အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အခန်း(၄၄၈)
"ကောင်းပြီလေ... ဒါဆိုလည်း ရှစ်ထပ်မှာပဲ နေတော့မယ်"
ကျန်းချန်က မဆိုင်းမတွပင် တိုက်ရိုက် ခေါင်းညိတ်ခဲ့သည်။
ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့် ငါးယောက်သည် ထူးခြားသော ပါရမီရှင်များ ဖြစ်သည်။
ကျန်းချန်၏ လက်ရှိ အင်အားဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် တိုက်ရိုက် တပည့်ကို စိန်ခေါ်ရန် မဖြစ်နိုင်သေးပေ။
ဤအချိန်၌ ကျန်းချန်သည် တိုက်ရိုက် တပည့် ငါးယောက်နှင့် ပဋိပက္ခ မဖြစ်လိုချေ။
ကျန်းချန်အတွက် ယခု အရေးကြီးဆုံး အရာမှာ သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် အတွက် ထိုက်ရှဂိုဏ်း၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးပြုရန် ဖြစ်သည်။
"ထိုက်ရှ နတ်မျှော်စင်ရဲ့ ရှစ်ထပ်မှာ နေဖို့ တစ်လကို ဂုဏ်ကျက်သရေ အမှတ် သုံးသောင်း လိုအပ်တယ်.. မင်းအတွက် ဂုဏ်ကျက်သရေ အမှတ် သုံးထောင်ကို ငါ နှုတ်ပေးမယ်.. ဒါဆို မင်း ဂုဏ်ကျက်သရေ အမှတ် နှစ်သောင်း ခုနစ်ထောင်ပဲ ပေးဖို့ လိုတော့တယ်"
အနက်ရောင်ဝတ် တာဝန်ခံက အပိုစကား မပြောတော့ဘဲ ကျန်းချန်ကို တိုက်ရိုက် ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
သူက ဂုဏ်ကျက်သရေ အမှတ် နှစ်သောင်းခုနစ်ထောင်ကို ပေးဆောင်ရန် သူ၏ အထောက်အထား တံဆိပ်ပြားကို ထုတ်ယူတော့မည့် အချိန်တွင် အသံတစ်သံသည် ခန်းမထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
"ခဏလေး စောင့်ပါဦး တာဝန်ခံဆု.. ရှစ်ထပ်က နောက်ဆုံးကျန်တဲ့ အခန်းကို ကျွန်တော် လိုချင်တယ်"
ဤအသံကို ကြားသောအခါ ကျန်းချန်သည် အနည်းငယ် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ထိုက်ရှ နတ်မျှော်စင်၏ အပြင်ဘက်ကနေ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
အဖြူရောင်ဝတ် လူငယ်က ထိုက်ရှ နတ်မျှော်စင်ထဲကို ဝင်ရောက်လာသည်နှင့် ကျန်းချန်သည် ပြင်းထန်သော ဆေးလုံး ရနံ့ကို ခံစားမိခဲ့၏။
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူ့အထင် ဤအဖြူရောင်ဝတ် လူငယ်သည် ဆေးလုံးများ သန့်စင်သည့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်ဖို့များ၏။
"ဒါ ရှန်းလင်းဖုန်း မဟုတ်လား.. သူလည်း ရှစ်ထပ်က အခန်းကို လိုချင်တာလား"
"ရှန်းလင်းဖုန်းက အတွင်းစည်းထဲမှာ ဖူထုံထက် အဆင့်သတ်မှတ်ချက် သိပ်မမြင့်မားဘူး ဆိုပေမဲ့ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ပဲ.. ထိုက်ရှဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေတောင် သူ့ကို မျက်နှာသာ ပေးရတယ်"
"သွားပြီ.. ဟိုကောင်လေးတော့ ဒုက္ခရောက်ပြီ"
"............."
