အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း(၄၄၂)
"ကျန်းချန်... မင်း အပြင်စည်း နံပါတ်တစ်ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် အတွင်းစည်း တပည့်အဖြစ် တိုးမြှင့်ခံရတော့မယ်.. မင်းအတွက် ဂုဏ်ယူပါတယ်"
ကုန်းစွန်းယန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
"အတွင်းစည်းကို အချိန်မရွေးသတင်းပို့ပြီး သွားလို့ရပြီ"
ကုန်းစွန်းယန်သည် ကျန်းချန်ကို အလွန်ပင် အကောင်းမြင်ခဲ့သည်။
ကုန်းစွန်းယန်၏ အမြင်တွင် ကျန်းချန်၏ အရည်အချင်းသည် ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့်များထက်.နည်းနည်းမှ မနိမ့်ကျပေ။
ဘာမှ မဖြစ်သရွေ့ ကျန်းချန်၏ အလားအလာဖြင့်ဆိုလျှင် အနည်းဆုံး အနာဂတ်၌ သိုင်းသခင် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်သည်ဟု သူခန့်မှန်းခဲ့သည်။
"အကြီးအကဲကုန်းစွန်းကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်က လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
ထို့နောက် မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် စင်ပေါ်မှ ထွက်ခွာသွားခဲ့၏။
ကျန်းချန် ကွင်းထဲမှ ထွက်ခွာပြီးနောက် အဆင့်သတ်မှတ် စိန်ခေါ်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။
သို့သော် အပြင်စည်း ပထမနေရာကို ယူသွားသည့် ကျန်းချန်၏ လွှမ်းမိုးမှုကြောင့် ယှဥ်ပြိုင်သူ အနည်းငယ်သာ ရှိခဲ့သည်။
ထိုအနည်းငယ်တွင် သွမ့်ရှင်းနှင့် ဖူယုံတို့ ပါဝင်ခဲ့၏။
နာရီအနည်းငယ် ကြာပြီးနောက်တွင် အဆင့်သတ်မှတ် စိန်ခေါ်ပွဲသည် နောက်ဆုံး၌ အဆုံးသတ်သွားခဲ့သည်။
တပည့်သစ်များ၏ အဆင့်သတ်မှတ်ချက်အရ ကုန်းစွန်းယန်သည် ဆုလာဘ်များကို ပေးရန် စတင်ခဲ့သည်။
ကျန်းချန်သည် တပည့်သစ် အဆင့်သတ်မှတ်ချက်၌ ပထမနေရာကို ရရှိခဲ့သည့်အပြင် အဆင့်သတ်မှတ် စိန်ခေါ်ပွဲ၌ အပြင်စည်း ပထမနေရာကို ရရှိသဖြင့် ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းကို ဆုလာဘ်အဖြစ် တိုက်ရိုက် ရရှိခဲ့သည်။
မူလက သူ့တွင် ရှိပြီးသား ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းနှင့် ပေါင်းလိုက်လျှင် ကျန်းချန်တွင် ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းအထိ တိုးလာခဲ့သည်။
ဤမျှ ကြီးမားသော ဂုဏ်ကျက်သရေ အမှတ် ပမာဏမျိုး ပိုင်ဆိုင်သူသည် အပြင်စည်းမပြောနှင့်၊ အတွင်းစည်းထဲမှာပင်အနည်းငယ်မျှသာ ရှိ၏။
အဆင့်သတ်မှတ် စိန်ခေါ်ပွဲက ပြီးဆုံးသွားခဲ့သည်။
ကျန်းချန်သည် အစီရင်ခံရန် အတွင်းစည်းသို့ အလျင်အမြန် မသွားခဲ့ပေ။
သူက မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ကို တတိယအဆင့်ထိ လေ့ကျင့်ရန် ကျုံးယွဲ့တောင်ကြားသို့ သွားကာ ဂုဏ်ကျက်သရေ အမှတ် ထောင်ပေါင်းများစွာကို အသုံးပြုခဲ့သည်။
