← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း(၄၅၇)

ကျန်းချန်သည် ဤတာဝန်ကို လက်ခံသော အချိန်ကတည်းက သူ့ကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်း၌ တစ်ခုခု လုပ်ဆောင်လိမ့်မည်ကို ကြိုတင်၍ သိထားခဲ့သည်။

သို့သော် သူ၏ ရှေ့မှ ဤလူများကို သူက လုံးဝ အရေးမစိုက်ခဲ့ပေ။

အလွန် လျင်မြန်စွာပင် သူသည် ဤကောင်လေးများကို နောင်တက ဘာမှန်း ပေးသိရပေမည်။

"ကျန်းချန်... ခေါင်းဆောင်ဟော်က မင်းကို အခြေအနေ စစ်ဆေးဖို့ အမိန့်ပေးနေတယ် မဟုတ်လား.. မင်းက ဘာကို အံ့အားသင့်နေတာလဲ..အမိန့်ကို ချိုးဖောက်ချင်တာလား"

ကျန်းချန်က လုံးဝ မလှုပ်ရှားသေးသည်ကို မြင်လျှင် သူ့ဘေးမှ ဖူထုံက ကျန်းချန်ကို ငေါက်လိုက်သည်။

တခြားတစ်ဖက်တွင်လည်း ရှန်းယွဲ့သည် လက်ပိုက်ကာ ကျန်းချန်ကို လူရွှင်တော် တစ်ယောက်နှယ် ကြည့်နေခဲ့၏။

"ငါလည်း အခြေအနေကို စူးစမ်းဖို့ ညီနောင်ကျန်းချန်နဲ့ လိုက်ခဲ့မယ်"

ဤအချိန်၌ လင်းထျန်းကျုံး၏ အားနည်းသော အသံသည် လူတိုင်း၏ နားထဲ၌ ရုတ်တရက် မြည်လာခဲ့သည်။

"မလိုပါဘူး... ငါတစ်ယောက်ထဲဆို လုံလောက်ပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကွင်းပြင်၏ တံခါးဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

"သွားကြစို့"

ခဏအကြာတွင် ဟော်ကျင်း၏ မျက်လုံးများသည် အံ့သြခြင်းများနှင့် လင်းလက်သွားခဲ့၏။

အန္တရာယ်မရှိမှန်း သေချာမှသာ သူသည် သူ့နောက်မှ သုံးယောက်ကို ဦးဆောင်ကာ ကွင်းပြင်ထဲသို့ ဝင်လာခဲ့သည်။

ကျန်းချန်တို့လူစု ကွင်းပြင်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လျှင် ရှဟဲ၏ မျက်လုံးတွင် ထူးဆန်းသော အပြုံးတစ်ခု လင်းလက်သွားခဲ့သည်။

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ငါးယောက်ရဲ့ သွေးအဆီအနှစ်၊ ဒါ့အပြင် အထူးသွေးစွမ်းအား ပိုင်ရှင် နှစ်ယောက်တောင် ပါဝင်နေသေးတယ်.. ဒါက တကယ်ကို အရသာရှိတဲ့ အစားအစာတစ်ခုပဲ"

ရှဟဲက တီးတိုး ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ဟော်ကျင်းက ကွင်းပြင်ထဲသို့ ဝင့်ကြွားစွာ ဝင်ရောက်ခဲ့သည်။

သူက မျက်လုံးများဖြင့် ကွင်းပြင်တစ်ဝိုက်ကို ကြည့်ရှုခဲ့ရာ ယခုလေးတင် ရှေ့ကနေ ဦးဆောင်နေသော ကျန်းချန်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သိရှိခဲ့သည်။

"ကျန်းချန်... မင်းဘယ်ရောက်သွားတာလဲ... ထွက်လာခဲ့စမ်း"

ဟော်ကျင်း၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

သူက ဆက်တိုက် စကားလုံး အနည်းငယ်ကို အော်ဟစ်ခဲ့သော်လည်း ကျန်းချန်က လုံးဝ မတုံ့ပြန်ခဲ့ပေ။

ကျန်းချန်၏ တစ်ကိုယ်လုံးက ရုတ်တရက် အငွေ့ပျံသွားပုံရ၏။

"ခေါင်းဆောင်ဟော်.. အခုက အချိန်အတော် နောက်ကျနေပြီ.. ဒီကွင်းပြင်က အနည်းငယ် ထူးဆန်းနေတယ်.. ငါတို့မနက်ဖြန်မှပဲ စစ်ဆေးရင် မကောင်းဘူးလား"

