မွေးရာပါနတ်စွမ်းအားမျိုး ပိုင်ဆိုင်ထားပါတယ်”
ဘုန်းကြီးအိုယီရှို့က ပြန်ပြောသည်။
“တကယ်လား”
ဂိုဏ်းမှူးဘုန်းကြီးက သေချာစေရန် ထပ်မေးသည်။
"ဗုဒ္ဓကိုယ်တော်ဆိုတာ မုသားမပြောပါဘူး။ ကျုပ်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ။ ကောင်လေးက မဟာနတ်ဆိုးအဖြစ် အသွင်ပြောင်းသွားနိုင်တဲ့ ခွေးနက်တစ်ကောင် မွေးထားပါတယ်”
ဘုန်းကြီးအို၏ စကားများက အံ့ဩစရာကောင်းလွန်းသည်။ ဂိုဏ်းမှူးနောက်မှ ဘုန်းကြီးအားလုံး တအံ့တဩဖြစ်နေသည်။
“ဖုန်ကျိုးသခင်ရဲ့ညီက အသက်ဘယ်လောက်ရှိပြီလဲ”
“ဒေသခံတွေဆီက စုံစမ်းကြည့်ပါတယ်။ ဒီကောင်လေးဟာ အခု ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ပါ”
ဘုန်းကြီးအိုက ပြန်ပြောသည်။ သဘောကျနေဟန်လည်းရှိသည်။ မျက်လုံးများ အရောင်တောက်နေသည်။
မသေမျိုးမိုနာ့လူဝင်စား ဤနိုင်ငံတွင် မွေးဖွားသည့်သတင်းက ကမ္ဘာတဝှမ်းမှ ဘုံကျောင်းအားလုံးသို့ ပျံ့နှံ့နေပြီဖြစ်သည်။ မြင့်မြတ်သည့်ပုဂ္ဂိုလ်ထူးတစ်ယောက်က ထိုလူဝင်စားသည် အတိတ်ဘဝက မသေမျိုးမိုနာ့ဖြစ်ပြီး ဤဘဝတွင် ဗုဒ္ဓတစ်ယောက်ဖြစ်လာမည်ဟု နိမိတ်ပေးသည်။ မသေမျိုးမိုနာ့ကို လိန်တောင်တန်းသို့ ကြိုဆို၍ ဗုဒ္ဓဝါဒ၏ခေါင်းဆောင်အဖြစ် ရှိခိုးသင့်သည်ဟု ဆိုသည်။
ထို့ကြောင့် ဘုံကျောင်းဂိုဏ်းမှူးဦးဆောင်သည့် ဗောဓိကျောင်းကိုယ်တော်များ တာ့ကျင်းနိုင်ငံသို့ ခရီးထွက်လာကြခြင်းဖြစ်သည်။ မသေမျိုးမိုနာ့ကိုရှာ၍ ဗုဒ္ဓဝါဒသို့ သွတ်သွင်းဖို့ဖြစ်သည်။
သို့သော် တာ့ကျင်းသို့ရောက်သည်နှင့် သူတို့စိတ်ကူးက ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။ တာ့ကျင်းတွင် တာအိုဂိုဏ်းဝင်များ စီနီယာဗုဒ္ဓကိုယ်တောများက မသေမျိုးမိုနာ့အကြောင်း သိထားကြပြီးဖြစ်နေသည်။
ကောင်းကင်ဖြစ်တည်မှုများ ရတနာများသည် အလွန်လျှို့ဝှက်၍ လူသိနည်းသည်ဟူသည့်စကားက လုံးဝအဓိပ္ပါယ်မရှိ။ မသေမျိုးမိုနာ့က ဤနိုင်ငံတွင် နာမည်ကျော်ဖြစ်နေသည်။ ဘေးအိမ်နီးချင်းနိုင်ငံများပင် သူ့အကြောင်း ကြားရသည်။
