အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း(၄၄၅)
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ခန်းမထဲမှ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် မယုံနိုင်လောက်အောင် အံ့သြ တုန်လှုပ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ဖူထုံ ဆိုသည်မှာ အတွင်းစည်းတွင် အဆင့်၁၆၆ အဖြစ်သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ၏ အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဤကလေး၏ ရဲတင်းမှုက မည်သည့်နေရာကလာလဲ သူတို့ တကယ် မသိပေ။
သို့သော် ဖူထုံကို မျက်လုံးထဲ မထည့်သည်ကတော့ သေချာ၏။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ကျန်းချန်... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီ"
"ငါ ဖူထုံကို စော်ကားရင် ဘယ်လောက် အဖိုးအခ ကြီးလဲဆိုတာ ဒီနေ့ မင်းကို သိစေမယ်"
ဖူထုံက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထိုခဏတွင် သူ့ဆီကနေ ပြင်းထန်သော လူသတ်ငွေ့များ ချက်ချင်း ထွက်ပေါ်လာ၏။
"မင်းက အပိုစကားတွေ သိပ်ပြောတာပဲ.. မင်း ငါ့ရှေ့ကနေ မသွားချင်မှတော့ ငါကိုယ်တိုင် မင်းကို မောင်းထုတ်မယ်
ကျန်းချန်က အေးစက်စွာ ရေရွတ်လိုက်သည်။
ထို့နောက် သူက လက်သီးကို ရုတ်တရက် ဆုပ်လိုက်ပြီး ပြင်းထန်သော လက်သီးချက်ဖြင့် ဖူထုံကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။
"သေဖို့ ကြိုးစားနေတာပဲ"
ဖူထုံ၏ အမူအရာက ရုတ်တရက် အေးစက်သွားသည်။
သူက ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ဧရာမ လက်ဝါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်၏။
"ဝုန်း"
လက်သီးနှင့် လက်ဝါးက လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ခန်းမထဲတွင်ချက်ချင်းဆိုသလို ထွက်လာ၏။
ရုန့်ရင်းသော စွမ်းအင် လှိုင်းများက သမုဒ္ဒရာ လှိုင်းများလို ခန်းမကို လွှမ်းခြုံသွားခဲ့သည်။
ဖူထုံ၏ ဧရာမ လက်ဝါးက ကျန်းချန်၏ လက်သီးစွမ်းအား သက်ရောက်မှုကို ခံလိုက်ရပြီး ပျက်စီးသွားသည်။
လက်သီးတစ်ချက်က ဖူထုံရဲ့ လက်ဝါး အင်အားကို ချေမှုန်းလိုက်နိုင်၏။
ကျန်းချန်က ဖူထုံကို အေးစက်စက် ကြည့်လိုက်သည်။
သူက ခြေဖဝါးကို မြေပြင်ပေါ်သို့ တစ်ချက်ဆောင့်နင်းလိုက်၏။
သူ၏ ပုံရိပ်သည် တခဏအတွင်း ဖူထုံဆီသို့ နောက်တစ်ကြိမ် ရောက်ရှိသွားသည်။
"ဒီလောက် ရုန့်ရင်းတဲ့ အင်အားကို ဒီကောင် ဘယ်လိုများ ပိုင်ဆိုင်ထားတာလဲ"
ဖူထုံက ထိတ်လန့်သွားခဲ့သည်။
သူက အနည်းငယ်လေးမျှပင် လျှော့မတွက်ရဲတော့ချေ။
ထိုခဏတွင် ငွေရောင်ချီလှိုင်း တစ်ခုသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
"ဝုန်း"
