← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း(၄၆၃)

"မင်းတို့က မင်းတို့ရဲ့ အသက်ကိုကယ်ခဲ့တဲ့ ဒီကောင်လေးကို ကရုဏာမဲ့ခဲ့ကြတယ်"

"စိတ်မကောင်းစရာပဲ မင်းတို့က ရှင်သန်နိုင်မဲ့ အခွင့်အရေးကို ကိုယ်တိုင် ဖျက်ဆီးခဲ့ကြတယ်"

သွေးတိမ်တိုက် အရှင်သခင်က ကရုဏာသက်သော အကြည့်ဖြင့် ဟော်ကျင်းတို့ကို ကြည့်လိုက်သည်။

ဤထိုက်ရှဂိုဏ်း တပည့်များသာ အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်လျှင် သူ၏ ဤတစ်ကြိမ် အစီအစဉ်သည် ပျက်စီးသွားနိုင်ချေ အလွန်များ၏။

ကံမကောင်းစွာဖြင့် ဤကောင်လေးများတွင် မကျေလည်မှုများ ရှိနေခဲ့ကြသည်။

ထိုခဏတွင် သွေးတိမ်တိုက် အရှင်သခင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ ကိုယ်ပွားကို တိုက်ရိုက် ထိန်းချုပ်ကာ ဟော်ကျင်းတို့ဆီ အလျင်အမြန် ပြေးဝင်စေခဲ့သည်။

"သွေးတိမ်တိုက်အရှင်သခင်... မင်းရဲ့ ခွေးခေါင်းကို ငါဒီနေ့ သေချာပေါက် ဖယ်ရှားပစ်မယ်...ပြီးရင် ဆုလာဘ် ရရှိဖို့ ထိုက်ရှဂိုဏ်းဆီ ယူသွားမယ်"

ဟော်ကျင်းက အေးစက်စက် ရေရွတ်လိုက်သည်။

သူက ချက်ချင်းဆိုသလို မီးဆန္ဒကို အလျင်အမြန် ထုတ်ဖော်ကာ သွေးတိမ်တိုက် အရှင်သခင်၏ ကိုယ်ပွားဖြစ်သည့် သွေးပုံရိပ်ကို တိုက်ခိုက်ခဲ့သည်။

ဟော်ကျင်း၏ဘေးရှိ ရှန်းယွဲ့နှင့် ဖူထုံတို့သည်လည်း တုံ့ဆိုင်းခြင်း မရှိ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။

"ဝုန်း ဝုန်း ဝုန်း"

သုံးယောက်သား သွေးတိမ်တိုက် အရှင်သခင်၏ ကိုယ်ပွားကို ဆန့်ကျင် တိုက်ခိုက်ရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။

သူတို့၏ တိုက်ခိုက်မှုကြောင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

သို့သော် အဆုံးသတ်တွင် ဟော်ကျင်းတို့ သုံးယောက်သည် သွေးတိမ်တိုက် အရှင်သခင်၏ ကိုယ်ပွားကို အထင်သေးခဲ့ကြ၏။

သူတို့ သုံးယောက် အတူတကွ တိုက်ခိုက်လျှင် တော်ရုံလူရင်ဆိုင်ဖို့ ခဲယဥ်း၏။

တိုက်ကွက်ဆယ်ကွက်မျှ တိုက်ခိုက်ပြီးနောက်တွင် သွေးပုံရိပ်သည် ရုတ်တရက် ခွန်အားများ မြင့်တက်လာခဲ့သည်။

သိပ်မကြာခင်မှာပင် အားနည်းသော ရှန်းယွဲ့နှင့် ဖူထုံသည် သွေးတိမ်တိုက် အရှင်သခင်၏ လက်ချက်ဖြင့် ဒဏ်ရာရရှိသွားခဲ့သည်။

ထိုခဏတွင် ဟော်ကျင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူက လုံးဝ မတုံ့ဆိုင်းဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သို့သော်လည်း သူနောက်ဆုတ်သော အချိန်တွင် သွေးရောင်မြှားတစ်စင်းက လေထုကို ထွင်းဖောက်ကာ ဟော်ကျင်း၏ ရှေ့၌ ပေါ်လာခဲ့သည်။

သူက တုံ့ပြန်နိုင်ခြင်း မပြုလုပ်ရသေးခင်မှာပင် သွေးရောင်မြှားသည် သူ့ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

