← Chapters

ပြိုင်ဘက်ကင်းစိတ်ဓာတ်

Vol. 11 Ch. 159

ပြိုင်ဘက်ကင်းစိတ်ဓာတ်

Vol. 11 Ch. 159

“ရှုဝူပန်၊ ခင်ဗျားဘာလို့ ရောက်လာတာလဲ”

စစ်ပွဲနတ်ပင်း၏ နာမည်ကို သူသိထားပြီဖြစ်သည်။ သူစိမ်းသက်သက်လည်းမဟုတ်။ ရင်းနှီးသည်ဟုလည်း မဆိုသာ။ တဇွတ်ထိုးနိုင် စည်းကမ်းကျလွန်းသည့်ပုံစံကြောင့် ထိုနတ်မင်းကို သူသဘောမကျ။

“ဖုန်သခင်လေး၊ လူသားနဲ့သရဲဝိညာဉ်ဆိုတာ လမ်းကြောင်းမတူပါဘူး။ လမ်းလွဲမလိုက်မိပါစေနဲ့”

ဖုန်ချင်အန်းနှင့် မလှမ်းမကမ်းတွင် သူရပ်နေသည်။ ယုဟွမ်သခင်မရှိနေသော်လည်း ဖုန်ချင်အန်းကို တည်ကြည်ရဲတင်းစွာ စိုက်ကြည့်နေသည်။ အတော်ကြာအောင် စိတ်ထဲထိန်းထားခဲ့သည့် သတိပေးစကားကို သူပြောသည်။

ပြီးခဲ့သည့်နှစ်အစောပိုင်းကတည်းက ဖုန်သခင်လေး မြေအောက်ကမ္ဘာမှ ကြောက်စရာဖြစ်တည်မှုတစ်ခုနှင့် ဆက်သွယ်နေကြောင်း သူကြားခဲ့ရသည်။

အဘယ်ကြောင့်မြေအောက်မျိုးနွယ်များ တော်ဝင်ချီကို အရေးမစိုက်ဘဲ ဖုန်အိမ်တော်သို့ လွတ်လပ်စွာ ဝင်နိုင်ထွက်နိုင်သည်ကို သူစဉ်းစားမရ။ လူသားကမ္ဘာနတ်ဝိညာဉ်တစ်ယောက်အနေဖြင့် အဝေးမှသာ လှမ်းကြည့်နေခဲ့ရသည်။

ဖုန်အိမ်တော်ပတ်ဝန်းကျင်မှ စွမ်းအင်‌ရောင်က အပြောင်းအလဲမရှိ။ တော်ဝင်ချီမှဟုတ်ပါလေစဟုပင် သူသံသယဝင်မိသည်။ ပုံစံသူတစ်ခြားစွမ်းအင်မျိုးလည်း ဖြစ်နိုင်သည်။

မြေအောက်ကမ္ဘာမှမျိုးနွယ်ကို ဖုန်ချင်အန်းနှင့် မဆက်သွယ်နိုင်အောင် တားချင်ခဲ့သည်။ ထိုမြေအောက်မျိုးနွယ် စရောက်လာကတည်းက တစ်ခြားမြေနတ်များနှင့်အတူ သူကိုယ်တွေ့မြင်ခဲ့ရသည်။

သို့သော် တစ်ကိုယ်တောင် သွားတားရလောက်အောင် သူမရူးမိုက်။ ကိုယ့်အဆင့်ကိုယ် သိသည်။ တစ်ဘက်လူက ဘာမှလုပ်စရာပင်မလို ပုံမှန်အတိုင်းလမ်းလျှောက်၍ ဘေးမှဖြတ်သွားရုံဖြင့် သူ့နတ်ဝိညာဉ်ခန္ဓာ ကြေမွပျက်စီးသွားနိုင်သည်။

ဖုန်အိမ်တော်သို့ သူမဝင်နိုင်။ ထို့ကြောင့် စောင့်ကြည့်နေခဲ့ရသည်။ အတော်ကြာပြီးနောက် မြေအောက်မျိုးနွယ်သည် စွမ်းအားကြီးသော်လည်း ဖုန်သခင်လေးကို အန္တရာယ်မပေးကြောင်း သိလာရသည်။