ထို့အပြင် ကျန်းချန်သည် ထိုက်ရှစစ်ပွဲအရိပ်ကို လေ့ကျင့်ရန် စတင်ခဲ့သည်။
မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်သည် ကျုံးယွဲ့တောင်ကြား၏ ဖိနှိပ်မှုနှင့် အဆတစ်ရာစနစ်၏ အတွေ့အကြုံ ရမှတ်များကြောင့် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့၏။
ထို့အတူ ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာသည်လည်း အဆများစွာ တိုးတက်လာခဲ့၏။
ရက်အနည်းငယ် ကြာသောအခါ ကျန်းချန်သည် ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို ပြီးပြည့်စုံလုနီးပါး ကျင့်ကြံနိုင်ခဲ့သည်။
ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို လေ့ကျင့်ပြီးနောက်တွင် ကျန်းချန်သည် အပြင်စည်း တပည့်သစ် နေထိုင်ရာသို့ သွားပြီး သက်တမ်း ရက်နှစ်ဆယ် ကျန်နေသေးသော အဆင့်မြင် ခြံဝင်းကို လဲ့ဟောင်ခုံးကို ပေးခဲ့ကာ အစီရင်ခံရန်အတွက် သွားရောက်ခဲ့သည်။
အလွန် လျင်မြန်စွာပင် ကျန်းချန်သည် မစ်ရှင် ခန်းမ၌ မှတ်ပုံတင်ခဲ့ပြီး အတွင်းစည်းတပည့် အထောက်အထား တံဆိပ်ပြားကို ပြောင်းလဲကာ တာဝန်ခံတစ်ယောက်၏ ဦးဆောင်မှုဖြင့် ထျန်းဝူ ကျောင်းဆောင်ကို ဖြတ်ကျော်ကာ ထိုက်ရှဂိုဏ်း၏ အတွင်းစည်း ထဲသို့ ဝင်ရောက်ခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် ပေ ဒါဇင်ပေါင်းများစွာ မြင့်သော မျှော်စင်ပုံစံ အဆောက်အအုံတစ်ခု၏ ရှေ့သို့ ရောက်လာ၏။
ဤဧရာမ မျှော်စင်သည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့်များ နေထိုင်ရာ ထိုက်ရှ နတ်မျှော်စင် ဖြစ်သည်။
ထိုက်ရှ နတ်မျှော်စင်သည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိအထင်ကရ အဆောက်အအုံတစ်ခု ဖြစ်သည်။
ထိုက်ရှ နတ်မျှော်စင်၌ သတ္တမ အဆင့် ဝိညာဉ်စွမ်းအင် စုစည်းခြင်း အစီအရင် တစ်ခု ရှိပြီး ထိုက်ရှ နတ်မျှော်စင်ထဲမှ ဝိညာဥ်စွမ်းအင်သိပ်သည်းမှုသည် ကျင့်ကြံသူကို အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိစေနိုင်သည်ဟုပင် အဆိုရှိကြသည်။
ထိုက်ရှ နတ်မျှော်စင်၌ အထပ် ကိုးထပ် ရှိပြီး အထပ်တစ်ခုစီတွင် ဝိညာဥ်စွမ်းအင် ကြွယ်ဝမှုသည် အဆပေါင်းများစွာ တိုးလာလိမ့်မည် ဖြစ်၏။
သို့သော် ထိုက်ရှ နတ်မျှော်စင်၏ အခန်းဌားရမ်းခသည် အလွန်ပင် ဈေးကြီးသည်။
အတွင်းစည်းထဲသို့ မကြာသေးမီက ဝင်ရောက်လာသော တပည့်များအတွက်မူ အောက်ဆုံး အဆင့်တွင် အခမဲ့တစ်လ နေထိုင်ခွင့် ရရှိနိုင်၏။
အခြားသော အတွင်းစည်း တပည့်များကမူ အောက်ဆုံး အဆင့်တွင် နေလိုလျှင် တစ်ရက်တာ အတွက် ဂုဏ်ကျက်သရေ အမှတ် တစ်ရာကို အသုံးပြုရမည် ဖြစ်သည်။
ထို့အပြင် ပိုမြင့်သည့်နေရာကို သွားလေ လိုအပ်သည့် ဂုဏ်ကျက်သရေ အမှတ်တွေက ပိုမြင့်လေ ဖြစ်၏။
"ဒီထိုက်ရှ မျှော်စင်က နည်းနည်းတောဘ စိတ်ဝင်စားဖို့ကောင်းသားပဲ"