အကြောင်းမဲ့ ပျောက်ကွယ်သွားသော ကျန်းချန်ကို ကြည့်ပြီး ဖူထုံက စိတ်ရှုပ်သွားခဲ့သည်။

ကျန်းချန်သာ သေဆုံးသွားလျှင် ဖူထုံသည် သဘာဝကျကျ အလွန် ပျော်ရွှင်မိလိမ့်မည် ဖြစ်၏။

သို့သော် ဤကဲ့သို့ သေဆုံးသွားလျှင် ကျန်းချန်ဆီမှ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ပြန်လည်ရယူရန် ဘယ်သောအခါမျှ မဖြစ်နိုင်တော့ပေ။

"ဒီကွင်းပြင်က တကယ်ပဲ ထူးဆန်းတယ်.. ရှဟဲက တစ်ခုခုကို လျှို့ဝှက်ထားပုံပဲ"

"ငါတို့တွေ သူ့ဆီသို့ ထပ်သွားပြီး မေးမြန်းကြမယ်.. ပြီးမှပဲ ဒီကို ပြန်လာကြတာပေါ့"

ဟော်ကျင်းက ခေါင်းညိတ်လိုက်ပြီး ကွင်းပြင်မှ လှည့်ထွက်ရန် ပြင်လိုက်သောအချိန်တွင် ကွင်းပြင်၏ တံခါးသည် အလိုအလျောက် ဂျိန်းခနဲ ပိတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ခနဲ့တဲ့တဲ့ စကားသံသည် ကွင်းပြင်ထဲ၌ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။

"ဟားဟား... ဒီနေရာက မင်းတို့ ထွက်သွားချင်တိုင်း ထွက်သွားလို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူး"

"သိပ်မကြာခင် မင်းတို့တွေ ငါ့ရဲ့အစာအဖြစ် အသုံးတော်ခံရတော့မယ်"

ရုတ်တရက် ထွက်ပေါ်လာသော အသံက ဟော်ကျင်းနှင့် တခြားသူများ၏ မျက်နှာများကို ရုတ်တရက် ပြောင်းလဲစေခဲ့သည်။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသော ရှဟဲကို တွေ့ခဲ့ရသည်။

"ရှဟဲ.. မင်း.. မင်း ဘယ်အချိန်က ဝင်လာခဲ့တာလဲ"

ဟော်ကျင်းက ထိတ်လန့်သွားခဲ့သည်။

သူတို့ ယခုလေးတင် ဝင်ရောက်လာစဥ်က ရှဟဲသည် ကွင်းပြင်၏ အပြင်ဘက်၌ ရှိနေသေး၏။

သို့သော် ယခုအခါ ရှဟဲသည် ရင်ပြင်ထဲသို့ ဝင်ရောက်လာပုံရသည်။

ရှဟဲက မည်ကဲ့သို့ ဝင်ရောက်ခဲ့ပါသနည်း။

ထိုအချိန်မှာပင် ရှဟဲသည် ဟော်ကျင်းကို ပြုံးပြ၍ ပြောလိုက်သည်။

"ဒီကွင်းပြင်ထဲမှာ ရှိတဲ့ အရာအားလုံးက ငါကိုယ်တိုင် စီစဉ်ထားတာပဲ.. ငါက ဒီနေရာရဲ့ သခင်ပဲ.. ငါကြိုက်တဲ့အချိန် ဝင်ထွက်နိုင်တယ်"

ထိုခဏတွင် ဟော်ကျင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

"မင်းက ရှဟဲ မဟုတ်ဘူး.. မင်းဘယ်သူလဲ"

"ဟားဟား.. မင်းသိပ်သိချင်နေတယ် မဟုတ်လား"

ရှဟဲက အေးစက်စွာ ရေရွတ်လိုက်သည်။

သူ၏ အထက်စီးဆန်သော အသံသည် ကွင်းပြင်ထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ငါက သွေးတိမ်တိုက်အရှင်သခင်ပဲ.. မင်းတို့ ရှာဖွေနေကြတဲ့ သွေးနတ်ဆိုး နန်းတော်ရဲ့ အကြွင်းအကျန်က ငါပဲ"