သူမတားခဲ့။ ဝင်မပါခဲ့။ သို့သော် ယခု ဗောဓိကျောင်းတစ်ခုလုံး ထိုမြေအောက်မျိုးနွယ်ကြောင့် ပျောက်ကွယ်သွားသည်။ သူထိုင်ကြည့်မနေနိုင်တော့။

ယုန်နင်နတ်ဘုရားနယ်မြေ ပိတ်ဆို့ထားမျန်း သူသိသည်။ ယနေည သူအပြင်ဘက်တွင်ရှိနေသည်။ မြို့တော်နတ်ဘုရားပင် သူ့ကိုမတားနိုင်။ နတ်ဘုရားကလည်း ထွက်လာမည်မဟုတ်။

“သူက မင်းမိတ်ဆွေလား”

တုန်ဟွမ်းက ဖုန်ချင်အန်းကိုကြည့်၍ မေးသည်။ ထိုစစ်နတ်မင်းရှိနေကြောင်း သူအရင်ကတည်းကသိသည်။ သို့သော် အရေးမစိုက်ခဲ့။ လူတစ်ယောက် လမ်းလျှောက်သွားလျှင် လမ်းဘေးမှ ပုရွတ်ဆိတ်များ အင်းဆက်များကို အရေးစိုက်လိမ့်မည်မဟုတ်။

အရေးစိုက်ဖို့ မတန်သောကြောင့်ဖြစ်သည်။

“ဟုတ်မယ်ထင်တယ်”

ဖုန်ချင်အန်း ပြန်ပြောသည်။ တုန်ဟွမ်းမျက်နှာတွင် အပြောင်းအလဲတစ်ချို့ကို သူမြင်ရသည်။

“သခင်လေးဖုန်၊ သရဲတွေနဲ့ အတူသွားနေရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။ ညှို့ဓာတ်ပြင်းတဲ့ ရုပ်ရည်ကြောင့် နစ်မျောမသွားပါနဲ့။ သရဲတွေအတွက် အလှအပဆိုတာ လူ့စိတ်နှလုံးကို ဖမ်းစားဖို့သုံးတဲ့ နည်းလမ်းတစ်ခုပါ။ အပြင်ပန်းရုပ်သွင်ရဲ့အောက်မှာ မခန့်မှန်းနိုင်တဲ့ ရက်စက်ယုတ်မာမှုတွေရှိတယ်”

ရှုဝူပန် မျက်တောင်တစ်ချက်ပင်မခတ်။ သူ့ခန္ဓာကိုယ်နှင့်သံချပ်ကာမှ အသံတစ်ချို့မြည်လာသည်။ သူပြောချင်သည့် သတိပေးစကားကိုပြောသည်။

“သူက သရဲမဟုတ်ပါဘူး”

ဖုန်ချင်အန်း ထိုနတ်မင်းပါးစပ်ကို သွားပိတ်ထားချင်သည်။ တုန်ဟွမ်းရှေ့တွင် ထိုစကားမျိုး အဘယ်ကြောင့် ပြောရဲနေသည်မသိ။

ထိန်းမနိုင်သိမ်းမရလူစားဖြစ်သည်။ နတ်ဝိညာဉ်တို့သည် မြင့်မြတ်မှန်ကန်မှုစရိုက်ရှိကြမှန်း ဖုန်ချင်အန်း သိသည်။ သို့သော် ဤနတ်မင်းလောက် စည်းမျဉ်းကိုတင်းကြပ်စွာလိုက်နာသည့် နတ်ဝိညာဉ်မျိုး မတွေ့ဖူး။ ထိုမျှပြောဆိုရခက်သသည့်လူမျိုး လောကတွင်ရှိသည်ဟုပင် မထင်ခဲ့မိ။

ဖုန်ချင်အန်း ထိုနတ်မင်းနှင့် စကားများများမပြောချင်။ မကောင်းသည့်စိတ်မျိုး ရှိ၍မဟုတ်။ ထိုနတ်က တာဝန်အကျေလွန်နေသည်။