ကျန်းချန်က သူ၏ ရှေ့မှ ထိုက်ရှနတ်မျှော်စင်ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူသည် ထိုက်ရှ နတ်မျှော်စင် ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်ဝင်လာခဲ့၏။
အခန်း(၄၄၂) ပြီး၏
အခန်း(၄၄၃)
ထိုက်ရှ နတ်မျှော်စင်ထဲကို ဝင်ရောက်ပြီး မကြာမီတွင် စတုရန်းမီတာ တစ်ထောင် ကျယ်သော ခန်းမတစ်ခုသို့ ရောက်ရှိလာ၏။
ခန်းမက အတော်လေး ကျယ်လွန်းလှ၏။
ထိုအထဲတွင် ထိုက်ရှ နတ်မျှော်စင်ကို စီမံခန့်ခွဲသောရုံးခန်းလည်း ရှိ၏။
ထို့အပြင် ခန်းမထဲ၌ တင်ပျဥ်ခွေ၍ ထိုင်နေသော ပုံရိပ် ဒါဇင်ပေါင်း များစွာကိုလည်း တွေ့ရသည်။
ယင်းပုံရိပ်များထဲတွင် ကျန်းချန်သည် သူနှင့် သိကျွမ်းသူ နှစ်ယောက်ကိုပါ တွေ့ရှိခဲ့သည်။
သူတို့ထဲမှ တစ်ယောက်မှာ လွန်ခဲ့သော ရက်အနည်းငယ်က အပြင်စည်း၌ သူနှင့် တိုက်ခိုက်ခဲ့သော လင်းထျန်းကျုံး ဖြစ်သည်။
အခြားတစ်ယောက်ကမူ ဖူယုံ၏ နောက်ကွယ်မှ အထောက်အပံ့ဖြစ်သည့် ဖူမိသားစု၏ အဓိကတပည့် ဖူထုံ ဖြစ်သည်။
"ကျန်းချန်... နောက်ဆုံးတော့ မင်းလည်း အတွင်းစည်းထဲ ရောက်လာပြီပေါ့"
ကျန်းချန်က ခန်းမထဲမှ အခြေအနေကို ကြည့်နေစဉ် လင်းထျန်းကျုံးသည် သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
"လင်းထျန်းကျုံး... မင်း ဒီခန်းမထဲမှာ ဘာထိုင်လုပ်နေတာလဲ"
ကျန်းချန်သည် သူ၏ ရှေ့မှ လင်းထျန်းကျုံးကို ကြည့်ကာ သိချင်စိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
"ဒီခန်းမထဲမှာ ရှိနေတဲ့လူတွေက ဂုဏ်ကျက်သရေ အမှတ်တွေနဲ့ အခန်းမဝယ်နိုင်တဲ့သူတွေပဲ"
လင်းထျန်းကျုံးက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါတို့ ဒီမှာ မနေရင် သွားစရာ နေရာလည်း မရှိဘူးလေ"
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် အံ့သြသွားသည်။
"မင်းက အတွင်းစည်းထဲကို အခုမှ ရောက်တာပဲ.. အခမဲ့ နေခွင့် တစ်လ ရတယ် မဟုတ်လား"
"အခမဲ့ နေခွင့် တစ်လက တကယ်ပဲ ရှိပါတယ်"
"ဒါပေမဲ့ ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းမှာ အင်အားကပဲ စကားပြောတယ်"
"ငါ ထိုက်ရှ နတ်မျှော်စင်ထဲကို ဝင်တုန်းက အခန်းနံပါတ် ရခဲ့တယ်.. ဒါပေမဲ့ စီနီယာတစ်ယောက်က လုယူသွားတယ်"
လင်းထျန်းကျုံးက ခါးသီးစွာ ပြောလိုက်သည်။
အပြင်စည်းတွင် ရှိစဥ်က သူ့ကိုယ်သူ ထိုက်ရှဂိုဏ်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ဟု ထင်ခဲ့သည်။
သို့သော် အတွင်းစည်းထဲကို ရောက်လာပြီးနောက် သူက ဘာမှမဟုတ်သေးမှန်း ကိုယ့်ကိုယ်ကိုယ် သိသွား၏။
"မင်းရဲ့ အခန်းကို အလုခံလိုက်ရတာလား"
ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ရုတ်တရက် ပေါ်လာသည်။
ကျန်းချန်သည် လင်းထျန်းကျုံး၏ အင်အားကို အနည်းငယ် နားလည်သဘောပေါက်ခဲ့သည်။
သဘာဝစွမ်းအားဖွင့်ခြင်း ပဥ္စမအဆင့်၏ ကျင့်ကြံခြင်း အခြေခံနှင့် သူ နားလည်သဘောပေါက်ထားသော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် သုံးမျိုးနှင့်အတူ လင်းထျန်းကျုံး၏ တိုက်ခိုက်ရေး အင်အားသည် အလွန်ပင် အင်အားကြီးမားသည်။
