အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း(၄၃၉)
"စတိုက်လို့ရပြီ ဟုတ်လား"
"မင်းက ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးနေတာပဲ"
လင်းထျန်းကျုံးက ခနဲ့လိုက်သည်။
ထိုခဏတွင် သူ၏ အထက်စီးဆန်သော အသံသည် ကွင်း၏ အလယ်ဗဟိုကနေ ထွက်ပေါ်လာခဲ့သည်။
"မင်းလိုကောင်ကို ငါ လင်းထျန်ကျုံးက တခဏအတွင်း အလွယ်တကူ ရှင်းပစ်နိုင်တယ်"
စကားသံဆုံးသည်နှင့် လင်းထျန်းကျုံး၏ အရှိန်အဝါသည် ပြောင်းလဲသွားသည်။
နောက်ထပ် တစ်ခဏမှာပင် သူ၏ ဦးခေါင်းထိပ်၌ နှစ်ပေ သို့မဟုတ် သုံးပေခန့် ရှည်သော မီးလျှံတစ်ခု စုစည်းသွား၏။
လင်းထျန်ကျုံး၏ ထိန်းချုပ်မှုအောက်၌ ထိုမီးလျှံသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော အင်အားဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ဂိုဏ်းအတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော ကောင်လေးတစ်ယောက်သည် အတွင်းစည်းထဲသို့ ဝင်ရောက်ရန်အတွက် သူ့ကို ခြေနင်းခုံအဖြစ် အသုံးပြုလိုနေ၏။
သူက ဤကလေးကို သူ့ရှေ့၌ မာနထောင်လွှားပါက မည်သို့သော တန်ဖိုးအား ပေးဆပ်ရမည်ကို သိစေလိုခဲ့သည်။
ထို့ကြောင့် လင်းထျန်းကျုံးသည် တိုက်ပွဲစသည်နှင့် မီးဆန္ဒကို ထုတ်ဖော်ပြီး ကျန်းချန်ကို လုံးဝ ချေမှုန်းရန် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို အားကိုးခဲ့သည်။
"မင်းက မီးဆန္ဒကို နားလည်ထားတယ်လား"
"ကောင်းပြီလေ.. မင်းက ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်နဲ့ ကစားချင်နေမှတော့ ငါမင်းနဲ့အတူ လိုက်ကစားပေးမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက အတွေးတစ်ချက်ဖြင့် မီးဆန္ဒကို ထုတ်ဖော်လိုက်၏။
သူ၏ မီးဆန္ဒက လေထဲတွင် လင်းထျန်းကျုံး၏ မီးဆန္ဒနှင့် ဆုံတွေ့သွားခဲ့သည်။
ချက်ချင်းဆိုသလို မမြင်နိုင်သော လေလှိုင်းတစ်ခုသည် ကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
လင်းထျန်းကျုံး၏ ခန္ဓာကိုယ်က အကာအကွယ်မဲ့နေ၍ တုန်ယင်သွားပြီး ခြေလှမ်း သုံးလှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
"လင်းထျန်းကျုံးက ထိပ်တိုက်တွေ့မှုမှာ မထင်မှတ်ဘဲ ရှုံးနိမ့်သွားတာလား"
"မယုံနိုင်စရာပဲ.. ကျန်းချန်ရဲ့ မီးဆန္ဒက လင်းထျန်းကျုံးရဲ့ မီးဆန္ဒထက်တောင် ပိုပြီး အင်အားကြီးမားနေတယ်ဟ"
"ဒီကောင်လေးက တကယ်က်ု အံ့ဩစရာကောင်းတဲ့ မွန်းစတားပဲ"
"............"