သူက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ပေပေါင်းများစွာအထိ လွင့်စင်သွားခဲ့သည်။

"မဖြစ်.. မဖြစ်နိုင်ဘူး"

"မင်းရဲ့ ကိုယ်ပွားက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ခွန်အားပဲ စွမ်းဆောင်နိုင်တာ မဟုတ်လား.. ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးမားနေရတာလဲ"

ဟော်ကျင်းက သွေးတိမ်တိုက် အရှင်သခင်ကို ကြည့်ကာ မယုံနိုင်စွာ ရေရွတ်လိုက်သည်။

"မင်းတို့ ထိုက်ရှဂိုဏ်းရဲ့ ပါရမီရှင်တွေက တိုက်ပွဲဝင်အရည်အချင်း တကယ်ပဲ ကောင်းမွန်ကြတယ်"

"ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်သာ မရှိရင် ငါ့ရဲ့ကိုယ်ပွားက မင်းတို့ကို ရင်ဆိုင်နိုင်လောက်မှာ မဟုတ်ဘူး"

သွေးတိမ်တိုက် အရှင်သခင်က ဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်က ကိုယ်ပွားရဲ့ အင်အားကို ၅၀%ထိ တိုးမြှင့်ပေးနိုင်တယ်.. မင်းတို့တွေ ငါ့ရဲ့ အစီအရင်ထဲကို ဝင်ရောက်လာကတည်းက မင်းတို့ရဲ့ သေမိန့်ကို ချမှတ်ပြီးသွားပြီ"

ဟော်ကျင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မင်း.. မင်းရဲ့အစီအရင်ကို ကျန်းချန်က ချိုးဖျက်ခဲ့ပြီးပြီ မဟုတ်ဘူးလား"

"ဟားဟား.. ကောင်းကင်သိမ်းပိုက် အစီအရင်က ဆဋ္ဌမ အဆင့် အထွတ်အထိပ် အစီအရင်ပဲ.. ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ"

"အစောပိုင်းက ငါ့ရဲ့ထိန်းချုပ်မှုကို သူဘယ်လို ဖြတ်တောက်လိုက်လဲ ငါမသိပေမဲ့ လက်ရှိအချိန်မှာတော့ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ အပြည့်အဝ ရှိနေသေးတယ်"

သွေးတိမ်တိုက် အရှင်သခင်က ဂုဏ်ယူစွာ ပြောလိုက်၏။

"အစီအရင် ဒီနေရာမှာ ရှိနေသရွေ့ မင်းတို့တွေ ဒီနေ့ ငါ့လက်က မလွတ်မြောက်နိုင်တော့ဘူး"

ဟော်ကျင်းတို့ သုံးယောက်က သွေးတိမ်တိုက်အရှင်သခင်၏ စကားများကို ကြားလျှင် ထိတ်လန့်သွားခဲ့ကြသည်။

"ကျန်းချန်... မင်း.. မင်း ဘယ်လောက်ကြာကြာ ပုန်းအောင်းနေဦးမှာလဲ.. မင်း မကူညီရင် ဂိုဏ်းဆီကို ပြန်ရောက်တာနဲ့ နောင်တဆိုတာ ဘာမှန်း မင်းကို သေချာပေါက် သိစေမယ်"

ဟော်ကျင်းက သူ၏ခွန်အားကို အသုံးပြုပြီး ကွင်းပြင်၏ အထက်ရှိ ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။

ဟော်ကျင်း၏ စကားသံ ဆုံးသည်နှင့် ခနဲ့တဲ့တဲ့ အသံတစ်သံက ကွင်းပြင်ထဲရှိ လေထုထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဂိုဏ်းဆီကို ပြန်ရောက်ရင်လို့ ပြောလိုက်တာလား"

"စိတ်မကောင်းပါဘူး... မင်းတို့မှာ အဲဒီအခွင့်အရေး မရှိတော့မှာ ငါစိုးရိမ်မိတယ်"

အခန်း(၄၆၃) ပြီး၏

အခန်း(၄၆၄)

ရင်ပြင်ပေါ်၌ ထွက်ပေါ်လာသော ကျန်းချန်၏ ခနဲ့သံကို ကြားလျှင် ဟော်ကျင်း သုံးယောက်သည် အမူအရာ ပျက်ယွင်းလာကြသည်။