ကျန်းချန်၏ လက်သီးချက်က မျက်စိတစ်မှိတ်အတွင်း ဖူထုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင် ချီလှိုင်း ပေါ်သို့ ကျသွားသည်။
ချက်ချင်းဆိုသလို အင်အားကြီးမားသည့် တန်ပြန်အင်အားတစ်ခုသည် ကျန်းချန်အပေါ်သို့ ပြန်လည် သက်ရောက်လာခဲ့၏။
"တိုက်ခိုက်မှုကို တန်ပြန်စေနိုင်တဲ့ ကာကွယ်ရေး နည်းစနစ်ပါလား"
ကျန်းချန်က အနည်းငယ် နောက်သို့ ဆုတ်လိုက်ရပြီး သူ၏ ကိုယ်ပေါ်သို့ သက်ရောက်လာသည့် တန်ပြန်အင်အားကို တားဆီးလိုက်သည်။
"ဒါက... လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်မိုးကြိုး တန်ပြန် နည်းစနစ်ပဲ.. ဖူထုံက ဒီနည်းစနစ်ကို ဒီအဆင့်ထိ လေ့ကျင့်ထားမယ်လို့ ငါ မထင်ထားမိဘူး"
"ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်က ထိုက်ရှဂိုဏ်းရဲ့ နာမည်ကျော် ကာကွယ်ရေး နည်းစနစ်ပဲ.. ဒီနည်းစနစ်က တိုက်ခိုက်မှုတွေရဲ့ အနည်းဆုံး ခြောက်ဆယ်ရာခိုင်နှုန်းကို ပြန်လည် သက်ရောက်စေနိုင်တယ်လို့ ပြောကြတယ်"
"ဒီအတိုင်းဆို ဟိုကောင်လေးတော့ ခေါင်းကိုက်ရတော့မယ်"
"............"
လူတိုင်းသည် ဖူထုံ၏ ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်ကို မြင်လျှင် ကျန်းချန်အတွက် အနည်းငယ် စာနာခဲ့ကြသည်။
"ဟားဟား... ကျန်းချန်... ငါက ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်ကို အမြင့်ဆုံး အဆင့်ထိ လေ့ကျင့်ထားပြီးပြီ.. မင်း ငါ့ကို တိုက်ခိုက်လည်း မင်း တိုက်ခိုက်လိုက်တဲ့ ခွန်အားရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းကျော်ကို မင်းပဲ ရင်ဆိုင်ရလိမ့်မယ်"
"မင်း ဘယ်လောက်ပဲ အင်အားကြီးမားပါစေ...မင်း ငါ့ကို တိုက်ခိုက်ရင် မင်းပဲ ခံစားရလိမ့်မယ်"
ဖူထုံက ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
သူ၏ လှောင်ရယ်သံက ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။
"ဒါက ထိုက်ရှဂိုဏ်းရဲ့ ထိပ်တန်း နည်းစနစ်ပဲ.. ဘယ်နှယ့်ရှိစ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ မင်းရဲ့ ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်က စကားနဲ့တောင် ဖော်ပြဖို့ မထိုက်တန်ဘူး"
"ဟမ့်... မင်းက ငါ့ရှေ့မှာ အခုထိ လေလုံးမလျော့သေးဘူးကိုး"
ဖူထုံက အေးစက်စက် ပြုံးလိုက်သည်။
သူက ရန်စသောအမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။
"ဒါဆို မင်းငါ့ကို လာတိုက်ခိုက်လေ"
"မင်းက ဒီလောက်တောင် အရိုက်ခံချင်နေမှတော့ ထောက်ထားစရာ အကြောင်းပြချက် ငါ့မှာ မရှိတော့ဘူး"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
မကြာခင်မှာပင် သူ၏ ပုံရိပ်သည် လင်းလက်သွားပြီး နေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၄၄၅) ပြီး၏
အခန်း(၄၄၆)
ကျန်းချန်၏ မျက်လုံးများက စူးရှနေသည်။
