နေနှင့်လတောင်ပံတစ်စုံ
Vol. 12 Ch. 169
စွမ်းအားမရှိနောက်ခံမရှိသည့် မိန်းမမျိုး ဖုန်ချင်အန်းဘေးတွင် ရှိနိုင်မည်မဟုတ်။ ခြေချခွင့်ရမည်မဟုတ်။
“လက်ထပ်ခွင့်”
နန်းကော ငေးကြောင်သွားသည်။ ထိုအချက်ကို သူမတွေးမိ။ သူနေသည့်ကမ္ဘာတွင် သူ့အမတစ်ယောက်တည်းသာ ရှိခဲ့သည်။ ယခု သူ့ကိုအဖေါ်ပြုပေးသည့် ဖုန်ချင်အန်း ရှိသည်။ ဖုန်ချင်အန်း ခရီးထွက်လျှင် သူလည်း လိုက်သွားသင့်သည်။
“ဒီရွာက ထွက်သွားပြီးရင် ဖုန်ချင်အန်းက ဒီအတိုင်းရှိနေဦးမယ် ထင်နေတာလား။ အခုချိန်ကစပြီး အားလုံး ပြောင်းလဲသွားတော့မှာ”
တုန်ဟွမ်းမျက်လုံးတွင် နာကျည်းရိပ်တစ်ချို့ ပေါ်လာသည်။ သူ့ကိုယ်ပိုင် အတိတ်အကြောင်းများကို သတိရလာသည်။
တစ်ချိန်က ရိုးရှင်း၍ သာမန်ဆန်သည်ထင်ရသည့် အရာများသည် အသိခက်၍ နားလည်ရန်ခဲ ခက်ခဲလာသည်။
မွှေးပျံ့သည့်အော်စမန်ပန်းများဝိုင်များဝယ်ရန် ကြိုးစားရခြင်းသည် ငယ်ဘဝပျော်ရွှင်ရသည့် နေ့ရက်များနှင့်မတူပေ။
(လက်ထပ်ထိန်းမြားရန် ကြိုးစားရခြင်းသည် ငယ်ဘဝပျော်ရွှင်ကြည်နူးစရာနေ့ရက်များနှင့် မတူကြောင်း ပြောလိုသည်ဟု ယူဆပါသည်)
“သူ့ကို မခြောက်ပါနဲ့ တုန်ဟွမ်း။ ဘာတွေအဲလောက်ခက်ခဲစရာရှိလဲ။ သူမြို့ထဲ ဝင်လို့မရရင် ငါသူ့ကို မြို့ပြင်မှာ တွေ့လို့ရတာပဲ”
နွေဦးမက်မွန်ပန်းတစ်ပွင့် နှင်းခဲရိုက်ချက်ကြောင့် ချက်ချင်းညှိုးရော်လာသဖြင့် ဖုန်ချင်အန်း ရယ်မော၍ နှစ်သိမ့်လိုက်သည်။
“ပြီးတော့ စွမ်းအားမြင့်မိသားစုက သမီးတော်တွေ ငါ့ပါရမီကို မျက်စိကျလာမယ်ဆိုရင်တောင် ငါက လက်ခံသင့်လို့လား။ လူသားကမ္ဘာမှာ နန်းကောလောက်လှတဲ့မိန်းကလေး ဘယ်လောက်များများ ရှိနိုင်မှာလဲ”
ထိုသို့ပြောရင်း နန်းကော၏ နူးညံ့သည့်ပါးပြင်ကို ဖျစ်ညှစ်လိုက်သည်။ နန်းကော နှုတ်ခမ်းစူသည်။ သို့သော် သူ့စိတ်များ ပြန်လည်ကြည်လင်လာမှန်း သိသာသည်။
“အလှအပဆိုတစ်ခုတည်းနဲ့တော့ မတည်မြဲပါဘူး။ အလှအပနဲ့ တစ်ခြားလူကို ဘေးမှာထိန်းထားချင်တဲ့လူတွေဟာ ကြာရှည်မခံဘူး”
ကလူကျီစယ်နေသည့် စုံတွဲကိုကြည့်၍ တုန်ဟွမ်း ပြောလိုက်သည်။ ဖုန်ချင်အန်းစကားကို ခေါင်းထဲမည့်။ သူတို့ညီအမ၏ အလှအပသည် သေမျိုးမိန်းကလေးများလို အသက်အရွယ်ကြောင့် မှေးမှိန်သွားမည်မဟုတ်။ သို့သော် မည်မျှလှသည်ဖြစ်စေ ကြာလျှင် ဆွဲဆောင်မှုလျော့သွားမည်သာဖြစ်သည်။
