အကဲစမ်းခြင်း
Vol. 12 Ch. 177
“စိုးရိမ်စရာမလိုပါဘူး။ မင်းရဲ့သမီးက တစ်ချိန်တုန်းက မင်းလိုပုံစံမဟုတ်ဘူး။ ဒုတိယဖုန်သခင်လေးကလည်း မင်းမြင်သလောက် မရိုးရှင်းဘူး။ သူက သူ့အကိုလိုပဲ။ နှစ်ယောက်လုံးက ရှားပါးပါရမီရှင်တွေပါ။ မင်းသမီး သူ့နောက်ကိုလိုက်ရင် အောင်မြင်မှုကြီးကြီးမားမားရလာမှာ အသေအချာပဲ။ ငါ့ထက်တောင် သာသွားနိုင်တယ်”
တောင်တန်းနတ်ဘုရား ရယ်မောရင်းပြောလိုက်သည်။
“ဒီလောက်အတိုင်းအတာအထိ ဘယ်လိုလုပ် မျှော်မှန်းလို့ရမှာလဲ။ ကျုပ်သမီးသာ သခင့်ရဲ့ ဆယ်ပုံတစ်ပုံလောက် စွမ်းအားကြီးရင် ကျုပ်ကျေနပ်ပါပြီ”
ဝံပုလွေဖြူသခင် တအံ့တဩဖြစ်သွားပြီး ပြန်ပြောသည်။
“ဘာလို့မမျှော်မှန်းနိုင်ရမှာလဲ။ ဒီတောင်တန်းကနေ ငါ့ထက်သာတဲ့ မသေမျိုးသားရဲဝိညာဉ် မွေးထုတ်ပေးနိုင်ရင် ငါဂုဏ်ပြုပေးရမှာပေါ့”
တောင်တန်းနတ်ဘုရား ရယ်နေဆဲဖြစ်သည်။
မသေမျိုးသားရဲ။
(**ယော်ခိုင် yokai immortal ဟု ရေးပါသည်။)
သမီးဖြစ်သူ မသေမျိုးသားရဲ ဖြစ်လာမည်ဟု ဝံပုလွေဖြူသခင် အရူးသွပ်ဆုံးအိပ်မက်ထဲမှာပင် ထည့်မမက်ဖူး။ မဖြစ်နိုင်မှန်းလည်းသိသည်။ ဖြစ်မဖြစ် တွေးပူစရာအကြောင်းမရှိ။
သို့သော်ယခု တောင်တန်းနတ်ဘုရားကိုယ်တိုင်က ပြောနေသည်။ သမီးဖြစ်သူသည် သားရဲဘုရင်(မ)သာမက မသေမျိုးသားရဲပင်ဖြစ်လာနိုင်သည်ဟု ဆိုနေသည်။ ယုံကြည်ရန် ခက်ခဲသည်။ အိပ်မက်မက်ရန်ပင် ခက်ခဲသည်။
သမီးဖြစ်သူကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထို့နောက် တောင်တန်းနတ်ဘုရားကို မော့ကြည့်သည်။ သို့သော် တောင်တန်းနတ်ဘုရား ပျောက်ကွယ်သွားပြီဖြစ်သည်။ အံ့ဩစရာတော့မရှိ။ နတ်ဘုရားသခင်က တောင်တန်းပေါ်မှ အဖြစ်အပျက်အားလုံးကို ကြည့်နေမည်မှန်း သူသိသည်။
“အဖေ”
“မင်းအမေကို မင်းဆုံးဖြတ်ထားတဲ့ကိစ္စ သွားပြောပြီး နှုတ်ဆက်လိုက်ပါ”
ဝံပုလွဖြူသခင် လှည့်ထွက်သွားသည်။ နောက်ပြန်လှည့်မကြည့်။ သူ့ခြေလှမ်းများက အရင်လိုသွက်လက်မှုမရှိတော့ဘဲ လေးလံနေသည်။
“ဟုတ်ကဲ့ပါ”
.........................