ရှန်းလင်းဖုန်း ပေါ်ထွက်လာသည်ကို မြင်လျှင် ခန်းမထဲမှ လူအများအပြားသည် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု တွေးကာ ဝမ်းသာသွားကြသည်။
ခန်းမထဲရှိ လူတိုင်း၏ အကြည့်အောက်မှာပင် ရှန်းလင်းဖုန်းသည် ခန်းမ အလယ်ရှိ ရုံးခန်းဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။
"တာဝန်ခံဆု.. ကျွန်တော့်ရဲ့ ခုနစ်ထပ်က အခန်းက အခုလေးတင် သက်တမ်းကုန်သွားပြီ.. ကျွန်တော့်ကို ရှစ်ထပ်က အခန်း ပေးနိုင်မလား"
ရှန်းလင်းဖုန်းက သူ၏ ဘေးမှ ကျန်းချန်ကိုပင် မကြည့်ဘဲ အနက်ရောင်ဝတ် တာဝန်ခံကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှန်းလင်းဖုန်း၏ အထက်စီးဆန်သော အပြုအမူကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
ထိုခဏတွင် သူ၏ မကျေမနပ် ရေရွတ်လိုက်သော အေးစက်စက်အသံသည် ခန်းမထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"တောင်းပန်ပါတယ်.. ရှစ်ထပ်က နောက်ဆုံး အခန်းက ကျွန်တော်အရင် ယူထားပြီးပြီ.. ခင်ဗျား နေဖို့ တခြား နေရာတစ်ခုကိုပဲ ရွေးသင့်ပါတယ်"
"မင်း အရင်ဆုံး ယူတော့ရော ဘာလုပ်ပေးရမလဲ"
"ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းမှာ ငါ တစ်ခုခုကို သဘောကျသရွေ့ ဘယ်သူမှ ငါ့ကို မျက်နှာသာ မပေးဘဲ မနေဝံ့ဘူး"
ရှန်းလင်းဖုန်းက ခကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ အထက်စီးဆန်စွာ ပြောလိုက်သည်။
"မင်း ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရှစ်ထပ်က အခန်းက ငါ့အတွက်ပဲ"
ရှန်းလင်းဖုန်းက ထိုစကားကို ပြောပြီးနောက် ကျန်းချန်ကို လျစ်လျူရှုလိုက်သည်။
ထို့နောက်တွင် သူက အခန်း ဌားရမ်းရန်အတွက် ဂုဏ်ကျက်သရေ အမှတ်များ ပေးဆောင်ရန် သူ၏ အထောက်အထား တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။
ထိုခဏတွင် သူ၏ ပုံရိပ်က လင်းလက်သွားပြီး ရှန်းလင်းဖုန်း၏ ဘေး၌ ရုတ်ခြည်း ပေါ်လာခဲ့ကာ ရှန်းလင်းဖုန်း၏ အထောက်အထား တံဆိပ်ပြားကို ဆွဲယူရန် လက်ဆန့်ထုတ်လိုက်သည်။
မကြာမီမှာပင် ကျန်းချန်သည် သူ၏လက်ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်ပြီး ရှန်းလင်းဖုန်း၏ အထောက်အထား တံဆိပ်ပြားကို တိုက်ရိုက် ဆွဲယူခဲ့သည်။
သူ၏ ခွန်အားကြောင့် ရှန်းလင်းဖုန်းသည် တံဆိပ်ပြားကို လက်လွှတ်လိုက်ရသလို နောက်သို့လည်း ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။
ကျန်းချန်က ရှန်းလင်းဖုန်းကို စေ့စေ့ ကြည့်လိုက်ပြီး ရှင်းလင်းဖုန်း၏ အထောက်အထား တံဆိပ်ပြားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အေးစက်သော အသံသည် ခန်းမထဲ၌ ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"တခြားလူတွေ မင်းကို မျက်နှာသာ ပေးချင် ပေးလိမ့်မယ်.. အဲဒါက ငါ မင်းကို မျက်နှာသာ ပေးမယ်လို့ မဆိုလိုဘူး.. မင်းရဲ့ မျက်နှာက ငါ့မျက်လုံးထဲမှာ ဖော်ပြဖို့တောင် မထိုက်တန်ဘူး"
