တန်ပြန်ကတိစကား
Vol. 12 Ch. 172
“သခင်လေး လမ်းမှာတွေ့နိုင်တဲ့ အသေးအမွှားပြဿနာလေးတွေအတွက် တစ်ခြားဓားတစ်လက် ဆွဲထုတ်စရာမလိုပဲ ရှင်းလင်းနိုင်အောင် ဒီဓားကိုလက်ဆောင်ပေးလိုက်တာလို့ တောင်တန်းသခင်က ပြောပါတယ်”
ဝံပုလွေဖြူ အသံကိုနှိမ့်၍ပြောသည်။ ဖုန်ချင်အန်းကို သူအတော်လေးစားမှန်း သိသာသည်။ ထိုလေးစားမှုသည် တောင်တန်းနတ်ဘုရားအမိန့်ကြောင့်သာမဟုတ်။ ထက်မြက်စူးရှသည့် သူ့အာရုံကြောင့်လည်းဖြစ်သည်။
ဖုန်ချင်အန်းနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သတင်းတော့ကြားဖူးသည်။ တောင်နက်နှင့်ရင်းနှီးကြောင်းသိသည်။
“အသေးအမွှားပြဿနာရှင်းဖို့တဲ့လား။ တောင်တန်းနတ်ဘုရားက တကယ်အတွေးကောင်းတာပဲ”
ဖုန်ချင်အန်း ချီးကျူးလိုက်သည်။
သူ့အကိုပေးထားသည့်ဓားသည် ကောင်းပါသည်။ သို့သော် ဆွဲထုတ်ရလောက်သည့်ကိစ္စ များများစားစားမရှိ။ ထို့အပြင် ထိုဓားကို သူအချိန်မရွေး ဆွဲထုတ်နိုင်သည်မဟုတ်။ မတရားမှုကို မျက်မြင်ကိုယ်တွေ့ကြုံမှသာ ဖြေရှင်းသင့်သည်ဟု ခံစားရမှသာ ထိုဓားကိုဆွဲထုတ်နိုင်မည်။
နတ်ဘုရားက ထိုအဖြစ်ကို သတိထားမိဟန်တူသည်။ ခရီးထွက်တော့မည်မှန်းလည်း သိသဖြင့် ထိုဓားကိုပို့လိုက်ခြင်းဖြစ်မည်။ အတော်စေတနာပါသည်။
“သခင်လေးကျေနပ်ရင်ရပါပြီ”
ဝံပုလွေဖြူ ပြန်ပြောသည်။
“ငါအရမ်းကျေနပ်တာပေါ့။ ဒါပေမယ့် သိချင်သေးတယ်။ ဒီဓားကို ဘာပစ္စည်းနဲ့လုပ်ထားတာလဲ”
စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုရှိသော်လည်း သူအတည်ပြုချင်သည်။
“တောင်တန်းသခင် အသွင်ပြောင်းတုန်းက ကျန်ခဲ့တဲ့ နဂါးသွားနဲ့ လုပ်ထားတဲ့ဓားပါ”
အဖြေက အံ့ဩစရာတော့မရှိ။ နဂါးဝတ်ရုံလိုပင် တောင်တန်းနတ်ဘုရားကိုယ်တိုင် လုပ်ထားသည့်ဓားဖြစ်သည်။
“တောင်တန်းနတ်ဘုရားက ငါ့အပေါ် အတော်အလေးထားတာပဲ။ တောင်တန်းပေါ်သွားပြီး ငါကိုယ်တိုင် ကျေးဇူးတင်စကားပြောသင့်တာပေါ့”
နှင်းဖြူဓားကိုင်၍ ဖုန်ချင်အန်း အပြင်ထွက်သွားသည်။ ဝံပုလွေဖြူခဏငေးကြည့်နေပြီးနောက် အမြန်ပြေးလိုက်သွားသည်။