ဒုတိယည။
မိဘနှစ်ပါး၏ ခွင့်ပြုချက်ရပြီးဖြစ်၍ ဖုန်ချင်အန်းကို ရွာထဲတွင် သွားတွေ့ရန် မာပိုင်ပြင်ဆင်နေသည်။
“မင်း ဒီညသွားတော့မှာလား”
ဝံပုလွေဖြူသခင်၏စကားသံက သူ့နောက်ကျောဘက်မှ ပေါ်လာသည်။ မာပိုင် ခြေလှမ်းရပ်၍ သူ့ဖခင်ကို လှည့်ကြည့်သည်။
“နောက်ထပ် တစ်ရက်နှစ်ရက်လောက်နေမှ စထွက်မှာပါ”
“ဒါဆို မင်းအမေနဲ့ ခဏအတူနေပေးလိုက်ပါဦးလား”
ဝံပုလွေဖြူသခင်၏ စကားသံက နည်းနည်းတိုးညှင်းနေသည်။
“ဒီည ဖုန်သခင်လေးကို လာတွေ့မယ်လို့ ကတိပေးထားတယ်”
“မင်းသူ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီပဲ။ ပြီးတော့ ဒီနေ့ခရီးစထွက်မှာလည်းမဟုတ်ဘူး။ ဒီညသူ့ကို သွားတွေ့ရမယ်ဆိုတာ ဘာသဘောလဲ”
တစ်ခုခု မူမမှန်မှန်း ဝံပုလွေသခင် သတိထားမိသည်။
“ဟိုလေ...သမီးက...”
ထိုမေးခွန်း ထပ်မေးမည်ဟု မာပိုင်ထင်မထား။ မည်သို့ပြန်ဖြေရမှန်းမသိဘဲ စကားထစ်နေသည်။
“ဟိုကောင်လေးက ငါ့ကိုမယုံဘူးမဟုတ်လား”
အခြေအနေကို ဝံပုလွေဖြူသခင် နည်းနည်းရိပ်စားမိလာသည်။
“ငါမင်းကို ထိန်းချုပ်ထားမှာ သူစိုးရိမ်နေတာလား”
“အဖေ”
“ရပြီ။ သမီး ဘာမှထပ်မပြောနဲ့တော့”
မာပိုင်မျက်နှာကိုကြည့်၍ သူ့ခန့်မှန်းချက် မမှားနိုင်မှန်း သိလိုက်သည်။ ယခု သူသိလိုသည်မှာ တစ်ခုသာရှိသည်။
“ဒီည ငါမင်းကို သွားတွေ့ခွင့်မပေးရင် သူကဘာလုပ်မှာတဲ့လဲ”
“သခင်လေးဖုန်က တောင်တန်းပေါ်တက်လာပြီး အဖေနဲ့ဆွေးနွေးမယ်လို့ ပြောပါတယ်”
မာပိုင် စကားလုံးကို သေချာရွေးချယ်၍ ပြန်ဖြေသည်။ သူဖခင်နှင့် ဖုန်သခင်လေးကို ပဋိပက္ခမဖြစ်စေလို။ သို့သော် အခြေအနေက သူ့ဆန္ဒအတိုင်း ဖြစ်မလာတော့။
“ဒါဆိုရင် မင်းထိုင်နေပါ။ သူဒီည တောင်တန်းပေါ်တက်လာရင် ငါနဲ့ဘာဆွေးနွေးချင်သလဲဆိုတာ ငါကြည့်မယ်”
ဖုန်ချင်အန်း၏ဓားကို ကြောက်သော်လည်း ယခုတစ်ကြိမ်တွင် သူအလျှော့မပေးနိုင်။ စိတ်ထဲတွင် ကိန်းအောင်းနေသည့် အကြောက်တရားကို သူဖြေရှင်းချင်သည်။
ဖခင်မျက်နှာကဲကိုကြည့်၍ ငြင်းမရနိုင်တော့မှန်း မာပိုင်သိသည်။ သူထွက်သွားရန် ကြိုးစားလျှင်လည်း သူ့ဖခင်က လုံးဝထွက်သွားခွင့်ပေးမည်မဟုတ်။
ထိုသို့ဖြင့် ညအမှောင်လွှမ်းခြုံနေသည့် တောင်တန်းပေါ်သို့ မီးတောက်အလင်းတန်းတစ်ခု အပြင်ဘက်မှ တိုးဝင်လာသည်။ ဆည်းဆာအလင်းများကို ထိုးခွဲ၍ ရောက်လာသည်။ များစွာသောသားရဲများ ခေါင်းမော့ကြည့်နေကြသည်။
“ဝံပုလွေဖြူသခင်”
