← Chapters

ဝမ်လီ

Vol. 12 Ch. 170

ဝမ်လီ

Vol. 12 Ch. 170

“သူ့နာမည် ဝမ်လီပါ”

အရိုးစုကို ခါးပတ်ထဲထည့်ပြီးနောက် ဖုန်ချင်အန်းကို လှမ်းပေးရင်း တုန်ဟွမ်းက ရုတ်တရက် ပြောလိုက်သည်။

“ဝမ်လီ”

ဖုန်ချင်အန်းမျက်လုံးတွင် အံ့ဩမှုအရိပ်များ ပေါ်လာသည်။

“ဒါက အရိုးစုကြိးရဲ့နာမည်လား”

“ဟုတ်တယ်၊ သူက နဂါးဘိုးဘေးနိုင်ငံရဲ့ သွေးဆက်ကို ပိုင်ဆိုင်ထားတာ။ ဒါပေမယ့် အရွယ်မရောက်ခင် ငယ်ငယ်လေးနဲ့ သေသွားတာ။ အရွယ်ရောက်လို့ နဂါးသွေးဆက်ကိုသာ အပြည့်အဝအသက်သွင်းနိုင်ခဲ့ရင် ဘယ်သူမှသူ့ကို အလွယ်တကူ အနိုင်မယူနိုင်ဘူး။ မသေမျိုးမိုနာ့တစ်ယောက် မလှုပ်ရှားခဲ့ရင်ပေါ့”

ဖုန်ချင်အန်း အသံတိတ်သွားသည်။ ထိုအရိုးစု၏နောက်ခံကို တုန်ဟွမ်း သေချာသိနေသည်။ စဉ်းစားစရာအချက်အလက်များစွာ ပေါ်လာသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တိုက်ပွဲသည် တုန်ဟွမ်းနှင့် ထူးဆန်းသည့် ဆက်စပ်မှုတစ်ခု ရှိနေပုံရသည်။

“မင်းဒီအရိုးစုနဲ့ အတော်ရင်းနှီးလား”

ဖုန်ချင်အန်း စကားလုံးကို သေချာရွေးချယ်၍ မေးသည်။

“ဝမ်လီက ငါနဲ့နန်းကောကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တာ။ ဝမ်လီအဖြစ်ဆိုးနဲ့ ကျဆုံးသွားတဲ့ ခမ်းနားတဲ့မြေပြင်ကို ငါကိုယ်တွေ့မြင်ခဲ့ရတယ်”

တုန်ဟွမ်းလေသံက တည်ငြိမ်သော်လည်း နှစ်ကာလများစွာ စုစည်းခဲ့သည့် ဒေါသရိပ်ကို ဖုန်ချင်အန်း ခံစားမိသည်။

ယွီယွီက သူ့ကိုပြောဖူးသည်။ ထိုအရိုးစုကြီး အသတ်ခံရစဉ်က ပြင်းထန်သည့်ဝေဒနာကို ခံစားခဲ့ရသည်တဲ့။ သေပြီး‌နောက်မှာပင် ဘာတန်ဖိုးမှမရှိသဖြင့် ရုပ်ကြွင်းကို ရန်သူများက ယူမသွားကြဟုဆိုသည်။

ယွီယွီ ထိုအကြောင်းပြောစဉ်က တုန်ဟွမ်းလည်း အနီးတွင်ရှိသည်။ သို့သော ဘာမှမပြောခဲ့။ မဆိုင်သလိုနေခဲ့သည်။ ယခုမှ ရုတ်တရက် ပြောပြလာသည်။

ဤကျောက်သားအဖြစ်ပြောင်းသွားသည့် အရိုးစုကြီးနင့် တုန်ဟွမ်းတို့ညီအမသည် ခေတ်တစ်ခတ်တည်းတွင် တည်ရှိခဲ့ပုံရသည်။ ထိုညီအမမွေးဖွားသည့်အချိန်သည် သူထင်သည်ထက် များစွာစောခဲ့ပုံရသည်။