အခန်း(၄၅၇) ပြီး၏

အခန်း(၄၅၈)

"မင်း.. မင်းက လွန်ခဲ့သော နှစ်တစ်ရာကျော်က ယွင်ရှောင်နိုင်ငံမှာ ကျော်ကြားတဲ့ သွေးတိမ်တိုက်အရှင်သခင်လား"

ဟော်ကျင်းက ကြောက်လန့်သွားခဲ့သည်။

သူ၏ ဘေးမှ ရှန်းယွဲ့တို့၏ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်လောက်သည့် အံ့သြ တုန်လှုပ်သော အရိပ်အယောင်များ ရှိနေခဲ့၏။

ဟော်ကျင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။

"ဒါ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ.. လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါတို့ ထိုက်ရှဂိုဏ်းရဲ့ အကြီးအကဲ ကိုယ်တိုင် မင်းကို ခေါင်းဖြတ်ခဲ့တယ် မဟုတ်လား"

သွေးတိမ်တိုက်အရှင်သခင်။

၎င်းက သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင် တစ်ယောက် ဖြစ်ပြီး အထီးကျန်နတ်ကုန်းမြေတွင် တစ်ချိန်က နာမည်ကျော်ကြားသော သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

သွေးနတ်ဆိုး နန်းတော်ကို မြောက်ပိုင်းဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်း အနိုင်ယူခဲ့သော တိုက်ပွဲတွင် သွေးနတ်ဆိုး နန်းတော်၏ အကြီးအကဲ အများအပြားသည် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု အများအပြား ရရှိခဲ့၏။

ထို့နောက်တွင် သွေးနတ်ဆိုး နန်းတော်သည် အထီးကျန်နတ်ကုန်းမြေကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်တစ်ရာခန့်တွင် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင် ဖြစ်သည့် သွေးတိမ်တိုက် အရှင်သခင်သည် ယွင်ရှောင်နိုင်ငံ၌ ပေါ်ထွက်လာခဲ့သည်။

ထိုအချိန်၌ သူ၏ ကိုယ်ပိုင် အင်အားဖြင့် ယွင်ရှောင်နိုင်ငံတစ်ခုလုံးကို မွှေနှောက်ခဲ့၏။

နောက်ဆုံး၌ ထိုက်ရှဂိုဏ်းသည် သွေးတိမ်တိုက် အရှင်သခင်ကို ရှင်းပစ်ရန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို စေလွှတ်ခဲ့သည်။

သွေးတိမ်တိုက်အရှင်သခင်က သူ၏ ရှေ့၌ ထွက်ပေါ်လာမည်ဟု ဟော်ကျင်း လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဟက်.. ငါ့လိုလူက ဘယ်လိုလုပ်ပြီး အလွယ်တကူ သေဆုံးနိုင်မှာလဲ"

"သွေးလမ်းစဥ်မှာ အထွတ်အထိပ် အောင်မြင်မှုကိုရရင် သွေးတစ်စက် ကျန်ရှိရင်တောင် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိတယ်"

"မင်းတို့ထိုက်ရှဂိုဏ်းရဲ့ သိုင်းသခင်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်က ငါ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"

သွေးတိမ်တိုက် အရှင်သခင်က ပြုံး၍ ရှင်းပြလိုက်သည်။

သူ၏ လေသံက ထိုက်ရှဂိုဏ်းကို လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားနေ၏။

"သွေးတိမ်အရှင်သခင်... မင်းက ဒီကမ္ဘာမှာ အသက်ရှင်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"

"ဒါပေမဲ့ မင်းက အခုမှ ရှင်သန်ထမြောက်လာတာ ဆိုတော့ အရင်ကလို အစွမ်းထက်တဲ့ သွေးတိမ်တိုက်အရှင်သခင် မဟုတ်တော့ဘူး"

"ငါတို့ ထိုက်ရှဂိုဏ်းက အကြီးအကဲတွေကို မထီမဲ့မြင် ပြောဆိုနေတယ် ဆိုတော့ သေချင်နေပြီ ထင်တယ်"