သူ၏ ပုံရိပ် လင်းလက်သွားသည်နှင့် တစ်ပြိုင်နက် သူက တစ္ဆေတစ်ကောင် ကဲ့သို့ ဖူထုံ၏ ရှေ့၌ ပေါ်လာပြီး ဖူထုံ၏ ခန္ဓာကိုယ်ပေါ်မှ ငွေရောင်ချီလှိုင်းကို တိုက်ခိုက်ရန် ဂျင်တစ်ထောင် အင်အားပါသော လက်သီးချက်ကို ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ အထက်စီးဆန်သော အသံသည် ခန်းမထဲ၌ ချက်ချင်း ပဲ့တင်ထပ်သွား၏။
"အကြွင်းမဲ့အင်အားကို ရင်ဆိုင်ရတဲ့အခါ ဘယ်လောက်ပဲ အင်အားကြီးတဲ့ ကာကွယ်ရေး နည်းစနစ် ဖြစ်နေပါစေ၊ အသုံးမဝင်ဘူး"
"အကြွင်းမဲ့အင်အား ဆိုတာ ဘယ်လိုမျိုးလဲ မင်းကို သိစေမယ်"
ထိုခဏတွင် ကျန်းချန်၏ လက်သီးချက်သည် ဖူထုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်ချီလှိုင်းပေါ်သို့ ကျရောက်သွား၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံသည် ခန်းမတစ်ခုလုံးကို ချက်ချင်း ပဲ့တင်ထပ်သွားသည်။
နောက်ထပ် တစ်ခဏတွင် ဖူထုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်ချီလှိုင်းသည် ပြင်းပြင်းထန်ထန် တုန်ခါနေပြီး မျက်စိနှင့်မြင်နိုင်သော အက်ကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"မင်း... မင်း ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်ရဲ့ တန်ပြန်အင်အားကို မခံစားရဘူးလား.. ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ကျန်းချန်၏ လက်သီးချက် တစ်ချက်ထဲဖြင့် သူ၏ အကာအကွယ် ပျက်စီးသွားသည်ကို မြင်လျှင် ဖူထုံက တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွား၏။
သူ၏ နှုတ်မှလည မယုံကြည်နိုင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်တွင် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ပြီး တိုက်ခိုက်မှုများ၏ ၆၀% ထက် ပို၍ တန်ပြန်သက်ရောက်နိုင်စွမ်းရှိ၏။
သို့သော် ကျန်းချန်က အဘယ်ကြောင့် တန်ပြန်သက်ရောက်မှုကို မခံစားရပါသနည်း။
"ဒါက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိဘူး"
"အကြွင်းမဲ့အင်အားနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းရဲ့ နည်းလမ်းတွေ အချည်းနှီးပဲလို့ ငါ အစောကြီးကတည်းက ပြောခဲ့သားပဲ"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
ထိုခဏတွင် သူက ညာဘက်လက်ကို လှုပ်ရှားလိုက်ပြီး ရုတ်တရက် ပို၍ အင်အားကြီးမားသော လက်သီးချက်ကို ထုတ်ဖော်လိုက်၏။
ဤကမ္ဘာတွင် မည်မျှ အင်အားကြီးမားသော နည်းစနစ်ဖြစ်စေ၊ အကန့်အသတ်ချက်တော့ ရှိသည်။
ဖူထုံ၏ ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်သည် အဆုံးသတ်တွင် နက်နဲမှုအဆင့် ကိုယ်ခံပညာ တစ်ခုသာ ဖြစ်သည်။
ယင်းက တိုက်ခိုက်မှု၏ ၆၀% ထက် ပို၍ တန်ပြန် နိုင်စွမ်းရှိသော်လည်း ကန့်သတ်ချက်တစ်ခု ရှိ၏။