ထိုစွမ်းရည်ဖြင့် ဆိုလျှင် သာမန် အတွင်းစည်း တပည့်တစ်ယောက်သည်ပင် သူ့အခန်းကို လုယူနိုင်မည် မဟုတ်ပေ။
"ကျန်းချန်... ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေကို လျှော့မတွက်မိစေနဲ့"
"ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းမှာ လူ သုံးရာတောင် မရှိဘူး.. ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီက ပါရမီရှင်တွေထဲက ပါရမီရှင်တွေပဲ"
"အတွင်းစည်းမှာ အဆင့်တစ်ဆင့် တက်ဖို့တောင် မလွယ်ဘူး"
လင်းထျန်းကျုံးက ခေါင်းကို ခါယမ်းလိုက်ပြီး သက်ပြင်းချကာ ချက်ချင်းပင် ကျန်းချန်ကို သတိပေးလိုက်သည်။
"သတိထားဦး.. မင်း အခန်းရပြီးရင် တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးမှာ ငါစိုးရိမ်တယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
ကျန်းချန်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
ထို့နောက် သူက ခန်းမ၏ အလယ်ရှိ ရုံးသို့ သွားတော့မည့်အချိန်တွင် အေးစက်စက် လူသတ်ငွေ့ လွှမ်းသော အသံတစ်သံသည် သူ၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျန်းချန်... မင်း ဒီလောက်မြန်မြန် အတွင်းစည်း ထဲကို ရောက်လာမယ်လို့ ငါ မထင်ထားဘူး"
"အတွင်းစည်းထဲကို ရောက်လာမှတော့ ဒီနေ့ မင်းကို ကယ်နိုင်တဲ့သူ ဘယ်သူရှိလဲ ငါ ကြည့်ချင်သေးတယ်"
ရုတ်တရက် ကြားလိုက်ရသော အသံသည် ကျန်းချန်ကို ရပ်တန့်စေခဲ့သည်။
သူက အသံလာရာသို့ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာသော ဖူထုံကို တွေ့လိုက်ရသည်။
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဖူထုံ... မင်း ဘာလုပ်ချင်တာလဲ"
"ငါ ဘာလုပ်ချင်လဲ ဟုတ်လား"
"ငါ အပြင်စည်းမှာ ရှိတုန်းက အတွင်းစည်းထဲကို မင်းရောက်လာတာနဲ့ မင်းနဲ့ စာရင်းရှင်းမယ်လို့ ပြောခဲ့တာ မင်းမေ့နေပြီလား"
ဖူထုံက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"မင်း ငါ့ဆီက ယူသွားတဲ့အရာကို ပြန်ပေးဖို့ မင်းကို အခွင့်အရေး ပေးမယ်.. မဟုတ်ရင်တော့ ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
"ငါ မင်းဆီက ဘာမှ မယူခဲ့တဲ့အတွက် မင်းအနေနဲ့ ငါ့ရှေ့ကို မလာသင့်ဘူး"
ကျန်းချန်၏ အမူအရာက အေးစက်လာခဲ့သည်။
ထို့နောက် သူ၏ ပါးစပ်မှ မောက်မာသောစကားသံ တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
"ငါတစ်ခွန်းပဲ ပြောမယ်... ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း"
အခန်း(၄၄၃) ပြီး၏
အခန်း(၄၄၄)
"ဟိုကလေးက အတွင်းစည်းကို အခုမှ ရောက်လာတဲ့ တပည့်သစ်တစ်ယောက် မဟုတ်လား"
"ဘာလို့ သူက ဖူထုံနဲ့ ပြဿနာ တက်နေတာလဲ"
"ကြည့်ရတာ ဖူထုံက အသစ်လေးဆီကနေ အခန်းလုနေတာ ထင်တယ်"
".........."
