အဖေါ်မွန်
Vol. 12 Ch. 174
“နေဦး”
ထွက်သွားရန်ပြင်နေသည့် ဝံပုလွေဖြူကိူ ဖုန်ချင်အန်း လှမ်းခေါ်သည်။
“ဘာလိုအပ်သေးလို့လဲ သခင်လေး”
ဖုန်ချင်အန်းကို အတော်လေးစားမိပြီးဖြစ်သည်။ ထို့ကြောင့် မာပိုင် ဦးညွှတ်အရိုအသေပြု၍ ယဉ်ကျေးစွာ ပြန်မေးသည်။
“ဒီည မင်းငါ့ကို တောင်တန်းပေါ် အကြိုအပို့လုပ်ပေးခဲ့တာဆိုတော့ ငါ့စွမ်းအင် အများကြီးသက်သာသွားတယ်။ မင်းကို ဆုမချီးမြှင့်ရသေးဘဲ ထွက်မသွားနဲ့ဦး”
ဖုန်ချင်အန်း လျှို့ဝှက်စွမ်းရည်ကို ထုတ်သုံးလိုက်ပြန်သည်။ လက်ကို ကောင်းကင်သို့ဆန့်ထုတ်လိုက်သည်။ လအလင်းများက လက်ဝါးပေါ်သို့ စီးဝင်လာသည်။ တဖြေးဖြေး လအသေးစားလေးတစ်ခု ဖြစ်လာသည်။
“ဒါက တကယ်တော့....”
“ပါးစပ်ဟပါ”
မာပိုင် ပါးစပ်ဟလိုက်သည်။ ဖုန်ချင်အန်း လသလင်းကို သူ့ပါးစပ်ထဲ ပို့လွှတ်လိုက်သည်။
အစောပိုင်းက သူစိတ်ထဲ လိုချင်နေခဲ့သည့် သလင်းကို သူရပြီဖြစ်သည်။ ထို့နောက်အသိပြန်ဝင်လာပြီး နည်းနည်းရှက်သွားသည်။
“ သခင်လေးဖုန်၊ ကျွန်မ...”
“အားနာစရာမလိုပါဘူး။ မင်းနဲ့တောင်နက်ရဲ့ ပတ်သက်မှုကို ငါသိတယ်။ တောင်နက်အတွက်သက်သက်ဆိုရင်တောင် မင်းကိုငါကူညီရဦးမှာပါ”
ဖုန်ချင်အန်း ရယ်လိုက်သည်။ သို့သော် သူ့စကားကြောင့် မာပိုင်ပို၍ရှက်သွားသည်။ သူသည် ဝံပုလွေမဖြစ်သည်။ လူသားများလို အသိဉာဏ်ရှိသည့် ဝိညာဉ်သားရဲအဖြစ် မွေးဖွားလာသူဖြစ်သည်။
“ကျေးဇူးပင် သခင်လေး”
“ဘာတွေကျေးဇူးတင်နေတာလဲ။...ဪ..ဒါနဲ့ တောင်နက်ကိုယ်စား မင်းကိုမေးစရာတစ်ခုရှိတယ်”
“တောင်နက်က ဘာလို့ကိုယ်တိုင် လာမမေးတာလဲ”
မာပိုင် နည်းနည်းနားမလည်နိုင်အောင် ဖြစ်သွားသည်။
“ဘာလို့လဲဆိုတော့ အဲဒါငါ့စိတ်ဖြစ်နေလို့ပါ”
“ဘာမေးမလို့လဲ”
“ငါအခု ခရီးရှည်ထွက်တော့မှာကို မင်းသိပါတယ်။ တောင်နက်ကို ငါငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားတာ။ သူက ငါနဲ့အတူလိုက်မှာ။ ဒါကြောင့် မင်းအမြင်ကိုမေးကြည့်ချင်လို့ပါ။ မင်ငါတို့နဲ့ လိုက်ချင်လား။ အများကြီးတော့ ငါကတိမပေးနိင်ဘူး။ ဒါပေမယ့် တစ်ခုတော့ သေချာပါတယ်။ ငါတို့နဲ့အတူလိုက်ရင် နောင်တစ်ချိန် မင်းဟာ မင်းအဖေထက် ပိုပြီးအောင်မြင်မှုရမယ်ဆိုတာပဲ။ တောင်နက်နဲ့အတူ နတ်ဆိုးဘုရင်တွေကြားမှာ နေရာတစ်ခု ရလိမ့်မယ်”