ရှန်းယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျန်းချန်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဂိုဏ်းတူတွေပါ.. မင်းငါတို့ကို ဥပေက္ခာပြုမလို့လား"

"ဟားဟား.. အခုတော့ ဂိုဏ်းတူတွေဖြစ်သွားပြီလား"

"မင်းတို့တွေ ငါ့ကို သတ်ပစ်ဖို့ ကြံရွယ်တုန်းက ဘာလို့ ဂိုဏ်းတူတွေလို့ မစဉ်းစားခဲ့ကြတာလဲ"

"မင်းတို့ကို ငါကယ်တင်ခဲ့ပေမဲ့ မင်းတို့က ကျေးဇူးကန်းခဲ့ကြတယ်.. ဒီတစ်ခေါက်တော့ ငါ့ရဲ့ အကူအညီကိုရဖို့ လုံးဝ မမျှော်လင့်ထားနဲ့တော့"

ကျန်းချန်၏ အထက်စီးဆန်သော လေသံက လေထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

"ညီနောင်ဟော်... ကျန်းချန်က သွေးတိမ်တိုက် အရှင်သခင်ရဲ့လက်နဲ့ ငါတို့ကို ရှင်းပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်.. အခုချိန်မှာ ငါတို့တွေ အစီအရင်ထဲကနေ ထွက်ဖို့ ပထမဆုံး ကြိုးစားသင့်တယ်"

ဖူထုံက မှောင်မိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

ရှန်းယွဲ့ကလည်း ထိုအဆိုကို သဘောတူသည့်အနေဖြင့် အလျင်အမြန် ခေါင်းညိတ်ခဲ့သည်။

"ဒါအမှန်ပဲ.. ငါတို့တွေ အစီအရင်ထဲကနေ ထွက်ဖို့ အရင်ဆုံး ကြိုးစားရအောင်"

ဤကောင်းကင်သိမ်းပိုက် သွေးမိစ္ဆာ အစီအရင်သည် သွေးတိမ်တိုက် အရှင်သခင်၏ ကိုယ်ပွားကို အင်အားများစွာ တိုးမြှင့်ပေးခဲ့သည်။

သူတို့ သုံးယောက် အတူတကွ ပူးပေါင်းလျှင်ပင် ကိုယ်ပွား၏ ပြိုင်ဘက် မဟုတ်ကြပေ။

ဤအခြေအနေ အတိုင်းသာဆိုလျှင် အနှေးနဲ့အမြန် သွေးတိမ်တိုက် အရှင်သခင်၏ ဝါးမျိုခြင်းကို ခံရလိမ့်မည် ဖြစ်၏။

"ကျန်းချန်... ငါ့ကို စောင့်နေပါ"

"ငါထိုက်ရှဂိုဏ်းကို ပြန်ရောက်ရင် ဒီကိစ္စကို တင်ပြပြီး မင်းကိုဂိုဏ်းကနေ နှင်ထုတ်ခံရအောင် လုပ်ပစ်မယ်"

"သွားကြရအောင်"

ဟော်ကျင်းက အေးစက်စွာ ရေရွတ်လိုက်ပြီး ရှန်းယွဲ့တို့ နှစ်ယောက်ကို ဦးဆောင်ကာ ကွင်းပြင် တံခါးဆီသို့ အလျင်အမြန် ရောက်လာခဲ့၏။

သို့သော် သူတို့ ကွင်းပြင်မှ ထွက်ခွာတော့မည့် အချိန်တွင် ထူးဆန်းသော သွေးရောင် မှော်ကန့်လန့်ကာ တစ်ခုသည် သူတို့၏ ရှေ့ရှိ ပါးလွှာသော လေထုထဲမှ ပေါ်ထွက်လာခဲ့သည်။

ဟော်ကျင်းတို့ သုံးယောက်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။

သူတို့အားလုံးက သူတို့၏ စွမ်းအားများဖြင့် သွေးရောင် မှော်ကန့်လန့်ကာကို တိုက်ခိုက်ခဲ့ကြသည်။

"ဝုန်း ဝုန်း ဝုန်း"

လူသုံးယောက်၏ တိုက်ခိုက်ခြင်းသည် သွေးရောင် မှော်ကန့်လန့်ကာ ပေါ်သို့ ကျဆင်းသွားခဲ့ပြီး နောက်တွင် အင်အားကြီးမားသော တန်ပြန်အင်အား တစ်ခုသည် ချက်ချင်းပင် ၎င်းတို့အပေါ်သို့ သက်ရောက်လာခဲ့၏။

