အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း(၄၃၆)
ကျန်းချန်၏ စကားသံ တိတ်ဆိတ်သွားသည်နှင့် ချီယန် သန္ဓေမူလ သွေးစွမ်းအား၏ အင်အားသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
သွေးစွမ်းအား၏ ကောင်းချီးဖြင့် ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်၏ ခွန်အားသည် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းလာ၏။
သူက လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ်ရာ အင်အားကို တိုက်ရိုက် သယ်ဆောင်လာသော သူ၏ လက်သီးချက်သည် လေထုကို ဖြတ်ကျော်ကာ ကျောင်းနန်၏ ကောင်းကင် လက်သည်းကို ပြင်းပြင်းထန်ထန် ပေါက်ကွဲစေခဲ့သည်။
"ဝုန်း"
လက်သီးနှင့် လက်သည်းက လေထဲ၌ ထိပ်တိုက် ဆုံမိကြ၏။
ကျောင်းနန်၏ မျက်နှာက ရုတ်တရက် အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။
သူ၏ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာခဲ့၏။
"သွားစမ်း"
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။
သူ၏ အားပြင်းသော လက်သီးချက်သည် ရှေ့သို့ ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
ချက်ချင်းဆိုသလို ကျောင်းနန်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်ကာ လဲကျသွားသည်ကို အားလုံးက မြင်တွေ့ခဲ့ရ၏။
သူတို့ ရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို ကြည့်ပြီး ဧရာမ ကွင်းပြင် တစ်ခုလုံးသည် တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ မျက်လုံးများ၌ အံ့သြ ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။
ဂိုဏ်းအတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော တပည့်သစ် တစ်ယောက်သည် အပြင်စည်း၏ နံပါတ်၁၀ အဖြစ် အဆင့်သတ်မှတ်ခံရသော ကျောင်းနန်ကို လက်သီး ချက်ဖြင့် ဆုံးမခဲ့သည်။
ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ကျောင်းနန်သည် အချိန်တိုအတွင်း သူ၏ အင်အားကို သဘာဝစွမ်းအားဖွင့်ခြင်း ပဥ္စမအဆင့်၊ နှောင်းပိုင်း အထိ တိုးတက်စေရန် ဆေးလုံးကို အားကိုးခဲ့သည့်တိုင် ကျန်းချန်၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းပင်။
"မွန်းစတားပဲ.. ဒါက တကယ်ကို မွန်းစတားပဲ"
ဒီကောင်လေးက ဘယ်လောက်တောင် ပါရမီရှိလိုက်လဲ"
"ဒါက နှစ်သန်းပေါင်းများစွာမှာ တစ်ကြိမ် ပေါ်ထွက်ခဲတဲ့ ထူးခြားတဲ့ ပါရမီရှင်ပဲ"
"ဒီကောင်လေးရဲ့ ကိုယ်ခံပညာ အရည်အချင်းက ထိုက်ရှဂိုဏ်းတစ်ခုလုံးမှာတောင် လက်ချိုးရေလို ရနေပြီ"
ကုန်းစွန်းယန်က သူ့၏ ရှေ့မှ အခြေအနေကို စိုက်ကြည့်ရင်း သူ၏ နှလုံးသားသည် အစွန်းရောက်သည်အထိ တုန်လှုပ်သွားခဲ့သည်။
စစ်မှန်သောကိုယ်ခံပညာ ဒုတိယအဆင့်။
သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် နှင့် နှိုင်းယှဥ်နိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်။