"မင်းရဲ့ အထောက်အထား တံဆိပ်ပြားကို ကောက်ပြီး ဒီကနေ မြန်မြန် ထွက်သွားစမ်း"
အခန်း(၄၄၈) ပြီး၏
အခန်း(၄၄၉)
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် လူတိုင်းသည် အသက်ပင် မရှူနိုင် ဖြစ်သွားကြသည်။
"တော်တော် မာနကြီးတဲ့ကောင်ပဲ"
"ဒီကလေးက တကယ်ပဲ သာမန် မဟုတ်ဘူး"
ရှန်းလင်းဖုန်းသည် ကိုယ်ခံပညာပါရမီတွင် အတွင်းစည်းထဲရှိ ပါရမီရှင်များလောက် ထူးချွန်မှု မရှိလျှင်ပင် အတွင်းစည်း တပည့် အများစု ရန်မဖြစ်ချင်သည့် သူ တစ်ယောက် ဖြစ်သည်။
ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် ရှန်းလင်းဖုန်း၏ အတွင်းစည်းထဲမှ အဆက်အသွယ်များကို သာမန်လူများ ယှဉ်နိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ရှန်းလင်းဖုန်း စကားတစ်ခွန်း ပြောလိုက်သည်နှင့် အတွင်းစည်း တပည့် အများအပြားသည် ရှန်းလင်းဖုန်း ဘက်ကနေ ရပ်တည်ဖို့ ဆန္ဒရှိကြသည်။
တိုက်ရိုက် တပည့် အချို့ပင် ရှန်းလင်းဖုန်းနှင့် မိတ်ဆွေ ဖွဲ့ဖို့ ဆန္ဒရှိကြ၏။
အဆုံးသတ်တွင် မည်သည့်ကိုယ်ခံပညာရှင်မဆို ကျင့်ကြံရန်အတွက် ဆေးလုံးများ မရှိမဖြစ် လိုအပ်သည်။
သင်က ရှန်းလင်းဖုန်းလို ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက်နှင့် ရင်းနှီးလျှင် ရှန်းလင်းဖုန်းက သင့်အတွက် ဆေးလုံးကို သန့်စင်ပေးမည် ဖြစ်၏။
ယင်းက ဂိုဏ်းထံမှ ဆေးလုံး လဲသည်ထက်ပင် ကုန်ကျစရိတ် သက်သာမည်မှာ သေချာသည်။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်းထဲတွင် ထိုကဲ့သို့ အရှိန်အဝါရှိသောသူကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် မိုက်မိုက်ကန်းကန်းပင် ထိပ်တိုက်တွေ့ခဲ့သည်။
လူတိုင်း၏ မျက်လုံးထဲတွင် ကျန်းချန်၏ လုပ်ရပ်သည် သေခြင်းတရားကို ရှာဖွေသည်နှင့် မခြားပေ။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းထဲမှာ ငါနဲ့ ပြဿနာတက်ရဲတာ မင်းပထမဆုံးပဲ"
ရှန်းလင်းဖန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
"ကောင်လေး... မင်း အခြေအနေကို သဘောပေါက်ရင် ငါ့ရှေ့မှာ နာခံမှုရှိရှိ ဒူးထောက်ပြီး တောင်းပန်လိုက်...မဟုတ်ရင် ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို စော်ကားတဲ့ အကျိုးဆက်တွေကို မင်းကို ငါ သိစေမယ်"
"ဟားဟား... ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်က တော်တော် ကြီးကျယ်နေလို့လား"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက ရှန်းလင်းဖန်းကို ခနဲ့တဲ့တဲ့ ကြည့်ကာ ပြောလိုက်၏။
"ရိုးရိုးသားသား ပြောရရင် ငါ စော်ကားခဲ့တဲ့ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် ဘယ်လောက်များလဲဆိုတာ ငါတောင် မမှတ်မိတော့ဘူး"
"............."
