လမ်းကြောင်းမှန်
Vol. 11 Ch. 158
"ဘုန်း”
နှစ်နှစ်ဟူသည့် အချိန်တိုအတွင်း ယုန်နင်နတ်ဘုရားနယ်မြေ တတိယအကြိမ် ပိတ်သွားပြန်သည်။ နယ်မြေထဲမှ ဝိညာဉ်နတ်ဆိုးများ တည်ငြိမ်စွာ ရှိနေကြသည်။ ထူးခြားမှုလုံးဝမရှိ။
မကြည့်။ မကြား။ မပြော။ မလုပ်။
ယုန်နင်နတ်ဘုရားက နတ်ဘုရားဘုံကျောင်းနယ်မြေနှင့် လူသားကမ္ဘာကို အပြည့်အဝ ဖြတ်တောက်ခဲ့သည်။ ယခု သူထိုအကြောင်း ပြန်တွေးနေသည်။ အလွန်ကြောက်စရာကောင်းသည့် ယင်ချီရင်းမြစ်ကို သူအာရုံခံမိခဲ့သည်။ ကောင်တီနယ်တွင် စွမ်းအားအကြီးဆုံးဝိညာဉ်နတ်ဆိုးဖြစ်၍ ထိုကိစ္စကို သူလျစ်လျူရှု၍မဖြစ်။
ထို့နောက် သူမြင်ခဲ့ရသည်။ ဗောဓိကျောင်းနေရာတွင် တွင်းနက်ကြီးမှလွဲ၍ ဘာမှမကျန်ခဲ့တော့။ ရှီလီရွာမှလူငယ်၏ဘေးတွင် ကြောက်စရာဖြစ်တည်မှုတစ်ခုဖြစ်သည်။ ပုံပန်းသဏ္ဌာန်ကို သူမြင်နိုင်စွမ်းမရှိ။ ကြောက်စရာကောင်းသည့် အနက်ရောင်အလုံးတစ်ခုကိုသာ မြင်ရသည်။
ဘုန်းကြီးများ ဒုက္ခအကြီးအကျယ်ရောက်ပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူတုံ့ဆိုင်းမနေတော့။ နတ်ဘုရားနယ်မြေကို တတိယအကြိမ် ပိတ်လိုက်သည်။ ထိုနတ်ဆိုးသည် ဒုတိယဖုန်သခင်လေးနှင့် ပတ်သက်နေသည့်ဖြစ်၍ သူဘာမှဆက်လုပ်စရာမလိုတော့။ ဘာမှမမြင်ခဲ့သလို နေရမည်။
“ဘာဖြစ်တာလဲ”
နတ်ဘုရားအကြည့်ကို အာရုံခံနိုင်စွမ်းမရှိသဖြင့် ဖုန်ချင်အန်း တုန်ဟွမ်းကို မေးလိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ကို ချောင်းကြည့်နေတာလား”
“ဟုတ်တယ်၊ အဝါရောင်မျက်လုံးနဲ့လူပါ။ ဒါပေမယ့် အခုသူ့ကိုယ်သူ အလုံပိတ်ထားလိုက်ပါပြီ။ သူ့ကို စိုးရိမ်စရာမလိုတော့ဘူး”
ယွီယွီက တုန်ဟွမ်းကိုယ်စား ပြောသည်။
“သူက နယ်မြေနတ်ဘုရားပါ။ ငါရောက်နေတာကို အာရုံခံမိလို့ဖြစ်မယ်။ ငါလုပ်တာကလည်း နည်းနည်းထင်ရှားလွန်းသွားတယ်။ သူသတိထားမိမှာပေါ့’
“ဒါပေမယ့် ယွီယွီပြောသလိုဆိုရင် မြို့တော်နတ်ဘုရားက မင်းနဲ့ရင်ဆိုင်ဖို့ စီစဉ်နေတာ မဟုတ်လောက်ဘူးမို့လား”
ဖုန်ချင်အန်း တွေးကြည့်သည်။ တောင်နက်ကို မွေးမြူခဲ့သည်။ ထိုစဉ်ကတည်းက မြို့တော်နတ်ဘုရား သတိထားမိခဲ့ပြီးဖြစ်မည်။ သို့သော် ထိုအချိန်က သူသည် သာမန်ပုံစံသာဖြစ်သည်။ နတ်ဘုရား သူ့အကြောင်း ထိုးထွင်းသိနိုင်မည်မဟုတ်။
“အင်း..သူက မင်းကို စောင့်ရှောက်နေတာဖြစ်မယ်”