ထို့အပြင် အလွန် အင်အားကြီးမားသော သွေးစွမ်းအားလည်း ရှိသေးသည်။
ကုန်းစွန်းယန်သည် ကျန်းချန်နှင့် ပိုမို ထိတွေ့လေ ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ အရည်အချင်းကို ပိုမို ခံစားခဲ့ရလေလေ ဖြစ်သည်။
"ကျန်းချန်က အပြင်စည်း အဆင့် ၁၀ နေရာမှာရှိတဲ့ ကျောင်းနန်ကို စိန်ခေါ်ပြီး အနိုင်ရသွားပါပြီ"
ကုန်းစွန်းယန်သည် အံ့သြ တုန်လှုပ်မှုမှ ပြန်လည် သက်သာရန် အချိန်အတော်ကြာခဲ့သည်။
ထို့နောက်တွင် သူသည် ပြိုင်ပွဲ၏ ရလဒ်ကို ကြေညာခဲ့၏။
မကြာမီမှာပင် သူက ပြုံးပြီး ကျန်းချန်ကို ကြည့်လိုက်သည်။
"ကောင်လေး... အပြင်စည်း နံပါတ်၁၀ နေရာကို ရတာ ဂုဏ်ယူပါတယ်"
"စိန်ခေါ်ပွဲ စည်းမျဉ်းအရ ဒီထက်မြင့်တဲ့ အဆင့်တွေကို ဆက်လက် စိန်ခေါ်ခွင့် ရှိသေးတယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ပြုံးလိုက်သည်။
"ကျွန်တော် ဆက်လက် စိန်ခေါ်ရင် ဘာအကျိုးကျေးဇူးများ ထပ်ရှိနိုင်မလဲ"
ကုန်းစွန်းယန်က ပြုံးလိုက်သည်။
"ရှိတယ်.. မင်း အဆင့်တက်တိုင်း ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ရမယ်"
"ဒါဆိုလည်း ထားလိုက်ပါတော့... ကျွန်တော် ဒီဆုလဒ်ကို စိတ်မဝင်စားဘူး"
ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီး စင်မြင့်ပေါ်မှ ထွက်သွားရန် ပြင်လိုက်သည်။
သူ့တွင် ယခုအခါ ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းအပြည့် ရှိ၏။
ထို့ကြောင့် ကျန်းချန်က ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ဆုလာဘ်ကို စိတ်မဝင်စားတော့ပေ။
"ကောင်လေး... ခဏလောက်စောင့်ဦး.."
ကျန်းချန် သွားတော့မည်ပြုစဥ် ကုန်းစွန်းယန်က ရုတ်တရက် တားဆီးလိုက်သည်။
ကျန်းချန်က ကုန်းစွန်းယန်ဘက်ကို လှည့်ကြည့်လိုက်သည်။
"အကြီးအကဲ ကုန်းစွန်း.. ကျွန်တော့်ကို ပြောစရာရှိသေးလို့လား"
"မင်းမှာ အပြင်စည်း နံပါတ်တစ် ဖြစ်နိုင်တဲ့ အစွမ်းအစ ရှိသရွေ့ အတွင်းစည်းတပည့် တိုက်ရိုက် ဖြစ်နိုင်တယ်"
ကုန်းစွန်းယန်က ပြုံး၍ ကျန်းချန်ကို ကြည့်လိုက်သည်။
"ကောင်လေး... မင်း ဒီစိန်ခေါ်မှုကို လက်ခံဖို့ ဆန္ဒရှိလားဆိုတာ ငါသိချင်တယ်"
"အတွင်းစည်း တပည့်အဖြစ် တိုက်ရိုက် တိုးမြှင့်ခံရမှာလား... ဒီဆုလဒ်က စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ကျန်းချန်က ပြုံးလိုက်သည်။
"ဒါဆိုရင် ကျွန်တော် အပြင်စည်း နံပါတ်တစ်ကို စိန်ခေါ်မယ် အကြီးအကဲ ကုန်းစွန်း"
အခန်း(၄၃၆) ပြီး၏
အခန်း(၄၃၇)
ကျန်းချန်၏ စကားသံနှင့်အတူ ကွင်းအတွင်းရှိ လူအားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
"ဒီကောင်လေးက တကယ်ပဲ အပြင်စည်း နံပါတ်တစ်ကို စိန်ခေါ်ချင်တာလား"
"ဒါ တော်တော် မိုက်မဲတာပဲ"
"..........."
