ကျေးဇူး
Vol. 12 Ch. 176
“တောင်တန်းသခင်”
တောင်တန်းနတ်ဘုရား ရုတ်တရက်ရောက်လာသဖြင့် ဝံပုလွေဖြူသခင် အံ့အားသင့်သွားသည်။ နတ်ဘုရားပြောသည့်စကားကြောင့် သူပိုအံ့ဩရသည်။
“ကျုပ်သမီး တောင်တန်းကထွက်ဖို့ကိစ္စကို နတ်ဘုရားသခင်လည်း သဘောတူတယ်ပေါ့”
“မင်းလည်း အဲဒီ့အရွယ်တုန်းက တောင်တန်းကနေ ခွာခဲ့တာပဲ။ အပြင်ကမ္ဘာမှာ နှစ်တစ်ရာနီးပါးနေခဲ့တယ်။ နောက်ဆုံးကျမှ တောင်တန်းကိုပြန်လာပြီး လုံးဝပြန်မထွက်တော့တာပါ”
နှစ်ပေါင်းထောင့်ငါးရဦသက်တမ်းရှိသည့် တောင်တန်းသခင်က ဝံပုလွေဖြူကို တည်ငြိမ်စွာကြည့်နေသည်။ ဝံပုလွေဖြူသည် သူ့စောင့်ကြည့်မှုအောက်တွင် အရွယ်ရောက်လာသည်။ သက်တမ်းတစ်လျှောက် စွမ်းအားမြင့်နတ်ဆိုးများ မွေးဖွားခြင်း ကျဆုံးခြင်း များစွာမြင်ဖူးသည်။ တစ်ချို့က တောင်တန်းမှ ထွက်သွားပြီးနောက် ပျောက်ကွယ်သွားကြသည်။
“အပြင်ဘက်ကို ခရီးထွက်တုန်းက ကျုပ်သေမတတ်ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ကျုပ်သမီးကို မသွားစေချင်တာပါ။ တောင်တန်းပေါ်မှာဆိုရင် သခင့်ရဲ့အကာအကွယ်ရှိတယ်။ သူ့အသက်အန္တရာယ်မရှိဘူး။ တစ်ချိန်တုန်းက ကျုပ်ကြုံခဲ့ရသလို ခွေးလေခွေးလွင့်တစ်ကောင်လိုထွက်ပြေးရတဲ့အဖြစ်မျိုး မရှိနိုင်ဘူး”
ဝံပုလွေခေါင်းဆောင် ပြန်ပြောသည်။ သူကြုံခဲ့ရသည့် ခါးသီးမှုမျိုး သူ့သမီးကို မကြုံစေချင်။ တောင်တန်းအပြင်ဘက်လောကသည် တောင်တန်းပေါ်တွင်နေရသည်လောက် မကောင်း။ အန္တရာယ်များ ပြည့်နေသည်။
“ငါ့ကာကွယ်မှုတဲ့လား။ မင်းငါ့ကို မြှောက်ပင့်လွန်းနေသလိုပဲ။ မင်းဒီလောက်အတွေ့အကြုံများခဲ့တာတောင် အမြင်မပွင့်သေးဘူးလား။ ဒီလောကမှာ လုံခြုံတဲ့နေရာဆိုတာ မရှိဘူးကွ။ လုံခြုံတဲ့ဘဝမျိုးနေချင်ရင် အကောင်းဆုံးက ကိုယ်စွမ်းအားကိုယ်တိုးမြှင့်ဖို့ပဲ”
နတ်ဘုရား ရယ်ရင်းပြောသည်။ သူ့ကိုယ်ပိုင်စွမ်းအားအတိုင်းအဆကို သူ့ကိုယ်သူသိသည်။ နှစ်ထောင့်ငါးရာကြာအောင် ကျင့်ကြံခဲ့သော်လည်း ယနေ့အဆင့်ထိသာ ရောက်ခဲ့သည်။ တောင်တန်းနတ်ဘုရားအဖြစ် သူအောင်မြင်ခဲ့သည်။ ကျရှုံးခဲ့သည်ဟုလည်း ဆိုနိုင်သည်။
“တကယ်အန္တရာယ်အစစ်ကြုံလာရင် ငါ့ကိုယ်ငါတောင် ကာကွယ်နိုင်မှာမဟုတ်ဘူး။ ငါကာကွယ်ပေးချင်ရင်တောင် တတ်နိုင်မှာမဟုတ်ဘူး”