ဟော်ကျင်းက သွေးတိမ်တိုက် အရှင်သခင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ ရှေ့မှ သွေးတိမ်တိုက် အရှင်သခင်သည် ရှဟဲ၏ ခန္ဓာကိုယ် အကူအညီဖြင့် ပြန်လည်မွေးဖွားခဲ့လျှင်ပင် သူ၏ အင်အားသည် သူအထွတ်အထိပ် ရောက်စဥ်က စွမ်းအားထက် ဆယ်ပုံတစ်ပုံအောက်သာ ရှိ၍ သဘာဝစွမ်းအားဖွင့်ခြင်း ဒုတိယအဆင့် အင်အားလောက်သာ ရှိ၏။

ဤသို့သော အင်အားကို ဟော်ကျင်းသည် သဘာဝကျစွာပင် အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ပေ။

"ဟက်.. တကယ်တော့ မင်းတို့ ထိုက်ရှဂိုဏ်း တပည့်တွေကို ဒီအရောက် ဆင့်ခေါ်ချင်လို့ မဟာပျက်စီးခြင်းအိမ်တော်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာပဲ"

"မင်းတို့ အတွင်းစည်း ပါရမီရှင် တပည့်တွေရဲ့ သွေးက သိုင်းသခင်နယ်ပယ် အဆင့်အင်အားကို ပြန်လည်ရယူဖို့အတွက် အကောင်းဆုံး ခွန်အားဖြည့်ဆေးပဲ"

"အနှေးနဲ့အမြန် မင်းတို့ရဲ့ သွေးအားလုံးကို ငါ့ဆီ နာခံမှုရှိရှိ ဆက်သကြရမှာပဲ"

သွေးတိမ်တိုက်အရှင်သခင်က ဟော်ကျင်း နှင့် တခြားသူများကို အထင်သေးစွာ ကြည့်ရှုခဲ့သည်။

သူ၏ ရယ်မောသံသည် ကွင်းပြင်ထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဟမ့် သွေးတိမ်တိုက်အရှင်သခင်.. မင်းကိုယ်မင်း အရင်ကလို ပြိုင်ဘက်ကင်းလို့ ထင်နေတာလား"

"လွန်ခဲ့တဲ့ နှစ်တစ်ရာက ထိုက်ရှဂိုဏ်း အကြီးအကဲ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စကို ငါဟော်ကျင်းက ဒီနေ့ အဆုံးသတ်ပေးမယ်"

ဟော်ကျင်း၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များနှင့် လင်းလက်သွားခဲ့သည်။

သူက လက်ဝါးဆန္ဒ ပါဝင်သော လက်ဝါးအင်အားဖြင့် သွေးတိမ်တိုက်အရှင်သခင်ကို တိုက်ခိုက်လိုက်၏။

သွေးတိမ်တိုက်အရှင်သခင်က ဟော်ကျင်း၏ တိုက်ခိုက်မှုကို ကြည့်နေခဲ့သည်။

ထိုခဏတွင် သွေးတိမ်တိုက်အရှင်သခင်က မဲ့ပြုံး ပြုံးခဲ့၏။

သူ့ထံမှ ထက်မြသော သွေးရောင်အလင်းက ချက်ချင်းပင် လေထုကို ဖြတ်သန်းသွားပြီး ဟော်ကျင်း၏ လက်ဝါးနှင့် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိခဲ့သည်။

"ဝုန်း"

ဟော်ကျင်း၏ ပုံရိပ်က ရုတ်တရက် တုန်လှုပ်သွားခဲ့၏။

ချက်ချင်းပင် သူ့တစ်ကိုယ်လုံးက သွေးရောင်အလင်းကြောင့် တုန်လှုပ်သွားပြီး ပေပေါင်းများစွာ လွင့်စင်သွားခဲ့သည်။

သူ၏ ပါးစပ်မှလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဟော်ကျင်းက အံ့သြထိတ်လန့်သော အသွင်အပြင်ဖြင့် သွေးတိမ်တိုက် အရှင်သခင်ကို ကြည့်ခဲ့သည်။

သူ၏ ပါးစပ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ဟော်ကျင်း၏ နောက်မှ လူသုံးယောက်၏ အမူအရာသည် ဤအခြေအနေတွင် ကြောက်မက်ဖွယ်ရာ ဖြစ်လာခဲ့သည်။

ဟော်ကျင်းတွင် သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် အင်အား ရှိ၏။