ဤထိပ်တိုက်တွေ့မှု၌ ကျန်းချန် အပေါ်စီးရသွားသည်ကို မြင်လျှင် လူတိုင်းသည် အံ့သြ တုန်လှုပ်သွားပြီး မျက်လုံးများ ကျွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
"မင်း... မင်းက ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်နေပြီလား"
လင်းထျန်းကျုံးက ကျန်းချန်ကို စေ့စေ့ စိုက်ကြည့်ခဲ့သည်။
သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။
"ငါ နားလည်ထားတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်က မင်းနားလည်ထားတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ထက် ပိုအဆင့်မြင့်တယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက လှောင်ပြောင်သော အမူအရာဖြင့် လင်းထျန်းကျုံးကို ကြည့်လိုက်သည်။
"မင်းက ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်နဲ့ ကစားချင်နေတယ် မဟုတ်လား.. ရှိသေးရင် ထုတ်သုံးလိုက်လေ"
"ဟမ့်... မင်းက ဒီလောက်ထိ သေချင်နေတော့ ငါ မင်းကို အဆုံးထိ ပို့ပေးမယ်"
လင်းထျန်းကျုံးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထိုခဏတွင် သူ၏ ဦးခေါင်းထိပ်၌ ငွေရောင် မိုးကြိုးများ ဖြစ်ပေါ်လာ၏။
ထို ငွေရောင် မိုးကြိုးဖြင့် သူက ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
"ဟားဟား... မိုးကြိုးဆန္ဒက ဒီအဆင့်ထိတောင် ရောက်နေတာပဲ.. ဘယ်ဆိုးလို့လဲ"
"ဒါပေမဲ့ မင်းရဲ့ မိုးကြိုးဆန္ဒက ငါ့ရှေ့မှာ မလုံလောက်သေးဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ချက်ချင်းဆိုသလို ဒုတိယ အဆင့် မိုးကြိုးဆန္ဒသည် သူ၏ ဦးခေါင်းထိပ်၌ မိုးကြိုးပုံရိပ် အဖြစ် စုစည်းသွားပြီး လင်းထျန်းကျုံး၏ မိုးကြိုးဆန္ဒကို ပေါ့ပေါ့ပါးပါးပင် ဖျက်ဆီးပစ်လိုက်သည်။
သူ၏ မိုးကြိုးဆန္ဒကို ကျန်းချန်က အလွယ်တကူပင် ထိုးဖောက်လိုက်သောကြောင့် လင်းထျန်းကျုံးသည် နောက်တစ်ကြိမ် ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်လိုက်ရပြန်၏။
သူက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူ၏ မျက်လုံးများတွင် အံ့သြ ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
မိုးကြိုးဆန္ဒ ဒုတိယအဆင့်။
"ဒီကောင်လေးက မိုးကြိုးဆန္ဒကို ဒီအဆင့်ထိ တကယ်ပဲ နားလည်သွားတာလား"
လင်းထျန်းကျုံးက သူ၏ နှလုံးသားထဲမှ အံ့သြ ထိတ်လန့်မှုကို ဖိနှိပ်ပြီး အသက်ကို ခပ်ခပ်ပြင်းပြင်း ရှူလိုက်သည်။
"ကျန်းချန်... မင်းက မိုးကြိုးဆန္ဒကို ဒုတိယအဆင့်ထိ နားလည်သဘောပေါက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး"
"မင်းကို ငါ တကယ် လျှော့တွက်မိခံတာ ဝန်ခံပါတယ်"
"ဒါပေမဲ့ မင်းရဲ့ မိုးကြိုးဆန္ဒက ဒုတိယအဆင့်ထိ ရောက်နေရင်တောင် ဒီနေ့ ပြိုင်ပွဲမှာ မင်း ရှုံးနိမ့်ရမှာပဲ"
လင်းထျန်းကျုံးက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်၏။
ပြင်းထန်ပြီး အထက်စီးဆန်သော ကိုယ်ခံပညာ၏ စစ်မှန်သောဆန္ဒ တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့သည်။
အခန်း(၄၃၉) ပြီး၏
အခန်း(၄၄၀)
လင်းထျန်းကျုံးက ပြင်းထန်ပြီး အထက်စီးဆန်သော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ထုတ်ဖော်လိုက်သည်နှင့် သူ၏ ဦးခေါင်းထိပ်၌ ဆယ်မီတာမျှ မြင့်သော အနက်ရောင် စစ်သူရဲ တစ်ယောက် အဖြစ် အလျင်အမြန် စုစည်းသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
အနက်ရောင် စစ်သူရဲသည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သုံးပေခန့် ရှည်သော အနက်ရောင် လှံရှည်ကို ကိုင်ဆောင်ထားကာ စစ်မြေပြင်မှ ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ အောက်ဘက်ရှိ ကျန်းချန်ကို ငုံ့ကြည့်နေခဲ့သည်။
"ဒါက.. လှံဆန္ဒ ဒုတိယအဆင့်ပဲ"
"အပြင်စည်း နံပါတ်တစ် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. တကယ်ကို လက်ဖျားခါလောက်စရာပဲ"
"လှံဆန္ဒ ဒုတိယအဆင့်နဲ့ မိုးကြိုးဆန္ဒ ဒုတိယအဆင့် ထိပ်တိုက်ရင်ဆိုင်တော့မယ်.. ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းကို ကြည့်ခွင့်ရပြီ"
"............"
