နတ်ဘုရားလက်ဆောင်
Vol. 12 Ch. 171
နေမီးတောက်သစ်ပင်ကြီးပြင်းဖို့ သူ့ဝိညာည်စွမ်းအားလိုသည်။ မြေအောက်ကမ္ဘာမှ ယင်ချီလည်း လိုအပ်သည်။ အရိုးစုလည်း ထိုနည်းတူပင်ဖြစ်သည်။ သူဝိညာဉ်စွမ်းအင် ပေးထားသဖြင့် အရိုးစုကြီးသည်လည်း ယင်ဓာတ်များကို စုပ်ယူနိုင်သည်။ မူလ ကျောက်ဖြစ်ရုပ်ကြွင်းသက်သက်မဟုတ်တော့။
ထိုအရိုးစု၏အကျိုးရလာဒ်ကို သူမခံစားရသေး။ မဖြစ်နိုင်သည့်အရာလည်းမဟုတ်။ နေမီးတောက်သစ်ပင်ပေါက်သည့် တောင်ကုန်းသည် အနက်ရောင်သလင်းတုံးအသွင် ပြောင်းသွားသည်။ ယင်ချီပမာဏများစွာ သိုမှီးထားသည်။ အချိန်တစ်ခုအထိ လုံလောက်သည်။ ကုန်ဆုံးသွားလျှင် အားဖြည့်စရာ နည်းလမ်းထပ်ရှာရမည်။
နန်းကောကို လူသားကမ္ဘာသို့ သူခေါ်လာပြီး ကြည်နူးစရာညချမ်းကို ဖြတ်ကျော်သည်။ သူ့ကိုယ်ထဲမှ ယန်တံဆိပ်ဖီးနစ်က မရပ်မနားအော်မြည်နေသည်။ အာရုဏ်ရောက်လာချိန်တွင် နန်းကော စိတ်မပါလက်မပါ ပြန်သွားသည်။ ဖုန်ချင်အန်းက ဆွေမျိုးများ သူငယ်ချင်းများ ရွာသားများ၏ နှုတ်ဆက်ဂုဏ်ပြုမှုကို ခံယူသည်။
သူစာမေးပွဲဖြေမည်သတင်း ပျံသွားပြီးနောက် သူ့အကိုစာမေးပွဲဖြေစဉ်ကထက် ပိုခမ်းနားသည့် နှုတ်ဆက်ဂုဏ်ပြုမှုကို လက်ခံရသည်။
သူ့အကို စာမေးပွဲဖြေစင်က နိမ့်ပါးသည့်ဘဝ မကျော်ကြားသည့်ဘဝမျိုးဖြစ်သည်။ သူနှင့်ဆရာကျန်းသာ ဖုန်ချင်ပင်း၏ အသိပညာကို ယုံကြည်သည်။ အသိအမှတ်ပြုသည်။ မျှော်လင့်ချက်များစွာ ထားခဲ့သည်။
ထို့ကြောင့် မိသားစုထောက်ခံအားပေးမှုသာရှိခဲ့သည်။ မိတ်ဆွေများ အိမ်နီးချင်းများက ကြိတ်၍လှောင်ပြောင်ခဲ့ကြသည်။ သူတို့မိသားစု ငွေကိုအလဟဿမဖြုန်းဖို့ အကြံပြုခဲ့ကြသည်။
သာမန်မိသားစုများအတွက် ပညာရှင်တစ်ယောက် ပြုစုပျိုးထောင်ရခြင်းနှင့် စာမေးပွဲအတွင်း နေရာထိုင်ခင်း စားသောက်စရိတ်များကြောင့် မိသားစုအရင်းအနှီးများ အတော်ကုန်သွားနိုင်သည်။ နောက်ဆက်ဖြစ်လာသည့် အခြေအနေကို အကျယ်တဝင့်ရှင်းစရာမလိုတော့။ သူ့အကိုနာမည် ထိုးတက်သွားသည်။ ထိပ်ဆုံးတွင် ရပ်နိုင်ခဲ့သည်။
လယ်သမားတစ်ယောက်က နဂါးအစစ် ဖီးနစ်အစစ်ကို မွေးထုတ်နိုင်ခဲ့သည်။ အရွယ်မရောက်မီမှာပင် အရာရှိဖြစ်လာသည်။ တစ်ချိန်က လှောင်ခဲ့သည့်လူများ မျက်နှာချိုသွေးရန် ကြိုးစားကြသည်။ သို့သော် လမ်းကြောင်းပင် ရှာမရကြ။