“ဒါပေမယ့် နန်းကောပိုင်ဆိုင်တဲ့ အရည်အသွေးတွေထဲမှာ အလှအပဆိုတာက မထင်မရှားစွမ်းအားလေးတစ်ခုပါ။ နန်းကောကို ငါဘာလို့စိတ်ဝင်စားတာဟာ ရုပ်လှလို့တစ်ခုတည်းမဟုတ်ဘူး။ သူ့စိတ်ဓာတ်ရောပါတယ်။ ငါ့အတွက်တော့ သူက ညကောင်းကင်မှ လင်းထိန်နေတဲ့ လမင်းလိုပါပဲ။ သန့်စင်ကြည့်လင်တယ်။ ထွန်းလင်းတောက်ပနေတယ်”
“အိုး...ဟုတ်လား။ ဒါဆို ငါကျတော့ ဘယ်လိုလဲ။ အလှအပအပြင် မင်းငါ့ကိုစိတ်ဝင်စားတဲ့ တစ်ခြားအချက်တွေ ဘာရှိလဲ”
ဖုန်ချင်အန်း နန်းကောကို ချီးကျူးသည့်စကားကြောင့် တုန်ဟွမ်း မျက်ခုံးနှစ်ဘက်မြင့်တက်သွားပြီး စိတ်ဝင်စားဟန်ဖြင့် ပြန်မေးသည်။
နန်းကောတစ်ခစ်ခစ်ရယ်လာအောင် အချစ်စိတ်အပြည့်ဖြင့်ပြောနေသည့် ဖုန်ချင်အန်း ရုတ်တရက် ကျောက်ရုပ်လို ဖြစ်သွားသည်။ အတွေးများ ရပ်သွားသည်။ ရုတ်တရက် စကားစရှာမရ။
“ဘာလဲ၊ မင်းမျက်လုံးထဲမှာ ငါက အလှအပပဲရှိပြီး တစ်ခြားအရည်အသွေးတွေမရှိဘူးလို့ မြင်တယ်ပေါ့”
ငေးကြောင်နေသည့် ဖုန်ချင်အန်းကို တုန်ဟွမ်းထပ်မေးသည်။ မျက်လုံးများ မှေးစင်းလာသည်။ ပြင်းထန်သည့် စွမ်းအင်ဖိအားတစ်ခု လေထဲတွင် ပြည့်နက်လာသည်။ ဖုန်ချင်အန်း အတွေးများ ပို၍ပင်နှေးကွေးသွားသည်။
“မဟုတ်ပါဘူး။ ထူးထူးခြားခြားလှနေတဲ့ မင်းမျက်နှာက မင်းအတွက် အသေးအဖွဲ့ အဆင်တန်ဆာလေးတစ်ခုပါ တုန်ဟွမ်း”
ထွက်သွားခါနီး အထုပ်ပြင်ထားပြီးချိန် ထိုအဖြစ်မျိုးကြုံရမည်ဟု ဖုန်ချင်အန်း မမျှော်လင့်ခဲ့။
“ဒါဆို အလှအပအပြင် မင်းငါ့ကိုသဘောကျတဲ့အချက် ဘာရှိသေးလဲ”
ဖုန်ချင်အန်းအဖြေကို တုန်ဟွမ်း မကျေနပ်သေး။
အလှအပသည် သူ့အသေးအဖွဲပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။ ယခု ဖုန်ချင်အန်းက တစ်ခြားသူ့ကောင်းကွက်များကို ပြောမပြနိုင်။ သူက သူ့ညီမထက် ညံ့သည့်သဘောမျိုးဖြစ်မည်။
“ငါအတွက် နန်းကောက လမင်းအလင်းရောင်ပါ။ တုန်ဟွမ်းဆိုတဲ့မင်းကတော့ ဘေးပတ်လည်က အရာအားလုံးကို အလင်းပေးနိုင်တဲ့ မျက်လုံးကို တောက်ပစေတဲ့ ခန္ဓာကိုယ်ကို အရောင်ဖြာစေတဲ့ ငါ့ကို ယုံကြည်ချက်ရှိအောင် ရဲရင့်အောင် လုပ်ပေးနိုင်တဲ့ တောက်ပတဲ့နေမင်းကြီးပါ”
ခေါင်းထဲမှ အတွေးများ မယုံနိုင်အောင် အားနည်းသွားသည်။ နှလုံးသားမှ အရိုးသားဆုံးစကားလုံးများကို ထုတ်ပြောလိုက်ရသည်။
တုန်ဟွမ်းအလှသည် နန်းကောထက် မနိမ့်သော်လည်း နိုင်ငံအုပ်ချုပ်သူသခင်မဟူသည့် ဩဇာရိပ်က လွှမ်းမိုးနေသဖြင့် စတွေ့ချိန်တွင် ထိုအလှကို ဘယ်သူမှသတိထားမိကြမည်မဟုတ်။
