တမူထူးသည့် ရွှေကြက်ဖ
Vol. 12 Ch. 166
ဘုန်းကြီးအို လက်ညှိုးထိုးနေသဖြင့် တောင်နက်လည်း မျက်လုံးပြူးသွားသည်။ သူလည်း နားမလည်။ စွမ်းအားမြင့်သရဲများ ဝိုင်းကြည့်နေသော်လည်း သူ့အသွက်က တည်ငြိမ်သည်။ စွမ်းအားမြင့် အစောင့်များကို အရေးမစိုက်ဘဲ ရှေ့ဆုံးတန်းသို့ လျှောက်လာပြီး သရဲဘုရင်များဘေးတွင်ထိုင်၍ ဘုန်းကြီးအိုကို လှမ်းကြည့်သည်။
ရင်းနှီးနေသည့် ဝံပုလွေနက်နှင့် ထိုဝံပုလွေအပေါ် ဘုံကျောင်းထဲမှ သရဲများ၏သဘောထားကိုမြင်ပြီးနောက် ဘုန်းကြီးအို အရာအားလုံးကို ချက်ချင်းနားလည်သွားသည်။ သူ့ရင်ထဲမှ ဒွိဟများ ရှင်းလင်းသွားသည်။
ကံကြမ္မာအပြောင်းအလဲကို ဖိတ်ခေါ်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်။
ယခုကြုံနေရသည်အဖြစ်ဆိုးသည် နောက်ခံအကြောင်းမရှိဘဲ ဖြစ်မလာနိုင်။ သူကိုယ်တိုင်တူးထားသည့် ချောက်နက်ကြီးဖြစ်သည်။ သူ့တပည့်များ ညီအကိုများကတော့ ဆွမ်းခံရင်းငှက်သင့်သူများဖြစ်သည်။
“ကိုယ်တော်၊ ခင်ဗျားက ကျုပ်တို့အရှင်မရဲ့ အချစ်တော်သားရဲနဲ့ ရင်းနှီးနေတာလား”
ဘုန်းကြီးအိုအမူအရာကိုကြည့်၍ သရဲဘုရင်တစ်ယောက်က စိတ်ဝင်တစားမေးသည်။
အရှင်မအချစ်တော်။
ယုဟွမ်နိုင်ငံတွင် လက်ရှိတောင်နက်၏ အဆင့်အတန်း။ ကြမ်းတမ်းသည့်သရဲများကြား အေးအေးဆေးဆေးလျှောက်သွား၍ သရဲဘုရင်များဘေးတွင် ထိုင်နိုင်သည့် အကြောင်းရင်း။ ဘယ်သူ့ကိုမှ အရေးမစိုက်သည့်အသွင်မျိုးလည်းရှိနေသည်။
“သိပ်မကြာသေးခင်က လူသားကမ္ဘာမှာ ဒီဝံပုလွေဘုရင်နဲ့ဆုံပြီး ဗုဒ္ဓကျမ်းစာ သင်ပြခဲ့ဖူးပါတယ်”
ဘုန်းကြီးအို အမှန်အတိုင်း ဖြေလိုက်သည်။ အားလုံး၏ဇစ်မြစ်ကို သူနားလည်လာသည်။
သို့သော် လူဝင်စားမိုနာ့၏ ညီငယ်က ထိုဝံပုလွေကို လူသားကမ္ဘာသို့ ဘာကြောင့်ခေါ်လာသည်မသိ။ ဘာကြောင့် သရဲနိုင်ငံအရှင်မနှင့် ပတ်သက်နေသည်မသိ။
"ဟားဟားဟား"
ဘုန်းကြီးအိုအဖြေကြောင့် မေးခဲ့သည့် သရဲဘုရင် အော်ဟစ်ရယ်မောလိုက်သည်။ ဉာဏ်ထက်သည့် တစ်ခြားသရဲဘုရင်နှင့် စစ်သူကြီးများလည်း ဆက်စပ်စဉ်းစား၍ အထာပေါက်သွားပြီး ဝိုင်းရယ်ကြပြန်သည်။ ဘုံကျောင်းတစ်ခုလုံး ရယ်မောသံများ ပြည့်နက်သွားသည်။
“ဒီဘုန်းကြီးက အရှင်မရဲ့အချစ်တော်သားရဲကို ဗုဒ္ဓဘာသာထဲ သွတ်သွင်းဖို့ ကြိုးစားခဲ့တာလား”
“ဟုတ်တယ်လေ။ ဒါကြောင့်လည်း အရှင်မက သူ့ကိုဖမ်းခေါလာတာပဲပေါ့”
"ဘုန်းကြီးအို၊ ခင်ဗျားက တကယ်သတ္တိကောင်းတာပဲ”
မျက်နှာပျက်နေသည့် ယီရှို့ကို တစ်ခြားသရဲဘုရင်များလည်း ဆက်၍လှောင်ပြောင်ကြသည်။ ရယ်မောသံများ ပိုကျယ်လောင်လာသည်။ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင် အသက်ဝင်လာသည်။
“ကိုယ်တော်၊ ဘယ်ကျမ်းစာကိုများ တောင်နက်ကို ရွတ်ပြခဲ့တာလဲ။ ကျုပ်တို့ကို အခုရွတ်ပြပါဦး”
“ဟုတ်တယ်။ အဲဒီကျမ်းစာတွေ ရွဝ်ပြစမ်းပါဦး”
အမူအရာအမျိုးမျိုး ပြောင်းလဲနေသည့် ယီရှို့မျက်နှာကိုကြည့်၍ သဘောကျနေကြသည်။ အဆက်မပြတ်တိုက်တွန်းကြသည်။
“ဒါက..”