၎င်းမှာ ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်၏ အကန့်အသတ်ထက် ကျော်လွန်သည့် အင်အားနှင့် ရင်ဆိုင်ရလျှင် အသုံးမဝင်ခြင်း ဖြစ်သည်။
ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် တတိယအဆင့်၏ နှောင်းပိုင်း အဆင့်ကို ချိုးဖျက်သွားပြီးနောက် သူ၏ ခွန်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ နှင့် ယှဥ်တိုက်နိုင်သည်အထိ လုံလောက်နေခဲ့၏။
ထိုအင်အားဖြင့် ဖူထုံ၏ အကာအကွယ်ကို ဖျက်ဆီးရန်မှာ သဘာဝကျစွာ လွယ်ကူ၏။
ကျန်းချန်၏ အင်အား သက်ရောက်လာသည်နှင့်ကန့်သတ်ချက်သို့ ရောက်နေသော ဖူထုံ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အကာအကွယ်မဲ့သွားသည်။
ကျန်းချန်၏ လက်သီးပေါ်မှ အင်အားက ဖူထုံ၏ ရင်ဘတ်ကို လေးလံစွာ ထိမှန်သွားခဲ့သည်။
"ဝုန်း"
ဖူထုံ၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ၏ ပုံရိပ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာအနည်းငယ် အဝေးထိ လွင့်စင်သွားသည်။
သူ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ကျလာသည်နှင့် ဖူထုံက တစ်ခါတည်း သတိလစ်သွားခဲ့၏။
ကျန်းချန်ထံတွင် ခွေးသေ တစ်ကောင်ကဲ့သို့ ထိုးနှက်ခံရသော ဖူထုံကို မြင်လျှင် ခန်းမထဲမှ လူအားလုံးသည် အသက်ရှူရန်ပင် မေ့လျော့ကုန်ကြသည်။
"ငါ... ငါ အမြင်မမှားပါဘူးနော်.. ဖူထုံက တကယ် ရှုံးနိမ့်သွားတာပဲ"
"အင်အားကြီးမားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်... ဒီကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အင်အားက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့်နဲ့ နှိုင်းယှဉ်နိုင်လောက်တယ်"
"အတွင်းစည်းထဲကို အခုမှ ရောက်လာတဲ့ ဒီကောင်လေးက တကယ်ကို နတ်ဆိုးဆန်တဲ့ကောင်ပဲ"
"............."
လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ အင်အားကို အံ့သြနေရင်း နှလုံးသားထဲကနေ ဖူထုံကို ကျေးဇူးတင်ခဲ့ကြသည်။
ကံကောင်းစွာဖြင့် ဖူထုံသည် သူတို့ထက်အရင် ကျန်းချန်ကို အပြေးအလွှား ရင်ဆိုင်ခဲ့သည်။
ထိုသို့မဟုတ်ဘဲ သူတို့က ကျန်းချန်ကို ပြဿနာ ရှာမိခဲ့လျှင် မည်သို့ မည်ပုံ သေသွားမှန်းပင် သိလိုက်မည်မဟုတ်ပေ။
"ဒီကောင့်ရဲ့ အင်အားက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး"
"အပြင်စည်းမှာတုန်းက ငါ အစွမ်းကုန် ကြိုးစားပြီး တိုက်ခဲ့ရင်တောင် ငါပဲ ရှုံးနိမ့်မှာ သေချာတယ်"
လင်းထျန်းကျုံးက နှလုံးသားထဲကနေ ခါးသီးစွာ ရေရွတ်လိုက်၏။
ဤအချိန်တွင် လင်းထျန်ကျုံးသည် သူနှင့် ကျန်းချန်ကြား၌ ကွာဟချက် မည်မျှ ကြီးမားမှန်း သိသွားခဲ့သည်။
သူသာ ဖူထုံ၏ ကောင်းကင်မိုးကြိုး တန်ပြန်နည်းစနစ်ကို ရင်ဆိုင်ရလျှင် တကယ်ကို ကူကယ်ရာမဲ့သွား ပေလိမ့်မည်။
