လက်ခံခြင်း
Vol. 12 Ch. 178
စက္ကန့်ဝက်အတွင်း မီးနဂါးက လေပြင်းဓားကို ဝါးမျို၍ အံ့အားသင့်နေသည့် ဝံပုလွေဖြူသခင်ထံ တိုးဝင်လာသည်။ တောင်တန်းပေါ်တွင် ငြိမ်းချမ်းစွာနေခဲ့သော်လည်း သူသည် တစ်ချိန်က ကြမ်းတမ်းသည့်တိုက်ပွဲများ သေရေးရှင်ရေးအခိုက်အတန့်များစွာ ကျော်ဖြတ်ဖူးသည်။
စူးရှပြင်းထန်သည့် ယန်စွမ်းအင်မီးနဂါးအလင်းထိုးကျလာချိန်တွင် ဝံပုလွေဖြူသခင်ပါးစပ်မှ ဝိညာဉ်ချီများ ထိုးထွက်လာသည်။ ဖြူဖွေးသည့်စွမ်းအင်ရောင်များက မီးနဂါးနှင့် ရင်ဆိုင်တွေ့သည်။
"ဘုန်း”
နားကွဲမတတ် ပေါက်ကွဲသံပေါ်လာသည်။ အလင်းတန်းမှ ပြင်းထန်သည့်အားလှိုင်းတစ်ခု ဘေးပတ်လည်တောအုပ်တွင်းသို့ လိမ့်ထွက်သွားသည်။ နွေဦးရာသီ၏ ထွက်ပြူစ သစ်ရွက် သစ်ခက်များ ကျိုးကြေပျက်စီးသွားသည်။
“ဒီကောင်လေး...”
ဝံပုလွေဖြူ နည်းနည်းစိတ်ညစ်သွားသည်။ ဖုန်ချင်အန်းနှင့် မရင်းနှီးသေးသဖြင့် တိုက်ခိုက်သည့်စွမ်းအားကို သူလျှော့ထားခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရမသွားစေလိုသောကြောင့်ဖြစ်သည်။
သို့သော် ဖုန်ချင်အန်းက ဘာမှမစဉ်းစားပဲ ချက်ချင်းတိုက်ခိုက်သည်။ စွမ်းအားချင်း ကွာဟသည်ကို ရိပ်မိဟန်ရှိသည်။ စွမ်းအားကုန်ထုတ်သုံးသည်။
ထိုလုပ်ရပ်သည် ဖြစ်သင့်ဖြစ်ထိုက်သည်မှန်သော်လည်း ဖုန်ချင်အန်းကို သူအတော်မုန်းသွားသည်။
“ဂါး”
နဂါးအော်သံ ပဲ့တင်ထပ်သွားသည်။ အစောပိုင်းကထက် ပိုကြီးသည့် မီးနဂါးဓားရိပ်ဆင်းလာသည်။ တစ်ခုခု မူမမှန်သည်ကို ဝံပုလွေဖြူ စတင်ခံစားမိလာသည်။ ထိုဓားရိပ်ကို ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိ။
ဓားရိပ်ကို ဖျက်ဆီးရန် သူ့စွမ်းအားကိုမြှင့်လိုက်တိုင်း ပိုအားပြင်းသည့် မီးနဂါးဓားရိပ်တစ်ခု ချက်ချင်းဆင်းလာသည်။ အညှာအတာမဲ့စွာ တိုးဝင်လာသည်။
“ဂါး”
နတ်ဆိုးသားရဲ၏ ဒေါသတကြီးဟိန်းဟောက်သံ ထိုးထွက်လာသည်။ သူ့ဘေးပတ်လည်တွင် ဖုံးလွှမ်းနေသည့် ယန်မီးတောက်များ ချက်ချင်းပျက်စီးသွားသည်။ သူသည် သရဲမျိုးနွယ်ဝင်မဟုတ်။ နတ်ဆိုးသားရဲပင်မဟုတ်။ ထို့ကြောင့် ယန်မီးတောက်က သူ့ကိုဒုက္ခမပေးနိုင်။
သို့သော် အမွှေးအမျှင်တစ်ချို့ မီးလောင်၍ ကွေးကောက်သွားသည်။ ဝံပုလွေဖြူသခင် ဒေါသပိုထွက်လာသည်။
ရိုင်းစိုင်းသည့် လူသားကောင်လေးက ဓားကိုအမှန်အကန် စမ်းသပ်နေသည်။ တောင်တန်း၏အဆင့်မြင့် နတ်ဆိုးသားရဲကို အစမ်းသပ်ခံအဖြစ်သာ သေဘောထားသည်။ ဓားစွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးနေသည်။ ထို့ကြောင့် သူလည်း ညှာနေ၍မဖြစ်။
