← Chapters

စူးစမ်းခွင့်

Vol. 12 Ch. 167

စူးစမ်းခွင့်

Vol. 12 Ch. 167

အဆိပ်ပိုးကောင်ကိုစားလျှင်စား။ မစားလျှင်း အဆိပ်ပိုးကောင်၏ စားသောက်ခြင်းကိုခံရမည်။

သို့သော် တွေးတောသုံးသပ်နေခြင်းထက် လက်တွေ့ သွားကြည့်သည်က ပိုကောင်းသည်။ တောင်နက်ကို ရွှေကြက်ဖအား လိုက်ကြည့်ခိုင်းသည်။ အဘယ်ကြောင့် ထိုမျှစွမ်းရည်တိုးလာသည်ကို ဖုန်ချင်အန်း ကြည့်ချင်သည်။

နာရီအတော်ကြာပြီးနောက် သရဲဆယ်ကောင်ခန့်သာကျန်တော့သည့်အချိန်တွင် ကျမ်းစာရွတ်ဖတ်မှု ပြီးဆုံးသွားသည်။ သရဲများ သိပ်မကျန်တော့။ သရဲဘုရင်များပင် မရှိတော့။

ဘုန်းကြီးအို၏ ကျမ်းရွတ်သံကို မခံနိုင်၍မဟုတ်။ လေသံအတက်အကျမရိပ်သည့် ကျမ်းရွတ်သံကို နားထောင်ရင်း ငြီးငွေ့သွားသောကြောင့်ဖြစ်သည်။ ပျားတစ်ကောင် အဆက်မပြတ်အော်မြည်နေသလို ခံစားကြရသည်။ သည်းမခံနိုင်ကြတော့။

ထို့ကြောင့် သရဲအနည်းငယ်သာ အဆုံးထိ နားထောင်ကြသည်။ ရွှေကြက်ဖလည်း အဆုံးထိ နားထောင်သည်။ ကိုယ်နေဟန်ထားလုံးဝ မပြောင်း။

ကျမ်းရွတ်သံဆုံးသွားပြီးနောက် ရွှေကြက်ဖ တောင်ပံခတ်၍ ပျံထွက်သွားသည်။ ဖုန်ချင်အန်းလည်း ပြေးလိုက်သွားသည်။ ခြံထဲမှ ထွက်သည်နှင့် သာမန်ကြက်အရွယ်ရှိသည့် ရွှေကြက်ဖ အသွင်ပြောင်းသွားသည်။

ခြေပေခန့်မြင့်သည် ကြက်ကြီးတစ်ကောင်ဖြစ်လာသည်။ ဦးခေါင်းထက်တွင် ရွှေအလင်းစက်ဝန်းတစ်ခု ရှိသည်။ သရဲမြို့တော်လမ်းများပေါ် ခပ်အေးအေးလျှောက်နေသည်။ အကြောက်အရွံ့လုံးဝမရှိ။ သူ့ဆီ တည့်တည့်လာနေသည့် သရဲများကို လုံးဝလမ်းဖယ်မပေး။ မည်မျှအရွယ်အစား စွမ်းအားကြီးသည့်သရဲဖြစ်စေ သူအရေးမစိုက်။ ခပ်တင်းတင်း လျှောက်သွားသည်။

“ဒီသောက်ခွေးသားက အတော်မာက်မာလှချည်လား”

ဖုန်ချင်အန်း ကြက်ဖအသွင်ကိုကြည့်၍ အံ့ဩမိသည်။ ခြံထဲတွင်ရှိစဉ်ကလို မဟုတ်။ သရဲမြို့တော်ထဲတွင် အတော်မာန်ထောင်နေသည်။

သူ့အသွင်ကြောင့် သရဲများရှောင်တိမ်းသွားသည်ကိုမြင်ရပြန်သည်။ ထိုကြက်ဖကို အကဲစမ်းရဲသူမရှိ။ အချိန်မလမ်းမဖယ်လျှင် ကြက်ဖဦးခေါင်းထက် စက်ဝန်းထဲမှ ဓားသွားနှင့်တူသည့် ရွှေအလင်းတန်း ထိုးထွက်လာသည်။ လမ်းပိတ်သည့်သရဲကို ချက်ချင်းထိုးခွဲသတ်ဖြတ်သည်။

ဖုန်ချင်အန်း နားလည်သွားသည်။ တုန်ဟွမ်း၏ဩဇာသက်သက်ကြောင့် ထိုကြက်ဖ မာန်တက်နေခြင်းမဟုတ်။ တုန်ဟွမ်းအရှိဩဇာနှင့် တစ်စိတ်တစ်ပိူင်းသက်ဆိုင်ပါသည်။ သို့သော် ထိုကြက်ဖတွင် ကိုယ်ပိုင်မောက်မာနိုင်သည့် အစွမ်းအစမျိုး ရှိနေသည်။