ဂိုဏ်းအတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော တပည့်သစ်တစ်ယောက်က တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ ထိပ်ဆုံး ဆယ်ယောက် စာရင်းထိ ဝင်ရောက်နိုင်ခဲ့သည်။
ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သော ထိုက်ရှဂိုဏ်း၏ သမိုင်းမှတ်တမ်းကိုပင် ချိုးဖျက်ခဲ့သည်။
ဤကောင်လေးသာ အပြင်စည်း နံပါတ်တစ်ကို အမှန်တကယ် အနိုင်ရခဲ့လျှင် သေချာပေါက် မကြုံစဖူး ဖြစ်ရပ်ဟု ဆိုရပေလိမ့်မည်။
"အပြင်စည်း နံပါတ်၁၀ အဖြစ် အဆင့်သတ်မှတ်ခံရတဲ့ ကျန်းချန်က အပြင်စည်း နံပါတ်၁ကို စိန်ခေါ်နေတယ်.. လင်းထျန်းကျုံး.. ပြိုင်ပွဲ စင်မြင့်ကို ချက်ချင်း လာခဲ့ပေးပါ"
ကျန်းချန်က စိန်ခေါ်မှုအား လက်ခံလိုက်သည်ကို မြင်သောအခါကုန်းစွန်းယန်သည် လင်းထျန်ကျုံး၏ အထောက်အထား တံဆိပ်ပြား ဆီသို့ တိုက်ရိုက် သတင်းပို့ခဲ့သည်။
တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ အပြင်စည်း တပည့် အများစု ကွင်းထဲသို့ ရောက်ရှိလာလျှင်ပင် လုံးဝ ရောက်မလာသော လူအနည်းငယ် ရှိသည်။
ထိုအထဲတွင် ထိပ်ဆုံး အဆင့်သတ်မှတ်ချက်မှ လူအများစု ပါဝင်၏။
ကျောင်းနန်ကို ချန်လှပ်ခဲ့လျှင် အပြင်စည်း၏ ထိပ်ဆုံး တပည့် ဆယ်ယောက်တွင် မည်သူမျှ မလာရောက်ခဲ့ပေ။
ဤအပြင်စည်း ပါရမီရှင်များသည် အချိန်အများစု၌ ကျင့်ကြံခြင်း အတွက် အလုပ်များနေကြသည် သို့မဟုတ် အတွင်းစည်းတပည့် အကဲဖြတ်မှုအတွက် ပြင်ဆင်နေကြသည်။
သူတို့၏ ခွန်အားဖြင့် တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ စိန်ခေါ်ခံရရန် ဖြစ်နိုင်ချေသည် သုညနီးပါး ဖြစ်၍ သူတို့ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကွာခြားမှု သိပ်မရှိပေ။
သို့သော် မည်သူမျှ မတွေးမိခဲ့သည်မှာ ဤနှစ်၏ တပည့်သစ်များထဲ၌ မွမ်းစတားများကြားမှ မွန်းစတားတစ်ကောင် ဖြစ်သည့် ကျန်းချန် ပေါ်ထွက်လာခဲ့ခြင်းပင်။
ကျန်းချန်က အပြင်စည်း နံပါတ်၁၀ အဖြစ် အဆင့်သတ်မှတ်ခံရသော ကျောင်းနန်ကို သေသေသပ်သပ် အနိုင်ယူခဲ့ရုံသာမက အပြင်စည်း နံပါတ်တစ် ဖြစ်သည့် လင်းထျန်ကျုံးကိုပါ တိုက်ရိုက် စိန်ခေါ်ခဲ့သည်။
ထို့ကြောင့် ကုန်းစွန်းယန်သည် ထိုက်ရှဂိုဏ်း တပည့် အထောက်အထား တံဆိပ်ပြား၏ ဆက်သွယ်ရေး လုပ်ဆောင်ချက်မှတဆင့် လင်းထျန်းကျုံးကို ဆင့်ခေါ်ခဲ့သည်။
..........