ဤအင်အားကြောင့် ဟော်ကျင်းတို့သုံးယောက်က အတော်ဝေးဝေးထိ လွင့်စင်သွားကြသည်။

"ကောင်းကင်သိမ်းပိုက် မိစ္ဆာ အစီအရင်ကနေ လွယ်လွယ်နဲ့ လွတ်မြောက်မယ် ထင်နေလား"

"အစီအရင်ကနေ လွတ်မြောက်နိုင်မယ်လို့ မင်းတို့တွေ တွေးနေတာက စိတ်ကူးယဥ်နေတာပဲ"

သွေးတိမ်တိုက်အရှင်သခင်က မထီမဲ့မြင် ရယ်မောလိုက်ပြီး ကိုယ်ပွားကို ထိန်းချုပ်ကာ နောက်တစ်ကြိမ် တိုက်ခိုက်စေခဲ့သည်။

ပိုပြီး အင်အားကြီးမားလာသော ကိုယ်ပွားကို ရင်ဆိုင်ရသောအခါတွင် ဒဏ်ရာရရှိထားသော ဟော်ကျင်းတို့ သုံးယောက်သည် ခုခံနိုင်ခြင်း မရှိခဲ့ကြပေ။

ရေနွေးအိုး မကျက်တစ်ကျက် အချိန်တွင် ဟော်ကျင်းတို့ သုံးယောက်သည် လုံးဝ အောက်စည်းသို့ ရောက်ရှိသွားခဲ့၏။

"ညီနောင် ကျန်းချန်.. ငါ့... ငါ့ကို ကယ်တင်ပါ"

"မင်း ငါ့ကို ကယ်တင်သရွေ့ မင်းနဲ့ ငါ့ရဲ့ အစ်ကိုကြားက မကျေနပ်မှုတွေကို ငါဖြေရှင်းပေးပါ့မယ်.. ဒါ့အပြင် အနာဂတ်မှာ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ်"

ရှန်းယွဲ့က ကိုယ်ပွား၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ထိမှန်သွားပြီး ပေအနည်းငယ် အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။

သူက ထိတ်လန့်တုန်လှုပ်နေခဲ့၏။

သူ၏ အကူအညီတောင်းသံက ကွင်းပြင်ထဲ၌ ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်.. ဂိုဏ်းတူအချင်းချင်း ကူညီပေးမယ်လို့ ငါ မျှော်လင့်ပါတယ်"

"မင်း ကူညီရင် မင်းနဲ့ ငါကြားက မကျေနပ်ချက်တွေကို ဖယ်ရှားပစ်ပါ့မယ်"

ဖူထုံကလည်း ကျန်းချန်ကို အောက်လေဖြင့် တောင်းတောင်းပန်ပန် ပြောဆိုခဲ့သည်။

ပုံမှန်အားဖြင့် အထက်စီးဆန်သော ဤလူများသည် မျက်နှာငယ်လေးဖြင့် တောင်းဆိုနေခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကျန်းချန်ကသာ သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။

သူတို့အနေဖြင့် ကျန်းချန်ကို အသနားမခံလျှင် သူတို့၏ ကံကြမ္မာက ယနေ့တွင် အဆုံးသတ်မည်ကို စိုးရိမ်ခဲ့ကြသည်။

"ဟားဟား ဘာလို့ဒုက္ခခံနေတာလဲ"

"ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းတို့က သေဆုံးဖို့ကိုပဲ ရွေးချယ်ခဲ့တယ်.. အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ်သာ တင်လိုက်ပါ"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

ထိုခဏတွင် သူ၏ ဥပေက္ခာပြုသော အသံသည် လူတိုင်း၏ နားထဲ၌ ထွက်ပေါ်လာခဲ့၏။

"စိတ်မပူပါနဲ့... မင်းတို့က ဂိုဏ်းတူတွေ ဆိုတော့ မင်းတို့ သေဆုံးရင် မင်းတို့အတွက် ငါ လက်စားချေပေးပါ့မယ်"

အခန်း(၄၆၄) ပြီး၏

အခန်း(၄၆၅)

"ကျန်းချန် ခွေးမသား... မင်း မင်းက လူယုတ်မာပဲ.. မင်း အသေဆိုးနဲ့ သေရမယ်"

