← Chapters

လက်ခံခြင်း (၂)

Vol. 12 Ch. 179

လက်ခံခြင်း (၂)

Vol. 12 Ch. 179

သို့သော် ဖုန်ချင်အန်း ဂရုမစိုက်။ သူ့ကို ဓားပညာသင်ဖူးသူ မရှိသည်မစုတ်။ သူ့ဓား၏စွမ်းအင်ရောင်သည် အားမနည်းဟု သူယူဆသည်။ သူ့ဓားချက်များကို အဆင့်မြင့်နတ်ဆိုးကြီးက ခံစစ်အနေအထားဖြင့် ခုခံနေရသည်။ အသံပင်မထွက်နိုင်။

‘နည်းနည်းတောင့်ထားရမယ်။ မကြာခင် သူ့စွမ်းအားတွေ ကုန်သွားမှာပါ’

သေချာတော့မပြောရဲ။ ဖုန်ချင်အန်း အဘယ်ကြောင့် ထိုသို့ပြောင်းလဲသွားသည်ကို မသိ။ သို့သော် ဝံပုလွေသခင် တစ်ခုတော့သေချာသည်။ နည်းလမ်းတစ်မျိုးမျိုးဖြင့် သရဲဝံပုလွေစွမ်းအားကို ရထားသည်ဆိုစေကာမူ ဖုန်ချင်အန်း ကြာကြာဓားချက်ထုတ်နိုင်မည်မဟုတ်။

သူနည်းနည်းအချိန်ဆွဲ၍ တောင့်ခံနိုင်ဖို့သာလိုသည်။ သူပြန်တိုက်ခိုက်နိုင်သည့်အနေအထား ရောက်လာမည်။ ပြန်လက်စားချေနိုင်မည်။ နောက်ထပ် လေကုန်ခံပြီး စကားပြောမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ အရှက်ရခဲ့သမျှ ပြန်လက်တုံ့ပြန်မည်။ သူသိလိုသည့်အချက်ကို မေးမည်။

အခြေအနေက သူထင်သည့်အတိုင်းဖြစ်လာသည်။ သို့သော် ပို၍အံ့အားသင့်စရာဖြစ်ရပ်ပေါ်လာသည်။ ဖုန်ချင်အန်းကိုယ်ထဲမှ သရဲဝံပုလွေနတ်ဆိုးစွမ်းအင်များ ကုန်ခမ်းသွားသည်။ နောက်ထပ်စွမ်းအားအသစ်တစ်မျိုး ပေါ်လာသည်။ ရုတ်ချည်းဆိုသလို ပေါ်လာခြင်းဖြစ်သည်။ ဘေးမှ စိုးရိမ်တကြီးကြည့်နေသည့် မာပိုင်နှင့် အသံဗလံများကြား၍ ထွက်လာသည့် မာပိုင်မိခင်တို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။

တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည့် ဝံပုလွေသခင်လည်း တုန်လှုပ်သွားသည်။ ဖုန်ချင်အန်း ထုတ်ပြလိုက်သည့် စွမ်းအင်ရောင်က တောင်တန်းနတ်ဘုရားနှင့် ဆင်တူသည်။

တောင်တန်းအပြင်သို့ ခရီးဆန့်ခဲစဉ်က သူကြုံတွေ့ဖူးသည့် ပြိုင်ဘက်ကင်းစွမ်းအင်ရောင်မျိုး ဖြစ်သည်။ နယ်မြေတစ်ခုကို အုပ်ချုပ်သည့် ဘုရင်များသာ ပိုင်ဆိုင်နိုင်သည့်စွမ်းအင်ဖြစ်သည်။

“မင်းဘယ်လို...”

“နောက်ဆုံးဓားချက်ပါ ဝံပုလွေသခင်”

ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။ မကောင်းဆိုးဝါးအသွင်မျိုး ဖြစ်နေသည်။ ထင်ရှားနေခဲ့သည့် ရုပ်သွင်က ယောက်ျားမိန်းမ ခွဲမရအောင်ဖြစ်လာသည်။ နတ်စိမ်းဓားကိုမြှောက်၍ ဝံပုလွေဖြူသခင်ကို သူကြည့်လိုက်သည်။

