ထီမထင်သူ
Vol. 11 Ch. 163
ရှေ့ကျင့်စဉ်သုံးခုလိုပင် မူလဗီဇအတိုင်း အဆက်မပြတ် ဆက်စပ်နေခြင်းဖြစ်သည်။ သို့သော် အတော်ကွဲပြားသည်။ သားရဲထိန်းသခင်နှင့် သားရဲဝိညာဉ်ကြား ရုပ်ခန္ဓာအာရုံဆက်သွယ်မှုသာမက သိစိတ်ဝိညာဉ်ဆက်စပ်မှုလည်း ပါလာသည်။
အရင်က သူတွေးမရခဲ့သည့် မေးခွန်းတစ်ခု အဖြေထွက်လာသည်။ “ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်း”၊ “ဝိညာဉ်စုအရိုးသန့်စင်နည်း”၊ “ဝိညာဉ်စားအရိုးခြင်ဆီပြောင်းလဲနည်း”များသည် သားရဲဝိညာဉ်စွမ်းအင်ကို နိုးထလာအောင် ကူညီပေးနိုင်သည်။ ထိုနည်းလမ်းသုံးမျိုးက ရုပ်ဒြပ်ပုံသဏ္ဌာန်အခိုင်အမာရှိသည့် သက်ရှိများကိုသာ သက်ရောက်သည်။
(**ဖုန်ချင်အန်း ရလာသည့် လျှို့ဝှက်ကျင့်စဉ်နည်းလမ်း နာမည်များကို အင်္ဂလိပ်စာအရေးအသား အပြောင်းအလဲအတိုင်း ဘာသာပြန်ခဲ့ပါသည်)
ယင်ဝိညာဉ်ဖြစ်သည့် နန်းကောအတွက် ထိုနည်းလမ်းများက သိပ်အသုံးမဝင်လှ။ သူ့ခန္ဓာကိုယ်သည် လူသားမျိုးနွယ်ဖွဲ့စည်းပုံနှင့် ဆင်တူပါသည်။ သူ့ပါးစပ်ထဲတွင် လူသားခံန္ဓာအရည်များရှိပါသည်။ သို့သော် ရုပ်ဒြပ်ခိုင်မာသည့် သက်ရှိများနှင့် အခြေခံအရ ကွဲပြားခြားနားသည်။ သူသည် အလွန်အဆင့်မြင့်သည့် ဝိညာဉ်ဖြစ်တည်မှုမျိုးဖြစ်သည်။
သူကျင့်ကြံရာတွင် ဖုန်ချင်အန်း သိပ်မကူညီနိုင်ခဲ့။ ထိုအဖြစ်ကြောင့် ဖုန်ချင်အန်း အားနာမိသည်။ နန်းကောကြောင့်ရလာသည့် အကျိုးအမြတ်များကို သူခံစားရသည်။ သို့သော် သူအပြန်အလှန် မကူညီနိုင်ခဲ့။ မိန်းမတစ်ယောက်ကိုအားကိုး၍ နေထိုင်ရသလို ဖြစ်နေသည်။
ယခု စတုတ္ထုမြောက် ကျင့်စဉ်ကို ရလာသည်။ သူ့ပြဿနာ အဖြေပေါ်လာသည်။ နန်းကော၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်လမ်းညွှန်နိုင်စွမ်း ရှိလာသည်။
ယင်ဝိညာဉ်နန်းကောကျင့်ကြံရတွင် ကူညီနိုင်ပြီဖြစ်သည်။ စွမ်းအားမြန်မြန်တိုးအောင် လုပ်ပေးနိုင်သည်။ စွမ်းရည်အဆင့်ကို နှိုးဆွ၍ တိုက်ခိုက်စွမ်းအားမြင့်လာအောင် လုပ်ပေးနိုင်စွမ်း ရှိလာသည်။
နန်းကောက သူ့အမကဲ့သို့ သန့်စင်မှုကိုးပါးကို ပြီးမြောက်လိုသည်။ ထို့ကြောင့် သူ့ဘာသာကျင့်ကြံ၍ စွမ်းအားကို အဆုံးစွန်ထိသန့်စင်ရသည်။ အစက ဖုန်ချင်အန်း ဘေးထိုင်ကြည့်ရုံသာ တတ်နိုင်သည်။ ယခု ပူးပေါင်းလေ့ကျင့်ပေးနိုင်ပြီဖြစ်သည်။