“အဲလိုစကားမျိုး ကျုပ်ကိုပြောဖို့ သူထွက်သွားပြီးသည်ထိ ခင်ဗျားမစောင့်နိုင်ဘူးလား။ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာလား”

သူတကယ် စိတ်ညစ်သည်။ ထိန်းချုပ်နိုင်စရာလည်း အကြောင်းမရှိ။

“နေရရင်လည်း ပျော်စရာမရှိဘူး။ သေရရင်လည်း ကြောက်စရာမရှိဘူး။ ဖုန်သခင်လေး၊ ကျုပ်ကို မိတ်ဆွေတစ်ယောက်လို တကယ်သတ်မှတ်ရင် ကျပ်ပြောတာကို အမြင်ဖွင့်ပေးတဲ့စကားလို့ မြင်နိုင်မယ်ထင်ပါတယ်။ အလှအပပုံရိပ်ယောင်အောက်က ရုန်းထွက်ပါ။ အလှည့်စားမခံပါနဲ့”

ဖုန်ချင်အန်း မှင်သက်မိသွားသည်။ သူဘယ်တုန်းက ထိုမျှအထိ လှည့်စားခံရဖူးသနည်း။ ထို့အပြင် ရှုဝူပန်က သူ့အမြင်ကိုဖွင့်ပေးရန် သေမည်ကိုပင်မကြောက်ဟုဆိုနေသည်။

သေခြင်းတရားကို တကယ်အရေးစိုက်ဟန်မရှိ။

“ဟုတ်တာပေါ့။ ဒီလိုသိက္ခာရှိတဲ့လူမျိုးနဲ့ မိတ်ဆွေဖွဲ့ထိုက်ပါတယ်။ မင်းဆုံးဖြတ်ချက် ကောင်းပါတယ်”

အခြေအနေ ပြေလည်အောင်ဖြေရှင်းရန် ဖုန်ချင်အန်း ကြိုးစားနေစဉ် တုန်ဟွမ်းထံမှ စကားသံထွက်လာသည်။

“မင်းစိတ်မဆိုးဘူးလား”

ထူးဆန်းသည်။ တုန်ဟွမ်းက ချီးကျူးစကားဆိုနေသည်။

“ဘာလို့စိတ်ဆိုးရမှာလဲ။ ငါက အလှအပတွေ ပုံရိပ်ယောင်တွေနဲ့ လူတွေကိုလှည့်စားနေတဲ့သရဲမှ မဟုတ်တာ။ အဆင့်နိမ့်ဝိညာဉ်တစ်ယောက်က ပေါက်တတ်ကရလျှောက်ပြောတိုင်း ဒေါသထွက်တတ်တဲ့ အမြင်ကျဉ်းတဲ့ အုပ်ချုပ်သူမျိုးလည်း မဟုတ်ဘူး”

“အဲလိုဆိုရင် အရှင်မအနေနဲ့ သခင်လေးဖုန်ကို လာမရှာတော့ဖို့ တောင်းဆိုချင်ပါတယ်။ ယင်နဲ့ယန်ဟာ သူ့အစီအစဉ််နဲ့သူရှိတယ်။ သေခြင်းနဲ့ရှင်ခြင်းဟာ သီခြားစီပဲ။ လူနဲ့သရဲဟာ လမ်းကြောင်းမတူဘူး။ သခင်လေးဖုန်အတွက် တကယ်စဉ်းစားတယ်ဆိုရင် သူ့ကိုဒုက္ခမပေးပါနဲ့”

စစ်နတ်မင်း ထပ်ပြောသည်။ တုန်ဟွမ်းကို တိုက်ရိုက်ပြောခြင်းဖြစ်သည်။ သေခြင်းကို လက်ခံထားပြီးဖြစ်၍ သူ့ဝိညာဉ်ကြေမွပျောက်ကွယ်သွားမည်ကို မကြောက်။