ထိုက်ရှ နတ်မျှော်စင်၏ ပထမထပ် ခန်းမ။
လူတိုင်းသည် ဖူထုံနှင့် ထိပ်တိုက်တွေ့နေသော ကျန်းချန်ကို ကြည့်ကာ ကရုဏာသက်စွာဖြင့် သက်ပြင်းချခဲ့ကြသည်။
ယခုမှ အတွင်းစည်းကို ရောက်သော တပည့်သစ် တစ်ယောက်သည် ထိုက်ရှ နတ်မျှော်စင်၏ ပထမထပ်၌ အခန်းတစ်ခန်းကို အခမဲ့တစ်လ ရရှိနိုင်မည် ဖြစ်သည်။
အခန်းတစ်ခန်း ဌားရမ်းဖို့ ဂုဏ်ကျက်သရေ အမှတ် မရှိသည့် သူများအတွက် သဘာဝကျစွာပင် တပည့်အသစ်များထံမှ အခန်းများကို လုယက်ကြ၏။
ဖူထုံသည် အတွင်းစည်းတွင် သန်မာသောသူ တစ်ယောက် ဖြစ်၏။
အတွင်းစည်း၌ သူ၏ အဆင့်သတ်မှတ်ချက်သည် အားမနည်းပေ။
သူက ထိုက်ရှ နတ်မျှော်စင်ရဲ့ တတိယထပ်တွင် နေထိုင်သောသူ ဖြစ်သည်။
ယခု ဖူထုံက ပထမထပ်တွင် အခန်းလာလုသောကြောင့် သူတို့တွင် ဖူထုံနှင့် ယှဉ်ပြိုင်၍ တပည့်သစ်ထံမှ လုယူရန် အင်အား မရှိပေ။
"ငါ့ကို ထွက်သွားဖို့ ပြောနေတာလား"
"ကျန်းချန်... ဒါ အပြင်စည်း မဟုတ်ဘူး..အဲဒီတုန်းကလို တစ်စုံတစ်ယောက်က မင်းကို ကာကွယ်ပေးမယ်လို့ ထင်နေတာလား"
"ဒီထိုက်ရှ နတ်မျှော်စင်ထဲမှာတော့ မင်းက ငါ့ရှေ့မှာ မာနထောင်လွှားဖို့ အရည်အချင်း မရှိဘူး"
ဖူထုံက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သူက သတ်ဖြတ်လိုသော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်...မင်း ဒီထိုက်ရှ နတ်မျှော်စင်မှာ ဆက်နေချင်သေးရင် ငါ့ဆီက ယူသွားတဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ပြန်ပေးရမယ်"
"ဘယ်လိုလုပ်ပြ ဟိုကလေးက ဖူထုံရဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ယူသွားတာလဲ.. ဒါ.. ဒါက ဘယ်လို အခြေအနေလဲဟ"
ဖူထုံ၏ စကားကိုကြားလျှင် ခန်းမထဲမှ လူအများအပြားသည် မှင်တက်သွားကြသည်။
"ဒီကျန်းချန်က အပြင်စည်းကနေ အတွင်းစည်းထဲကို အခုမှ ရောက်ရှိလာတဲ့ တပည့်သစ် တစ်ယောက်ပဲ"
"သူက ဖူထုံဆီကနေ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ဘယ်တုန်းက ယူသွားတာလဲ"
"ငါ သိသလောက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အပြင်စည်းမှာရှိတဲ့ ဖူမိသားစုက လူတွေဆီ ဖူယုံက ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို အလောင်းအစားလုပ်ဖို့ ယူသွားခဲ့တယ်.. ရလဒ်အနေနဲ့ အပြင်စည်းမှာရှိတဲ့ ဖူမိသားစု တပည့်က ဖူထုံရဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ဆုံးရှုံးသွားခဲ့တယ်"
အတွင်းရေးကို သိသည့် လူတစ်ယောက်က ရှင်းပြလိုက်၏။
"ဒါဆို... ဖူထုံရဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းက ဒီကလေးဆီမှာ ရှုံးသွားတာပေါ့"