ဆယ့်လေးနှစ်မတိုင်မီ ခြောက်ထပ်ကွမ်းစာပေပညာရှင် ဖြစ်လာသည်။ ရုံးတော်သို့ ဝင်ခွင့်ရသည်။ ကျူးဇီအဆင့် အရာရှိဖြစ်လာသည်။ မင်းသားကြီးက သဘောကျသည်။ မင်းသား၏ သမီးတော်က ချစ်ခင်မြတ်နိုးသည်။ နန်းမြို့တော်တွင်နေပြီး နှစ်နှစ်မပြည့်မီ မြောက်ပိုင်းနယ်စပ် ကန်းကျိုးအုပ်ချုပ်သူအဖြစ် စေလွှတ်ခြင်းခံရသည်။ အရွယ်မရောက်သေးမီ အလွန်ကျယ်ပြန့်သည့် နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်စွမ်းရှိသည်။
ထိုသတင်းများက သေမျိုးများမြင်နိုင်သည့် အပေါ်ယံပိုင်းဖြစ်သည်။ ဝိညာဉ်များ နတ်မင်းများ ထံစုံစမ်းကြည့်လျှင် ထိုမိုနာ့၏ ကြောက်စရာ ‘ဆောင်ရွက်ချက်’များကို သိရမည်ဖြစ်သည်။
နယ်စပ်သို့ သူ့ကိုလွှတ်ခြင်းသည် နန်းတွင်းအရာရှိများနှင့် သေမျိုးများမမြင်နိုင်သည့် နတ်ဝိညာဉ်များက သူ့ကိုကြောက်ရွံ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ သူနှင့်အကြည့်ဆုံတိုင်း အားလုံး စိုရိမ်ခြောက်ခြားရသည်။ ရေသာခို၍မနေရဲကြ။
ထို့ကြောင့် သူ့ကို နယ်စပ်အုပ်ချုပ်သူအဖြစ် ခန့်အပ်သင့်ကြောင်း တစ်ယောက်က အကြံပြုသည်။ နန်းတွင်းအရာရှိများအားလုံး သဘောတူကြသည်။ ငြင်းပယ်သူမရှိ။ အင်ပါယာကလည်း လက်ခံသည်။ ထိုကိစ္စတွင် အရာရှိများနှင့် အတိုက်အခံမလုပ်။ အကြံပြုဆွေးနွေးပြီး နောက်တစ်ရက်တွင် ခန့်အပ်အမိန့်စာပေါ်တွင် တံဆိပ်တုံးထုပေးလိုက်သည်။
မျက်လုံးမကန်း နားမထိုင်းသူတိုင်း သူ့အကြောင်း သိကြသည်။ ထိုမျှလွမ်းမိုးအားကောင်သူသည် မသေမျိုးမိုနာ့ လူပြန်ဝင်စားခြင်းသာဖြစ်မည်။
မသေမျိုးမိုနာ့ဟု ဆိုလိုက်သည်နှင့် တုန်လှုပ်အံ့ဩစရာ အပြုအမူများ အောင်မြင်မှုများကို ထူးဆန်းသည်ဟု မထင်ကြတော့။ မသေမျိုးမိုနာ့အတွက် မအောင်မြင်နိုင်သည့်အရာ မရှိ။ သူဆန္ဒရှိမရှိသာ အဓိကဖြစ်သည်။
ထို့ကြောင့် တောင်ပိုင်းနန်ဟွားတိုက်နယ်မှ တာ့ကျင်းသို့ အပြေးလာခဲ့သည့် ဗောဓိကျောင်းကိုယ်တော်များ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ လူဝင်စားမိုနာ့ကိုပင် မြင်ခွင့်မရ။ ဗုဒ္ဓဝါဒသွတ်သွင်းဖို့ဆိုသည်မှာ အိပ်မက်မက်ရုံသာ ရှိတော့သည်။