ရုတ်တရက် ဝံပုလွေသခင် သတိရလာသည်။ လွန်ခဲ့သည့်နှစ်အတော်ကြာက တောင်တန်းအပြင်သို့ သူသွားခဲ့သည်။ ဒေါသထွက်နေသည့် နတ်ဆိုးဘုရင်တစ်ယောက်နှင့်တွေ့ခဲ့သည်။ သေခြင်းတရား၏အရိပ်ကို သူခံစားခဲ့ရသည်။

ယခု တောင်တန်းပေါ်ပြန်ရောက်ပြီး နှစ်အတော်ကြာမှ ထိုအကြောက်တရားကို နောက်တစ်ကြိမ် ပြန်ခံစားနေရသည်။ ဘုရင်တစ်ပါး၏ ဖိအားနှင့် ဩဇာအရှိန်အဝါဖြစ်သည်။

“ခဏနေပါဦး”

သူတားလိုက်သော်လည်း ဖုန်ချင်အန်းက ဓားကိုခုတ်လိုက်ပြီးဖြစ်သည်။

နတ်စိမ်းဓားထဲသို့ ပို့လွှတ်လိုက်သည့်အားက အရင်အတိုင်းဖြစ်သည်။ ထွက်လာသည်က သာမန် လခြမ်းပုံ ဓားအလင်းဖြစ်သည်။

“ဝုန်း”

ထိုပေါက်ကွဲသံထွက်လာပြီးနောက် ဝံပုလွေသခင်နောက်မှ မီတာတစ်ရာခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခု ပြိုကျလာသည်။ မြေသားများက တောအုပ်အတွင်း လိမ့်ဆင်းသွားသည်။ သစ်ပင်သစ်ကိုင်းများစွာ မြေဖုံးသွားသည်။ ဖုန်မှုန့်များ လေထဲသို့ လွင့်ပျံလာသည်။တက်လာသည်။

အနီးအနားတွင် အစာရှာနေသည့် ငှက်နှင့်သားရဲများ စူးရှစွာအော်ဟစ်၍ ထွက်ပြေးကြသည်။ အိပ်ပျော်နေသည့် သားရဲများပင် လန့်နိုးလာပြီး အသက်လုထွက်ပြေးသွားကြသည်။

“မင်းမှာ ဘုရင်တစ်ယောက်ရဲ့စွမ်းအားမျိုး ဘယ်လိုလုပ်ရှိနေတာလဲ”

အမွေးပွများဖုံးနေသည့် ဝံပုလွေသခင်မျက်နှာတွင် မယုံနိုင်သည့်အရိပ်များ ပေါ်နေသည်။ သူ့ခန္ဓာကိုယ်လည်း နည်းနည်းယိုင်သွားသည်။ စေးပျစ်သည့် သွေးစိမ်းများ သူ့ညာဘက်လက်မှ စီးကျလာသည်။

“ဘုတ်”

လေးလံသည့် လက်တစ်ဘက်ပြုတ်ကျသံ ပေါ်လာသည်။ သွေးများပြန့်ကျဲသွားသည်။ ဝံပုလွေင်သခင်ရှေ့ ဆယ်ပေကျော်အထိ သွေးများပြည့်နက်သွားသည်။

“အဖေ”

သူ့ဖခင်အဖြစ်ကိုကြည့်၍ မာပိုင် စိုးရိမ်တကြီးပြေးသွားသည်။ မြေပေါ်မှလက်ပြတ်နှင့် သူ့ဖခင်ကို တလှည့်စီကြည့်၍ ဂဏာမငြိမ်ဖြစ်နေသည်။

“စိတ်မပူပါနဲ့။ လက်ကလေးပဲပြတ်သွားတာပါ”

ဒဏ်ရာရနေသော်လည်း ဝံပုလွေသခင် တဟားဟားအော်ရယ်နေသည်။ အတော်ပျော်နေပုံရသည်။ ဓားတစ်ချက် ခံလိုက်ရပြီးနောက် သူ့စိတ်ထဲတွင် ရှိနေသည့်ခံစားချက်များ ပေါ့ပါးသွားသည်။

“ဘုရင်တစ်ယောက်စွမ်းအားအောက်မှာ ငါအသက်ရှင်နေနိုင်သေးတာဟာ အ‌တော်ကံကောင်းလို့ပါ”

“ပိုင်ယော်၊ မင်းအဖေက အဆင့်မြင့်နတ်ဆိုးပါ။ ပြီးတော့ ဖုန်သခင်လေးကလည်း ငဲ့ညှာလိုက်တာ။ မင်းအဖေရဲ့ လက်ကို ပြန်ဆက်လိုက်ရင် အဆင်ပြေမှာပါ”