ဦးခေါင်းထက်မှ ရွှေအလင်းစက်ဝန်းက မျိုးဆက်အမွေစွမ်းအားဖြစ်သည်။ ယန်မီးတောက်သည် သရဲမျိုးနွယ်များကို အထူးတလည်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည်။

မည်သည့်သရဲသတ္တဝါဖြစ်စေ ရွှေအလင်းနှင့် တွေ့လျှင် ခန္ဓာကိုယ်များ စက္ကူတစ်ရွက်လိုဖြစ်သွားသည်။ အလွယ်တကူ ထိုးဖေါက်ဖျက်ဆီးခံရသည်။ ခုခံနိုင်သည့် သရဲမျိုးနွယ် တစ်ကောင်တစ်လေပင် မတွေ့ရ။

“အတော်အစွမ်းထက်တဲ့ ရွှေအလင်းပဲ”

ဖုန်ချင်အန်း တအံ့တဩ ရေရွတ်မိသည်။ ရွှေကြက်ဖ၏ လေ့ကျင့်ကွင်းထဲသို့‌ တောင်နက်ကို လိုက်ကြည့်ခိုင်းသည်။ ကြက်ဖက တောင်နက်ကို တစ်ချက်လှည့်ကြည့်သည်။ ရင်းနှီးနေသူဖြစ်၍ သိပ်အရေးမစိုက်။

မကြာမီ ကြက်ဖ၏ နေ့စဉ်လေ့ကျင့်ဖက် သားရဲကောင်ကို ဖုန်ချင်အန်း မြင်ရသည်။ အဘယ်ကြာင့် ရွှေကြက်ဖ အလျင်အမြန် စွမ်းအားတိုးလာသည်ကို နားလည်သွားသည်။

‌ကျောခွံအနက်ရောင် ကင်းခြေများဖြစ်သည်။ ပေသုံးဆယ်ခန့်ရှည်လျားသည်။ ရေပုံးအရွယ်ခန့် တုတ်သည်။ ခန္ဓာကိုယ်အဆစ်အပိုင်းတိုင်းက သံမဏိလိုဖြစ်နေသည်။ ‌ကျောက်သားများကို ထိရိုက်ချိန်တွင် မီးပွားများ လွင့်ထွက်သွားသည်။ အနက်ရောင်မီးခိုးများထလာသည်။ အတော်ရက်စက်ကြမ်းကြုတ်သည်။

မြေအောက်အဆိပ်ပိုးကောင်ဖြစ်သည်။

သို့သော် ရွှေကြက်ဖက တုံ့ဆိုင်းခြင်းမရှိ။ အားမန်အပြည့်ဖြင့် တောင်ပံခတ်၍ ရှေ့တက်သွားသည်။ ဦးခေါင်းထက် ရွှေစက်ဝန်းမှ ရွှေအလင်းများ ထိုးထွက်လာသည်။ ကင်းခြေများကိုယ်ပေါ် ရိုက်ခတ်သည်။ ချိုင့်ခွက်တစ်ချို့သာ အရာထင်သည်။ သို့သော် ကြက်ဖက စိုးရိမ်ဟန်မရှိ။ တိုက်ပွဲအငွေ့အသက်များသာ ပို၍ပြင်းထန်လာသည်။

တိုက်ခိုက်ရေးကြက်ဖ။

‌ဒေါမာန်ကြီးသည့် ကြက်ဖ၏ပုံစံကိုကြည့်၍ ထိုနာမည်ကို ဖုန်ချင်အန်း ရုတ်တရက် စဉ်းစားမိသည်။

“စိတ်ဝင်စားစရာပဲ”

ကြက်ဖတိုက်ခိုက်ပုံကိုကြည့်၍ သူကျေနပ်နေသည်။ ကင်းခြေများ၏ ကျောခွံများကို ကြက်ဖက ထိုးခွဲသည်။ ကင်းခြေများအရွယ်အစားက ရွှေကြက်ဖထက် များစွာ ပိုကြီးသည်။ သို့သော် နှုတ်သီးဖြင့် တစ်ချက်ထိုးထောက်၍ ထိုးခွဲဆုတ်ဖြဲပစ်သည်။ အတွင်းပိုင်းမှ နူးညံ့သည့်အသားများကို စားသည်။ ရန်သူကို ရက်ရက်စက်စက်သတ်ဖြတ်သည်။

“အဆိပ်ပိုးကောင်တွေကိုစားပြီး ဒီလောက်အထိ တိုးတက်လာတယ်ပေါ့။ ငါသာသူ့ကို နည်းနည်းကူညီလိုက်ရင် ဒီကောင် ဘယ်လိုများ ပြောင်းလဲလာမလဲ”