ယခု ခပ်လျှိုလျှိုနေခဲ့သည့် သူ့ညီငယ်က စာမေးပွဲဖြေမည်ဟု ကြေညာသည်။ သူ့အကိုဖြေစဉ်ကထက်ပင် အသက်ငယ်သေးသည်။ သို့သော် ဘယ်သူမှ မလှောင်ရဲ၊ မစနောက်ရဲ။ ငွေဖြုန်းတီးသည်ဟု မပြောရဲ။
ယနေ့ ဖုန်အိမ်တော်ကိုလာသူတိုင်း အရိုးခံအပြုံးမျိုး ဆုတောင်းမျိုး ကိုယ်စီရှိကြသည်။ တွေ့သည့်လူတိုင်း လူကောင်းများသာ မြင်ရသည်။
“နောက်နှစ်ဒီအချိန် သူဟာထိပ်တန်းစာပေပညာရှင်ပါလို့ ကြေညာတဲ့တော်ဝင်အမိန့်ကို ငါတို့မြင်ရတော့မှာပါ”
“ငါတို့ရွာ ဘုံကျောင်းရှေ့မှာ နောက်ထပ်ကျောက်ကမ္ဗည်းတစ်ခု ပေါ်လာတော့မယ်ထင်တယ်”
“သေချာတာပေါ့။ နောက်နှစ်ကျရင် ဖုန်ချင်အန်းက ထိပ်တန်းပညာရှင်အစစ် ဖြစ်လာမှာ။ မိသားစုတစ်ခုမှာ ထိပ်တန်းစာပေပညာရှင်နှစ်ယောက် ဘိုးဘေးတွေရဲ့ဂုဏ်သရေကိုဆောင်မှာ”
အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် ဖုန်အိမ်တော် ယနေ့ ပြန်လည်ဆူညံလာပြန်သည်။ သူ့အကိုအတွက် တော်ဝင်အမိန့်ပြန်တမ်း ကြေညာစဉ်ကထက်ပင် ပိုစည်ကားသည်။ ဖုန်ချင်အန်း စာမေးပွဲအောင်ပြီးသလိုလို ဖြစ်နေသည်။
ထိပ်ဆုံးစာပေပညာရှင်နေရာသည် ဖုန်ချင်အန်းအတွက်ဟု အားလုံးဆုံးဖြတ်ထားကြဟန်တူသည်။ သူ့အကိုလို အောင်မြင်မှုမျိုး ရအောင်ယူနိုင်မည်ဟု ယုံကြည်ကြသည်။
“သခင်အန်း၊ နောက်နှစ်ကျရင် ခင်ဗျားက ထိပ်တန်းစာပေပညာရှင်ဖြစ်လာမှာလား”
ဖုန်ချင်အန်းနှင့် ငှက်ဥနှိုက်ဖက် ငါးရှာဖက် အဖေါ်များကလည်း အနားသို့ တိုးတိုးကပ်၍လာမေးကြသည်။
လယ်သမားမိသားစု မုဆိုးမိသားစုမှ ဤကလေးများအတွက် နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အိပ်မက်။ ထိပ်တန်းစာပေပညာရှင်ဖြစ်ဖို့ဆိုလျှင် အိပ်မက်ပင်မမက်ရဲ။
“ထိပ်တန်းစာပေပညာရှင်ဖြစ်ဖို့ အဲလောက်ဘယ်လွယ်မှာလဲ။ တစ်ခြားလူတွေပြောတာတွေ မယုံနဲ့။ ဒီနှစ် လူငယ်စာဖြေသူအဆင့်ဝင်ရင် ငါကျေနပ်ပြီ။ ကံကောင်းရင်တော့ ရွေးချယ်ခံဖြစ်လာမယ်ပေါ့”
မြှောက်တိုင်းလည်း သူမမြောက်ပါ။ သကာလွှမ်းစကားများကြောင့် ဘဝင်မမြင့်ပါ။ လက်တွေ့မဖြစ်လာမချင်း ဘာမှပြောမရ။
ဝိညာဉ်စွမ်းအား လေ့ကျင့်ထားသဖြင့် အသိအာရံထက်မြက်နေသည်။ မြင်သမျှကို မမေ့သည်အစွမ်းရှိသည်။ သို့သော် နန်းတွင်းစာမေးပွဲက သူ့ဦးတည်ချက်မဟုတ်။ စာသင်နှစ်များ အဆုံးသတ်သည့်ပွဲသာဖြစ်သည်။