မိခင်ဖြစ်သူက ‌ရှေ့တိုးလာပြီး မာပိုင်ကို နှစ်သိမ့်သည်။ သွေးသံရဲရဲမြင်ကွင်းက ထိတ်လန့်စရာကောင်းသည်။ သို့သော် ထိုထက်ကြမ်းတမ်းသည့်မြင်ကွင်းများကို သူတို့ဇနီးမောင်နှံ မြင်ဖူးသည်။

“သခင်လေးဖုန်။ ကျွန်မယောက်ျားအသက်ကို ချမ်းသာပေးပြီး ကျွန်မသမီးကို နောက်လိုက်အဖြစ် လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ သခင်လေးအပေါ် ကျေးဇူးကြွေးအများကြီးတင်သွားပါပြီ”

ဝံပုလွေမိခင်က ဖုန်ချင်အန်းကို ဦးညွှတ်ရိုအသေပြုလိုက်သည်။

ဖုန်ချင်အန်းပုံစံက ယုံစရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထုတ်ပြလိုက်သည့်စွမ်းအားက အစစ်အမှန်ဖြစ်သည်။ အားလုံးကို နှိပ်ကွပ်နိုင်သည့် စွမ်းအားဖြစ်သည်။

“ဖုန်သခင်လေး၊ ခုနက ကျုပ်ရိုင်းပြမိတာ ခွင့်လွှတ်ပေးစေချင်ပါတယ်။ အခု တောင်တန်းသခင်က သခင်လေးကိုဘာကြောင့် ထူးထူးခြားခြားဆက်ဆံသလဲဆိုတာ ကျုပ်နားလည်ပါပြီ”

ဝံပုလွေသခင်၏အသွင်က ပို၍လေးစားလာဟန်ရှိသည်။ ဖုန်ချင်အန်းကို ဦးညွှတ်သည်။ တောင်တန်းသခင်နှင့် မာပိုင်ပြောသည့်စကားများကို ယုံကြည်သွားသည်။ အနာဂတ်အတွက် မျှော်လင့်ချက်များ ရှိလာသည်။

“ကျုပ်သမီး သခင်လေးနဲ့ အပြင်လောကကို သွားတဲ့အခါ ကြုံလာနိုင်တဲ့ အန္တရာယ်တွေအတွက် ကျုပ်စိုးရိမ်ခဲ့လို့ပါ။ အခုတော့ ကျုပ်စိုးရိမ်ခဲ့တာတွေဟာ အဓိပ္ပါယ်မရှိမှန်း သိပါပြီ”

ဖုန်ချင်အန်းကို သူအပြည့်အဝ ယုံကြည်သွားသည်။

နှစ်တစ်ရာသက်တမ်းပင်မရှိသည့် လူသားမျိုးနွယ်အတွက် ဖုန်ချင်အန်းအသက်သည် အတော်ငယ်သည်ဟု ပြောရမည်။ ဖုန်ချင်အန်း မည်မျှတိုးတက်မြင့်မားလာမည်ကို သူမခန့်မှန်းနိုင်ကြောင်း သိလာသည်။

ထိုလူမျိုးနောက်ကို လိုက်လျှင် သူ့သမီးအန္တရာယ်ကြုံစရာ အကြောင်းမရှိ။ အကယ်၍ သေဆုံးသွားလျှင်လည်း ကံတရားဟုသာဆိုရမည်။ ဘုရင်ဖြစ်ဖို့ ကံမပါဟုသာ ဆိုရမည်။

လေးစားရိပ်ပြနေသည့် ဝံပုလွေစုံတွဲကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။

ဝံပုလွေသခင်အား တောင်နက်နှင့်သူ့သမီးကြားဆက်ဆံရေးကို ဝင်မနှောက်ယှက်ရန် ပြောခဲ့စဉ်က ထိုဝံပုလွေမည်သို့ပြုမူခဲ့သည်ကို ဖုန်ချင်အန်း ပြန်သတိရမိသည်။

ထိုစဉ်က သူတကယ်စိတ်ဆိုးသည်။ သူ့အကိုဓားကိုဆွဲ၍ ဝံပုလွေဇနီးမောင်နှံဆီ သွားခဲ့သည်။ ထိုအချိန်ကျမှ တောင်နက်နှင့်မာပိုင်တို့ လွတ်လပ်စွာရင်းနှီးခွင့်ရသည်။