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမထဲမှ လူများသည် နှုတ်ခမ်းများ မဲ့ရွဲ့သွားကြ၏။
ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်။
ထိုအဆင့်အတန်းက သာမန် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူပင် မျက်နှာသာ အနည်းငယ် ပေးရသော အဆင့်အတန်း ဖြစ်၏။
ယခုတော့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ နို့နံ့ပင် စင်ပုံမရသေးသည့် ကောင်လေးက ပဉ္စမ အဆင့် အဂ္ဂိရတ်သခင်ကို လူပုံအလယ်တွင် စော်ကားနေခဲ့သည်။
"ဘယ်လောက် စော်ကားခဲ့လဲတောင် မသိဘူးဆိုပါလား"
"ဒီကောင်လေးက တော်တော်အကြောတင်းတဲ့ ကောင်ပဲ.. လေလုံးကတော့ တစ်ပြားသားမှ မလျှော့ဘူးဟ"
"ကောင်လေး... မင်းက ကောင်းကောင်းမွန်မွန် ပြောလို့မရဘူးကိုး.. မင်း ဒီလောက်တောင် သေချင်နေတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ရှန်းလင်းဖုန်းက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
သူက ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်၏။
သူ၏ အေးစက်သော အသံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူ ဒီကလေးကို ရှင်းထုတ်ဖို့ ငါ့ကို ကူညီချင်လဲ.. ငါ ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ပေးမယ်"
ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း။
ရှန်းလင်းဖုန်း၏ စကားကို ကြားပြီးနောက် ခန်းမထဲမှ လူများ၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာကြ၏။
ခန်းမထဲမှာသာ နေနိုင်သော သူတို့အတွက် ဂုဏ်ကျက်သရေ အမှတ် တစ်သောင်းဆိုသည်မှာ တော်တော်လေးများပြားသော ပမာဏတစ်ခု ဖြစ်သည်။
ယင်းပမာဏသည် သူတို့အတွက် ထိုက်ရှ မျှော်စင်၏ ပထမထပ်တွင် သုံးလစာ အခန်း ဌားယမ်းဖို့ လုံလောက်၏။
ဤအချိန်တွင် သူတို့သည် ကျန်းချန်ကို ဆုံးမပြီး ဂုဏ်ကျက်သရေ အမှတ် တစ်သောင်းကို ယူရန် အလျင်အမြန် ရှေ့ထွက်ချင်ခဲ့ကြသည်။
သို့သော်လည်း အစောပိုင်းတွင် ကျန်းချန်ပြသခဲ့သော အင်အားကို တွေးမိပြီး သူတို့၏ ဆန္ဒကို နှလုံးသားထဲတွင်သာ အတင်းအကျပ် ဖိနှိပ်ထားခဲ့ရ၏။
ဂုဏ်ကျက်သရေ အမှတ်များက ကောင်းမွန်သည့် အရာများ ဖြစ်သော်လည်း အသက်ဖြင့် စွန့်စားရသည် အထိတော့ မထိုက်တန်ပေ။
"ဟားဟား... ညီနောင်ရှင်းရဲ့ ဂုဏ်ကျက်သရေ အမှတ် တစ်သောင်းကို ငါ လိုချင်တယ်"
ခန်းမထဲမှ လူတိုင်းက ကျန်းချန်၏ အင်အားကို ကြောက်ရွံ့ပြီး လုပ်ဆောင်ရန် မဝံ့ရဲသောအခိုက်တွင် ရွှင်လန်းသော ရယ်မောသံတစ်သံသည် ခန်းမထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ကျယ်လောင်သော ရယ်မောသံကြောင့် ခန်းမထဲရှိ လူတိုင်းက မှင်တက်သွား၏။
သူတို့က အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ခန့်ညားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ယောက်သည် ထိုက်ရှ နတ်မျှော်စင်၏ ဒုတိယထပ်ကနေ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
အခန်း(၄၄၉) ပြီး၏
အခန်း(၄၅၀)
"ဒါက အတွင်းစည်းရဲ့ ၉၂ ယောက်မြောက် ပါရမီရှင် လဲ့ကွမ်းယန် မဟုတ်လား"
"သူ ရောက်လာမယ်လို့ မထင်ထားမိဘူး"
"ဒီအတိုင်းဆို လဲ့ကွမ်းယန်က ရှန်းလင်းဖုန်း ကိုယ်စား ဆုံးမတော့မယ်ထင်တယ်"
"အတွင်းစည်းမှာ ရှန်းလင်းဖုန်းနဲ့ ပြဿနာတက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"
".........."