စာမေးပွဲကို အခွင့်ကောင်းယူ၍ တာ့ကျင်းနိုင်ငံတဝှမ်းကို ခရီးဆန့်မည်။ စာပေပညာရှင်ဟူသည့် နာမည်သည် အတော်ကောင်းသည့် ဆင်ခြေတစ်ခုဖြစ်သည်။
“ဒါလည်း အထင်ကြီးစရာပါပဲ”
လာမေးသည့်အဖေါ်က ဖုန်ချင်အန်းကို လေးစားအားကျဟန်ဖြင့် ကြည့်နေသည်။ ရွေးချယ်ခံ စာပေပညာရှင်သည် သူတို့လက်လှမ်းမမီသည့် အဆင့်အတန်းဖြစ်သည်။ သို့သော် ဖုန်ချင်အန်းက ရနိုင်သည်။
“ဘာမှ အထင်ကြီးစရာမရှိပါဘူး။ မင်းလည်း နောက်ထပ်နှစ်နည်းနည်းလောက် လေ့လာလိုက်ရင် ရွေးချယ်ခံဖြစ်နိုင်တာပဲ”
“တကယ်လား”
“တကယ်ပေါ့။ တစ်နေ့နေ့ကျရင် မင်းက ဝန်ကြီးချုပ်တို့ စစ်သူကြီးတို့တောင် ဖြစ်လာနိုင်တယ်”
ဖုန်ချင်အန်း ရယ်မောနေသည်။
“ငါက စစ်သူကြီးဖြစ်နိုင်လို့လား။ ငါ့အဖေက မုဆိုးပဲလေ”
လူငယ်မျက်လုံးတွင် မဝံ့မရဲဖြစ်နေသည့်ဟန်များ ပေါ်လာသည်။ သို့သော် ဖြစ်ချင်သည့်ဆန္ဒရိပ်များက ဖုံးဖိမရ။ စစ်သူကြီးမဖြစ်ချင်သည့် ကောင်လေးဟူ၍ မရှိ။
“မုဆိုးဆိုတော့ ဘာဖြစ်လဲ။ ငါ့အဖေလည်း ဟိုအရင်က လယ်ထဲမှာအလုပ်လုပ်တဲ့ လယ်သမားပဲလေ။ ဒါပေမယ့် ငါ့အကိုကိုကြည့်လိုက်။ အခု အဆင့်မြင့်အရာရှိဖြစ်နေပြီ”
ဖုန်ချင်အန်း သူ့အတန်းဖေါ်၏ပုခုံးကို လက်ဖြင့်ပုတ်လိုက်သည်။
“မှတ်ထား၊ အဆင့်အတန်းဆိုတာ မွေးရာပါဟုတ်ဘူး။ ယောက်ျားဆိုတာ ကိုယ့်ဘာသာ သန်မာအောင် ကြိုးစားသင့်တယ်”
“အဆင့်အတန်း....”
ကောင်လေး၏မျက်လုံးများ အရောင်တောက်လာသည်။
“ဟေ့ကောင်၊ ဘယ်သူ့ကို လယ်သမားလို့ ပြောနေတာလဲကွ”
ထိုစဉ် ဖုန်ချင်အန်းခေါင်းပေါ်သို့ ခပ်ပြင်းပြင်းရိုက်ချက်တစ်ခု ကျလာသည်။ ထင်ထားပြီးသားဖြစ်သည်။ သို့သော် သူမရှောင်။ တန်ဖိုးကြီးအဝတ်အစားဝတ်ထားသည့်လူကို လှည့်ကြည့်၍ ရယ်လိုက်သည်။
“အဖေဘာလို့ပြန်လာတာလဲ”
“သားဖြစ်တဲ့လူက စာမေးပွဲဖြေမှာကို အဖေဖြစ်တဲ့ငါက အလေးမထားလို့ဖြစ်ပါ့မလာ။ မင်းကိုတွေ့ဖို့ ငါပြန်လာရမှာပေါ့”
ဖုန်ရှို့လင်သည် တစ်ချိန်ကလို ရိုးရိုးအေးအေးလယ်သမားမဟုတ်တော့။
“ကိုယ့်သားစာမေးပွဲဖြေမှာကိုသိတာတောင် ရှင်ကရိုက်နေရသေးလား”
ယင်ရှီ သူ့ယောက်ျားကို တွန်းဖယ်လိုက်သည်။ ဖုန်ချင်အန်းဦးခေါင်းကို ကြင်နာစွာ ပွတ်ပေးသည်။
သတင်းကြားကြားချင်း အလုပ်အားလုံးပစ်ထားခဲ့ပြီး လင်မယားနှစ်ယောက် အမြန်ပြန်လာကြခြင်းဖြစ်သည်။ ထိုကိစ္စထက် ဘယ်အရာမှ အရေးမကြီး။