လင်းထျန်းကျုံး၏ လှံဆန္ဒ ဒုတိယအဆင့်ကို မြင်လျှင် ကွင်းပြင် အတွင်းရှိ လူအားလုံးသည် မချီးကျူးဘဲ မနေနိုင်ခဲ့ကြပေ။
"မင်းက လှံဆန္ဒ ဒုတိယအဆင့်နဲ့ တိုက်ချင်တယ်ပေါ့"
ကျန်းချန်က လင်းထျန်းကျုံး၏ ဦးခေါင်းထိပ်မှ အနက်ရောင် စစ်သူရဲကို ကြည့်ပြီး သူ့မျက်လုံးတွင် အံ့သြသော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့သည်။
မီးဆန္ဒ။ မိုးကြိုးဆန္ဒ။ လှံဆန္ဒ ဒုတိယအဆင့်။
သူနှင့် ထိပ်တိုက်တွေ့သည့်အချိန်မှစ၍ လင်းထျန်းကျုံးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် သုံးခုကို တစ်ခုပြီးတစ်ခု ပြသခဲ့သည်။
ထို့အပြင် လင်းထျန်းကျုံး ပြသခဲ့သော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သည် ပိုမို၍ အင်အားကြီးမားလာခဲ့သည်။
ယခု ပြသနေသော လှံဆန္ဒသည် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
"ကျန်းချန်... မင်း ဂုဏ်ယူလို့ရပြီ.. မင်းက ငါ့ကို လှံဆန္ဒ ဒုတိယအဆင့်ကို အသုံးပြုရတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ်"
လင်းထျန်းကျုံးက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"မင်းရဲ့ မိုးကြိုးဆန္ဒ ဒုတိယအဆင့်ကို ထုတ်လိုက်စမ်းပါ..မဟုတ်ရင် မင်းမှာ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
"ဟားဟား... ဒီကမ္ဘာမှာ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို နားလည်ထားတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး"
"မင်းက တတိယမြောက် စစ်မှန်သော အဓိပ္ပါယ်ကို ပြသခဲ့တော့ ငါလည်း မင်းကို နှိမ်နင်းဖို့ တတိယမြောက် စစ်မှန်သောအဓိပ္ပါယ်ကို သုံးမယ်"
ကျန်းချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ထို့နောက်တွင် သူ၏ မျက်လုံးများသည် လေးနက်သွားခဲ့၏။
သူ၏ ဒုတိယ အဆင့် ဓားဆန္ဒသည် ကောင်းကင်ထိတိုင် မြင့်တက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ပေအနည်းငယ် မြင့်သော ရွှေရောင် စစ်သူရဲတစ်ယောက်သည် သူ၏ ဦးခေါင်းထိပ်၌ စုစည်းသွားသည်။
ဓားရှည်ကို ကိုင်ထားသည့် ရွှေရောင် စစ်သူရဲသည် ကမ္ဘာကို စိုးမိုးသော ဘုရင်တစ်ပါးကဲ့သို့ အင်အားကြီးမားသည်။
"ဝိုး.. ဒါက ဓားဆန္ဒ ဒုတိယအဆင့်ပဲ"
ကျန်းချန်၏ ဦးခေါင်းပေါ်မှ ရွှေရောင် စစ်သူရဲကို မြင်လျှင် ကွင်းအတွင်းရှိ လူအားလုံးသည် ဤအချိန်တွင် လုံးဝ မှင်တက်သွားကြ၏။
လင်းထျန်းကျုံး၏ လှံဆန္ဒ ဒုတိယအဆင့်ကို ရင်ဆိုင်ရန် ကျန်းချန်သည် မိုးကြိုးဆန္ဒ ဒုတိယအဆင့်ကို တကယ်ပဲ မပြသခဲ့ပေ။
သို့သော်လည်း ၎င်းက နောက်ထပ် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်သည့် ဓားဆန္ဒကို ပြသခဲ့သည်။