ထိုက်ရှ နတ်မျှော်စင်၏ ဒုတိယထပ်မှ ရောက်လာသော လူငယ်ကို မြင်လျှင် လူတိုင်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ကြသည်။
လဲ့ကွမ်းယန်။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်းရှိ ပါရမီရှင်များထဲမှ တစ်ယောက်။
၎င်းက အတွင်းစည်းထဲကို ဝင်ပြီး တစ်နှစ်မပြည့်ခင်မှာပင် အတွင်းစည်း၏ ထိပ်ဆုံး ၁၀၀ စာရင်းထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အတွင်းစည်း၏ ၉၂ ယောက်မြောက် အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။
လဲ့ကွမ်းယန်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာ နှစ်မျိုးလုံးကို လေ့ကျင့်ခဲ့သည်။
သူ၏ အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမ အဆင့်တွင်ရှိပြီး အလွန် အင်အားကြီးမားသော ဒုတိယအဆင့် လက်သီးဆန္ဒကိုလည်း နားလည်သဘောပေါက်ထား၏။
လဲ့ကွမ်းယန်က ရှင်းလင်းဖုန်းအတွက် လုပ်ဆောင်ရန် သဘောတူလိုက်သည်ကို မြင်လျှင် သူတို့သည် ကျန်းချန်၏ ဆိုးရွားသော အဆုံးသတ်ကို ကြိုတင်၍ မြင်ယောင်ခဲ့ကြသည်။
"ညီနောင်လဲ့ ရောက်လာတာကိုး"
ရှန်းလင်းဖုန်းက ရှေ့သို့ တက်လာသော လဲ့ကွမ်းယန်ကို ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဟားဟား... ညီနောင်ရှင်း.. ဒီကောင်လေး အတွက် ဘာမှစိတ်မပူနဲ့.. ငါဖြေရှင်းပေးမယ်"
လဲ့ကွမ်းယန်က ရယ်မောလိုက်သည်။
သူက ကျန်းချန်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့၏။
ထို့နောက်တွင် သူက အထက်စီးဆန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်လေး... မင်း ညီနောင်ရှင်းကို ဒူးထောက်ပြီး တောင်းပန်မလား.. ဒါမှမဟုတ် ငါ ကိုယ်တိုင် မင်းကို တွန်းအားပေးရမလား"
"မင်းက စိတ်ကူးယဥ်နေတာပဲ.. ငါ့ရှေ့မှာ ဒီလိုပြောဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"
ကျန်းချန်က လဲ့ကွမ်းယန်ကို တည်ကြည်စွာ ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ဂုဏ်သိက္ခာ ကြီးမားတဲ့ အတွင်းစည်းရဲ့ ထိပ်ဆုံး ၁၀၀ စာရင်းမှာ အဆင့်သတ်မှတ်ခံထားရတဲ့ မင်းက မင်းရဲ့နောက်မှာ အဆင့် ဒါဇင်ပေါင်းများစွာ နိမ့်ကျတဲ့သူကို အနိုင်ကျင့်နေတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား"
-----------
"လခွမ်း.. ဒီကောင်လေးက အတွင်းစည်းရဲ့ ထိပ်ဆုံး ၁၀၀ စာရင်းထဲက လဲ့ကွမ်းယန်နဲ့ ရင်ဆိုင်ရတာတောင် လေသံက မလျှော့ဘူးဟ"
ကျန်းချန်က လဲ့ကွမ်းယန်ကို တည်ငြိမ်စွာ ရင်ဆိုင်နေသည်ကို မြင်လျှင် ခန်းမထဲရှိ လူများသည် အံ့သြ တုန်လှုပ်ကာ ကြောင်အသွားကြသည်။
"ကောင်လေး... အဓိပ္ပါယ်မရှိတာတွေ ဘာလို့ ပြောနေတာလဲ"
လဲ့ကွမ်းယန်က ကျန်းချန်၏ စကားများကို ကြားလျှင် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။