စွမ်းအားသန့်စင်ခြင်းအလုပ်သည် သူနှင့်မစိမ်းလှ။ ညတိုင်းလိုလို သူ့ဝိညာည်စွမ်းအားကို လေ့ကျင့်ခဲ့သည်။ နန်းကောကိုလည်း သူ့လိုဖြစ်လာအောင် အချိန်တစ်ခုအတွင်း လုပ်ပေးနိုင်တော့မည်။
“ခုနက ငါ့အမနဲ့ စကားပြောနေတာလား”
သူ့ရင်ခွင်ထဲတွင် ခိုနေသည့်နန်းကောက တဖြေးဖြေးရင့်ကျက်ခံ့ညားလာသည့် ဖုန်ချင်အန်းမျက်နှာကို တပ်မက်သည့်မျက်လုံးများဖြင့်ကြည့်၍ မေးသည်။
“ဟုတ်တယ်၊ မင်းအမက ယုန်နင်ကောင်တီရဲ့ စစ်နတ်မင်းကို ခေါ်သွားတယ်။ ငါလည်း ပျော်ချင်လို့ သွားကြည့်တာပါ။ အဲဒီစစ်နတ်မင်းက လေးစားစရာပဲ။ ငါသူ့ကိုသဘောကျတယ်”
မွေးပျံ့သည့်ရနံ့များ ဘေးပတ်တွင်လွှမ်းခြုံ၍ မိန်းမလှတစ်ယောက် ရင်ခွင်ထဲတွင် ရှိနေသော်လည်း တစ်ခြားတစ်ယောက်ကို သူချီးကျူးမိသည်။ စစ်နတ်မင်း၏ ဘဝရပ်တည်မှု ရွေးချယ်မှုတို့သည် အမှန်တကယ် ပြိုင်ဘက်ကင်းလှသည်။
“သူက ဘယ်လိုလူမျိုးလဲ”
“အရူးလေ”
ယွီယွီပြောခဲ့သည့်စကားလုံးဖြင့် သူပြန်ပြောသည်။ ထို့နောက် ညပိုင်းက မြင်ခဲ့ရသည့်အဖြစ်အပျက်များကို နန်းကောအား ပြောပြသည်။
ထိုအချိန်တွင် ယုန်နင်ကောင်တီ နတ်ဘုရားနယ်မြေ၌ နတ်မင်းများအားလုံး ခန်းမထဲတွင် စုဝေးနေကြသည်။ မျက်နှာမသာမယာဖြစ်နေကြသည်။ တစ်ချို့ သက်ပြင်းချကြသည်။ တစ်ချို့က နှမျောတသဟန် ဖြစ်နေကြသည်။
“ဘာလို့ ဒီလိုဖြစ်ရာတာလဲကွာ”
“စိတ်မကောင်းစရာပဲ”
“ရှုနတ်မင်းက တကယ်တဇွတ်ထိုးဆန်တာပဲ”
စကားသံအမျိုးမျိုး ထွက်လာသည်။ အကြောင်းအရာတစ်ခုကို အတည်ပြုပြီးဖြစ်၍ အားလုံး သက်ပြင်းချနေကြသည်။
စစ်နတ်မင်း ပျောက်သွားသည်။
နတ်မင်းတစ်ယောက် နေရာမှပျောက်သွားလျှင် အဆင့်မြင့်မြို့တော်နတ်ဘုရားပင် အာရုံမခံနိုင်တော့။ အသက်ရှင်နေဆဲဖြစ်ပြီး အသေဆိုးဖြင့်သေသွားခြင်းမဟုတ်ကြောင်းသာ အတည်ပြုနိုင်သည်။ သို့သော် စစ်နတ်မင်းအတွက် ဘယ်သူမှ မျှော်လင့်ချက်မရှိကြတော့။
အပူဇော်ခံဘဝဖြင့် နတ်ပလ္လင်ပေါ်တက်လာသည့် နတ်ဝိညာဉ်တစ်ယောက်သည် သူအပူဇော်ခံသည့်နေရာနှင့် ကြာရှည်ကင်းကွာမနေနိုင်။ ကင်းကွာလျှင် လေလွင့်ဝိညာဉ်အဖြစ်သို့ လျှောကျသွားမည်။ သူ့ဝိညာဉ်ခန္ဓာသည် သာမန်လေလွင့်ဝိညာဉ်များထက် သန်စွမ်းသော်လည်း အဆုံးသတ်ကောင်းမည်မဟုတ်။