“လူသားတွေကြားမှာ နတ်မင်းတွေ နတ်ဘုရားတွေ ရှားတယ်။ ဒါပေမယ့် မင်းလို ဖြောင့်မတ်တည်ကြည်တဲ့ စရိုက်ရှိရင် မင်းဘဝဟာ ရှင်သန်ဖို့ အတော်ခက်ခဲမှာပဲ။ မင်းလူ့ဘဝတုန်းက သက်တမ်း တစ်ဝက်မပြည့်ခင် သေခဲ့တာလေ”

တုန်ဟွမ်း၏ ဘယ်မျက်လုံးတွင် အရောင်တစ်မျိုး တောက်ပနေသည်။

“အဲဒီ့ကိစ္စ အရှင်မ စိတ်ပူစရာမလိုပါဘူး။ ကျုပ်အသက်ရှိစဉ်တုန်းက စစ်ပွဲကွန်မန်ဒါဖြစ်ခဲ့တာပါ။ သိုင်းပညာရှင်အတော်များများ လိုချင်ကြတဲ့ သေခြင်းမျိုးနဲ့ တိုက်ပွဲမှာ သေခွင့်ရခဲ့တယ်။ သေပြီးတော့ နတ်ပလ္လင်တစ်ခုပေါ် ရပ်ခွင့်ရတယ်။ လူတွေပူဇော်တာကို ခံယူခွင့်ရတယ်။ ကျုပ် ကျေနပ်ပါတယ်။ ခက်ခဲတယ်လို့ မထင်ပါဘူး”

စစ်နတ်မင်းက မျက်နှာမပျက်။

“အဲလိုလား၊ ဒါပေမယ့် မင်းစိတ်ထဲမှာ တွယ်ကပ်နေတဲ့ နာကျည်းဒေါသကို မြင်နေရတယ်။ မင်းလိုချင်တဲ့ ဂုဏ်သရေမျိုးက မပြည့်ဝသေးဘူး”

“ဘာလို့ အရှင်မ ဝေဖန်ဆန်းစစ်နေတာလဲ”

စစ်နတ်မ်ငး မျက်မှောင်ကျုံ့သွားသည်။ သူထင်ထားသလို ထိုအရှင်မကသူ့ကို တစ်ချက်တည်း အသေတိုက်ခိုက်သတ်ဖြတ်ခြင်းမရှိ။

“မင်းရဲ့အတိတ်ဘဝအကြောင်းကို မြင်နိုင်တဲ့ သုံးဘဝကြေးမုံ ငါ့မှာရှိတယ်”

တုန်ဟွမ်း ဘယ်မျက်လုံးမှ နတ်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။လာသည်။ လေးထောင့်ပုံမှန် တစ်ချပ်အဖြစ်ပြောင်းသွားသည်။ နတ်အလင်းရောင်များ တောက်ပနေသည်။ သို့သော် အထဲတွင် မည်သည့်ပုံရိပ်မှ မရှိ။

“မင်းအတိတ်ဘဝကို ကြည့်ခွင့်ပေးရဲသလား”

“သုံးဘဝကြေးမုံတဲ့လ။ ကျုပ်က ဘာကြောက်စရာရှိမှာလဲ။ အများအတွက်ရော ကျုပ်ကိုယ်တိုင်အတွက်ရော ရှက်စရာမရှိတဲ့ ဘဝမျိုးနဲ့ နေခဲ့တာပဲ”

“ထင်ထားတဲ့အတိုင်းပါပဲ”

ကြေးမုံပေါ်မှ အလင်းရောင်များ တောက်ပလာသည်။ မှန်ထဲတွင် စစ်နတ်မင်း၏ အတိတ်ဘဝပုံရိပ်များ တဖျတ်ဖျတ်ပေါ်လာသည်။

မျိုးရိုးမြင့်မိသားစုတွင် မွေးဖွားခဲ့သည်။ သိုင်းပါရမီ ထူးခြားသည်။ မယိမ်းမယိုင် ဖြောင့်မတ်သည့် စိတ်ဓာတ်ရှိသည်။ သူ့မိသားစုက ပြုစုပျိုးထောင်ပေးသည်။