“သူတောင်တန်းကထွက်ချင်ရင်လည်း နောက်ထပ်နှစ်တစ်ရာလောက်တော့ စောင့်သင့်ပါတယ်”
တောင်တန်းသခင်မည်မျှပြောသည်ဖြစ်စေ သမီးဖြစ်သူ အသင့်မဖြစ်သေးဟု ဝံပုလွေဖြူ ယုံကြည်နေဆဲဖြစ်သည်။
ဝံပုလွေဖြူသွေးဆက် မည်မျှအားကောင်းမှန်း သူသိသည်။ တောင်တန်းမှခွာလျှင် သူ့နှင့်အဆင့်တူ စွမ်းအားမြင့်နတ်ဆိုးမျိုးဖြစ်သင့်သည်။
“နှစ်တစ်ရာတဲ့လား။ ထပ်စောင့်နေဖို့ အချိန်မရှိဘူး။ နောက်ထပ်နှစ်ဝက်လောက် ထပ်စောင့်လိုက်ရင်တောင် မင်းရဲ့သမီးဟာ ဘုရင်မဖြစ်ဖို့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရလိမ့်မယ်”
“ဘုရင်မ”
ဝံပုလွေဖြူ သူ့သမီးကို ထိုသို့ဖြစ်စေချင်ခဲ့သည်။ သို့သော် ရနိုင်စရာအကြောင်းမရှိ။ သူလည်း ထိုအဆင့်မျိုး မရောက်နိုင်။ လောကတွင် တစ်ချို့က ခိုင်မာသည့်သွေးဖြင့် မွေးဖွားသည်။ မွေးကတည်းက သန်မာကြသည်။
သူတို့ဝံပုလွေဖြူသွေးဆက်သည် သိပ်မညံ့မှန်းသိသော်လည်း ဘုရင်အဖြစ်မွေးဖွားလောက်သည်အထိ အားမကောင်း။ အနည်းစုသာ ထူးခြားသည့်ပါရမီကို ပိုင်ဆိုင်ပြီး အတားအဆီးကိုဖြတ်ကျော်၍ ဝံပုလွေဖြူဘုရင်များ ဖြစ်လာသည်။
သူ့အတွက်သူ မျှော်လင့်ချက် မထားတော့။ သို့သော် သူ့သမီးအတွက် မျှော်လင့်သည်။ သူ့သမီးသည် သူ့ထက်ပါရမီထူးကြောင်း အစကတည်းက သတိထားမိသည်။
“ဟိုလူရမ်းကားကောင်က ကျုပ်သမီးကို ဘုရင်မဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ သခင်ပြောနေတာလား”
ကြောက်စရာဓားတစ်လက်ကိုင်၍ ထိုလူငယ် တောင်တန်းပေါ်တက်လာသည့်အချိန်ကို ပြန်သတိရလာသည်။ မောက်မာဝင့်ကြွားသည့်ဟန်ပန်ကို သေသည်အထိ သူမေ့နိုင်မည်မဟုတ်။
ဓားအရှိန်ကြောင့် ရှက်ရွံ့စွာ သူခေါင်းငုံ့ခဲ့ရသည်။ ထိုလူငယ်ဒေါသထွက်၍ ထိုဓားကိုဆွဲထုတ်လျှင် ဖြစ်လာမည့်အကျိုးဆက်ကို သေချာမသိ။
ထိုကိစ္စကို အမြဲတမ်း မကျေမနပ်ဖြစ်မိသည်။ ဓားတစ်လက်နကိုင်ထားသည့် လူငယ်တစ်ယောက်ကို ကြောက်ရွံ့နေရခြင်းသည် စွမ်းအားမြင့်နတ်ဆိုးအတွက် သိက္ခာကျစရာဖြစ်သည်။ ဤတောင်တန်းတွင် အနိုင်ကျင့်ခံရသည့် နတ်ဆိုးမှာ သူပထမဆုံးမဟုတ်။ သို့သော် ခံရခက်သည်။
“သူ့မှာ အခွင့်အရေးရှိတယ်လို့ မင်းမထင်ဘူးလား။ တောင်နက်ဆိုတဲ့ ဝံပုလွေ ဘယ်လိုပြောင်းလဲသွားလဲ မင်းသေချာသတိမထားမိဘူးလား”