“ဒီကောင်ကငါ့ကို လယ်သမားလို့ပြောတယ်လေ”
“သူပြောတာ မှားလိုလ့ား။ အရင်က ရှင်က လယ်ထွန်နေရတဲ့ လယ်သမားပဲမဟုတ်လား”
“သူမမှားပါဘူး။ ဒါပေမယ့် ဘယ်လိုသားမျိုးက ကိုယ့်အဖေကိုယ် အဲလိုပြောလို့လဲ”
ဖုန်ရှို့လင် ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် လာရောက်ဂုဏ်ပြုသည့် ဧည့်သည်များကို ကြိုဆိုရန် ထွက်သွားသည်။
နန်းတွင်းစာမေးပွဲမဖြေမီ မိဘများက ရင်းနှီးသည့် မိတ်ဆွေများ ဆွေမျိုးများကို ကျွေးမွေးဧည့်ခံရသည်မှာ ထုံးစံဖြစ်သည်။ သို့သော် ဖုန်ချင်အန်းအဖြစ်ကတော့ ထိုသို့မဟုတ်။ သူ့အကို ရာထူးမြင့်နေပြီဖြစ်သည်။ အစောပိုင်းက သူ့အောင်မြင်မှုများကြောင့် လူတိုင်း အံ့ဩခဲ့ရသည်။
ထို့ကြောင့် သာမန်ကျွေးမွေးပွဲက နေ့ဆက်ရက်ဆက်စားတော်ပွဲကြီးအသွင်ပြောင်းသွားသည်။ လာဂုဏ်ပြုသမျှ ဧည့်သည်တိုင်းကို ကျွေးမွေးရသည်။
ညရောက်လာသည်။ အသံအားလုံး တိတ်ဆိတ်သွားသည်။ ဖုန်ချင်အန်း အနားယူရန် ပြင်နေစဉ် တစ်စုံတစ်ခု အာရုံခံမိသည်။ သူထရပ်၍ အခန်းထဲမှထွက်သည်။ ခြံထဲသို့လျှောက်သွားသည်။ တံခါးဆီလှမ်းကြည့်သည်။
သူသွားမဖွင့်မီ ကြီးမားသည့်သစ်သားတံခါးက အသံမမြည်ဘဲ ပွင့်လာသည်။ ဝိညာဉ်စွမ်းအားဖြစ်သည်။ ကြမ်းတမ်းသည့်အသွင်ဖြင့် အသုံးပြုရသည်။ ရုပ်ဝတ္ထုကို သန့်စင်သည့်စွမ်းအားဖြင့် ရွှေ့ပြောင်းခြင်း ဖြစ်သည်။
တံခါးပွင့်သွားသည်။ ညဧည့်သည်ကို မြင်ရသည်။ လှပသည့် ဝံ၌ုလွေဖြူတစ်ကောင် တောက်ပသည့်ဓားရှည်တစ်လက်ကို ပါးစပ်ဖြင့် ကိုက်ချီလာသည်။
ထိုဝံပုလွေကို အတော်ရင်းနှီးပါသည်။ ဝံပုလွေဖြူသခင်၏သမီး။ တောင်နက်၏ချစ်သူဖြစ်သည်။
“မင်း ဒီနေ့လာတာ အချိန်ကောင်းမဟုတ်ဘူး။ တောင်နက် ပြန်မလာသေးဘူး။ သူ့ကိုတွေ့ချင်ရင် အချိန်ခဏတော့ မင်းစောင့်ရဦးမယ်”
ဝံပုလွေဖြူကိုကြည့်၍ သူရယ်လိုက်သည်။
“ဖုန်သခင်လး။ တောင်တန်းနတ်ဘုရားက နှုတ်ဆက်လက်ဆောင် ပေးခိုင်းလိုက်လို့ပါ”
ကြည်လင်ချိုမြသည့်စကားသံကြောင့် သူခပ်တိုးတိုးရေရွတ်လိုက်သည်။
“တောင်နက်က တကယ်ကံကောင်းတဲ့ကောင်ပဲ”
သူ့လက်များက ဝံပုလွေယူလာသည် ဓားရှည်ထံ ချက်ချင်းရောက်သွားသည်။ ဓားက နွေးထွေးနူးညံ့သည်။ နှင်းဖြူရောင်အသွေးရှိသည်။
“ဒါဘယ်လိုဓားမျိုးလဲ”