ကျန်းချန်၏ ဥပေက္ခာပြုသော စကားများကို ကြားလျှင် ရှန်းယွဲ့နှင့် ဖူထုံ တို့သည် ရုတ်တရက် ဒေါသတကြီး ဆဲဆိုလိုက်သည်။

"သွေးတိမ်တိုက်အရှင်သခင်.. ငါစိတ်မပြောင်းခင် ချက်ချင်း လုပ်ဆောင်ပါ"

"မဟုတ်လို့ ငါ ရုတ်တရက် စိတ်ပြောင်းသွားရင် မင်းဘာအခွင့်အရေးမှ ရလိုက်မှာ မဟုတ်ဘူး"

ကျန်းချန်၏ စိတ်မရှည်သော လေသံက ကွင်းပြင်ထဲ၌ တိုက်ရိုက် ထွက်ပေါ်လာ၏။

"ဟမ့်.. ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ ကောင်လေးလဲ"

သွေးတိမ်တိုက် အရှင်သခင်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။

ဤကောင်လေးက သူ့ကို စဥ်းနှီးတုံးပေါ်မှ ငါးကဲ့သို့ အမှန်တကယ် ဆက်ဆံနေပုံရ၏။

သူက သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်တစ်ယောက် ဖြစ်ပြီး မြောက်ပိုင်းတောရိုင်း ဒေသတွင် တစ်ချိန်က လူသိများသော ပြိုင်ဘက်ကင်း ကျင့်ကြံသူ ဖြစ်သည်။

ယခုတော့ နို့နံ့ပင် စင်ပုံမရသေးသည့် ကောင်လေး တစ်ယောက်၏ အထင်သေးခြင်းကို ခံနေရ၏။

ဤသုံးယောက်၏ သွေးများကို ဝါးမျိုစုပ်ယူပြီး သူ၏ အင်အား တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိလျှင် ဤကောင်လေးကို သင်ခန်းစာ ကောင်းကောင်း ပေးရပေမည်။

သူ၏ အတွေးများ လင်းလက်သွားသည်နှင့် သွေးတိမ်တိုက် အရှင်သခင်သည် တုံ့ဆိုင်းမနေဘဲ ခပ်သွက်သွက် လုပ်ဆောင်ခဲ့၏။

သူက ကိုယ်ပွားကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သော ဖူထုံကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

နောက်ထပ်တစ်ခဏတွင် သူက ချက်ချင်းဆိုသလို ဖူထုံ၏ ရှေ့၌ ပေါ်လာခဲ့၏။

သူ၏ ရှေ့၌ ပေါ်လာသော သွေးတိမ်တိုက် အရှင်သခင်ကို ကြည့်ပြီး ဖူထုံက အစွန်းရောက်သည် အထိ ကြောက်လန့်သွားခဲ့သည်။

သူက ကိုယ်ပွားကြောင့် တစ်ကြိမ်ပြီး တစ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ ဤအချိန်၌ သွေးတိမ်တိုက် အရှင်သခင်ကို ခုခံရန် မည်ကဲ့သို့ အင်အား ရှိပါမည်နည်း။

"အရှင်.. အသက်ကို ချမ်းသာပေးပါ.. ကျွန်တော်... ကျွန်တော်... သွေးနတ်ဆိုး နန်းတော်မှာ ခိုလှုံဖို့ ဆန္ဒရှိပါတယ်"

သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင် ဖူထုံသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

သူက သွေးတိမ်တိုက် အရှင်သခင်၏ ကရုဏာကို ရရန် ဦးညွှတ်၍ တောင်းပန်ခဲ့သည်။

"ငါအရှင်က မင်းခိုလှုံတာကို စိတ်မဝင်စားဘူး.. မင်းအနေနဲ့ မင်းရဲ့ သွေးကိုပဲ နာခံမှုရှိရှိ ပေးအပ်သင့်တယ်"

သွေးတိမ်တိုက် အရှင်သခင်က မဲ့ပြုံး ပြုံးလိုက်သည်။

သူက သူ၏ လက်ဝါးကို လှုပ်ရှားလိုက်၏။

ထိုအခါ တောက်ပသော သွေးရောင်အလင်းသည် ဖူထုံ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

နောက်ထပ် တစ်ခဏ၌ သွေးရောင်အလင်းထဲမှ နာကျင်စွာအော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

