← Chapters

မတိုးသာမဆုတ်သာ

Vol. 11 Ch. 164

မတိုးသာမဆုတ်သာ

Vol. 11 Ch. 164

ယုဟွမ်သရဲနိုင်ငံ၊ တော်ဝင်မြို့တော်။

ကျယ်သထက်ကျယ်လာသည့် ဤမြို့တော်ထဲမှ တော်ဝင်နန်းတော်အနီးတွင် ဗုဒ္ဓအလင်းများ ထွက်နေသည့် ဘုံကျောင်းတစ်ခု မကြာသေးမီက ပေါ်လာသည်။

ထိုဗုဒ္ဓအလင်းကြောင့် ဖြတ်သွားဖြတ်လာ သရဲမျိုးနွယ်များ အနီးအနားတွင်နေထိုင်သည့် နိုင်ငံထိပ်တန်းသရဲစစ်သည်များအတွက် စိတ်မသက်မသာ ဖြစ်ကြရသည်။ သို့သော် ထိုဘုံကျောင်းကိုကြည့်နေသည့် သူတို့အကြည့်တွင် စက်ဆုပ်ရွံရှာသည့်အရိပ်မျိုးမရှိ။

အကြောင်းမှာ ထိုဘုံကျောင်းထဲတွင် လူသားကမ္ဘာမှ အသွေးအသားနှင့်တည်ဆောက်ထားသည့် ဘုန်းကြီးတစ်စု ရှိနေသောကြောင့်ဖြစ်သည်။ သရဲမျိုးနွယ်များအကြည့်က လောဘရိပ်သန်းနေသည်။ အဆင့်နိမ့်သရဲများပင် သွားရေယိုနေကြသည်။ ဘုံကျောင်းထဲတွင် မြေအောက်လောကအတွက် အရသာအရှိဆုံးအစာများ ရှိနေသည်။

စွမ်းအားမြင့်သရဲဂျင်နရယ်များ အရာရှိများက သတင်းရထားပြီးဖြစ်သည်။ ထိုဘုံကျောင်းထဲမှ ဘုန်းကြီးများသည် သူတို့စားဖို့မဟုတ်။ သူတို့အတွက် ကျမ်းစာလာရွတ်ကြခြင်းဖြစ်သည်။

နည်းနည်း နှမျောစရာကောင်းသော်လည်း ဘာမှမဆန်းလှ။ သူတို့သခင်က သက်ရှိဝိညာဉ်များကို စားသုံးခွင့်မပြု။ ဘုန်းကြီးများကိုစားဖို့ဆိုလျှင် ပို၍ဝေးသေးသည်။

သို့တိုင်အောင် စွမ်းအားမြင့်သရဲများက ဗုဒ္ဓကျမ်းစာများကို နားထောင်ရန် နည်းနည်းစိတ်အားထက်သန်နေကြသည်။

နာကျည်းဒေါသနှင့် မကောင်းသည့်ယင်ဓာတ်များမှ သူတို့မွေးဖွားလာကြသည်။ စွမ်းအားရလာကြသည်။ သို့သော် ထိုစွမ်းအင်များက သူတို့စိတ်ကို အချိန်မရွေးဝါးမျို၍ လက်ရှိသူတို့ပိုင်ဆိုင်သမျှကိုလည်း ဖျက်ဆီးပစ်နိုင်သည်။

စွမ်းအားမည်မျှပိုင်ဆိုင်ထားသည်ဖြစ်စေ ရူးသွပ်၍ ဆင်ခြင်ဉာဏ်မဲ့သွားလျှင် ထိုစွမ်းအားများ မီးခိုးလိုပျောက်ကွယ်သွားမည်။ နောက်ထက် ရှင်သန်နိုင်မည်မဟုတ်တော့။ ဝိညာဉ်ကြေမွပြန့်ကျဲ၍ အဆုံးသတ်ရမည်။

ယခု ဘုန်းကြီးများရောက်လာသည်။ ကုစားဖို့ အခွင့်အရေးရလာသည်။ သရဲနိုင်ငံတွင် ဘုန်းကြီးများ ပထမဆုံးလုပ်ရမည့်အလုပ်မှာ ထိန်းချုပ်မရအောင် ရူးသွပ်နေသည့် သရဲများ၏အသိစိတ်ကို ပြန်လှုံ့ဆော်ပေးဖို့ဖြစ်ည်။

“အော်မီတော်ဖေါ်”