ဟန်ဆောင်နေမှန်းသိသော်လည်း ကြက်ဖ၏ အရူးကွက်နင်းသည့်အကျင့်ကို ဖုန်ချင်အန်း သိပ်မကြိုက်။ သို့သော် ထူးခြားသည့်အရည်အသွေ့ကို လက်တွေ့မြင်လိုက်ရသဖြင့် သူစိတ်ဝင်စားလာသည်။

သို့သော် ထိုကြက်ဖကို ပြန်ပို့ပေးရန် တုန်ဟွမ်းကို သူမပြောလိုသေး။ ထိုကြက်ဖ သူ့အကူအညီမပါဘဲ မည်မျှတိုးတက်နိုင်စွမ်းရှိသည်ကို ကြည့်လိုသေးသည်။

အခက်ကြုံချိန် အကူအညီပေးခြင်းသည် သက်သက်သာသာရှိချန် ထောက်ပံ့ပေးခြင်းထက် ပို၍တန်ဖိုးရှိသည်။ ထို့ကြောင့် သူအလျင်မလို။

အချိန်က အကုန်မြန်သည်။ ယုန်ကန်ဆယ်သုံးနှစ်မြောက် ဖေဖေါ်ဝါရီလ ကုန်တော့မည်။ မတ်လရောက်တော့မည်။ ဖေဖေါ်ဝါရီလ နောက်ဆုံးရက်ဖြစ်သည်။

ရှီလီရွာ စာသင်ကျောင်းမှ ကလေးများ လွယ်အိတ်ကိုယ်စီဖြင့် သုံးလေးယောက်တစ်တွဲခွဲ၍ ကျောင်းထဲမှ ပျော်ရွှင်စွာ ‌ထွက်လာကြသည်။ ဘယ်နေရာ ဘယ်အချိန်ကာလဖြစ်စေ ကျောင်းပြီးချိန်သည်‌ ပျော်စရာအကောင်းဆုံး အခိုက်အတန့်ဖြစ်သည်။

“ချင်အန်း”

ကျောင်းမှမပြန်သေးသည့် ဆရာကျန်းက လူအုပ်ထဲတွင် ထင်သာမြင်သာရှိသည့် ကောင်လေးကိုလှမ်းခေါ်သည်။ ထိုကောင်လေး ရွယ်တူကျောင်းသားများထက် သိသိသာသာ အရပ်မြင့်လာသည်။ ‌ကျောင်းတွင် ရုပ်ရည်ဟန်ပန် အခံ့ညားဆုံးဖြစ်သည်။ ယှဉ်နိုင်သူမရှိ။

“ဆရာ”

ဖုန်ချင်အန်း ချက်ချင်းရောက်လာပြီး အရိုအသေပေးသည်။ ဆရာနှင့်ရွာသားများအမြင်တွင် တစ်ချိန်က အရာရှိငယ်ဖြစ်ချင်သည်ဟု ပြောခဲ့သည့် ထိုကလေးဆိုးသည် ယခု “အရည်အသွေးပြည့်စံပြကျောင်းသား” ဖြစ်လာပြီဖြစ်သည်။

“မတ်လရောက်တော့မယ်။ ဒီနှစ်စာမေးပွဲကို မင်းဘယ်လိုစိတ်ကူးထားလဲ”

ဆရာကျန်း လိုရင်းကို တန်းပြောသည်။ ဖုန်ချင်အန်း ခဏကြောင်သွားသည်။ ထို့နောက် သူ့အကိုသည် ယခုသူ့အသက်အရွယ်လောက်တွင် နန်းတွင်းစာမေးပွဲ ဝင်ဖြေခဲ့ခြင်းဖြစ်ကြောင်း သတိရလာသည်။ ထူးထူးခြားခြား အောင်မြင်သည်။ အမြင့်ဆုံးဂုဏ်ဆောင် ဖြစ်ခဲ့သည်။

“ဆရာက ဒီနှစ်စာမေးပွဲမှာ ကျွန်တော့်ကို ဝင်ဖြေစေချင်လို့လား”

“အဲလိုမဟုတ်ဘူး။ ဒါက မင်းဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ မင်းဝင်ဖြေချင်ရင်လည်း ငါသဘောတူတယ်။ မင်းသင်ထားတဲ့အသိပညာက လုံလောက်တာထက် ပိုနေပါပြီ။ ဒါပေမယ့် နောက်သုံးနှစ် ထပ်စောင့်ချင်သေးတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ မင်းအသက် ငယ်သေးတယ်။ အလျင်စလို လုပ်စရာမလိုဘူး”