ထိုသို့တွေးနေစဉ်မှာပင် နောက်ထပ် မီးနဂါးဓားရိပ်လှိုင်းတစ်ခု လွင့်ပျံလာပြန်သည်။ အားပြင်းသည့် တောက်ပသည့်ဓားရိပ်ကို သက်ရှိတစ်ခုပမာ သူရင်ဆိုင်ရသည်။
ရှောင်တိမ်းနိုင်လျှင်ပင် သူမရှောင်။ ထိုဓားကို ကိုင်ထားသည်က ကလေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် ဤနေရာသည် သူ့ပိုင်နက်ဖြစ်သည်။
‘ငါနည်းနည်း သည်းခံမှဖြစ်မယ်။ ဒီကောင်လေးစွမ်းအားက ငါ့ကိုမမီဘူး။ သူ့စွမ်းအားကို ဒီလိုထုတ်သုံးနေရင် ဓားဆယ်ချက်မပြည့်ခင် အားကုန်သွားမှာပဲ’
ဖုန်ချင်အန်းစွမ်းအားကို အံ့ဩမိသော်လည်း ထိုအတိုင်းအတာမျှသာဖြစ်မည်။ ထိုကောင်လေးစွမ်းအားသည် သူ့ထက် များစွာနိမ့်သည်။ တောင်တန်းသခင်၏ဓားစွမ်းအားကို ရေရှည်ထုတ်သုံးလျှင် စွမ်းအားကုန်သွားမည်။ ထိုအချိန်ကျမှ သူအေးအေးဆေးဆေးကစားရုံသာရှိသည်။
သူတွေးထားသည့်အတိုင်း ဖြစ်လာသည်။ ဖုန်ချင်အန်း အထိန်းအကွပ်မရှိ တိုက်ခိုက်နေသဖြင့် ယန်မီးတောက်စွမ်းအင်များ လျင်မြန်စွာ ကုန်ခန်းသွားသည်။ နောက်ကျောမှ မီးတောက်တောင်ပံသည်ပင် ထောက်ပံ့နိုင်စွမ်းမရှိတော့။ လေထဲတွင် ဝဲပျံနေသည့်သူ့ခန္ဓာကိုယ်က မြေပေါ်သို့ ညင်သာစွာကျဆင်းလာသည်။
“မင်းစွမ်းအားတွေကုန်သွားပြီးလား ငတုံးလေး။ တောင်တန်းသခင်ရဲ့ဓားကိုသုံးနေလို့ မင်းငါနဲ့ ခဏတိုက်ခိုက်နိုင်တာပါ။ အခု ဓားချက်တွေထုတ်သုံးလို့ မင်းစွမ်းအားတွေ ကုန်သွားပြီ။ ငါ့သမီးက မင်းလိုကောင်ရဲ့ နောက်လိုက်ဖြစ်ဖို့ ထိုက်တန်လို့လား”
ဖုန်ချင်အန်းအခြေအနေကိုကြည့်၍ သူချက်ချင်းနှိပ်ကွပ်လိုက်သည်။ ကောင်လေးကို အပေါ်စီးမှကြည့်၍ မေးခွန်းထုတ်သည်။
“စွမ်းအားကုန်တယ်တဲ့လား။ ခင်ဗျားဘာလို့များ အဲလိုအထင်မှားနေတာလဲ”
ဝံပုလွေဖြူစကားကြောင့် ဖုန်ချင်အန်း နားမလည်နိုင်အောင်ဖြစ်ရသည်။ မည်သို့ပင်ဆိုစေ သူသည် သားရဲသခင်ဖြစ်သည်။
“ဘာရယ်”
ဝံပုလွေဖြူ အံ့အားသင့်သွားသည်။ ဖုန်ချင်အန်းကိုယ်ထဲမှ အားပြင်းသည့်နတ်ဆိုးစွမ်းအင်များ ရုတ်တရက် ထိုးထွက်လာသည်။
ယန်မီးတောက်စွမ်းအားပိုင်ရှင်က နတ်ဆိုးတစ်ယောက်လို ရုပ်ချည်းအသွင်ပြောင်းသွားသည်။ မျက်နှာသွင်ပြင်က အပြောင်းအလဲမရှိ။ ဟန်ပန်နှင့်အသုံးပြုသည့်စွမ်းအားက လုံးဝပြောင်းလဲသွားသည်။
“သရဲဝံပုလွေနတ်ဆိုးချီပဲ...မင်း...”