ဖူထုံကို ပေါ့ပေါ့ပါးပါး ဖြေရှင်းပြီးနောက် ခန်းမထဲမှ မရေမတွက်နိုင်သော အကြည့်များအောက်တွင် ကျန်းချန်သည် ရုံးခန်း ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။
အခန်း(၄၄၆) ပြီး၏
အခန်း(၄၄၇)
"ကောင်လေး... မင်းက သန်မာသားပဲ"
သူ့ဆီသို့ လာနေသည့် ကျန်းချန်ကို ကြည့်ပြီး ရုံးခန်းမှ အနက်ရောင်ဝတ် တာဝန်ခံက ပြုံး၍ ပြောလိုက်သည်။
အစောပိုင်းက တိုက်ခိုက်ခဲ့သော ကျန်းချန်၏ အင်အားကြီးမားသော တိုက်ခိုက်ရေး စွမ်းအားနဲ့ ပတ်သက်ပြီး အနက်ရောင်ဝတ် တာဝန်ခံက တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ ဤကလေးသည် တကယ်ကို ထူးခြားသည့် ပါရမီရှင် တစ်ဦး ဖြစ်၏။
အတွင်းစည်းထဲကို ယခုမှ ရောက်လာသည့် အသစ်တစ်ယောက်က အတွင်းစည်း၏ အဆင့် ၁၆၆အဖြစ် သတ်မှတ်ခံထားရသည့် ဖူထုံကို အနိုင်ယူခဲ့သည်။
ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်တွင် ထိုကဲ့သို့ ပါရမီရှင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
"ကြီးကြပ်ရေးမှူးက ချီးကျူးလွန်းနေပါပြီ"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ဒါ မင်းရဲ့ အခန်းနံပါတ်ပဲ.. ထိုက်ရှ နတ်မျှော်စင်ရဲ့ စည်းမျဉ်းအရ မင်းမှာ အခမဲ့ နေထိုင်ခွင့် တစ်လ ရှိတယ်"
"တစ်လကြာပြီးနောက်မှာ ဆက်နေချင်ရင်တော့ တစ်လကို ဂုဏ်ကျက်သရေ အမှတ် သုံးထောင် ပေးရမယ်"
"မင်း ဂုဏ်ကျက်သရေ အမှတ်တွေ မပေးနိုင်ရင်တော့ သူတို့လိုပဲ ဒီခန်းမထဲမှာ နေရလိမ့်မယ်"
အနက်ရောင်ဝတ် တာဝန်ခံက လုပ်ထုံးလုပ်နည်းများကို အလျင်အမြန် ပြီးစီးစေခဲ့ပြီး အခန်းနံပါတ်တစ်ခုအား ကျန်းချန်ကို ပေးခဲ့သည်။
ထိုခဏတွင် ကျန်းချန်က ခေါင်းညိတ်၍ မေးလိုက်သည်။
"ကျွန်တော် အထပ်မြင့် အခန်းကို ပြောင်းလို့ ရမလား"
"သေချာပေါက် ရတာပေါ့"
"မင်းမှာ လုံလောက်တဲ့ ဂုဏ်ကျက်သရေ အမှတ် ရှိသရွေ့ ထိုက်ရှ နတ်မျှော်စင်ရဲ့ ဘယ်အထပ်မှာပဲ နေချင်ပါစေ၊ ပြဿနာ မရှိဘူး"
"မင်း အထပ်မြင့် အခန်းကို ပြောင်းချင်ရင် ဂုဏ်ကျက်သရေ အမှတ် သုံးထောင် ငါ လျော့ပေးမယ်.. လိုတာကိုတော့ မင်း ဖြည့်ရမယ်"
အနက်ရောင်ဝတ် တာဝန်ခံက ပြုံး၍ ပြောလိုက်သည်။
"ပြဿနာ မရှိပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အားလုံး အံ့အားသင့်စေမည့်စကားကို ပြောလိုက်သည်။
"ကျွန်တော့်ကို ကိုးထပ်က အခန်းဆီ ပြောင်းပေးပါ"
"ကိုးထပ်က အခန်းလား"
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမထဲမှ လူများသည် မျက်မှောင်ကြုတ်သွားကြသည်။
အတွင်းစည်းထဲကို ယခုမှ ရောက်လာသည့် တပည့်သစ်တစ်ယောက်သည် ထိုက်ရှ နတ်မျှော်စင်၏ ကိုးထပ်တွင် နေထိုင်ရန် ပြောနေခဲ့သည်။
သိထားရမည်မှာ ထိုက်ရှ နတ်မျှော်စင်၏ ကိုးထပ်မှအခန်းများသည် အခကြေးငွေ တော်တော် ဈေးကြီး၏။