“ဒါဆို မင်းငါ့ကို ဘာလို့မတားခဲ့တာလဲ”

ခါးပတ်ကိုလက်ထဲကိုင်ထားရင်း ဖုန်ချင်အန်း နားမလည်နိုင်အောင်ဖြစ်နေသည်။ ဝိညာဉ်စွမ်းအင် သွင်းပေးခဲ့သည်။ ညတိုင်း အရိုးစုပေါ်တက်ခဲ့သည်။ သို့သော် ထိုအရိုးစု၏အတိတ်ကို သူလေးစားသည်။

“ဝမ်လီကို မင်းအသက်သွင်းပေးနိုင်ရင် ကောင်းတဲ့အရာပဲမဟုတ်လား။ ငါက ဘာလို့တားရမှာလဲ”

“ငါအသက်သွင်းပေးနိုင်ရင်တောင် မင်းတို့တစ်ချိန်ကသိခဲ့တဲ့ ဘိုးဘေးမဟုတ်တော့ဘူးလေ”

“ကိစ္စမရှိပါဘူး။ အသက်သွင်းနိုင်ဖို့ပဲ လိုပါတယ်။ ငါသိခဲ့တဲ့ ဘိုးဘေးက ကျဆုံးသွားပြီလေ။ သူရုပ်ကြွင်းကို အသက်သွင်းပြီးတဲ့အခါ သူ့ကို ဝမ်လီလို့ပဲ ခေါ်စေချင်တာပါ။ သူ့နာမည်ကို ဆက်ထိန်းထားစေချင်တာ”

“ကောင်းပါပြီ။ သူ့ကိုအသက်သွင်းနိုင်ရင် ဝမ်လီလို့နာမည်ပေးပြီး သူ့အတွက်...”

“လုံလောက်ပြီ”

တုန်ဟွမ်းက တည်ကြည်သည့်မျက်နှာဖြင့် စိုက်ကြည့်၍ ကြားဖြတ်ပြောလိုက်သည်။

“သူ့နာမည် အမွေဆက်ခံရင် လုံလောက်ပြီ။ သူဘာတာဝန်မှ ဆက်ထမ်းဆောင်စရာမလိုဘူး။ သူအသက်ဝင်လာရင် ငါတစ်ချိန်ကသိခဲ့တဲ့ ဘိုးဘေးနာမည်နဲ့ ခန္ဓာကိုယ်ရှိနေဖို့ပဲလိုတယ်။ သူက ဝိညာဉ်အသစ်ဖြစ်လာမှာ။ ဘာကိုမှတာဝန်ယူစရာ မလိုဘူး။ ဒါတွေအားလုံးက အပေါ်ယံဆန်လွန်းတယ်”

“ဖြစ်သင့်ပါတယ်လေ”

တုန်ဟွမ်းကို စိုက်ကြည့်နေပြီးနောက် ဖုန်ချင်အန်း လက်ခံလိုက်သည်။

“တစ်ခြား ငါဘာကူညီပေးဖို့ လိုသေးလဲ”

“မလိုတော့ပါဘူး”

ဖုန်ချင်အန်း ခေါင်းခါသည်။ နေမီးတောက်သစ်ပင်နှင့်အရိုးစုကို သိမ်းဆည်းပြီးဖြစ်သည်။ အိမ်ပြန်ရောက်လျှင် သူ့အကိုထားခဲ့သည့် စာအုပ်များကို ထုပ်ပိုးမည်။

“ဪ ဒါနဲ့ ကောင်တီစာမေးပွဲဖြေပြီးလို့ ပြည်နယ်စာမေးပွဲ သွားမဖြေခင် တောင်နက်ကို ငါ့ဆီပြန်ပို့ပါ။ သူ့ကို ပြည်နယ်မြို့တော်ထိ ငါခေါ်သွားမယ်”