ဓားဆန္ဒ ဒုတိယအဆင့်။
ထိုက်ရှဂိုဏ်းထဲသို့ မကြာသေးမီကမှ ဝင်ရောက်ခဲ့ပြီး အသက် နှစ်ဆယ်ပင် မပြည့်သေးသော ကောင်လေး တစ်ယောက်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် အချို့ကို နားလည် သဘောပေါက်နေခဲ့၏။
ထို့အပြင် ဒုတိယအဆင့်သို့ ရောက်ရှိနေသော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးပင် ရှိသည်။
"ဒါ... ဒါက မွန်းစတားနဲ့ နှိုင်းဖို့တောင် မဖြစ်နိုင်တော့ဘူး"
"မင်းက ဓားဆန္ဒကို ဒုတိယအဆင့်ထိ နားလည်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး"
"မင်းရဲ့ ဒုတိယအဆင့် ဓားဆန္ဒနဲ့ ငါ့ရဲ့ ဒုတိယအဆင့် လှံဆန္ဒမှာ ဘယ်ဟာက ပို အင်အားကြီးလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က ဓားဆန္ဒ ဒုတိယအဆင့်အား အမှန်တကယ် ပြသခဲ့သည်ကို မြင်လျှင် လင်းထျန်းကျုံး၏ အမူအရာသည် ချက်ချင်းပင် အလွန်အမင်း အံ့သြသွားခဲ့သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် သူ၏ ဦးခေါင်းထိပ်မှ အနက်ရောင် စစ်သူရဲကို ကျန်းချန်၏ ရွှေရောင်စစ်သူရဲအား တိုက်ခိုက်စေခဲ့၏။
ကျန်းချန်၏ ဦးခေါင်းထိပ်မှ ရွှေရောင် စစ်သူရဲသည် ဓားရှည်ကို ဝင့်လိုက်ပြီး အနက်ရောင် စစ်သူရဲနှင့် လေထဲတွင် ချက်ချင်းဆိုသလို တိုက်ခိုက်ခဲ့ကြသည်။
စစ်သူရဲ နှစ်ယောက်သည် လေထဲ၌ အဆက်မပြတ် တိုက်ခိုက်နေကြ၏။
ခဏအကြာတွင် လှံရှည်ကို ကိုင်ဆောင်ထားသော အနက်ရောင် စစ်သူရဲသည် ရွှေရောင် စစ်သူရဲ၏ ဓားရှည် တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း အောက်စည်းသို့ ရောက်လာခဲ့သည်။
အနက်ရောင် စစ်သူရဲသည် ရွှေရောင်စစ်သူရဲ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဆက်လက် မခုခံနိုင်တော့ပေ။
ဤသို့ဖြင့် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားပြီး သေးငယ်သော အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ လေထဲကနေ ပျံ့လွင့်သွားခဲ့သည်။
ထိုသို့ အနက်ရောင်စစ်သူရဲ ပျက်စီးသွားသော အချိန်တွင် လင်းထျန်းကျုံး၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့၏။
သူက မြေပြင်ပေါ်၌ ဒူးထောက်ကျသွားခဲ့ပြီး ပါးစပ်မှလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
အခန်း(၄၄၀) ပြီး၏
အခန်း(၄၄၁)
လင်းထျန်းကျုံး၏ လှံဆန္ဒ ရှုံးနိမ့်သွားသည်ကို မြင်လျှင် ဧရာမ ကွင်းပြင်တစ်ခုလုံးသည် ဤအချိန်တွင် တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ပထမ တစ်ချီတွင် လင်းထျန်ကျုံးသည် မီးဆန္ဒ ပြသခဲ့ပြီး ကျန်းချန်သည်လည်း မီးဆန္ဒကိုပင် ပြသခဲ့သည်။