တစ်ရက်ကို ဂုဏ်ကျက်သရေ အမှတ် တစ်ထောင့်ငါးရာ ကုန်ကျ၍ တစ်လအတွက် ဂုဏ်ကျက်သရေ အမှတ် လေးသောင်း ငါးထောင် အပြည့်အဝ ကုန်ကျသည်။
သေချာသောအချက်မှာ ဂုဏ်ကျက်သရေ အမှတ်များသည် ဒုတိယ အရေးကြီးဆုံး ဖြစ်၏။
စင်စစ် ထိုက်ရှ နတ်မျှော်စင်၏ ကိုးထပ်တွင် အခန်း စုစုပေါင်း ငါးခန်းသာ ရှိပြီး တိုက်ရိုက် တပည့် ငါးယောက် နေထိုင်ကြသည်။
ထို့ကြောင့် ကိုးထပ်မှာ နေချင်လျှင် ပထမဆုံးအနေဖြင့် တိုက်ရိုက် တပည့်ကို စိန်ခေါ်ရပေမည်။
ဤကောင်လေးက တိုက်ရိုက် တပည့်ကို စိန်ခေါ်ချင်နေပါသလော။
"မင်း... မင်း ဘာပြောလိုက်တာလဲ.. ကိုးထပ်က အခန်းမှာ နေချင်တယ်.. ဟုတ်လား"
အနက်ရောင်ဝတ် တာဝန်ခံသည် ကြောင်အသွားသည်။
သူက မယုံကြည်နိုင်စွာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
သူက နားကြားမှားသလားဟုပင် အံ့သြခဲ့၏။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်က ကိုးထပ်မှာ နေချင်ရုံပါပဲ.. ပြဿနာ တစ်ခုခု ရှိလို့လား"
ထိုက်ရှဂိုဏ်းမှ သူရရှိထားသော ဂုဏ်ကျက်သရေ အမှတ်များသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်ရန် ဖြစ်သည်။
ထိုက်ရှ နတ်မျှော်စင်၏ ကိုးထပ်တွင် အကောင်းမွန်ဆုံး အကျိုးကျေးဇူးများ ရှိနေသည် ဖြစ်ရာ သူ၏ ဂုဏ်ကျက်သရေ အမှတ်များနှင့် လဲလှယ်ရန် တွန့်ဆုတ်မနေခဲ့ချေ။
"ကျန်းချန်... ထိုက်ရှ နတ်မျှော်စင်က အထပ်မြင့်လေ အထပ်တစ်ခုစီမှာရှိတဲ့ အခန်းတွေက နည်းလေပဲ"
"ထိုက်ရှ နတ်မျှော်စင်ရဲ့ ကိုးထပ်မှာ အခန်း စုစုပေါင်း ငါးခန်းပဲ ရှိတယ်.. လက်ရှိမှာ ထိုက်ရှဂိုဏ်းရဲ့ တိုက်ရိုက် တပည့် ငါးယောက် နေထိုင်ကြတယ်"
"မင်း ကိုးထပ်က အခန်းကို ဝင်ချင်ရင် ဂုဏ်ကျက်သရေ အမှတ်တွေ ပေးဆောင်တာအပြင် အရေးကြီးဆုံးအရာက တိုက်ရိုက် တပည့်တစ်ယောက်ကို အနိုင်ယူဖို့ပဲ"
အနက်ရောင်ဝတ် တာဝန်ခံက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို ကြည့်လိုက်၏။
"အခု ထိုက်ရှ နတ်မျှော်စင်ရဲ့ ရှစ်ထပ်မှာရှိတဲ့ အခန်း ဆယ်ခန်းထဲမှာ တစ်ခန်း လွတ်နေတယ်.. မင်းမှာ လုံလောက်တဲ့ ဂုဏ်ကျက်သရေ အမှတ်တွေ ရှိရင် ရှစ်ထပ်မှာပဲ နေလိုက်ပါ ကောင်လေး"
ကျန်းချန်က ခဏမျှ အံ့သြသွားသည်။
သူက ဂုဏ်ကျက်သရေ အမှတ်တွေ ရှိသရွေ့ ထိုက်ရှ နတ်မျှော်စင်တွင် လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်မည်ဟု ထင်ခဲ့၏။
သို့သော် ကိုးထပ်မှာ နေထိုင်ရန် အတွက် ထိုကဲ့သို့ အခြေအနေမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့် ငါးယောက်။
ထို ငါးယောက်သည် အနည်းဆုံး သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ခြေလှမ်းတစ်ဝက် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကိုပင် ရောက်ရှိနေပြီဟု ပြောနေကြ၏။
အခန်း(၄၄၇) ပြီး၏