မိသားစု တိုက်ရိုက်မျိုးဆက်ထဲတွင် အထူးချွန်ဆုံးသားဖြစ်၍ တစ်ခြားမျိုးရိုးမြင့် ဩဇာမြင့်မိသားစုတို့မှ ကလေးများနှင့် အတိုက်အခံဖြစ်ကြသည်မှာလည်း မဆန်းလှ။ သို့သော် သူ့စိတ်ဓာတ်က ပြောင်းလဲမသွား။

ပြဿနာများစွာ ဖြစ်ပြီးနောက် နန်းတွင်းမိသားစုဝင်တစ်ယောက်နှင့် ထိပ်တိုက်တွေ့သည်။ သူ့ကို နယ်စပ်သို့ ပို့လိုက်ကြသည်။

ကိုယ်ပိုင်တပ်ဖွဲ့ကို ဦးဆောင်၍ ကွန်မန်ဒါဘဝဖြင့် နယ်စပ်တွင် အချိန်ကုန်သည်။

သို့သော် နယ်စပ်စစ်ပွဲတစ်ခုနှင့်အတူ အားလုံး အဆံးသတ်သွားသည်။ အပြင်းအထန် လိုက်လံတိုက်ခိုက်ခြင်း တန်ပြန်ခုခံခြင်းများ ကြုံရသည်။ တစ်လနီးပါးကြာခဲ့သည်။

ကိုယ့်ဘဝမြှုပ်နှံရာလမ်းကြောင်း ရှာတွေ့ပြီးစလူငယ်ဖြစ်၍ လူငယ်တပ်မှူးဖြစ်၍ သားရဲအရိုင်းများ ကြမ်းဖက်ခဲ့သည့် ရွာတစ်ရွာအတွက် တရားမျှတှုရှာပေးခဲ့သည်။ နယ်စပ်တါင် သူသေခဲ့သည်။ သူတပ်သားများ သာရဲရိင်းအလောင်းများ သူ့ခြေထောက်အောက်တွင် တောင်ကုန်းငယ်တစ်ခုလို ပုံနေခဲ့သည်။ သူ့သံချပ်ကာတစ်ခုလုံး သွေးစွန်းနေသည်။

သူသေသည်အထိ သူကိုယ်ပိုင်တပ်ဖွဲ့လေးနှင့် ရဲဘောရဲဘက်များသာ ရှိသည်။ တပ်ကူလုံးဝမရခဲ့။ သူဖန်တီးခဲ့သည့် မုန်တိုင်းက မြောက်ပိုင်းပြည်နယ်ကို လှုပ်ခါနိုင်ခဲ့သည်။ သားရဲဘုရင်တစ်ယောက်ကို ဒေါသထွက်စေခဲ့သည်။

“တကယ့်သူရဲကောင်းအစစ်ပဲ”

သုံးဘဝကြေးမုံမှ ပုံရိပ်များပျောက်သွားပြီးနောက် စစ်နတ်မင်းကိုကြည့်သည့် တုန်ဟွမ်း၏အကြည့်များ ပြောင်းလဲသွားသည်။ သူလိုချင် ထူးခြားသည့် ရတနာတစ်မျိုးကို တွေ့လိုက်ရသည့် အကြည့်မျိုးဖြစ်သည်။

“ဒီလောက် စစ်ဘက်ရေးရာ ထူးချွန်ခဲ့တာတောင် ကောင်တီစစ်နတ်မင်းရာထူးလေးပဲ ရထားတာ တကယ်ရယ်စရာကောင်းတာပဲ။ မြေအောက်ကမ္ဘာကို လာပူးပေါင်းပါ။ ငါ့လက်အောက်မှာ တာဝန်ထမ်းဆောင်ပါ။ ငါမင်းကိုသရဲစစ်သည်တစ်သောင်း ဦးစီးခိုင်းမယ်။ မြေအောက်ကမ္ဘာမှာ မင်း လွတ်လွတ်လပ်လပ်သွားနိုင်တယ်။ မြို့တွေ နိုင်ငံတွေ သိမ်းနိုင်တယ်။ ဘာအတားအဆီးမှ မရှိဘူး”

All Chapters