“နတ်ဆိုးဘုရင်လား”
ဝံပုလွေဖြူ နည်းနည်းအံ့အားသင့်သွားသည်။ ထိုစကားကို သာမန်လူသားတစ်ယောက်ထံမှ ကြားရလျှင် သူ့ကို လာလှည့်စားနေသည်ဟု လှောင်ရယ်မိပေလိမ့်မည်။ သို့သော် သူ့ရှေ့တွင် ရပ်နေသူသည် တောင်တန်းနတ်ဘုရားကို နဂါးစစ်ဖြစ်အောင် ကူညီပေးမည်ဟု ပြောခဲ့သူဖြစ်သည်။ တောင်တန်းနတ်ဘုရားကလည်း သူ့စကားကို မဆန့်ကျင်။
မာပိုင်ကို စဉ်းစားချိန်သိပ်မပေးဘဲ ဖုန်ချင်အန်း ဆက်တိုက်မေးသည်။ သူ့စကားများသည် နည်းနည်းကြီးကျယ်နေသေယောင်ထင်ရသည်။ ထိုစကားအတိုင်း ဖြည့်ဆည်းနိုင်စွမ်းလည်းရှိသည်။
“ကျုပ်... ဒီကိစ္စက လေးနက်လွန်းတယ်။ အိမ်ပြန်ပြီး ကျွန်အဖေနဲ့ တိုင်ပင်ပါရစေဦး”
မာပင် ခဏတုံ့ဆိုင်းနေပြီးနောက် ဖုန်ချင်အန်းကို ပြောသည်။ လက်တွေ့မြင်ဖူးပြီးဖြစ်၍ ဖုန်ချင်အန်း အစွမ်းကို သူသံသယမရှိပါ။ တောင်နက်အပြောင်းအလဲကိုလည်း မြင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုကိစ္စက ရုတ်တရက်ဆန်လွန်းသည်။ စဉ်းစားဖို့ အချိန်ယူရမည်။
“မင်းက အရွယ်မရောက်သေးတဲ့ ဝံပုလွေပေါက်လေးလား။ မင်းအနာဂတ်ဟာ မင်းနဲ့ပဲဆိုင်တယ်လေ။ ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်နိုင်ဘူးလား။ မင်းအဖေစကားကိုပဲ နားထောင်နေမှာလား။ မင်းအဖေ လက်မခံဘူးဆိုရင် မင်းကငါတို့နဲ့ မလိုက်ဘူးပေါ့”
ဖုန်ချင်အန်း သက်ပြင်းချသည်။
“ငါအရိုးသားဆုံးပြောမယ်။ ဒီခရီးထွက်ပြီးလို့ ငါတို့ပြန်လာမယ်ဆိုရင်တောင် ဒီမှာကြာကြာနေမှာမဟုတ်ဘူး။ ငါတို့နဲ့မလိုက်ရင် မင်းနဲ့တောင်နက်ဇာတ်လမ်းလည်း အဆုံးသတ်သွားမယ်။ မင်းအဖေထက် မင်းဘယ်လောက်ပဲ ပိုစွမ်းအားကြီးလာပါစေ ကြီးကြီးမားမားတော့ ဖြစ်မလာနိုင်ဘူး”