ထိန်းမနိုင်သိမ်းမရ ရိုင်းစိုင်းလှသည့် သရဲများကို သူထိန်းမနိုင်။ အားလုံးအာရုံစိုက်ခံနေရသည့် တောင်နက်ကို သူငေးကြည့်နေသည်။ အခြေအနေက သူထင်သလောက် မဆိုးသေးကြောင်း သဘောပေါက်လိုက်သည်။
“ဒီနေ့ သံသရာရသေ့ဘုရင်ရဲ့သုတ္တန်ကို ကျုပ်နောက်တစ်ကြိမ် ရွတ်ဖတ်ပါ့မယ်။ ကျမ်းစာရွတ်တဲ့အချန် ခင်ဗျားတို့ မသက်မသာဖြစ်လာရင် စောစောထွက်သွားပေးကြပါ”
“မလိုအပ်တာတွေပြောမနေနဲ့။ စရွတ်ပါတော့”
ယီရှို့ တင်ပျဉ်ခွေထိုင်၍ သုတ္တန်များကို စတင်ရွတ်ဖတ်သည်။ ကျမ်းစာရွတ်သံ လွင့်ပျံလာသည်။ ဗုဒ္ဓအလင်းများ ဖြာထွက်လာသည်။
သို့သော် ကျမ်းရွတ်သံနှင့် ဗုဒ္ဓအလင်းများက တောင်တန်းပေါ်တွင် ရွတ်ဖတ်စဉ်ကလောက် အားမကောင်းတော့။ စွမ်းအားမြင့်သရဲများစွာ ရှိနေသဖြင့် စိတ်ဖိအားကြုံနေရသောကြောင့်ဖြစ်သည်။
အားလုံးက သခင်မအမိန့်အရ စွမ်းအားကိုထိန်းချုပ်ထားသော်လည်း သရဲအရေအတွက်များလွန်းသဖြင့် ကျမ်းရွတ်သံနှင့် ဗုဒ္ဓအလင်းအားကို ဖိနှိပ်ထားနိုင်သည်။
ထို့ကြောင့် တောင်နက် ပထမတစ်ကြိမ် နားထောင်စဉ်ကလောက် အာနိသင်မရှိ။ မထိရောက်။ အတော်ကြာအောင် နားထောင်နေပြီးနောက် တောင်နက် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။
“ရွှေကြက်ဖ”
ဘုံကျောင်းထဲ ဝင်လာကတည်းက ဖုန်ချင်အန်း သိစိတ်အာရုံ တောင်နက်ထံတွင် ရှိနေခဲ့ပြီးဖြစ်သည်။ ကျမ်းစာနှင့်ဗုဒ္ဓအလင်းကို သူထူးထူးခြားခြား မခံစားရ။ တောင်နက်ကြည့်နေသည့် ရွှေကြက်ဖဆီ အာရုံရောက်သွားသည်။
ငါးရောင်ခြယ်ကြက်ဖက ဘုံကျောင်းနံရံပေါ်တွင် နားနေသည်။ ရှည်လျားသည့် အမြီးတောင်များ အရောင်တလက်လက်တောက်ပနေသည်။ ဘုန်းကြီးအို၏ ကျမ်းစာရွတ်သံကို အာရုံစိုက်၍ နားထောင်နေသည်။
“အကဲဖြတ်မယ်”
(မျိုးစိတ် - ဘရိုကိတ်ကြက်)
(ဗီဇ - မီး၊ ယန်၊ အိမ်မွေးကြက်)
(စွမ်းရည် - ကွန်မန်ဒါ၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ ထိပ်တန်းအဆင့်)
ထိုသတ္တဝါ ပိုအားကောင်းလာသည်။ တိုက်ခိုက်စွမ်းအား တိုးတက်လာသည်။ စွမ်းရည်တိုးလာသည်ကို ဖုန်ချင်အန်း ပိုစိတ်ဝင်စားမိသည်။ ထိုကြက်ကို အရင်က သိပ်အရေးမစိုက်ခဲ့။
ထိုကြက်ဖကို တစ်ကြိမ်သာ ဝိညာည်ပေါင်းစပ်၍ သွေးသန့်စင်ပေးခဲ့သည်။ အသိဉာဏ်ဖွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုသတ္တဝါက သူ့အခန်းထဲ ခိုးဝင်၍ အစာကောက်သည်။ ယုဟွမ်နိုင်ငံသို့ ရောက်ကတည်းက တောင်နက်လည်း ထိုကြက်ကို အကူအညီပေးခဲ့ခြင်းမရှိ။ သို့သော် ထိုကြက်ဖ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာသည်။ အတားအဆီးတစ်ချို့ကို ကျော်ဖြတ်နိုင်ခဲ့ပုံရသည်။
“တောင်နက်၊ကျမ်းစာရွတ်ပြီးတဲ့အချိန်ကျရင် အဲဒီကြက်ဖနောက်ကို လိုက်ကြည့်ပါ။ သူဘယ်လိုလေ့ကျင့်နေသလဲ ဘာတွေစားနေလဲဆိုတာ ငါသိချင်တယ်”
“ဝု...”
တောင်နက် နားလည်သည်။ တစ်ခါတစ်ရံ ထိုကြက်ဖနှင့် သွားကစားဖူးသည်။ သရဲမြို့တော်ထဲ အတူလျှောက်သွားဖူးသည်။ ထို့ကြောင့်လည်း ယခု ထိုကြက်ဖ သရဲများကြားတွင် အေးအေးလူလူ နေရဲခြင်းဖြစ်သည်။ သရဲအများစုကို သူသိသည်။ သူ့ကိုမသိသည့် သရဲများကိုပင် သူသိနေသည်။
“သရဲဘုံရဲ့ အဆိပ်ပြင်းပိုးကောင်နဲ့များ တိုက်ခိုက်နေတာလား”