ကုန်းစွန်းယန်က လင်းထျန်းကျုံးကို ဆင့်ခေါ်သောအချိန်တွင် ထိုက်ရှဂိုဏ်း၏ အပြင်စည်းမှ အဆင့်မြင့် ခြံဝင်းတစ်ခု၏ တိတ်ဆိတ်သော အခန်းထဲ၌ ဓားမျက်ခုံး၊ ကြယ်မျက်လုံးဖြင့် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးသည် မျက်နှာ ဖြူဖျော့စွာဖြင့် အခန်း၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့် ပေါ်၌ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
လူငယ်က အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အသက်ရှူခြင်းကို ချိန်ညှိနေခဲ့၏။
ခဏအကြာတွင် အပြာရောင် ဝတ်စုံနှင့် လူငယ်၏ ဖြူဖျော့သော မျက်နှာသည် အဆုံးသတ်၌ သွေးရောင် အနည်းငယ် လွှမ်းလာပြီး ပြန်လည် သက်သာလာခဲ့သည်။
လူငယ်က ပိတ်ထားသော သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
"ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းတပည့် အကဲဖြတ်မှုက လုံးဝ မရိုးရှင်းဘူးပဲ"
"ကံကောင်းစွာနဲ့ အရေးကြီးတဲ့ အချိန်မှာ ငါ့ရဲ့ လှံဆန္ဒက ဒုတိယအဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်.. နောက်ဆုံးတော့ အတွင်းစည်း တပည့် အကဲဖြတ်မှုကို အောင်မြင်သွားခဲ့ပြီ"
အပြာရောင် ဝတ်စုံနှင့် လူငယ်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးများတွင် ပျော်ရွှင်မှု၏ အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။
သူက သန့်ရှင်းရေး လုပ်ပြီး အတွင်းစည်းကို အစီရင်ခံရန် ပြင်ဆင်နေစဉ် အထောက်အထား တံဆိပ်ပြားကနေ သတင်းစကား တစ်ခုကို ခံစားသိရှိလိုက်သည်။
"ကျောင်းနန်က အပြင်စည်းရဲ့ နံပါတ်၁၀ မဟုတ်ဘူးလား.. ဘယ်တုန်းက ကျန်းချန်ဆိုတဲ့ ကောင်လေး ဖြစ်သွားရတာလဲ .. ဒီကောင်လေးက ငါ့ကို စိန်ခေါ်နေတယ်တဲ့လား"
သတင်းစကားကို လက်ခံရရှိပြီးနောက်တွင် အပြာရောင် ဝတ်စုံနှင့် လူငယ်၏ မျက်လုံးများတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
သူ လင်းထျန်ကျုံးသည် ထိုက်ရှဂိုဏ်းထဲသို့ ရောက်ခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်သည်။
လွန်ခဲ့သော ခြောက်လက အပြင်စည်း နံပါတ်တစ် နေရာကို ရရှိခဲ့သည့် အချိန်မှစ၍ မည်သူမျှ သူ့ကို စိန်မခေါ်ခဲ့ပေ။
သူက အတွင်းစည်း အကဲဖြတ်မှုကို အောင်မြင်ပြီး အတွင်းစည်း ထဲသို့ ဝင်ရောက်တော့မည့် အချိန်တွင်မှ စိန်ခေါ်ခံရသော သတင်းစကားကို လက်ခံရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့အပြင် သူ့ကို စိန်ခေါ်သောသူသည် သူ့အတွက် သူစိမ်းတစ်ယောက် ဖြစ်နေ၏။
"ဒီနေ့က ထိုက်ရှဂိုဏ်းရဲ့ တပည့်သစ်တွေအတွက် အဆင့်သတ်မှတ် စိန်ခေါ်ပွဲနေ့ပဲ... ဒီကျန်းချန်ဆိုတာ တပည့်သစ် အဆင့်သတ်မှတ် စိန်ခေါ်မှုမှာ တော်တော်လေး သန်မာတဲ့သူ ဖြစ်ရမယ်"
"ဒီကျန်းချန်လို့ခေါ်တဲ့ ကောင်လေးကို ငါနည်းနည်းတောင် စိတ်ဝင်စားလာပြီ"
လင်းထျန်းကျုံးက တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ချက်ချင်းပင် အခန်းထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၄၃၇) ပြီး၏
အခန်း(၄၃၈)
လူတိုင်းက စောင့်ဆိုင်းနေကြသည်။
အချိန်က မသိလိုက် မသိဘာသာဖြင့် ဆယ်မိနစ် ကြာသွား၏။
လင်းထျန်းကျုံး ပေါ်မလာသေးသည်ကို မြင်လျှင် ကုန်းစွန်းယန်၏ မျက်ခုံးက တွန့်ကွေးသွားခဲ့သည်။
သူက နောက်တစ်ကြိမ် သတင်းပို့ရန် ပြင်လိုက်သည့်အချိန်မှာပင် အပြာရောင် ပုံရိပ်တစ်ခုသည် တစ္ဆေကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် စင်ပေါ်သို့ ရုတ်တရက် ရောက်လာခဲ့၏။
"အပြင်စည်း နံပါတ်တစ် လင်းထျန်းကျုံး ရောက်လာပြီဟ"
"မင်းတို့တွေ ဘယ်သူနိုင်မယ်လို့ ထင်လဲ"
"ဒါက သိသာနေတာပဲလေ.. ဒီထိုက်ရှဂိုဏ်းရဲ့ အပြင်စည်းမှာ လင်းထျန်းကျုံးကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
"ကျန်းချန်က အတွင်းစည်းထဲကို ဝင်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လင်းထျန်ဇုန်ကို စိန်ခေါ်ချင်နေပေမဲ့ သူပဲ ရှုံးနိမ့်ဖို့များတယ်"
".............."