မရေမတွက်နိုင်သည့် တာအိုဂိုဏ်းဝင်များ လူသားမသေမျိုးများ သိက္ခာမာနကို ခဝါချ၍ လူဝင်စားမိုနာ့ဘေးတွင် ဝိုင်းနေကြသည်။
ထိုအဆင့်မြင့်ပုဂ္ဂိုလ်များ စောင့်ကြည့်နေသဖြင့် ဗောဓိကျောင်းကိုယ်တောင်များ အနားသို့ပင်သီခွင့်မရ။
ဗောဓိကျောင်း၏ အဆင့်အတန်းသည် မဆိုးလှဟု ဆိုနိုင်သည်။ သို့သော် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း သူတို့လွှမ်းမိုးမှု ကျဆင်းခဲ့သည်။ ထို့အပြင် ယခုသူတို့ကို ခေါင်းဆောင်လာသူမှာ ဘုံကျောင်းကြီးကြပ်သူ ဂိုဏ်းမှူးသာဖြစ်သည်။ တစ်ခြားဘုံကျောင်းများလောက် အားစိုက်မထား။ တစ်ချို့ဘုံကျောင်းများက အငြိမ်းစားယူပြီးသည့် သက်တမ်းရင့် ကျောင်းထိုင်ဘုန်းကြီးများကိုပင် ခေါ်လာကြသည်။ ရှိသမျှနည်းလမ်းကုန် အစွမ်းကုန် အားထုတ်ခြင်းဖြစ်သည်။
ထို့ကြောင့် ဗောဓိကျောင်းအနေဖြင့် သွားယှဉ်၍မရ။ လမ်းဖေါက်၍မရ။ သို့သော် မိုင်သောင်းချီဖြတ်လာပြီးမှ လက်ဗလာဖြင့်လည်း မပြန်လိုကြ။ ရှက်စရာကောင်းလွန်းသည်။
မတိုးသာ မဆုတ်သာ အခြေအနေတွင် ယီရှို့ဟုခေါ်သည့် ဘုန်းကြီးအိုက တိုက်ရိုက်မဟုတ်သည့် လမ်းကြောင်းတစ်ခုကို အကြံပြုခဲ့သည်။ လူဝင်စားမိုနာ့နှင့် တွေ့ဆုံရန် ခက်ခဲသဖြင့် မကြိုးစားတော့။ မိုနာ့၏ဆွေမျိုးရင်းချာများဆီ အာရုံပြောင်းကြသည်။
နောက်ဆုံးတွင် မိုနာ့၏မွေးဇာတိ ယုန်နင်ကောင်တီသို့ ယီရှို့လာခဲ့သည်။ အတော်ဝေးလံခေါင်သီသည့် ကောင်တီမြို့ဖြစ်သော်လည်း ကျင့်ကြံသူများ၊ တာအိုရှင်များ ရှိနေသည်ကို သူတွေ့ရသည်။ ထိုလူများလည်း သူတို့လို အတွေးမျိုးရှိပုံရသည်။
လက်လှမ်းမမီသည့် မိုနာ့နှင့်ယှဉ်လျှင် ဤနေရဦသို့လာခြင်းက ပိုအခြေအနေကောင်းသည်။ ထို့ကြောင့် သူများထက်အရင် လက်ဦးမှုယူ၍ ရှီလီရွာနှင့်မနီးမဝေးတွင် ဗုဒ္ဓကျောင်းတစ်ခု တည်ဆောက်လိုက်သည်။
စိတ်ကူးစိတ်သန်းနှင့် အားအင်များစွာ စိုက်ထုတ်ခဲ့သည်။ အသစ်တည်ဆောက်သည့် ဗုဒ္ဓကျောင်းသတင်းက အနီးအနားကောင်တီများသို့ ပြန့်သွားသည်။ ခရီးဝေးမှ လာရောက်အရိုအသေပေး၍ မွှေးတိုင်ကပ်လှူသူများပင်ရှိသည်။