ဤသွေးတိမ်အရှင်သခင်၏ အရှိန်အဝါက သဘာဝစွမ်းအားဖွင့်ခြင်း ဒုတိယအဆင့်တွင်သာ ရှိခဲ့သည်။

၎င်းက ဟော်ကျင်းကို ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်အထိ ကြောက်မက်ဖွယ်ရာ အင်အားကို မည်ကဲ့သို့ ရရှိခဲ့ပါသနည်း။

အခန်း(၄၅၈) ပြီး၏

အခန်း(၄၅၉)

"မင်းတို့က ငါ့ကို အရမ်း အထင်သေးလွန်းတယ်"

"ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ မင်းတို့ကို ဒီအထိ ဆင့်ခေါ်မယ်လို့ထင်လား"

"ဒီကွင်းပြင်မှာ ကောင်းကင်သိမ်းပိုက် မိစ္ဆာ အစီအရင်ကို ငါခင်းကျင်းထားပြီးပြီ.. မလိုအပ်တဲ့ ရုန်းကန်ခြင်းတွေ မလုပ်ပါနဲ့.. ဒီနေ့ ဘယ်သူမှ မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"

သွေးတိမ်တိုက်အရှင်သခင်က ဂုဏ်ယူစွာ ရယ်မော၍ ပြောလိုက်သည်။

ဆဋ္ဌမ အဆင့် အစီအရင်။ ကောင်းကင်သိမ်းပိုက် မိစ္ဆာ အစီအရင်။

ဤအစီအရင်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူပင် ကြောက်ရွံ့ရသော အစီအရင်ဖြစ်သည်။

သွေးတိမ်တိုက်အရှင်သခင်သည် အစီအရင်ထဲရှိ အရာအားလုံးကို အုပ်ချုပ်သော ဘုရားသခင်ကဲ့သို့ တည်ရှိမှုဖြစ်၏။

ထိုက်ရှဂိုဏ်း၏ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် အတွင်းစည်း တပည့်များ အနေဖြင့် သူ၏လက်မှ မည်ကဲ့သို့ လွတ်မြောက်နိုင်ပါမည်နည်း။

ဆဋ္ဌမ အဆင့် ကောင်းကင်သိမ်းပိုက် မိစ္ဆာ အစီအရင်။

ဟော်ကျင်းတို့လူစုက သွေးတိမ်တိုက် အရှင်သခင်၏ စကားလုံးများကို ကြားလျှင် မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။

သူတို့က အစီအရင်ကို နားမလည်လျှင်ပင် ဆဋ္ဌမ အဆင့် အစီအရင်သည် သူတို့လို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကိုင်တွယ်နိုင်သော အရာတစ်ခု မဟုတ်သည်မှာ သေချာသည်။

"သွေးတိမ်တိုက် အရှင်သခင်.. ငါတို့က ထိုက်ရှဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေပဲ"

"မင်း ငါတို့ကိုသတ်ရင် အကြီးအကဲတွေရဲ့ အာရုံကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်"

"ထိုက်ရှဂိုဏ်းရဲ့ အကြီးအကဲ ရောက်လာခဲ့ရင် မင်းရဲ့ ကံကြမ္မာက ကောင်းနိုင်မှာ မဟုတ်ဘူး"

သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ရှန်းယွဲ့က အထိတ်တလန့် အော်ဟစ်လိုက်သည်။

"ဟားဟား.. ကောင်လေး.. မင်းက ငါ့အရှင်ကို မင်းတို့ရဲ့အကြီးအကဲနဲ့ ခြိမ်းခြောက်နေတာလား"

"တခြားသူတွေသာ မင်းတို့ ထိုက်ရှဂိုဏ်းကို ကြောက်ရွံ့ချင်ကြောက်ရွံ့မယ်.. ငါအရှင်ကတော့ လုံးဝ မကြောက်ရွံ့ဘူး.. ငါ့ရဲ့စွမ်းအားတွေကို ပြန်ရတာနဲ့ မြောက်ပိုင်း တောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းလုံးကို အနှေးနဲ့အမြန် ဖျက်ဆီးပစ်မယ်"

"ဒါပေမဲ့ မင်းတို့ကတော့ ဒီမြင်ကွင်းကို မြင်ခွင့်ရမှာမဟုတ်တော့ဘူး.. ဘာလို့လည်းဆိုတော့ မင်းတို့ရဲ့ သွေးကို ငါ့ဆီ ပေးအပ်ရတော့မှာ မို့လို့ပဲ"