အသက်အရွယ်ရုပ်သွင်အမျိုးမျိုးရှိသည့် ဘုန်းကြီးများ ဘုံကျောင်းထဲတွင် တိတ်ဆိတ်စွာ စုဝေးနေကြသည်။ မျက်နှာတွင် ဝမ်းနည်းရိပ်သန်းနေကြသည်။ သူတို့ရှေ့တွင် ရူးသွပ်၍ဆူညံစွာအော်ဟစ်နေသည့် သရဲပေါင်းတစ်ရာကျော်ရှိနေသည်။

ထိုသရဲများကို အတားအဆီးဖြင့် ချုပ်နှောင်ထားသည်။ ဘုန်းကြီးများကိုကြည့်၍ သွားရေယိုရုံသာ တတ်နိုင်ကြသည်။ သို့သော် အားလုံးက ဘုန်းကြီးများကို အဆုံးသတ်ပေးနိုင်လောက်အောင် စွမ်းအားမြင့်ကြသည်။

“ဘယ်လိုလုပ်ကြမလဲ ဂိုဏ်းမှူးဦးလေး”

ယီရှူက စိုးရိမ်နေဟန်ဖြင့် မျက်မှောင်ကျုံ့၍ပြောသည်။ တောင်ပိုင်းနတ်ဟွားတိုက်နယ်အနှံ့ နှစ်ပေါင်းများစွာ သူခြေဆန့်ဖူးသည်။ နတ်ဆိုးများ မကောင်းဆိုးဝါးဝိညာဉ်များကို သန့်စဉ်ဖူးသည်။ တွေ့သမျှအားလုံးကို ဗုဒ္ဓဓမ္မဖြင့် ချေချွတ်ပေးခဲ့သည်။ သဲလွန်စလုံးဝမကျန်စေရဘဲ သရဲများ နောက်ဘဝတွင် ပြန်ဝင်စားနိုင်‌အောင် လုပ်ခဲ့သည်။ သို့သော် ယခု ထိုသို့လုပ်လျှင် ယုဟွမ်သခင်မက သူတို့ကို အရင်ထားမည်မထင်။

“ဘာလုပ်နိုင်မှာလဲ။ ကံစီမံရာအတိုင်းပေါ့”

ဂိုဏ်းမှူးဖက်တီး စိတ်ပျက်လက်ပျက် ရေရွတ်သည်။ လူဝင်စားမိုနာ့ကိုရှာရင်း မြေအောက်ကမ္ဘာသို့ ဆွဲခေါ်ခံရမည်ဟု အိပ်မက်ပင်မမက်ဖူး။ သူ့တူယီရှို့၏ အကြံဉာဏ်ကို သူနားမထောင်ခဲ့သင့်။

သူတို့ကိုဖမ်းလာသည် နိုင်ငံသခင်သည် လူဝင်စားမိုနာ့နှင့် ဆက်စပ်မှုရှိနေနိုင်ကြောင်း ယခု သူနားလည်လာသည်။ မဟုတ်လျှင် ထိုမျှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာစရာမကြောင်းမရှိ။ သူတိုရောက်ရောက်ချင်း အဖမ်းခံခဲ့ရသည်။

ဤနိုင်ငံသခင်၏အပြုအမူက အတော်ထူးဆန်းသည်။ မြေအောက်ဘုံတွင် ထွက်ပေါ်လေ့ရှိသည့် သရဲဘုရင်များနှင့် သိပ်မတူ။ လူ့အသွေးအသားဝိညာဉ်ကို မကြိုက်သည့်သရဲ မရှိ။ ပုံမှန်သရဲဘုရင်များအတွက် သူတို့လိုဘုန်းကြီးများသည် စားသောက်စရာပစ္စည်းနှင့် ပိုတူသည်။

သို့သော် ဤနိုင်ငံသခင်က သူတို့အသွေးအသားကို စိတ်မဝင်စား။ ကျမ်းစာရွတ်ပေးရန် တောင်းဆိုသည်။ သူ့လက်အောက်ခံများကိုလည်း ဝါးမျိုစားသောက်ခြင်းမပြုရန် တားမြစ်ထားသည်။

ထိုသို့လုပ်နိုင်သည့် သရဲဘုရင်မျိုး မရှိ။ တစ်နည်းပြောရလျှင် ထိုသို့လုပ်နိုင်သူသည် သရဲဘုရင်မဟုတ်နိုင်။ မြင်သမျှကြားသမျှအားလုံးကို ဂိုဏ်းမှူးဘုန်းကြီး စဉ်းစားသုံးသပ်နေသည်။