ယန်မီးတောက်တောင်ပံနှစ်စုံဖြင့် ဖုန်ချင်အန်း ရောက်လာသည်။ နောက်ကျောဘက်တွင် တောက်ပသည့်မီးတောက်များ ထိုးထွက်နေပြီး လေထဲတွင် ရပ်နေနိုင်အောင် စွမ်းအားပေးထားသည်။ မီးတောက်များက နေအလင်းကဲ့သို့ တောက်ပနေသည်။
“ခင်ဗျားဘာလို့ ဒီလောက်ခေါင်းမာနေတာလဲ”
သွေးနီရောင်အသွင်မျက်လုံးများဖြင့် ဝံပုလွေဖြူသခင်ကို သူစိုက်ကြည့်၍ နားမလည်ဟန်ဖြင့် မေးသည်။
“တောင်တန်းပေါ်က အဆင့်မြင့်နတ်ဆိုးဖြစ်နေပြီး ဘာလို့ဆုံးဖြတ်ချက်အမှားတွေ အထပ်ထပ်ချနေတာလဲ။ ကိုယ့်သမီးတက်လမ်းကို ပိတ်ပင်ရလောက်အောင် ခင်ဗျားက အမြင်ကျဉ်းတာလား”
“မနေ့ညက တောင်တန်းနတ်ဘုရား ရောက်လာတယ်။ ငါသဘောတူထားပြီးပါပြီ”
တစ်ခါမှမတွေ့ဖူးသူတစ်ယောက်ကဲ့သို့ ဖုန်ချင်အန်းကို သူစိုက်ကြည့်နေသည်။ ယန်မီးတောက်တောင်ပံ၏စွမ်းအားကို ကြည့်သည်။ အံ့ဩလေးစားသည့်စိတ်များ ပေါ်လာသည်။ သို့သော် မျက်နှာကိုတင်းထားဆဲဖြစ်သည်။
“ဒါပေမယ့် ငါ့သမီးကပြောတယ်။ ဒီည သူမင်းကိုလာမတွေ့ရင် မင်းကတောင်တန်းပေါ်တက်လာပြီး ငါနဲ့ဆွေးနွေးမယ်တဲ့။ ဒါကြောင့် ငါမင်းကိုစောင့်နေတာ။ မင်းက ဘာကိုဆွေးနွေးချင်တာလဲ”
ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုဝံပုလွေအဘိုးကြီး သူ့ကို ခေါင်းမာစွာဆန့်ကျင်နေမှန်း နားလည်လိုက်သည်။ မာပိုင်ကိစ္စကို သဘောတူပြီးဖြစ်သည်။ သို့သော် အလကားသက်သက် သူ့ကို တောင်တန်းပေါ်တက်လာအောင်လုပ်သည်။
“သဘောတူတယ်ဆိုရင် ကျုပ်အများကြီးပြောစရာမရှိပါဘူး။ ခင်ဗျားက ကျုပ်ထင်သလောက် ကြမ်းတမ်းခက်ထန်တာမဟုတ်ဘဲ စဉ်းစားသုံးသပ်နိုင်စွမ်း ပိုများနေတာဖြစ်မဘ်”
“ကြမ်းတမ်းခက်ထန်တယ်တဲ့လား။ မင်းငါ့ကို အဲလိုမြင်တာလား။ တစ်နေ့နေ့တစ်ချိန်ချိန် မင်းငါ့လို အဖေဖြစ်လာရင် သမီးတစ်ယောက်ရှိလာရင် ငါ့ခံစားချက်မျိုးကို မင်းနားလည်လာမှာပါ”
“ဒါက နောင်တစ်ချိန်မှ ဖြစ်မယ့်ကိစ္စပဲ။ ဒါပေမယ့် ကျုပ်မှာသမီးရှိရင်တောင် သူ့တက်လမ်းကိုတော့ ပိတ်ပင်မှာမဟုတ်ဘူး”
"ဟားဟား၊ တောင်တန်းသခင်နဲ့ငါ့သမီးကပြောတယ်။ မင်းဟာ ဘုရင်ဖြစ်နိုင်တဲ့ အရည်အချင်းရှိတယ်တဲ့။ ဒါပေမယ့် ငါ့စိတ်ထဲ သံသယဝင်နေတုန်းပဲ။ မင်းစွမ်းအားကို ငါကြည့်ခွင့်ရှိမလား”
“ဘယ်လိုကြည့်ချင်တာလဲ”
“တိုက်ခိုက်ကြည့်တာထက် ပိုမြန်မြန်သိနိုင်တဲ့နည်းလမ်း မရှိဘူးလေ”
ဝံပုလွေဖြူသခင်ထံမှ ပြင်းထန်သည့်ဝိညာဉ်စွမ်းအင်ဖိအား ထိုးထွက်လာသည်။လာသည်။ တောင်ကုန်းငယ်တစ်ခုစာခန့်ကြီးမားသည့် ခန္ဓာကိုယ်က အလွန်တရာမြင့်မားသည့် တောင်ထွတ်သဖွယ် ရှည်ထွက်လာသည်။