သို့သော် အော်ဟစ်ခြင်းသည် အချိန်သိပ်မကြာလိုက်ပေ။

အသံက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီးနောက်တွင် ခြောက်သွေ့၍ တွန့်လိမ်နေသော ခန္ဓာကိုယ်တစ်ခုသည် သွေးရောင်အလင်းထဲကနေ အလျင်အမြန် ထွက်ပေါ်လာခဲ့၏။

"ကောင်းလိုက်တာ.. အတော်လေး အရသာရှိတဲ့ သွေးပဲ"

သွေးတိမ်တိုက်အရှင်သခင်က သူ၏ ခြောက်သွေ့သော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

ယခင်ကထက် အဆပေါင်းများစွာ ပိုမို အင်အားကြီးမားသော အရှိန်အဝါတစ်ခုသည် သူ့တစ်ကိုယ်လုံးတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့၏။

ဖူထုံကို ဖြေရှင်းပြီးနောက်တွင် သွေးတိမ်တိုက် အရှင်သခင်သည် တစ်ချက် လင်းလက်သွားပြီး ရှန်းယွဲ့၏ ဘေးတွင် ပေါ်လာခဲ့သည်။

ရှန်းယွဲ့က ခုခံနိုင်ခြင်း လုံးဝ မရှိခဲ့ပေ။

ထို့ကြောင့် အလွယ်တကူပင် စုပ်ယူခံလိုက်ရသည်။

သွေးတိမ်တိုက် အရှင်သခင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် နောက်တစ်ကြိမ် မြင့်တက်သွားခဲ့ပြန်၏။

"ဒီတစ်ကြိမ်က မင်းအလှည့်ပဲ"

ရှန်းယွဲ့၏ သွေးကို အရသာခံ သုံးဆောင်ပြီးနောက်တွင် သွေးတိမ်တိုက်အရှင်သခင်သည် ဟော်ကျင်းကို ပြုံးပြလိုက်သည်။

သူ၏ ပုံရိပ်က ချက်ချင်းပင် သွေးအရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟော်ကျင်း၏ ဘေး၌ ပေါ်လာခဲ့၏။

သူက လက်ဟန်များကို ထုတ်ဖော်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော သွေးအလင်းသည် ဟော်ကျင်းကို လွှမ်းခြုံသွားခဲ့သည်။

"မလုပ်ပါနဲ့"

ဟော်ကျင်းက ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို တစ်ပြိုင်နက် ခံစားခဲ့ရပြီး သွေးတိမ်တိုက် အရှင်သခင်၏ သွေးအလင်းမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သို့သော် အရာအားလုံးသည် အချည်းနှီးပင် ဖြစ်၏။

အချိန်တိုအတွင်း ဟော်ကျင်းသည် ဖူထုံ၏ ခြေရာနောက်ကို လိုက်ကာ တွန့်လိမ်နေသော အလောင်းခြောက်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

သွေးတိမ်တိုက်အရှင်သခင်က ဟော်ကျင်းတို့ကို ဝါးမျိုပြီးနောက်တွင် ကျန်းချန်သည် လင်းထျန်းကျုံးနှင့်အတူ ကွင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် သွေးတိမ်တိုက်အရှင်သခင်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"ကောင်လေး...မင်း ပြန်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ပထမတစ်ချက်၊ ဟိုမသာလေးတွေက ငါ့ရဲ့ ဂိုဏ်းတူတွေ ဖြစ်တဲ့အတွက် ငါ့မှာ လက်စားချေပေးဖို့ တာဝန်ရှိတယ်"

"ဒုတိယအချက်၊ မင်းရဲ့ ခေါင်းက ထိုက်ရှဂိုဏ်းမှာ အရမ်းတန်ဖိုးရှိတယ်.. ဂိုဏ်းကပေးတဲ့ ဆုလာဘ်ကို ရရှိဖို့ မင်းရဲ့ ခေါင်းကို ငါယူသွားရလိမ့်မယ်"

ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။

သူ၏ မောက်မာသောလေသံက ကွင်းပြင်ထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့၏။

"မင်းက မင်းရဲ့ ခေါင်းကို ငါ့ဆီ ပေးအပ်မှာလား... ဒါမှမဟုတ် ငါက ကိုယ်တိုင် လာပြီး မင်းရဲ့ခေါင်းကို ဖြတ်ရမှာလား"

အခန်း(၄၆၅) ပြီး၏

All Chapters