သူက အေးစက်သော မျက်လုံးများဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"ညီနောင်ရှင်းက အဆင့်သတ်မှတ်ချက် မမြင့်မားရင်တောင် အတွင်းစည်းရဲ့ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင်ပဲ.. ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်းထဲမှာ ဘယ်သူကမှ ညီနောင် ရှင်းကို မျက်နှာသာ မပေးဘဲ မနေရဲဘူး"
"သူ့ပုံစံကို ကြည့်ရတာ အနည်းဆုံး အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးလောက် ရှိမယ်ထင်တယ်.. ဒီအသက်အရွယ်နဲ့ ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် အဆင့်ပဲ ရှိသေးတာလား"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
သူ၏ ခနဲ့တဲ့တဲ့ စကားသံက လူတိုင်း၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။
"သူက အရင်ကတော့ အတွင်းစည်းရဲ့ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အခု ငါတစ်ယောက်လုံး ဒီမှာ ရှိနေမှတော့ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင်ဆိုတဲ့ နာမည်က သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး"
ကျန်းချန်၏ စကားကြောင့် ခန်းမတစ်ခုလုံးက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
"ဒီကောင်လေးက ပဉ္စမ အဆင့် အဂ္ဂိရတ်သခင် ရှန်းလင်းဖုန်းကိုတောင် ဂရုမစိုက်ဘူးဟ"
"ဒီကောင်လေးရဲ့ လေသံကို နားထောင်ရတာ သူ့ရဲ့ အဂ္ဂိရတ် ပါရမီက ရှန်းလင်းဖန်းထက်တောင် ပိုပြီး အင်အားကြီးနေပုံပဲ"
"............."
"ဟားဟား... စကားကြီး စကားကျယ် ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. ညီနောင်ရှင်းရဲ့ အဂ္ဂိရတ်ပါရမီက မင်းလောက် မကောင်းဘူးလို့ မင်းပြောခဲ့တယ်.. ညီနောင်ရှင်းရဲ့ အဂ္ဂိရတ် ပါရမီထက် မင်းက ပိုပြီး အင်အားကြီးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုစကားကို ပြောနေသည့် လဲ့ကွမ်းယန်သည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလို မရယ်မောဘဲ မနေနိုင်ခဲ့ပေ။
ရှန်းဝူတိုက်ကြီးတွင် အဂ္ဂိရတ်သခင်တစ်ဦး၏ တိုးတက်မှုသည် ကိုယ်ခံပညာရှင်တစ်ယောက်၏ တိုးတက်မှုထက် အဆပေါင်းမည်မျှ ပိုမို ခက်ခဲလဲ ဆိုသည်ကို လူတိုင်းက သိထားကြသည်။
ရှန်းလင်းဖုန်းသည် လက်ရှိတွင် ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် အဂ္ဂိရတ် ပါရမီရှင် ဖြစ်၏။
သူ၏ ရှေ့မှ ကောင်လေးက အဂ္ဂိရတ်ပညာရပ်တွင် ရှန်းလင်းဖုန်းထက် ပိုကောင်းလိမ့်မည်ဟု လဲ့ကွမ်းယန် အမှန်တကယ် မယုံကြည်ခဲ့ပေ။
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
သူ၏ ခနဲ့သောအသံသည် ခန်းမထဲ၌ ချက်ချင်း ထွက်ပေါ်လာ၏။
"ဟားဟား... သူ့ထက် ပိုကောင်းဖို့ အရမ်းကြီး ခက်ခဲနေလို့လား"
"အဂ္ဂိရတ် ပါရမီနဲ့ ပတ်သက်ပြီး ရိုးရိုးသားသား ပြောရရင် သူက ငါ့ရဲ့ ဖိနပ်ကို ကိုင်ဖို့တောင် မထိုက်တန်ဘူး"
အခန်း(၄၅၀) ပြီး၏