သွေးတိမ်တိုက်အရှင်သခင်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ဖော်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလို ကွင်းပြင်ထဲ၌ ထူးဆန်းသော သွေးအလင်းများ ပျံ့နှံ့လာခဲ့၏။

ထို့အပြင် ထူးဆန်းသော မျိုချခြင်း အင်အားတစ်ခုသည် ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

ဤအင်အား ပေါ်ထွက်လာသည်နှင့် ဟော်ကျင်းတို့လူစုသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးများက အထိန်းအချုပ်မဲ့လာသလို ခံစားခဲ့ရသည်။

"ဒါ.. ဒါက ဘယ်လိုအင်အားမျိုးလဲဟ"

ဟော်ကျင်းက နှလုံးသားထဲကနေ ဒေါသထွက်ခဲ့သည်။

သဘာဝစွမ်းအားဖွင့်ခြင်း အဋ္ဌမအဆင့် အတွင်းစည်း တပည့်တစ်ယောက်အနေဖြင့် ဟော်ကျင်းသည် ဤကြယ်ခုနစ်ပွင့်ခွဲ တာဝန်ကို ဂရုမစိုက်ခဲ့ပေ။

သူ၏ မစ်ရှင် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ တိုက်ရိုက် တပည့် ကွမ်းချွမ်အတွက် ကျန်းချန်ကို ဖြေရှင်းရန် ဖြစ်ပြီး ကျန်းချန်ဆီမှ ဂုဏ်ကျက်သရေ အမှတ်များစွာကို ရရှိရန် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ် တာဝန်က ဤမျှ အန္တရာယ် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုက်ရှဂိုဏ်း၏ ကြယ်ကိုးပွင့် တာဝန် ဖြစ်လျှင်ပင် ဤတာဝန်လောက် ခက်ခဲမည် မဟုတ်လောက်ပေ။

ဤတာဝန်က ပုံမှန်မဟုတ်ဟု သိရှိခဲ့လျှင် သူသည် ဤနေရာသို့ လာခဲ့မည် မဟုတ်ပေ။

ဟော်ကျင်းတစ်ယောက်သာ နှလုံးသားထဲ၌ နောင်တရနေခြင်း မဟုတ်ပေ။

ရှန်းယွဲ့နှင့် ဖူထုံတို့ နှစ်ယောက်သည်လည်း နောင်တရနေကြ၏။

သူတို့က ကျန်းချန်ကို လက်စားချေရန်အတွက်သာ ဤတာဝန်၌ ပါဝင်ခဲ့ကြသည်။

သို့သော် သူတို့ ကိုယ်တိုင် အန္တရာယ် ကျရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများမှ အချိန်မရွေး ပေါက်ကွဲနိုင်သော သွေးကို ခံစားရသောအခါတွင် သူတို့၏ မျက်လုံးများ၌ မျှော်လင့်ချက်မဲ့သော အမူအရာများ ပြည့်နှက်လာသည်။

သို့သော် ဟော်ကျင်းတို့၏ သွေးများကို သွေးတိမ်တိုက်အရှင်သခင် ဖောက်ခွဲတော့မည့် အချိန်၌ ဟော်ကျင်းတို့၏ သွေးများကို ထိန်းချုပ်ထသော ကွင်းပြင်ထဲရှိ ထူးဆန်းသော သွေးအလင်းသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် သွေးတိမ်တိုက်အရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ရွှေရောင်အလင်း တောက်ပနေသည့် လက်သီးတစ်လုံးသည် သူ၏ နောက်ကျောတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ရွှေရောင်လက်သီးသည် ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုကို သယ်ဆောင်လာပြီး သွေးတိမ်တိုက်အရှင်သခင် ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့၏။

"ဝေါ့"

သွေးတိမ်တိုက်အရှင်သခင်၏ လည်ချောင်းက ရုတ်တရက် ချိုမြိန်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတချို့ကို အန်ထုတ်လိုက်ရ၏။

သူ၏ တစ်ကိုယ်လုံးကလည်း ပေပေါင်းများစွာ အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။

သူက ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်ကို ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ကောင်လေး... မင်း မင်း ဘယ်လို လွတ်လာတာလဲ"

အခန်း(၄၅၉) ပြီး၏

All Chapters