ယုန်နင်ကောင်တီတွင် ယာရှာ(အစောင့်နတ်)များနှင့် သတင်းပို့နတ်များ နေ့ရောညပါ ကင်းလှည့်ကြသည်။ သို့သော် ယုန်နင်ကောင်တီနယ်မြေမှ ထွက်သွား၍မရ။ သွားလိုလျှင် မြို့တော်နတ်ဘုရးက သူတို့အတွက် လုံလောက်သည့် နတ်စွမ်းအားမျိုး ချီးမြှင့်ပေးထားရသည်။ သို့တိုင်အောင် အချိန်ခဏသာခံနိုင်ရည်ရှိသည်။ ကြာကြာနေ၍မရ။ အလွန်ဆုံး နေ့တစ်ဝက်အတွင်း မူလနယ်မြေသို့ ပြန်လာကြရသည်။
နတ်မင်းတစ်ယောက် ပျောက်သွားခြင်းသည် အရေးကြီးကိစ္စဖြစ်သည်။ စစ်နတ်မင်းအသက်ရှင်နေလျှင်လည်း ယခုလို အခြေအနေတွင် သေသည်နှင့်မခြားတော့။
“မြို့တော်နတ်ဘုရား၊ ရှုဝူပန်ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။ သူဘယ်လိုပျောက်သွားလဲ စုံစမ်းကြမလား”
စားပွဲထိပ်တွင်ထိုင်နေသည့် မြို့တော်နတ်ဘုရားကို တစ်ယောက်ကမေးသည်။
“ဘာမှစုံစမ်းစရာမလိုဘူး။ သွားမထိသင့်တဲ့အရာကို သူသွားထိခဲ့တာ။ သူလုပ်ရပ်အတွက် သူ့ဘာသာတာဝန်ယူရမယ်။ မင်းတို့ စုံစမ်းနေစရာမလိုဘူး။ ဒီကိစ္စ ငါကိုယ်တိုင် အစီရင်ခံလိုက်မယ်”
“သခင်နတ်ဘုရား။ ဒီကိစ္စကို ချက်ချင်းသတင်းပို့မလား။ နည်းနည်းစောင့်ဦးမလား”
စာပေနတ်မင်းက ဝင်ပြောသည်။
သတင်းပို့သည်နှင့် စစ်နတ်မင်းရာထူးလစ်လပ်သည့်ကိစ္စကို တစ်ခြားနတ်များက စုံစမ်းကြတော့မည်။ ဖြစ်နိုင်ခြေအရှိဆုံးရလာဒ်မှာ ရှုနတ်မင်းပျောက်ဆုံးသည့်ကိစ္စ ဆက်မစုံစမ်းဘဲ နတ်မင်းတစ်ပါး အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်မည်။
“ဘယ်လောက်ကြာအောင် စောင့်ကြမလဲ”
ယုန်နင်နတ်ဘုရားက အလိုက်သင့်ပြန်မေးသည်။
“သုံးနှစ်ဆိုရင်ရော”
စာပေနတ်မင်း အကြံပြုသည်။
“ပြည်နတ်မြို့တော်က နတ်မင်းတွေကို အကန်းလို့ထင်နေလာ စာပေနတ်မင်း”
မြို့တော်နတ်ဘုရား စိတ်မရှည်ဟန်ဖြင့် ပြန်ပြောသည်။ ပုံမှန်ဆိုလျှင် စာပေနတ်မင်းနှင့် စစ်နတ်မင်းသည် မျက်နျာကြောမတည့်ကြ။ သို့သော် ယခုလိုဖြစ်လာချိန်တွင် စာပေနတ်မင်းက ရဲရဲတင်းတင်းအကြံပြုသည်။ သ
သုံးနှစ်။
နတ်မင်းဖြစ်နေသည့်တိုင် ထိုမျှအချိန်ကြာကြာ တာဝန်မလစ်ဟင်းသင့်။
“ဒါဆို နှစ်နှစ်လောက်စောင့်မလား”
စာပေနတ်မင်း နည်းနည်းလျှော့လိုက်သည်။ စစ်နတ်မင်းနေရာကို တစ်ခြားတစ်ယောက် လွှဲယူလိုက်သည်နှင့် စစ်နတ်မင်းအသက်ရှင်နေသေးလျှင်ပင် တော်ကြီးမျက်မည်းတွင် လေလွင့်နတ်ဝိညာဉ်အဖြစ်သာ နေရတော့မည်။
“အများဆုံး တစ်နှစ်ပဲ။ ဒီထက်ကြာရင် ငါ့လို အဆင့်နိမ့်နတ်အရာရှိလည်း အကူအညီမပေးနိုင်ဘူး။ အဲဒါတောင် ငါအပြစ်တင်ခံရဦးမှာ”