တုန်ဟွမ်းက ဖုန်ချင်အန်းခါးမှ ဓားကိုကြည့်၍ ပြောသည်။ ထိုဓားရှိနေသည်ကို နတ်ဆိုးအတော်များများ သိထားပြီးဖြစ်သည်။ ဓားဘေးတွင် အန္တရာယ်ကင်းကင်း ရပ်နေနိုင်သူသည် လောကကို ဒုက္ခပေးနေသည့်နတ်ဆိုးမျိုး မဖြစ်နိုင်။
“ငါက အဲလောက်လည်းနာမည်မကျော်ပါဘူး”
ဖုန်ချင်အန်း ရယ်လိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကို လျှော့တွက်လွန်းတာပဲ”
တုန်ဟွမ်း ခပ်ညှင်းညှင်းရယ်သည်။ ထို့နောက် ဖုန်ချင်အန်း ပုခုံးပေါ်မှ ဖီးနစ်ငှက်ကို လှမ်းကြည့်သည်။
“ယွီယွီ၊ ငါတို့ပြန်သင့်ပြီ”
“မြန်လှချည်လား၊ ဖုန်ချင်အန်းနဲ့နင် နည်းနည်းမကစားတော့ဘူးလား”
ဖီးနစ် ခေါင်းစောင်း၍ နားမလည်နိုင်ဟန်ဖြင့်မေးသည်။ အမြဲတမ်းဘေးဖယ်ထားခံရသော်လည်း နှစ်ရာချီသက်တမ်းရှိသည့်ငှက်ဖြစ်၍ အခြေအနေကိုရိပ်စားမိသည်။
“ငါနောက်သုံးလေးရက်နေရင် ပြန်လာလို့ရတယ်။ အရင်ဆုံး ဒီဘုန်းကြီးတွေကို ပြန်ခေါ်သွားရမယ်”
“ဒီကတုံးတွေကို သရဲနိုင်ငံမှာ တကယ်တရားပြခိုင်းမှာလား”
ယွီယွီ အံ့အားသင့်သွားသည်။
“ဟုတ်တယ်၊ ဗုဒ္ဓအလင်းကို ဆွဲထုတ်ပြီး ရူးနေတဲ့ဝိညာဉ်တွေရဲ့ နားကျည်းဒေါသရိပ်တွေကို ရှင်းမလို့။ ငါ့သရဲစစ်တပ်က နောက်ပိုင်းတွေမှာ ဆုံးရှုံးနစ်နာမှုတွေ မြင့်လာပြီ”
တုန်ဟွမ်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။
သရဲသတ္တဝါများကို တပ်ဖွဲ့အဖြစ်တည်ထောင်၍ တိုက်ခိုက်သည်။ တိုက်ပွဲတွင် တကယ်သေကြေပျက်စီးသည်က နှစ်ဆယ်ရာနှုန်းလောက်သာရှိသည်။ အများစုက နားကျည်းဒေါသစွမ်းအင်များ စိတ်ဝိညာဉ်ကို တိုက်စားခံရသဖြင့် အသိလွတ်ရူးသွပ်သွားကြသည်။
ထိုအဖြစ်သည်လည်း စစ်ပွဲထိခိုက်ဆုံးရှုံးမှုဖြစ်သည်။ ပြန်ပြုပြင်နိုင်ဖို့မလွယ်။ ဖုန်ချင်အန်း အကြံကိုကြားပြီးနောက် ထိုသို့လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ဘုန်းကြီးတွေကို အသုံးချပြီး သရဲတွေရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်ခိုင်းဖို့စိတ်ကူးကို ဘယ်သူကများရလာတာလဲ”
ယွီယွီ စိတ်ဝင်စားသွားသည်။ အတော်မျက်နှာပြောင်တိုက်သည့် စိတ်ကူးမျိုးဖြစ်သည်။
“ငါရလာတာပါ”
ဖုန်ချင်အန်း အပြစ်ကင်းသည့်မျက်နှာမျိုးဖြင့် ပြန်ဖြေသည်။