တောင်နက်သည် စွမ်းအားမြင့်နတ်ဆိုးအဆင့် မရောက်သေးသော်လည်း ရောက်ဖို့အတော်နီးနေသည်။ သာမန်နတ်ဆိုးများပင် တောင်နက်ကို အနိုင်ယူနိုင်မည်မဟုတ်။ တောင်နက်သည် သန့်စင်မှုကိုးပါးကျင့်စဉ်နှင့် ဆင်တူသည့် ကျင့်စဉ်တစ်ခုကို ဖြတ်ကျော်နေခြင်းဖြစ်၍ တိုးတက်မှုက သိပ်မညံ့လှ။

“ကောင်းပြီလေ”

တုန်ဟွမ်း သဘောတူလိုက်သည်။ သူအထင်မကြီးသည့် တောင်နက်ကို ဖုန်ချင်အန်းကြောင့် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ အခု တိုးတက်မှုတစ်ချို့ ရလာဟန်ရှိသည်။

“ဟိုကြက်ကိုရော ပြန်ပို့ပေးရမလား”

“မလိုဘူး။ အဲဒီ့ကြက်ကို ဆက်မွေးထထားပေးပါ။ လူသားလောကမှာ သူစားဖို့ ဟိုအဆိပ်ပိုးလောက်ကြီးတဲ့အကောင်တွေ ငါရှာပေးနိုင်မှာမဟုတ်ဘူး”

“ဟုတ်ပါပြီ”

တုန်ဟွမ်း ခေါင်းငြိမ့်သည်။

“ငါမင်းကို ရတနာတစ်ခုပေးဖို့ ပြင်ဆင်နေတာ။ မင်း ပြည်နယ်မြို့ကိုသွားတဲ့အချိန်ကျရင် အသင့်ဖြစ်လောက်ပါပြီ။ ယွီယွီကို ပို့ခိုင်းလိုက်မယ်”

“ဘာရတနာလဲ”

ဖုန်ချင်အန်းမျက်လုံးများ အရောင်တောက်လာသည်။ တုန်ဟွမ်းပေးသည့်လက်ဆောင်များသည် အပေါစားများမဟုတ်။

“အခုပြင်ဆင်လို့မပြီးသေးဘူးလေ။ အချိန်တန်ရင် မင်းသိမှာပါ”

တုန်ဟွမ်းက တမင်မပြောဘဲထားသည်။ ဆက်မေးလည်း ထူးမည်မဟုတ်။ ထို့ကြောင့် တုန်ဟွမ်းထွက်သွားသည်ကို ဖုန်ချင်အန်း အသာကြည့်နေလိုက်သည်။ ဤတစ်ကြိမ် သူတောင်းဆို၍ တုန်ဟွမ်းရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယွီယွီကို ခေါ်မလာခဲ့။

ထို့အပြင် သရဲနိုင်ငံမှ သရဲအများစုအတွက် ငရဲဖီးနစ်ရှိနေခြင်းသည် ယုဟွမ်အရှင်မရှိနေခြင်းကို ကိုယ်စားပြုသည်။

“ဖုန်ချင်အန်း၊ လူသားကမ္ဘာကို ပြန်ရအောင်”

“ကောင်းပြီလေ”

နေမီးတောက်သစ်ပင်နှင့် အရိုးစုကို သိမ်းဆည်းပြီးဖြစ်၍ ဤနေရာတွင် ဆက်နေဖို့ မလိုအပ်တော့။

ခါးပတ်ရသောကြောင့်သာ ထိုသို့သယ်သွားခြင်းဖြစ်သည်။ ခါပတ်ထဲတွင် အပြင်ကမ္ဘာနှင့် မဆက်စပ်သည့် သီးခြားနေရာရှိသည်။ သက်ရှိများပင် အဟာရအထောက်အပံ့ရှိလျှင် ရှင်သန်နိုင်သည်။

All Chapters