တောင်တန်းနတ်ဘုရား သက်ပြင်းအသာအယာချလိုက်သည်။
တောင်နက် အချိန်တိုအတွင်း ပြောင်းလဲသွားသည်ကို သူမြင်သည်။ သူ့ကို နောင်တစ်ချိန် နဂါးအစစ်ပြောင်းပေးမည်ဟု ကတိပေးသွားသည်။ သူလည်း လောကဝတ်အရ သဘောတူခဲ့သည်။ ထိုအခွင့်အရေးကိုလည်း သူနည်းနည်းမျှော်လင့်ချက်ထားမိသည်။
ဝံပုလွေဖြူသခင် အသံတိတ်သွားသည်။ တောင်နက်ပြောင်းလဲမှုကို သူလက်တွေ့မြင်ခဲ့ရသည်မှာ အမှန်ဖြစ်သည်။ တောင်နက်ပြောင်းလဲရခြင်း၏ ရင်းမြစ်ကိုလည်း သူသိသည်။
“တောင်နက်က တော်ဝင်မိသားစုကပေးတဲ့ သရဲဝံပုလွေသန္ဓေကြောင့် ပြောင်းလဲသွားတာမဟုတ်ဘူးလား”
“အဲဒီ့သန္ဓေ ဘယ်သူ့မျက်နှာနှင့်ပေးတာလဲ”
ဝံပုလွေဖြူသခင် ငြိမ်သွားပြန်သည်။ သို့သော် ဇွဲမလျှော့သေးဘဲ ထပ်ပြောသည်။
“ဒါပေမယ့် ဒါက ဟိုကောင်လေးပေးတဲ့ အခွင့်အရေးမှမဟုတ်တာ။ သူ့အကိုကို တော်ဝင်မိသားစုကလေးစားလို့ ပေးတာပါ။ ကျုပ်သမီး သားရဲဘုရင်မဖြစ်အောင်လုပ်ပေးဖို့ သူဘယ်လိုကတိပေးနိုင်မှာလဲ”
“မဟုတ်ဘူး။ သူကိုယ်တိုင်ကကို အစွမ်းရှိနေတာ။ မင်းမေ့သွားပြီလား။ မင်းလည်း တောင်နက်ရဲ့ မျိုးရိုးဇာစ်မြစ်ကို ခန့်မှန်းမိခဲ့မှာပဲ။ ဒါပေမယ့် နှစ်တစ်ရာနတ်ဆိုးသားရဲအဆင့်ထက် မပိုပါဘူး။ အဲဒီတုန်းက တောင်နက်ရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ”
ဝံပုလွေဖြူငြိမ်သွားသည်။ သို့သော် ထပ်ပြောပြန်သည်။
လူသားကောင်လေးနဲ့ တောင်နက်တို့ လုပ်ခဲ့တာတွေကို တွေးကြည့်ပါ။ သူပေးတဲ့ကတိဟာ ပေါ့ပျက်ပျက်ဖြစ်နိုင်ပါ့မလား”
“တောင်တန်းနတ်ဘုရား။ အဲလိုတွေ ပြောစရာမလိုတော့ပါဘူး။ ကျုပ်သမီး အရွယ်ရောက်လာပြီပဲ။ သူဆုံးဖြတ်ထားပြီဆိုတော့ ကျုပ်မတားတော့ပါဘူး”
ဤတစ်ကြိမ်တွင် သူအပြည့်အဝ ခွင့်ပြလိုက်ခြင်းဖြစ်သည်။ မာပိုင် ပျော်သွားသည်။ မိဘခွင့်ပြုချက်ဖြင့် သွားရခြင်းက ဆန်ကျင့်တွန်းလှန်၍ သွားရခြင်းက ပိုကောင်းသည်။
ထို့အပြင် သူ့ဖခင်က သဘောမတူဘဲ ချုပ်ချယ်ထားလျှင် မနက်ဖြန်ည ဒုတိယဖုန်သခင်လေး တောင်တန်းပေါ်တက်လာလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ့ဖခင် ဒုက္ခတွေ့နိုင်သည်။
*****************************************