သူ့အတွေးက ရှင်းသည်။ ဘုန်းကြီးများ၏ ကျမ်းရွတ်သံသည် နာကျည်းဒေါသကို ရှင်းလင်းပေးသည်။ တောင်နက်၏ စွမ်းအင်သန့်စင်နှုန်းကို တိုးတက်စေသည်။ ထို့ကြောင့် ထိုဘုန်းကြီးများကို မြေအောက်ဘုံသို့ ပို့သင့်သည်။ ပိုအဆင်ပြေသွားမည်။ ထို့ကြောင့် သူအကြံပေးခဲ့သည်။
“တကယ့်ဉာဏ်စူးရောက်တာပဲ”
ယွီယွီ ဖုန်ချင်အန်းကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြောသည်။
“မြှောက်ပင့်လွန်းနေပါပြီ”
ဖုန်ချင်အန်းမျက်နှာက အရှက်တရာမရှိ။
“ငရဲကိုငါမသွားရင် ဘယ်သူသွားမှာလဲ” ဟူသည့် ဗုဒ္ဓစကားပုံတစ်ခုရှိသည်။
ဘုန်းကြီးများကို ထောင်ချောက်ဆင်သလို ဖြစ်နေသော်လည်း အမှန်တော့ ဗုဒ္ဓအယူအဆအတိုင်း မြင့်မြတ်မှန်ကန်သည့်လမ်းကြောင်းပေါ် တင်ပေးလိုက်ခြင်းသာဖြစ်သည်။ ထိုလမ်းကြောင့် မည်သို့အဆုံးသတ်မည် သူမသိ။ ဗုဒ္ဓတို့သည် မြေအောက်ကမ္ဘာ(ငရဲ)ကို ဗလာဖြစ်အောင်လုပ်မည်ဟု ကြွေးကြော်ကြသူများဖြစ်သည်။
ဘုန်းကြီးများလည်း ထိုအခြေအနေမှ သူတို့ဘာသာ သင်ယူခွင့်ရနိုင်သည်။ လွတ်မြောက်သည့်ဗုဒ္ဓအဖြစ်ကို ရကောင်းရသွားနိုင်သည်။ အခွင့်အရေးနည်းပါးသော်လည်း ကြိုးစားကြည့်သင့်သည်။
ထိုဘုန်းကြီးများ အမှန်တကယ် ဗုဒ္ဓအစစ်များဖြစ်သွားလျှင် သူ့ကိုပင် ကျေးဇူးတင်သင့်သေးသည်။ သူ့အကြောင့်သာမဟုတ်လျှင် တစ်ဘဝလုံး အချည်းအနှီးဖြစ်နေနိုင်သည်။
“ပြန်ကြစို့”
တုန်ဟွမ်းက ယွီယွီကိုပြော၍ လှည့်ထွက်လိုက်သည်။ ရွာဆီသို့ ဦးတည်သည်။
“ရပ်လိုက်”
ဖုန်ချင်အန်း လိုက်သွားရန်ပြင်နေစဉ် နောက်ကျောဘက်မှ အေးစက်စက်စကားသံပေါ်လာသည်။
“ဟမ်”
နည်းနည်းရင်းနှီးနေသည့်စကားသံဖြစ်၍ သူနောက်လှည့်ကြည့်လိုက်သည်။ ရွှေသံချပ်ကာဝတ်၍ အရောင်အဝါထွန်းလင်းသည့် အင်အားကြီးနတ်မင်းဖြစ်သည်။ အရပ်သုံးမီတာခန့်မြင့်သည်။ တည်ကြည့်သည့်အသွင်က လေးစားအားကိုးထိုက်ကြောင်း သက်သေခံနေသည်။
ယုန်နင်ကောင်တည် စစ်ပွဲနတ်မင်း။
ထိုနတ်မင်းကို အစောကတည်းက ဖုန်ချင်အန်း သိခဲ့သည်။ တစ်ချိန်က သူ့အိမ်ရှေ့တွင် ဆုံခဲ့ဖူးသည်။
သို့သော် ထိုနတ်မင်း ယခုလိုအချိန်မျိုးတွင် ရောက်လာသဖြင့် သူအံ့ဩမိသည်။ သတ္တိကောင်းလွန်းသည်ဟု ထင်မိသည်။
တုန်ဟွမ်း ထွက်မသွားသေး။
မှန်သည်။ ယုဟွမ်သခင်မ နောက်ပြန်လှည့်ကြည့်လာသည်။ ခုနကပင် ယုန်နင်ကောင်တီနတ်ဘုရား နတ်ဘုရားနယ်မြေကို အလုံပိတ်သွားခဲ့သည်။