လင်းထျန်းကျုံး ပေါ်လာသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူအများအပြားသည် စကားမပြောဘဲ မနေနိုင်ကြပေ။
လင်းထျန်းကျုံးသည် ထိုက်ရှဂိုဏ်း၏ ပါရမီရှင် ဖြစ်ပြီး အပြင်စည်း နံပါတ်တစ်လည်း ဖြစ်သည်။
လွန်ခဲ့သောနှစ်က ထိုက်ရှဂိုဏ်းထဲသို့ ဝင်ရောက်သောအခါ လင်းထျန်းကျုံး၏ ထိုက်ရှလှေကားကို တက်ရာတွင် အောင်မြင်မှုသည် အလွန်ပင် ကောင်းမွန်ပြီး ခြေလှမ်း တစ်လှမ်းတည်းဖြင့် အတွင်းစည်း တပည့်အဖြစ် တိုက်ရိုက် သတ်မှတ်ခံရလုနီးပါးပင်။
အတွင်းစည်း တပည့် မဖြစ်ခဲ့သော်လည်း လင်းထျန်းကျုံးသည် သူ၏ ထူးခြားသော အရည်အချင်းကို ပြသခဲ့သည်။
လွန်ခဲ့သောနှစ်၏ တပည့်သစ် အဆင့်သတ်မှတ် ပြိုင်ပွဲ၌ လင်းထျန်းကျုံးသည် ကျန်းချန်ကဲ့သို့ နတ်ဆိုးမဆန်လျှင်ပင် တစ်ကြိမ်တည်းဖြင့် အပြင်စည်း၏ထိပ်ဆုံး သုံးဆယ်စာရင်းထဲသို့ ဝင်နိုင်ခဲ့၏။
ထို့နောက်တွင် နောက်ထပ် ခြောက်လအတွင်း၌ လင်းထျန်းကျုံးသည် အဆင့်ငယ် သုံးခုကို ဆက်တိုက် ချိုးဖျက်ကာ တစ်ကြိမ်တည်းဖြင့် အပြင်စည်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ယခုအခါ ထိုက်ရှဂိုဏ်း၏ အပြင်စည်းတွင် မည်သူမျှ သူ့နှင့် မယှဉ်ပြိုင်နိုင်တော့ပေ။
ကျန်းချန်သည် အပြင်စည်း နံပါတ်၁၀ ဖြစ်သော ကျောင်းနန်ကို ယခုလေးတင် အနိုင်ယူခဲ့သော်လည်း လူအများစုသည် ကျန်းချန်ကို လင်းထျန်းကျုံးလောက် မနှစ်သက်ကြသေးပေ။
အဆုံးသတ်ပြောရလျှင် အပြင်စည်း နံပါတ်တစ် လင်းထျန်းကျုံးသည် ကျောင်းနန်နှင့် နှိုင်းယှဉ်လျှင် အဆများစွာ အစွမ်းထက်သည်။
လူတိုင်းက ကျန်းချန်နှင့် လင်းထျန်းကျုံးတို့ အကြောင်းကို ဆွေးနွေးနေကြ၏။
စင်မြင့် ပေါ်၌ လင်းထျန်းကျုံးသည် ကျန်းချန်ကို ခပ်ယဲ့ယဲ့ ပြုံးကာ မေးလိုက်သည်။
"ငါ့ကို စိန်ခေါ်တဲ့ ကျန်းချန် ဆိုတာ မင်းလား"
ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"အဟုတ်ပဲ... ငါ မင်းကို စိန်ခေါ်ပြီး အနိုင်ယူချင်တယ်"
လင်းထျန်းကျုံးက ထိုစကားကို ကြားလျှင် မဲ့ပြုံး ပြုံးလိုက်၏။
"ဟားဟား.. ဒါက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ"
"ငါ ထိုက်ရှဂိုဏ်းထဲကို ရောက်လာတဲ့ အချိန်ကစပြီး ငါလင်းထျန်းကျုံးကပဲ တခြားသူတွေကို စိန်ခေါ်နေခဲ့တယ်.. ဘယ်သူမှ ငါ့ကို စိန်မခေါ်ရဲခဲ့ဘူး"