မာပိုင်၏စွမ်းရည်အဆင့်သည် ယခင်ကထက် တိုးတက်မလာကြောင်း သူသိသည်။ တောင်နက်လို ကံကြမ္မာမျိုး သားရဲတိုင်းမရနိုင်။ မွေးရာပါ ကံကြမ္မာမျိုး လူတိုင်းမရနိုင်။
မာပိုင် အသံတိတ်သွားသည်။ ဖုန်ချင်အန်း စကားများက နည်းနည်းကြမ်းသည်။ သူသည် အရွယ်ရောက်ပြီးသည့် ဝံပုလွေမဖြစ်သော်လည်း ဖခင်အရိပ်အောက်မှ ရုန်းမထွက်နိုင်သေး။
“မင်းဆုံးဖြတ်ချက်ကို ပြောပါ။ လိုက်ချင်လား မလိုက်ချင်ဘူးလား။ အဲဒါပဲပြောပါ။ မင်းအဖေဘယ်လိုတွေးမလဲဆိုတာ မင်းစိုးရိမ်စရာမလိုပါဘူး။ သူသေချာပေါက် သဘောတူမှာပါ”
ဖုန်ချင်အန်း ဆက်၍ဖိအားပေးသည်။ ရွေးချယ်ခွင့်ကို အတင်းထိုးထည့်သည်။ တောင်နက်ကို ထိုဝံပုလွေမ မည်မျှဂရုစိုက်သည်ကို သူသိလိုသည်။
နောင်တစ်ချိန်တွင် တောင်နက်အပေါ် ခံစားချက်ထားဖို့ မာပိုင်အတွက် အခွင့်အရေးမရှိတော့။ အတူမလိုက်လျှင် တောင်နက်နှင့် သို့မဟုတ် သူနှင့် မထိုက်တန်ဟုသာ သတ်မှတ်ရမည်။ မထိုက်တန်သည့်သားရဲအတွက် စွမ်းအင်အလဟဿဖြုန်းတီးစရာမလို။
တောင်နက်၏ အချစ်ဦးသည် စွန့်လွှတ်ရသည့်အချစ်ဖြစ်လာမည်။ ဝမ်းနည်းစရာကောင်းသော်လည်း တစ်ခြားနည်းလမ်းမရှိ။ ကြမ်းတမ်းသည့်လမ်းတလျှောက် နောင်တရစရာတစ်ချို့ အမြဲရှိသည်သာဖြစ်သည်။ ဘယ်သူမှ မလွတ်ကင်းနိုင်။
“လိုက်ချင်ပါတယ်။ တောင်တန်းကနေ ကျွန်မထွက်ပြီး တောင်နက်နှင့်အတူ သခင်လေးနောက်ကို လိုက်ချင်ပါတယ်”
သူနည်းနည်းစိတ်ပျက်လာသလို ခံစားရချိန်တွင် မာပိုင်က ရုတ်တရက်ပြောသည်။
“ကောင်းတာပေါ့။ စိတ်ချပါ။ နောင်တစ်ချိန် မင်းဟာ ဘုရင်တစ်ယောက် ဖြစ်လာလိမ့်မယ်”
ကျေနပ်စွာ သူခေါင်းငြိမ့်လိုက်သည်။ တောင်နက်အတွက် အနာဂတ်ဇနီးလောင်းကို အပီချုပ်ထားနိုင်ခဲ့သည်။ ယောက္ခထီးဖြစ်သည့် ဝံပုလွေသခင်လည်း တွေးခေါ်စဉ်းစားတတ်မည်ဟု သူထင်ပါသည်။
“အိမ်ပြန်ပြီး မင်းအဖေကို မင်းဆုံးဖြတ်ထားတဲ့ကိစ္စ ပြောပြလိုက်”
“ဟုတ်ကဲ့”
မာပိုင် ခေါင်းငြိမ့်သည်။ ဖုန်ချင်အန်းအပေါ် သူ့သဘောထား အကြီးအကျယ်ပြောင်းလဲသွားပြီဖြစ်သည်။
*********************************************