ဆရာကျန်းလေသံက တည်ငြိမ်ကြည်လင်သည်။ ကျောင်းသား၏အနာဂတ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးသည်။ ထိုကလေးသည် အတော်ငယ်သေးသည်။ သူ့အကို နန်းတွင်းစာမေးပွဲဖြေစဉ်ကထက်ပင် ငယ်သေးသည်။ ထို့ကြောင့် မည်သို့ရွေးချယ်သည်ဖြစ်စေ ကိစ္စမရှိ။

“ဒါဆို နန်းတွင်းစာမေးပွဲအချိန် ရောက်လာပြန်ပြီပေါ့”

သူဆယ်နှစ်မပြည့်သေးမီ နန်းတွင်စာမေးပွဲသွားဖြေသည့် သူ့အကိုကို နှုတ်ဆက်ခဲ့ရသည်။ ထိုအဖြစ်က သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။ ယခု သူ့အလှည့်ရောက်လာသည်။

“ဒါပေါ့။ မင်း နောက်ထပ်သုံးနှစ်စောင့်ချင်လည်း ရတယ်။ မင်းအသက်အရွယ်နဲ့ နန်းတွင်းစာမေးပွဲ ဝင်ဖြေရင် လူတွေအများကြီး အာရုံစိုက်လာကြလိမ့်မယ်။ မင်းအကိုဝင်ဖြေတုန်းကလောက် အေးအေးချမ်းချမ်းရှိမှာမဟုတ်ဘူး”

ဆရာကျန်း အတ်ောများများစဉ်းစားထားသည်။ ခြောက်ထပ်ကွမ်းစာပေပညာရှင်၏ ညီအနေနှင့်ဖြစ်စေ၊ ဤအသက်အရွယ်ဖြင့် ဝင်ဖြေဆိုလျှင်ဖြစ်စေ လူအများ အာရုံစိုက်လာကြမည်။

ထိုဖိအားမျိုးသည် အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်အတွက် ကြီးမားလွန်းသည်။ ထူးချွန်စွာ ဖြေဆိုနိုင်လျှင်တော့ ချီးမွှမ်းခံရမည်။ ကောင်းကောင်းမဖြေနိုင်လျှင် အတင်းပြောခံရမည်မှာ မလွဲဧကန်ဖြစ်သည်။

ထိုအတင်းစကားတို့၏ဖိအားကို လူကြီးတစ်ချို့ပင် ခံနိုင်ရည်မရှိကြ။ ထို့ကြောင့် သူ့ကျောင်းသာကို ဆရာကျန်းက စိတ်ဓာတ်အခြေခံ ပိုခိုင်မာအောင် နောက်ထပ်သုံးနှစ် ထပ်စောင်သင့်သည်ဟု ယူဆသည်။ ထိုအချိန်ကျလျှင် ကောင်းကောင်းမဖြေနိုင်လျှင်ပင် ဘယ်သူမှ အတင်းပြောကြမည်မဟုတ်တော့။

ထိုအချိန်ရောက်လျှင် သူ့အကိုလည်း အဆင့်တိုး၍ စွမ်းအားနှင့်ဩဇာ ပိုမြင့်မားနေပေလိမ့်မည်။ ထိုလူမျိုး၏ ညီငယ်အကြောင်းကို ဘယ်သူမှ အတင်းတုပ်ရဲမည်မဟုတ်။

“ဆရာ့ပြောတာ မှန်ပါတယ်”

ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ အကိုဖြစ်သူက အောင်မြင်ခဲ့သဖြင့် ဖိအားအလိုလိုကျလာသည်။ ရွာထဲတွင် သိပ်အရေးစိုက်စရာမလို အပြင်လောကတွင် လူအများက သူနှင့်သူ့အကိုကို နှိုင်းယှဉ်ကြမည်သာဖြစ်သည်။

သို့သော် ထိုကိစ္စများကို သူအရေးမစိုက်။ သူသည် ခြောက်ထပ်ကွမ်းပညာရှင်၏ ညီငယ်တစ်ယောက်အဖြစ်သာ အပြည့်အဝခံယူထားသည်။ စာမေးပွဲကိစ္စက သူ့အတွက် အရေးမကြီးလှ။

နန်းတွင်းစားမေးပွဲကို အကြောင်းပြ၍ ရှီလီရွာမှထွက်ကာ အပြင်လောကအား စူးစမ်းခွင့်ရမည့်အဖြစ်ကို သူပို၍စိတ်ဝင်စားသည်။ ဤနှစ်များအတွင်း ရွာထဲတွင်နေရသည်မှာ ငြီးငွေ့စရာဖြစ်လာသည်။ ဘာကိုမှ ကြောင့်ကြစရာမလိုဘဲ အပြင်လောကကို ထိတွေ့ဖို့ အချိန်တန်လာပြီဖြစ်သည်။

******************************************

All Chapters