“စစ်နတ်မင်းကိုယ်စား ကျုပ်တောင်းပန်ပါတယ် သခင်”
စာပေနတ်မင်း ရိုရိုသေသေဦးညွှတ်လိုက်သည်။
“မင်းဘာလို့ ဒီလိုလုပ်နေတာလဲ။ ငါက စစ်နတ်မင်းရဲ့ အထက်အရာရှိပါ။ သူ့လုပ်ရပ်တွေကို ငါသတိထားမိတယ်။ သိသိရက်နဲ့ လုပ်ခွင့်ပေးလိုက်တာ။ ဒီကိစ္စ မင်းနဲ့ဘာမှမဆိုင်ပါဘူး”
နတ်ဘုရား စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်း၍ အားလုံးထွက်သွားရန် အချက်ပြလိုက်သည်။ သူလည်း ယခု စိတ်မကောင်းဖြစ်နေသည်။
“အစောကတည်းက မင်းကိုရာထူးတိုးပေးပြီး နယ်ပြောင်းလိုက်ရမှာ။ အဲဒါဆို ဒီလိုအဖြစ်ဆိုးမျိုး မင်းကြုံရမှာမဟုတ်ဘူး”
ဘယ်သူမှမရှိတော့သည့် ခန်းမကိုကြည့်၍ သူသက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“ငါ့အမှားပါပဲ”
....................
ဘုံနှစ်ခုဆက်ထားသည့် အက်ကြောင်းရှေ့တွင် စစ်နတ်မင်း၏ ရွှေရောင်အလင်းများ မှေးမှိန်နေသည်။ နတ်စွမ်းအားကို အစွန်းကုန် ထိန်းသိမ်းထားရသည်။ ယခု သာမန်လူအရွယ်အစားသို့ ရောက်နေပြီဖြစ်သည်။ သူ့လက်ထဲမှ ဓားကလည်း အက်ကြောင်းများစွာ ပေါ်နေသည်။
သို့သော် အဆုံးစမဲ့လေလွင့်ဝိညာဉ်များကို ရင်ဆိုင်နေဆဲဖြစ်သည်။ အပျက်အစီးနယ်မြတွင် ယင်သားရဲများက သူ့လှုပ်ရှားမှုတိုင်းကို လောဘမျက်လုံးဖြင့်ကြည့်နေသည်။ သူ့စွမ်းအားအနိမ့်ဆုံးရောက်သွားမည့်အချိန်ကို စောင့်နေသည်။
အစောပိုင်းက အရေအတွက်များစွာ သူသတ်ခဲ့သည်။ သို့သော် ယင်သားရဲများ လေလွင့်ဝိညာဉ်များက နည်းနည်းမှ နောက်ဆုတ်မသွား။ သူ့စွမ်းအင် တဖြေးဖြေးအားနည်းလာကြောင်း သတိထားမိကြသည်။
အားနည်းလာသည့်အစောင့်ကို ဘယ်သူမှကြောက်နေမည်မဟုတ်။
ထိုစောင့်နောက်ဘက်တွင် လူသားလောကရှိသည်။ တစ်ချိန်က သရဲဘုရင်များခွင့်ပြုချက်ဖြင့် သူတို့ဝင်ရောက်ခွင့်ရခဲ့သည့် နတ်ဘုံးကြီးဖြစ်သည်။
“ငါ့မှာ တစ်ခြားရွေးချယ်စရာ မရှိတော့ဘူးပဲ”
တစ်ဖြေးဖြေးပိုများလာသည့် ယင်သားရဲများကိုကြည့်၍ ရှုဝူပန် သက်ပြင်းချသည်။ သူ့အကြည့်က တုန်ဟွမ်းချန်ထားခဲ့သည့် အရိုးဖြူဓားဆီ ရောက်သွားသည်။
နိမိတ်ဆိုးစွမ်းအင်ရောင်ရှိသည့် သရဲဓားတစ်လက်ဖြစ်သည်။သို့သော် စွမ်းအားကြီးသည်။ မျောက်နှင့်တူသည် ယင်သားရဲတစ်ကောင် အမှတ်မထင် ဓားကိုဆွဲယူရန် ကြိုးစားသည်။ သို့သော် ချက်ချင်း သွေးပုံဘဝရောက်သွားသည်။