“သခင်လေး စိတ်မရှိဘူးဆိုရင် တောင်ပေါ်အထိ ကျွန်မသယ်သွားပေးပါ့မယ်”
ဖုန်ချင်အန်းဆီ အမြန်ပြေးသွားပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
“ဒါပေါ့ ငါစိတ်မရှိပါဘူး။ ဒါပေမယ့် အရင်က လူတစ်ယောက်ကို မင်းသယ်မသွားဖူးဘူး။ မသင့်တော်သလို ဖြစ်မှာစိုးတယ်”
“ဘာလို့မသင့်တော်ရမှာလဲ။ သခင်လေးက တောင်နက်ကိုစီးပြီး တောင်ပေါ်ကိုလာနေကျပဲမဟုတ်လား
“တောင်နက်၊ ဒီကောင်....သူက မင်းနဲ့မတူဘူးလေ”
“ဘာကွာလို့လဲ”
ဝံပုလွေဖြူ နားမလည်ဟန်ဖြင့် မေးသည်။
“ထားပါတော့လေ၊ ခေါင်းနည်းနည်းငုံ့ပေးပါ”
ဝံပုလွေဖြူက အတင်းကမ်းလှမ်းနေသဖြင့် သူမငြင်းတော့။ ခြေတစ်ချက်လှုပ်ရှား၍ လေထဲသို့ပျံသွားပြီး အရွယ်အစားချက်ချင်းပြောင်းသွားသည့် ဝံပုလွေဖြူ၏ ကျောပြင်ပေါ် ဆင်းလိုက်သည်။
“သခင်လေး၊ အဆင်သင့်ဖြစ်ပြီလား”
စီးရသည်မှာ တောင်နက်နှင့် နည်းနည်းကွာသော်လည်း အရွယ်အစားက အတူတူလောက်ရှိသည်။ သူသက်တောင့်သက်သာ ထိုင်နိုင်သည်။ ဝံပုလွေဖြူ၏ အမွှေးများက ထူထဲသည်။ ထူးခြားသည့် အတွေ့အကြုံသစ်ကို ပေးသည်။
ဝံပုလွေဖြူ စကားထပ်မပြောတော့ဘဲ ရွာထဲမှ ချက်ချင်းထွက်သည်။ ထို့နောက် ညလေပြေနှင့်အတူ မြေပေါ်မှ ကြွတက်သွားသည်။ တိမ်တိုက်များကြား ပြေးလွှားနေသည်။
လေနှင့်အတူခရီးသွားခြင်း။
ထိုစွမ်းအားက တောင်နက်၏သရဲမီးတောက်ထက် ပို၍အဆင့်မြင့်သည်။ လက်ရှိတိုက်ခိုက်စွမ်းအားတွင် တောင်နက်ထက် အားနည်းသော်လည်း ကောင်းကင်တွင်ယှဉ်ပြိုင်ရလျှင် တန်းတူရှိလောက်သည်။
ဝံပုလွေဖြူသည် လေကိုသက်တောင့်သက်သာ အသုံးချနိုင်သည်။ စွမ်းအားလုံးဝ ထုတ်စရာမလို။ ခြေဖဝါးများ ကြွလိုက်သည်နှင့် လေကသူ့ခြေထောက်အောက် အလိုလိုစုစည်းလာသည်။ ထို့ကြောင့် တိမ်တိုက်များကြား ပြေးလွှားနိုင်ခြင်းဖြစ်သည်။
ဝံပုလွေဖြူသခင်လည်း ထိုစွမ်းအင်သုံးဖူးသည်။ သူ့သွေးဆက်ဖြစ်၍ ထိုစွမ်းရည်မျိုး ပိုင်ဆိုင်သည်မှာ မဆန်းတော့။
ဝိညာဉ်သားရဲဖြစ်သည့် ဝံပုလွေဖြူနှင့် နတ်ဆိုးသားရဲဖြစ်သည့် တောင်နက် မည်သို့ကွာခြားသည်ကို သူပို၍စိတ်ဝင်စားလာသည်။ ထိုဝံပုလွေနှစ်ကောင် လက်ထပ်၍ သားပေါက်လာလျှင် ဝိညာဉ်သားရဲဖြစ်လာမလား နတ်ဆိုးသားရဲဖြစ်လာမလား သိချင်သည်။