"ထိုက်ရှ နတ်မျှော်စင်ရဲ့ တတိယထပ်မှာ နေတဲ့ ဖူထုံက ပထမထပ်ဆီ ရောက်လာတာ မဆန်းတော့ဘူး"
"ဒီကလေးက တော်တော် ရူးမိုက်တာပဲ.. ဖူထုံရဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ယူထားတာတောင် အတွင်းစည်းထဲကို လာရဲသေးတယ်"
"ဟမ့်.. ငါ့အထင်တော့ သူက ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပဲ"
လူတိုင်းက ကျန်းချန်နှင့် ဖူထုံတို့ ကြားရှိ မကျေနပ်မှုအကြောင်းကို သိရှိပြီးနောက် ခေါင်းကို ခါယမ်းကာ သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
အဘယ်ကြောင့် ကျန်းချန်က ဤကဲ့သို့အချိန်တွင် အတွင်းစည်းထဲကို မိုက်မိုက်ကန်းကန်း လာခဲ့သလဲ သူတို့ အမှန်တကယ် နားမလည်ကြပေ။
သူတို့၏ အမြင်အရ ကျန်းချန်သည် အပြင်စည်းတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ အတွက် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို လုံးဝ လဲလှယ်ပြီး ဖူထုံနဲ့ ယှဉ်ပြိုင်နိုင်သည် အထိ အလုံအလောက် အင်အားကြီးမားလာသောအခါမှသာ အတွင်းစည်းထဲကို ဝင်လာသင့်သည်။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့် သုံးရာနီးပါးထဲတွင် ဖူထုံ၏ အဆင့်သတ်မှတ်ချက်သည် အရမ်းကြီး မမြင့်မားလျှင်ပင် ၁၆၆ အဖြစ် အဆင့် သတ်မှတ်ခံထားရ၏။
ထိုကဲ့သို့သော လူကို ယခုမှ အကဲဖြတ်မှုကို အောင်မြင်ပြီး အတွင်းစည်းထဲကို ဝင်လာသည့် အသစ်တစ်ယောက်က ကိုင်တွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ငါ မင်းရဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို ဘယ်တုန်းက ယူခဲ့လို့လဲ"
ကျန်းချန်က အေးစက်သော လေသံဖြင့် ခနဲ့လိုက်သည်။
"ငါ ဖူယုံဆီက ရိုးရိုးသားသား အနိုင်ရခဲ့တဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းက မင်းနဲ့ ဘာမှ မဆိုင်ဘူး"
"ကျန်းချန်... မင်း ငါ့ကို ဆန့်ကျင်ဖို့ အခိုင်အမာ တွေးထားပုံပဲ"
ဖူထုံက အေးစက်စက် ရေရွတ်လိုက်သည်။
ကျန်းချန်က ဖူထုံကို စူးရှစွာ ကြည့်လိုက်၏။
"ဟားဟား... မင်းနဲ့ တိုက်ရင်တောင် မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထိုခဏတွင် သူ၏ မောက်မာသော အသံသည် ခန်းမထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"အပြင်စည်းမှာတုန်းက မင်းငါ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး.. အခု အတွင်းစည်းမှာလည်း မင်း ငါ့ကို အနိုင်ရမယ်လို့ ထင်လား"
"မင်းနားလည်ထားဖို့က အစကတည်းက မင်းကို ငါ့မျက်လုံးထဲမှာ ဘယ်တော့မှ ထည့်မတွက်ခဲ့ဘူး"
အခန်း(၄၄၄) ပြီး၏