ထိုစွမ်းအားကို ဝံပုလွေဖြူသခင် ရင်းနှီးသည်။ သို့သော် သူစကားဆက်မပြောနိုင်မီ ဖုန်ချင်အန်းက နတ်စိမ်းဓားကို ဝေ့ယမ်း၍ ခုတ်ချလိုက်သည်။
စိမ်းပြာရောင် နတ်ဆိုးနဂါးရိပ်က ဓားသွားမှ ထိုးထွက်လာသည်။ ယန်မီးတောက်နဂါးဓားရိပ်ထက် ပို၍စွမ်းအားကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်ချင်အန်းသည် ယန်မီးတောက်ထက် သရဲဝံပုလွေနတ်ဆိုးချီနှင့် ပို၍အကျွမ်းတဝင်ရှိသောကြောင့်ဖြစ်သည်။
“ဂါး”
အံ့ဩမိသော်လည်း ဝံပုလွေသခင် ကြာကြာစဉ်းစားချိန်မရ။ လွင့်ပျံလာသည့် နတ်ဆိုးနဂါးဓားရိပ်ကိုသာ အာရုံစိုက်ရသည်။
အစောပိုင်းက ယန်မီးတောက်ဓားရိပ်ထက် ပိုကြောက်စရာကောင်းသည်။ သရဲဝံပုလွေတို့၏ နတ်ဆိုးမီးတောက်သည် သရဲဝိညာဉ်များကိုပင် သန့်စင်နိုင်စွမ်းရှိသည်။ သူ့လို စွမ်းအားမြင့် နတ်ဆိုးသားရဲသည်ပင် အတော်အခက်ကြုံရသည်။
အသက်ရှူချိန်သိပ်မရလိုက်။ ဖုန်ချင်အန်းက နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။ သူပြန်တိုက်ချိန်မရ။ ဖုန်ချင်အန်း၏ အစမ်းသပ်ခံဘဝ ထပ်ရောက်လာသည်။
ဓားချက်တိုင်းကို ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီနှင့် ပေါင်းစပ်ထားသည်။ ဓားလွှဲခုတ်ချိန်တွင် ဓား၏တုန်ခါမှုကို သူခံစားရသည်။ စွမ်းအားထိန်းချုပ်နိုင်စွမ်း မလုံလောက်သေးကြောင်း ပိုသိလာသည်။
ဓားကျင့်စဉ်များကို သူမလေ့ကျင့်ဖူး။ နတ်ဓားစွမ်းအားအကြောင်းလည်း သူမသိ။ ရှိသမျှစွမ်းအင်အားလုံး ပေါင်းစပ်၍ ခုတ်ချနေခြင်းသာဖြစ်သည်။ ရိုးရှင်းသည်။
ဓားပညာကျွမ်းကျင်သူတစ်ယောက်သာ သူ့လှုပ်ရှားမှုကိုမြင်လျှင် အတော်ရင်နာသွားပေလိမ့်မည်။ အော်ဟစ်ကြိမ်းမောင်း၍ သူ့နေရာသို့ အစားဝင်လိုစိတ် ပေါက်လာနိုင်သည်။