ယခု တုန်ဟွမ်းစွမ်းအားကိုယူ၍ နတ်စိမ်းဓားဖြင့် ခုတ်လိုက်ပြီးနောက် နတ်ဆိုးဇနီးမောင်နှံတို့ ရိုသေလေးစားလာသည်။ ဒဏ်ရာရသည့်တိုင် ပျော်ရွှင်နေကြသည်။

အဆင့်မြင့်နတ်ဆိုးတို့၏ခန္ဓာကိုယ်သည် အလွန်ခံနိုင်ရည်မြင့်ပါသည်။ ပြတ်သွားသည့်လက်ကို ဆက်ပြီးလျှင် အကောင်းပကတိအတိုင်း လှုပ်ရှားနိုင်ပါသည်။ သို့သော် နာကျင်မှုကိုတော့ ခံစားရသည်။

“လုံခြုံရေးအတွက် ခင်ဗျားတို့စိုးရိမ်စရာမလိုပါဘူး။ အန္တရာယ်များတဲ့နေရာတွေ ကျုပ်မသွားဘူး။ လူသားမျိုးနွယ်ရဲ့ မြို့တော်ကြီးတွေကိုပဲ သွားမှာ။ ခင်ဗျားသမီး ကျုပ်နဲ့အတူရှိနေရင် ဝိညာဉ်နတ်ဆိုးတွေ နတ်ဘုရားတွေ အနိုင်မကျင့်နိုင်ပါဘူး”

ဖုန်ချင်အန်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ စွမ်းအားမြင့်မားလာသည့် တောင်နက်သည် နတ်ဆိုးသားရဲဖြစ်သည်။ မာပိုင်သည် မူလဝိညာဉ်သားရဲဖြစ်သည်။ မတူကြ။

“လူသားမျိုးနွယ်ရဲ့ မြို့တော်ကြီးတွေလား။ သိပ်ကောင်းတဲ့ အခွင့်အလမ်းပေါ့။ ကျုပ်ငယ်ငယ်က အဲလိုမြို့ကြီးတွေ မသွားနိုင်ခဲ့ဘူး။ အခု ကျုပ်သမီးက သွားခွင့်ကြုံလာပြီပဲ”

ဝံပုလွေဖြူသခင် တဟားဟားအော်ရယ်နေသည်။

သူသည် မြွေစိမ်းတောင်ပေါ်တွင်မွေးဖွားလာသည့် ဝိညာဉ်သားရဲဖြစ်သည်။ သို့သော် လူသားဝိညာဉ်နတ်ဆိုးများက ထိုအချက်ကို အရေးမစိုက်။ သူ့ကို နတ်ဆိုးသားရဲများလိုသာ မြင်ကြမည်။

လူသားမျိုးနွယ်တို့ ဝိညာဉ်သားရဲဟုတ်မဟုတ်ခွဲ့ခြားသည့် ရိုးရှင်းသည့်နည်းလမ်းတစ်ခုရှိသည်။ သခင်တစ်ယောက်က မွေးမြူထားခြင်းဖြစ်လျှင် မည်မျှနတ်ဆိုးဆန်သည်ဖြစ်စေ ဝိညာဉ်သားရဲဟုသာ ဆုံးဖြတ်သည်။

သခင်မရှိသည့် သားရဲများကိုတော့ ယုတ်ညံ့သည့်နတ်ဆိုးဟုယူဆကာ ဖမ်းဆီးကွပ်မျက်ကြသည်။ ထိုသားရဲများ အညံ့ခံလျှင်တော့လည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည်။

“ဝံပုလွေဖြူသခင်၊ ခင်ဗျားလက်ကို အရင်ပြန်ဆက်လိုက်ပါ”

ဝံပုလွေဖြူ ပျော်ရွှင်စွာ အမြီးခါနေသည်ကို ဖုန်ချင်အန်း မြင်ရသည်။ တကယ်တော့ သူပြောလိုသည်မှာ ထိုသို့မဟုတ်။

‘ခင်ဗျား အရင်လို မောက်မာထောင်လွှားတဲ့ပုံစံမျိုးကို ကျုပ်ပိုသဘောကျတယ်။ အဲလိုထပ်လုပ်စမ်းပါ’

ဟု ပြောလိုက်ချင်သည်။

All Chapters