ဒုတိယ တစ်ချီတွင်မူ လင်းထျန်းကျုံးသည် ကျန်းချန်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ရန် မိုးကြိုးဆန္ဒကို အသုံးပြုခဲ့၏။
ယခု တတိယတစ်ချီတွင်လည်း လင်းထျန်းကျုံးသည် လှံဆန္ဒ ဒုတိယအဆင့်ကို ပြသခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အလွန်အားကောင်းသော ဒုတိယအဆင့် ဓားဆန္ဒကို ထုတ်ဖော်ကာ အပြတ်အသတ် အနိုင်ယူခဲ့၏။
ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ချင်း ထိပ်တိုက်တွေ့မှု သုံးခု၌ မတူညီသည့် စစ်မှန်သော ရည်ရွယ်ချက် သုံးမျိုးကို ထုတ်ဖော်ခဲ့သော်လည်း လင်းထျန်းကျုံးသည် ကျန်းချန်၏ လုံးဝ ချေမှုန်းခြင်းကို ခံခဲ့ရသည်။
"ဒီကောင် ကျန်းချန်က တော်တော် သန်မာတာပဲ"
"ဓားဆန္ဒ ဒုတိယ အဆင့် အထွတ်အထိပ်.. မင်း... မင်း.. ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ် ဘယ်နှစ်မျိုးကိုတောင် နားလည်ထားတာလဲ"
လင်းထျန်းကျုံးက သူ၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အံ့သြ ထိတ်လန့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။
လင်းထျန်းကျုံးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည် သဘောပေါက်နိုင်စွမ်း အပေါ်တွင် သူ့ကိုယ်သူအလွန်အမင်း ယုံကြည်မှု ရှိခဲ့သည်။
သို့သော် ယခုအခါ သူသည် ကောင်းကင်၏ အပြင်ဘက်၌ ကောင်းကင် ရှိသည်ဟူသော အဓိပ္ပါယ်ကို နားလည်သွားပြီ ဖြစ်၏။
မူလက သူသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် သုံးမျိုး၊ အထူးသဖြင့် ဒုတိယ အဆင့်သို့ ရောက်ရှိခဲ့သော လှံဆန္ဒဖြင့် ကျန်းချန်ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူနိုင်သည်ဟု တွေးခဲ့သည်။
သို့သော် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်နိုင်စွမ်းတွင် ကျန်းချန်သည် သူ့ထက်ပင် ပိုမို သာလွန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ ကိုယ်ခံပညာ ဆန္ဒသုံးမျိုးသည် ကျန်းချန်၏ လက်ထဲ၌ ဘာမှ အရာမရောက်သော အရာများ ဖြစ်သွားခဲ့၏။
"မင်း ထင်ထားတာထက် ငါ နားလည်ထားတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်က ပိုများတယ်လို့ အစောကြီးကတည်းက ငါပြောခဲ့သားပဲ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ထပ်ပြီးတော့ မင်း ငါ့ရဲ့ စတုတ္ထမြောက် ကိုယ်ခံညာရဲ့စစ်မှန်သော အဓိပ္ပါယ်နဲ့ ရင်ဆိုင်ချင်သေးလား"
"ဒီကောင်လေးက တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် စတုတ္ထမြောက်အမျိုးအစားနဲ့ လင်းထျန်းကျုံးကို ယှဉ်ချင်သေးတာလား"