“အဖေ”
မာပိုင် သတိပေးသည့်အနေဖြင့် လှမ်းအော်သည်။
“မင်းမတိုက်ခိုက်ချင်လည်းရတယ်နော်။ ငါမင်းကို အတင်းဖိအားမပေးဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းယူလာတဲ့ဓားကိုဆွဲထုတ်ပြီး ငါ့ကိုတိုက်ခိုက်ရင်လည်းရတယ်”
ဝံပုလွေဖြူသခင်ခန္ဓာကိုယ်က ပို၍ကြီးမားလာသည်။ သို့သော် ဖုန်ချင်အန်း ကြောက်လန့်ခြင်းလုံးဝမရှိဘဲ တဟားဟားအော်ရယ်နေသည်။ မျက်လုံးတွင် စိတ်အားတက်ကြွသည့်အမူအရာများ ပေါ်လာသည်။
“အဲဒီ့ဓားက ခင်ဗျားလိုနတ်ဆိုးမျိုးကို သတ်ဖို့မဟုတ်ဘူး။ ဒါပေမယ့် လောလောလတ်လတ်လက်ဆောင်ရထားတဲ့ ဓားတစ်လက်ရှိပါတယ်။ အဲဒီ့ဓားကို ဆွဲထုတ်ခဲ့ပေမယ့် စွမ်းအားအစစ်ကို ထုတ်မသုံးရသေးဘူး။ ဒီနေ့ ဒီဓားထက်မထက် ကျုပ်ကိုစမ်းသပ်ခွင့်ပေးတယ်ဆိုတော့ ကျုပ်မညှာတော့ဘူး”
စကားဆုံးသည်နှင့် ဖုန်ချင်အန်းလက်ထဲတွင် နှင်းဖြူဓားပေါ်လာသည်။ မာပိုင် ပို၍စိတ်ပူလာသည်။ ထိုဓားသည် တောင်တန်းသခင်၏နဂါးသွားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဝံပုလွေဖြူသခင် နည်းနည်းရှိန်သွားသည်။ သို့သော် မျက်နှာက အေးစက်စက်။
“တောင်တန်းသခင်ရဲ့ဓားကို မင်းက စွမ်းအားဘယ်လောက်ထုတ်သုံးနိုင်မှာမို့လဲ”
“ကျုပ်လည်း အဲဒါကိုသိချင်နေတာ။ စမ်းသပ်ခွင့်ပေးတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”
ယန်မီးတောက်စွမ်းအားများ သူ့ကိုယ်ထဲမှ ထိုးထွက်လာသည်။ လေ့ကျင့်ထားသည့် ယန်မီးတောက်ဝိညာဉ်နှစ်ခုက သူ့ကိုစွမ်းအားအပြည့်ပေးထားသည်။ ထိုမီးငှက်နှစ်ကောင်သည် သူပျံသန်းနိုင်ဖို့ အဓိကစွမ်းအားဖြစ်သည်။ ကောင်းကင်တွင်ရှိနေချိန် ထိုမီးငှက်များ စိတ်မူမမှန်ဖြစ်လာလျှင် သူ့ဘဝအဆုံးသတ်သွားနိုင်သည်။
“ကျေးဇူးတင်စရာမလိုဘူး။ ဓားစွမ်းအားကို မထိန်းချုပ်နိုင်ရင် တိုက်ပွဲကို မင်းရပ်လိုက်လို့ရတယ်”
ဝံပုလွေဖြူသခင် ကြီးမားသည့်လက်တစ်ဘက်ကို လွှဲယမ်းလိုက်သည်။ တောင်တန်းလေပြင်းများက သူ့ဆန္ဒနှင်အတိုင်း စုဝေးလာသည်။ မမြင်နိုင်သည့် ဓားသွားလေးလက်အသွင် ပြောင်းသွားသည်။
"ရွှီး”
ဖုန်ချင်အန်း ဓားကိုထုတ်လိုက်သည်။ နတ်စိမ်းဓားက အကန့်အသတ်အချုပ်အနှောင်မရှိ။ ဖုန်ချင်အန်း ခွန်အားအပြည့် သုံးလိုက်သဖြင့် ဓားထဲမှ ဆယ်မီတာကျော်ရှည့် မီးနဂါးတစ်ကောင်၏အရိပ် ပျံထွက်လာသည်။