အတွေးပေါင်းစုံ ခေါင်းထဲဝင်လာသည်။ ခန့်မှန်းကြည့်ရုံသာဖြစ်သည်။ ဆက်တွေးမနေတော့။ အမှောင်ထုအောက်တွင် အလင်းဖြာနေသည့် အစိမ်းရောင်တော်ဝင်တောင်တန်းကြီးကို မြင်နေရပြီဖြစ်သည်။
တိမ်ကြားတွင်ပျံသန်းသွားသည်။ တောင်တက်လမ်းအတိုင်း တောင်နက်သယ်လာသည်ထက် များစွာပိုမြန်ဆန်သည်။ ပတ်လမ်းများမလို အတားအဆီးများမရှိ။
တော်ဝင်တောင်တန်းထိပ်တွင် ဝတ်ရုံစိမ်းဝတ်ထားသည့် တောင်တန်းနတ်ဘုရားပေါ်လာသည်။ ဝံပုလွေဖြူပေါ်မှ ဖုန်ချင်အန်းကို ပြုံး၍ကြည့်လိုက်သည်။
“ဖုန်သခင်လေး၊ ဒီလောက်နောက်ကျမှရောက်လာတာ ကျုပ်ပေးတဲ့လက်ဆောင်ကို သဘောမကျလို့လား”
“သဘောမကျဘဲ ဘယ်ရှိပါ့မလဲ။ ခင်ဗျားရဲ့နဂါးသွားနဲ့ လုပ်ထားတဲ့ဓားပဲ။ ဘာသဘောမကျစရာရှိလဲ။ ကျေးဇူးတင်စကားပြောချင်လို့လာတာပါ”
“ဓားကိုစမ်းမကြည့်ဘဲနဲ့ သခင်လေး ကျေနပ်တယ်လို့ ဘယ်ပြောလို့ရမှာလဲ”
ဖုန်ချင်အန်းလက်ထဲမှဓားသည် ဓားအိမ်မှမထုတ်ရသေးကြောင်း နတ်ဘုရား ချက်ချင်းသတိထားမိသည်။
“ဒါဆို ဒီမှာပဲ စမ်းကြည့်ပါ့မယ်”
ဖုန်ချင်အန်း နည်းနည်း စိတ်မရှည်ဖြစ်သွားသည်။ လရောင်က လင်းဖြာနေသည်။ မြူများ ဝေ့ဝဲနေသည်။
“လုပ်ပါ”
နတ်ဘုရားခွင့်ပြုချက်ရသည်နှင့် ဖုန်ချင်အန်း ဓားရိုးကိုဆွဲထုတ်လိုက်သည်။ ဓားသွားဓားအိမ်မှ ထွက်လာသည်နှင့် အေးစိမ့်သည့်အလင်းတစ်ခု ကောင်းကင်ပြင်တွင် ချက်ချင်းလွှမ်းခြုံသွားသည်။
ဓားကို ဘေးသို့ ညင်သာစွာတစ်ချက်ဝှေ့ယမ်းလိုက်သည်။ သိပ်သည်းသည့် အဖြူရောင်ဓားအလင်းတစ်ခု ထွက်လာသည်။ နဂါးပုံရိပ်အသွင် ချက်ချင်းပြောင်းသွားသည်။ သုံးမိုင်ပတ်လည်မှ တိမ်တိုက်အားလုံး ရှင်းလင်းသွားသည်။
“သိပ်ကောင်းတဲ့ဓားပဲ”
ဖုန်ချင်အန်း အံ့ဩသွားသည်။ သူ့မျက်နှာတွင် အပျော်ရိပ်သန်းသွားသည်။ သူအားလုံးဝမစိုက်လိုက်ရ။ အသာအယာ ဝှေ့ယမ်းလိုက်ခြင်းဖြစ်သည်။ အားအပြည့်ထည့်မထား။ သို့သော် ကောင်းကင်ပြင် ရှင်းလင်းနိုင်စွမ်းရှိသည်။