"မထင်မှတ်ဘဲ ငါ အတွင်းစည်း အကဲဖြတ်မှုကို အောင်မြင်ပြီး အတွင်းစည်းထဲကို ဝင်တော့မဲ့အချိန်မှ မင်းက ငါ့ကို စိန်ခေါ်ခဲ့တယ်.. ဒါ့အပြင် ငါ့ကိုစိန်ခေါ်တဲ့ မင်းက ဂိုဏ်းထဲကို မကြာသေးခင်ကမှ ရောက်လာတဲ့ တပည့်သစ် တစ်ယောက်လည်း ဖြစ်နေတယ်"
လင်းထျန်းကျုံး စကားကို ကြားလျှင် ကွင်းပြင် ထဲ၌ ချက်ချင်းပင် ဆူညံသွားခဲ့သည်။
"ဝိုး.. လင်းထျန်းကျုံးက အတွင်းစည်းတပည့် အကဲဖြတ်မှုကိုတောင် အောင်သွားပြီဟ"
"ဒီကောင်က တကယ်ပဲ သာမန် မဟုတ်ဘူး"
"ဟိုကောင်လေး ကျန်းချန် ရှုံးနိမ့်မှာ ငါစိုးရိမ်မိတယ်"
".........."
ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတပည့် အကဲဖြတ်မှုသည် အလွန်ပင် တင်းကျပ်၏။
ယေဘုယျအားဖြင့် အတွင်းစည်းတပည့် အကဲဖြတ်မှုကို အောင်မြင်လိုလျှင် သင့်တွင် အနည်းဆုံး သဘာဝစွမ်းအားဖွင့်ခြင်း ဆဋ္ဌမအဆင့်၏ ခွန်အား ရှိရပေမည်။
ကျန်းချန်က လင်းထျန်းကျုံးကို အနိုင်ယူချင်သော်လည်း ဤသည်မှာ လေလုံးထွားသည်နှင့် မကွာခြားပေ။
လင်းထျန်းကျုံး၏ ခပ်ထေ့ထေ့ စကားများကြောင့် သူက ပတ်ဝန်းကျင်မှ မထီမဲ့မြင် ပြစ်တင်မှုများကို ကြားခဲ့သော်လည်း ကျန်းချန်သည် မျက်နှာတစ်ချက် မပျက်ခဲ့ပေ။
သူက လင်းထျန်းကျုံးကို စိုက်ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်း မင်းက အပြင်စည်း နံပါတ်တစ် ဖြစ်ထိုက်ပါတယ်.. အတွင်းစည်းတပည့် အကဲဖြတ်မှုကိုတောင် အောင်မြင်သွားခဲ့ပြီပဲ"
လင်းထျန်းကျုံးက သူ၏ မျက်ခုံးများကို ပင့်လိုက်ပြီး တည်ကြည်သော အပြုံးဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"အခုရော မင်း ငါ့ကို ဆက်စိန်ခေါ်ချင်သေးလား"
"အကြီးအကဲ ကုန်းစွန်းက ငါ့ကို ပြောခဲ့တယ်.. အပြင်စည်း နံပါတ်တစ်ကို အနိုင်ရရင် အတွင်းစည်း အကဲဖြတ်မှုကို ကျော်ဖြတ်ပြီး အတွင်းစည်း တပည့်အဖြစ် တိုက်ရိုက် တိုးမြှင့်ခံရနိုင်တယ်တဲ့"
"ဒါကြောင့် အပြင်စည်း နံပါတ်တစ် မင်းကို ငါ အနိုင်ယူမှ ဖြစ်လိမ့်မယ်"
ထို့နောက်တွင် ကျန်းချန်သည် လေးနက်သော အမူအရာဖြင့် လင်းထျန်းကျုံးကို ကြည့်ကာ ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့.. စတိုက်လို့ရပြီ"
အခန်း(၄၃၈) ပြီး၏