နန်းကောနှင့်ရင်းနှီးပုံမျိုးမဟုတ်။ တုန်ဟွမ်းအပေါ်ခံစားချက်က သီးခြားဘုံနယ်မြေတစ်ခုလို ဖြစ်နေသည်။ အပြန်အလှန်အကျိုးပြုခဲ့ကြသည်ဆိုသော်လည်း တုန်ဟွမ်းက ဖုန်ချင်အန်းကို အများကြီးပိုပေးခဲ့သည်။ တုန်ဟွမ်း သူ့ထံမှ ပြန်လည်တောင်းဆိုသည်က မပြောပလောက်သည့်ပမာဏသာဖြစ်သည်။
ယခု ခရီးထွက်မည့်ဆုံးဖြတ်ချက်ကလည်း တုန်ဟွမ်းနှင့် အများကြီးသက်ဆိုင်သည်။ တုန်ဟွမ်းကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့လျှင် မည်သည့်အကြောင်းရှိသည်ဖြစ်စေ တောင်နက် မဟာနတ်ဆိုးအဆင့်ထိရောက်အောင်စောင့်ပြီးမှ သူခရီးထွက်မည်ဖြစ်သည်။
“ဒီတော့ မင်းအတွက် ငါနဲ့နန်းကောက ကောင်းကပေါ်က နေနဲ့လလိုပေ့ါလေ”
တုန်ဟွမ်း သူ့ကို စိုက်ကြည့်နေသည်။ စိတ်ထဲဘာရှိသည်ကို သူခန့်မှန်းမရ။
“ဟုတ်ပါတယ်”
ဖုန်ချင်အန်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
“ငါ့ကမ္ဘာမှာ နေနဲ့လမရှိလို့ မဖြစ်ဘူး”
“အင်း၊ အဲဒီစကားတော့ မဆိုးပါဘူး”
ခြောက်ပေခန့်အရပ်မြင့်သည့် ဖုန်ချင်အန်းကိုကြည့်ရင်း အဖြေကိုကျေနပ်သွားဟန်ဖြင့် အလိုမကျသည့် စွမ်းအင်ဖိအားများ ချက်ချင်းပျောက်ကွယ်သွားသည်။ ပုံမှန်အတိုင်း တည်ကြည်သည့်မျက်နှားထား ပြန်ဖြစ်လာသည်။
သို့သော် မသေမျိုးမိုနာ့လူဝင်စား၏လောကတွင် နေနှင့်လကိုလည်း အစားထိုးနိုင်သည်။
ထို့ကြောင့် ဖုန်ချင်အန်း ခရီးထွက်မည်ကြားသည်နှင့် တောင်းဆိုချက်ကို လိုက်လျော၍ လာတွေ့ခြင်းဖြစ်သည်။ သူ့စိတ်ထဲ နည်းနည်းစိတ်မကောင်းဖြစ်သည်။ သို့သော် ဖုန်ချင်အန်းဆုံးဖြတ်ချက်ကို ဝင်စွက်ဖို့ သူစိတ်မကူး။ လိုအပ်သည့်အကူအညီပေးသည်။
ထိုအဖြစ်မျိုးကို အစောကတည်းက သူမျှော်လင့်ထားပြီဖြစ်သည်။ လူဝင်စားမိုနာ့သည် ဤရွာငယ်လေးတွင် ထာဝရရှိနေမည်မဟုတ်။ အနှေးနှင့်အမြန် ထွက်သွားမည်သာဖြစ်သည်။
ထွက်သွားသည့်အချိန် နည်းနည်းစောသော်လည်း အံ့ဩစရာမရှိ။ ပြဿနာတစ်ခုတော့ရှိသည်။ ဖုန်ချင်အန်းကို အရင်လို တွေ့ချင်တိုင်းတွေ့နိုင်တော့မည်မဟုတ်။
မွေးရာပါယင်ဝိညာည်ဖြစ်၍ လူသားကမ္ဘာသို့ လည်ပတ်ရန် အခက်အခဲ သိပ်မရှိသော်လည်း ဖုန်ချင်အန်းအနားသို့ အနှောက်အယှက်ကင်းကင်း ချဉ်းကပ်ရန် အတော်ခက်ခဲသွားတော့မည်။
လူသားကမ္ဘာနှင့်မြေအောက်ကမ္ဘာကြား အက်ကြောင်းများစွာ ရှိပါသည်။ သို့သော် နေရာတိုင်း ရှိနေသည်မဟုတ်။ သာမန်လူများအတွက် သက်တမ်းတစ်လျှောက် အက်ကြောင်းတစ်ခုတွေ့ဖို့ပင် ခက်ခဲလှသည်။ မြေအောက်ဘုံအက်ကြောင်းများ နေရာတိုင်းရှိနေလျှင်လည်း လူသားကမ္ဘာကို အစောကတည်းက သရဲနယ်မြေ ဖြစ်ခဲ့ပေလိမ့်မည်။