ကျန်းချန်၏ စကားများကို ကြားလျှင် ကွင်းအတွင်းရှိ လူအားလုံးသည် မျက်နှာများပင် မဲ့ရွဲ့သွားကြသည်။
"တော်ပြီ ငါမင်းနဲ့ မတိုက်ခိုက်တော့ဘူး"
"ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်တဲ့နေရာမှာ မင်းက ငါ့တွေ့ဖူးတဲ့ အတော်ဆုံး လူတွေထဲက တစ်ယောက်ပဲ"
"ဒီပြိုင်ပွဲမှာ ငါအရှုံးပေးတယ်.. ငါတို့တွေ အတွင်းစည်းထဲ ရောက်မှပဲ နောက်တစ်ခေါက် ယှဉ်ပြိုင်ကြတာပေါ့"
လင်းထျန်းကျုံးက ခဏမျှ ကျန်းချန်ကို စိုက်ကြည့်လိုက်ပြီးနောက် တစ်ခဏအတွင်းမှာပင် စင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
"ဝိုး"
"မယုံနိုင်စရာပဲ.. အပြင်စည်း နံပါတ်တစ် လင်းထျန်းကျုံး ရှုံးနိမ့်သွားတယ်တဲ့လား"
"ဒါ... ဒါ တကယ်ကို မယုံနိုင်စရာပဲ"
လူအားလုံးသည် ထွက်ခွာသွားသော လင်းထျန်းကျုံး၏ နောက်ကျောကို ကြည့်ရင်း မှင်တက်နေရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
အပြင်စည်း ဘုရင်ဟု တင်စားခံထားရသည့် လင်းထျန်းကျုံးသည် ကျန်းချန်၏ အရှေ့တွင် ရှုံးနိမ့်သွားမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုအရ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ချင်းပဲ ယှဉ်ပြိုင်ခဲ့သည်ဆိုလျှင်ပင် လင်းထျန်းကျုံးသည် ကျန်းချန်၏ လုံးဝ လွှမ်းမိုးခြင်းကို ခံခဲ့ရ၏။
ဤသည်မှာ သာမန်လူများ လုပ်နိုင်သည့် အရာ မဟုတ်ပေ။
ကျောင်းနန်နှင့် တိုက်ခိုက်စဥ်က ပြသခဲ့သော တိုက်ပွဲဝင်အရည်အချင်းအရ ကျန်းချန်သည် လင်းထျန်းကျုံးနှင့် တကယ်ပဲ တိုက်ခိုက်လျှင်ပင် အင်ပြည့်အားပြည့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
အပြင်စည်း စာရင်းကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့သော တပည့်သစ်တစ်ယောက်သည် အဆင့်သတ်မှတ် စိန်ခေါ်ပွဲတွင် အပြင်စည်း၏ ထိပ်ဆုံးသို့ အမှန်တကယ် ရောက်ရှိသွားခဲ့၏။
"မွန်းစတားပဲ"
"ဒါက တကယ် အံ့ဩဖို့ကောင်းတယ်"
"ဒီကလေးရဲ့ ကိုယ်ခံပညာ ပါရမီက ငါ့တွေ့ဖူးတဲ့ထဲမှာ အကောင်းဆုံးပဲ"
ကုန်းစွန်းယန်က အံ့သြ တုန်လှုပ်မှုမှ ပြန်လည် သက်သာလာရန် ခဏမျှ ကြာခဲ့သည်။
ထိုက်ရှဂိုဏ်း၏ အပြင်စည်းတွင် ဤမျှလောက် အံ့ဩစရာကောင်းသည့် ပါရမီရှင်ကို သူ တစ်ခါမှ မမြင်ဖူးပေ။
ကျန်းချန်သည် တပည့်သစ် တစ်ယောက်အနေဖြင့် အပြင်စည်း၏ ထိပ်ဆုံးကို တန်းရောက်သွား၏။
ထိုက်ရှဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းမှာပင် ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
"ဒီကလေးက ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်းထဲမှာ ပထမဆုံးပဲ"
အခန်း(၄၄၁) ပြီး၏