လူဝင်စားမိုနာ့၏ အတိတ်အစီအစဉ်တစ်ခုဟုတ်မဟုတ် သူမသိ။

မဖြစ်နိုင်။ ဖီးနစ်ပေါ်လာသည်။ အရောင်အဆင်းက ပုံမှန်မဟုတ်သော်လည်း ဖီးနစ်အစစ်ဖြစ်သည်။

သို့ဆိုလျှင် သူတို့အသက်အတွက် အာမခံချက်ရှိနိုင်သည်။ သို့သော် သူ့မှန်းဆချက်သာဖြစ်သည်။ သက်သေအထင်အရှားမရှိ၍ သူမပေါ့ဆရဲ။

“ကံစီမံရာအတိုင်းတဲ့လား”

ဘုန်းကြီးအတော်များများမျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။ ထိုအဖြေမျိုးကြာရမည်ဟု ထင်မထားကြ။ သူတို့ထဲတွင် ဂိုဏ်းမှူးသည် ဗုဒ္ဓဓမ္မအသိ အမြင့်ဆုံးဖြစ်သည်။ အတွေ့အကြုံအများဆုံးဖြစ်သည်။

“ဒါပေမယ့် ဘာမှမလုပ်ဘဲတော့ နေလို့မဖြစ်ဘူး။ “ဗောဓိဉာဏ်အလင်းစိတ်နှလုံးမန္တာန်”ကို ရွတ်ဖတ်ကြည့်ကြတာပေါ့”

ဂိုဏ်းမှူး သက်ပြင်းတစ်ချက်ချ၍ ဆုံးဖြတ်လိုက်သည်။ အချိန်ဆွဲနေ၍မဖြစ်။

“ဒါက...”

အားလုံး တုံ့ဆိုင်းဆိုင်းဖြစ်သွားကြသည်။ ဗုဓ္ဓမန္တာန်များကို သူတို့အရိုးစွဲနေပြီးဖြစ်သည်။ စဉ်းစားနေစရာမလိုဘဲ ရွတ်ဖတ်နိုင်ပါသည်။ သို့သော် မည်သည့်အကျိုးဆက်မျိုး ဖြစ်လာမည်မသိ။

ရွတ်ဖတ်သည့်ကျမ်းစာကြောင့် သူတို့ရှေ့မှသရဲများ သေကြေပျက်စီးသွားလျှင် အခက်တွေ့မည်။ နိုင်ငံသခင်မက ထိုသရဲများကို လက်လွှဲပေးထားသည်။ နာကျည်းဒေါသများ ရှင်းလင်းဖယ်ရှား၍ သိစိတ်ပြန်ဝင်လာအောင် ကူညီခိုင်းထားသည်။

ထိုတောင်းဆိုချက်ကြောင့် သူတို့အခက်တွေ့နေသည်။ လူသားကမ္ဘာတွင် ထိုသရဲများကိုတွေ့လျှင် သရဲဘဝချေချွတ်ပေးလိုက်ရုံသာရှိသည်။ လူပြန်ဝင်စားခိုင်းမည်။ ဤရူးသွပ်နေသည့် သရဲများကို ထိန်းသိမ်းရသည်ထက် ပိုကောင်းသည်။

“တစ်ခြားရွေးချယ်စရာရှိလို့လား။ သူတို့အသိစိတ်ကို ပြန်ဖွင့်မပေးနိုင်လည်း ဒီဘဝကနေ အပြီးအပြတ် လွတ်မြောက်အောင် လုပ်ပေးရုံပဲပေါ့။ ဒါလည်း ကုသိုလ်ပါပဲ”

“ဂိုဏ်းမှူးဦးလေးပြောတဲ့အတိုင်း လုပ်ကြတာပေါ့”

ယီရှို့က ပထမဆုံးတုံ့ပြန်လာသည်။ ထို့နောက် ညီအကိုများကို လှည့်ကြည့်သည်။

“ငါစရွတ်မယ်။ ဒီကိစ္စကို ငါအစပျိုးခဲ့တာပဲလေ။ ငါတစ်ယောက်တည်း ကျမ်းစာရွတ်ပါရစေ။ နိုင်ငံသခင် ဒေါသထွက်ရင်လည်း ငါတစ်ယောက်တည်းရဲ့အမှားပဲ ဖြစ်ရမယ်”

All Chapters