“ဖုန်ချင်အန်းဦ နေက လထက်ပိုပြီး အရေးပါလား”
အမကို ချွေးသိပ်ပြီးစမှာပင် ညီမက တစ်စခန်းထလာပြန်သည်။
“နေအလင်းမရှိရင် ဒီလောကကြီးက အရာအားလုံး နွမ်းခြောက်သွားမှာ။ ဒါပေမယ့် လမရှိရင်တော့ ဘာပြဿနာမှမရှိပါဘူး”
“လမရှိရင် အရေးမကြီးဘူးလို့ ဘယ်သူပြောလဲ။ ဒီကမ္ဘာက အရာအားလုံးအတွက် နေနဲ့လဟာ တန်းတူအရေးကြီးတာပါပဲ”
ဖုန်ချင်အန်း အလေးအနက်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
နန်းကောက နောက်ထပ် ဆက်ပြောရန်ပြင်နေသည်ကို မြင်သဖြင့် လက်ကိုအမြန်ဆန့်ထုတ်၍ နန်းကောမေးစေ့ကို လက်မနှင့်လက်ညှိုးဖြင့် ညှပ်ကိုင်လိုက်သည်။ အားနည်းနည်းစိုက်လိုက်သည်။ နန်းကောပါးစပ် ပွင့်အာသွားသည်။ သို့သော် ‘အာ အာ”ဟူသည့်အသံသာ ထွက်လာသည်။
“ဟား”
ဖုန်ချင်အန်း ခပ်ကြမ်းကြမ်း စနောက်နေသည်ကို မြင်သဖြင့် တုန်ဟွမ်း တစ်ချက်ရယ်လိုက်သည်။ ဝင်မစွက်။ သို့သော် လက်ကိုဆန့်ထုတ်၍ ဖုန်ချင်အန်း၏ခါးမှ ခါးပတ်ကို ဆွဲယူလိုက်သည်။
မိုးချုန်းသံပမာ တဝုန်းဝုန်းအသံများ။
ကျိုးပျက်သွားသည့် တောင်တန်းများက ဝုန်းဒိုင်းကျဲသွားသည်။ နန်းကောလည်း အသံတိတ်သွားသည်။ ဖုန်ချင်အန်းလည်း အရိုးစုထိုင်လျက်သားရှိနေသည့် တောင်တန်းကို တအံ့တဩကြည့်နေသည်။ ကြီးမားသည့် အရိုးစုကြီး ကြွတက်လာသည်။
တောင်တန်းများကို ရွှေ့ပစ်ခြင်း။
ဒဏ္ဍာရီသတ္တာဝါတို့၏ မသေမျိုးစွမ်းအား လက္ခဏာများဖုန်ချင်အန်းမျက်စိရှေ့တွင် ပေါ်လာသည်။
တောင်တန်းများကို ရွှေ့နိုင်သည်မှာ မသေမျိုးများသာမဟုတ်။ ထိုစွမ်းအားမျိုး ပိုင်ဆိုင်သည့် စွမ်းအားမြင့်ဖြစ်တည်မှုများ အမှန်တကယ်ရှိနေသည်။
တုန်ဟွမ်းက တောင်တန်းထက်မြင့်မားသည့် အရိုးစုကို အလွယ်တကူ သိမ်းယူလိုက်သည်။ အောက်ဘက်မှတောင်တန်းကိုလည်း ခွာယူသည်။ ပင်ပန်းဟန်မရှိ။ ဖုန်ချင်အန်း၏ မြေနတ်ဘုရားစွမ်းအားကို မျှဝေပေးစရာလည်းမလို။
ယုဟွမ်သခင်မက တောင်တန်းနှင့်အရိုးစုကို တစ်ပြိုင်တည်းသိမ်းယူသည်။ ထိုနေရာတွင် နက်ရှိုင်းသည့် ချိုင့်ခွက်ကြီးသာကျန်ခဲ့သည်။
ခံ့ညားထည်ဝါ၍ ပေါ့ပါးသည့်အသွင်ရှိသည့် တုန်ဟွမ်း။ ကျန်နေခဲ့သည့်ချောက်နက်။ ယုဟွမ်သခင်မ မည်မျှစွမ်းအားကြီးသည်ကို ဖုန်ချင်အန်း နောက်တစ်ကြိမ် ရှင်းလင်းထင်ရှားစွာ မြင်လိုက်ရပြန်သည်။