ထိုဓားကို ယုဟွမ်သခင်မက သူ့အတွက် ပြင်ဆင်ပေးထားခဲ့မှန်း သူသိသည်။ ထိုဓားကို သူဆုပ်ကိုင်လိုက်လျှင် နတ်မင်းဘဝကို စွန့်လွှတ်၍ မြေအောက်သရဲမျိုးနွယ်ဖြစ်ဖို့ ရွေးချယ်ရတော့မည်။
ဘာရွေးရမည်နည်း။
နတ်မင်းအဖြစ် သူဆက်ထိန်းထားပြီး အားအင်ကုန်ဆုံးသည်ထိ တိုက်ခိုက်ရင်း သူ့အသက်ကို ဂုဏ်ရှိရှိ အဆုံးသတ်နိုင်သည်။ သူ့အတ္ထုပ္ပတိမှတ်တမ်းဝင်သွားမည်။ လောကတစ်ခွင် ကျော်ကြားမည်။
“အရှက်မရှိဆုံး လူညစ်ပဲ”
ရှုဝူပန် မကျေမနပ်ဆဲရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အက်ကွဲနေသည့် သူ့ဓားကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ လက်မှလွှတ်လိုက်သည်နှင့် ချက်ချင်းအစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။
အစကတည်းက သူရွေးချယ်စရာ တစ်ခုသာရှိခဲ့သည်။
လက်ကိုဆန့်ထုတ်၍ အရိုးဓားကို လှမ်းဆွဲလိုက်သည်။ ဓားပေါ်မှ အနက်ရောင်ယင်စွမ်းအင်များ ထိုးထွက်လာသည်။ ရွှေရောင်ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
“ငါ့နာမည် ရှုဝူတင်းကွ။ မိုးမြေကြားက ဥပဒေကိုလက်ကိုင်ထားတဲ့ ရှုဝူတင်းပဲ”
လူသားဝိညာဉ်နတ်မင်းအဖြစ် ဆုံးရှုံးသွားသည်။ သရဲနတ်မင်းက နာမည်အပြည့်အစုံ ကြွေးကြော်သည်။ သူ့ဖခင် လိုချင်ခဲ့သည် အကြီးကျယ်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ ထိုလမ်းကြောင်းကို အတိမ်းအစောင်းမရှိ သူလျှောက်ခဲ့သည်။
“အသုံးမကျတဲ့လက်နက်။ မင်းကများ မင်းသခင်ကို ဝါးမျိုချင်တယ်ပေါ့။ ငါ့အမိန့်ကိုနာခံပြီး ရန်သူတွေကိုသတ်စမ်း”
မူလသရဲဘုရင်ထံမှ ကြွင်းကျန်သည့် နာကျည်းဒေါသရိပ်များက စစ်သည်တော်၏စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်စွမ်းမရှိ။ သရဲဓားက ချက်ချင်းငြိမ်ကျသွားသည်။ သခင်သစ်ကို အညံ့ခံသည်။
စစ်နတ်မင်း၏ လူသားဝိညာဉ်နတ်ဘဝ အဆုံးသတ်သွားသည်။ နယ်စပ်တွင်တွင် တိုက်ခိုက်ရင်းသေခဲ့သည့် မြင့်မြတ်သည့်သားတော်။ လူသားတို့အတွက် သွေးကြွေးဆပ်ပေးခဲ့သူ။ ထီမထင်သည့် သူ့စရိုက်သဘာဝအစစ်ကို ထုတ်ပြသည်။ သရဲဝိညာဉ်အပြည့်ရှိသည့် ကောင်းကင်ကိုကြည့်၍ မခိုးမခန့် ပြုံးလိုက်သည်။
“မင်းတို့က လူသားကမ္ဘာကို ဝင်ချင်တယ်ပေါ။ ဒီလမ်းကြောင်းကို ပိတ်ထားတယ်ကွ။ ဒီနေရာကို ငါစောင့်ကြပ်နေတယ်။ ငါမင်းတို့ကိုပေးမှာက သေခြင်းတရားပဲ”