← Chapters

မင်းရဲ့ရိုင်းပျမှုအတွက် ပြန်ပေးဆပ်ရမယ်

Vol. 11 Ch. 144

မင်းရဲ့ရိုင်းပျမှုအတွက် ပြန်ပေးဆပ်ရမယ်

Vol. 11 Ch. 144

အခန်း (၁၄၄) မင်းရဲ့ရိုင်းပျမှုအတွက် ပြန်ပေးဆပ်ရမယ်

လပေါင်းများစွာ ကုန်ဆုံးသွားပြီး ရာသီများ ပြောင်းလဲသွားလေသည်။

အချိန်ကာလများက သဲပွင့်များပမာ စီးဆင်းနေသော မြစ်ရေပြင်ထက်တွင် မျောပါသွားကြသည်။

ကျိုးကျုန်းထျန်းကတော့ ရေကန်နံဘေးရှိ အဆောင်ငယ်လေးထဲတွင်ထိုင်ရင်း သေရည်တစ်အိုးပြီးတစ်အိုး သောက်နေလေရာ သေရည်အိုးပေါင်း မရေမတွက်နိုင်အောင် သောက်ပြီးနေပြီ ဖြစ်သည်။

သူ့ခါးတွင် ချိတ်ထားသည့် ဘူးသီးခြောက်များတွင်လည်း သေရည်မည်မျှ ဖြည့်ထားသည်ကို မည်သူမှ မသိရှိနိုင်ပေ။

ထိုအချိန်…

လုကျန်းက ကျိုးကျုန်းထျန်းအနားသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာပြန်သည်။

သူက…

"ဆရာ… သူတို့က ကျွန်တော်တို့ကို ထပ်ပြီးတိုက်တွန်းနေပြန်ပြီ…"

"ရက်ပေါင်းဘယ်လောက်လိုသေးလဲ..."

ကျိုးကျုန်းထျန်းက ရှောင်ယွိနှင့် ကျန်းလန်ကို လှမ်းကြည့်နေရင်းက မေးလိုက်သည်။

လုကျန်းက...

"(၃) ရက်အတွင်း နဂါးမျိုးနွယ်ကလူတွေ ရောက်လာကြတော့မယ်... ၊ ဆရာ အဲဒီမှာ ရှိနေပေးဖို့ လိုမယ်ထင်တယ်…"

ကျိုးကျုန်းထျန်းက သေရည်အိုးကို ဘေးသို့အသာချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"အင်း... မင်း သူတို့ကို စောင့်ကြည့်ထားလိုက်..."

ကျိုးကျုန်းထျန်း ပြောလိုက်သည့် "သူတို့" ဆိုသည်မှာ ရှောင်ယွိနှင့် ကျန်းလန်ကို ဆိုလိုခြင်း ဖြစ်သည်။

ထို့နောက် ကျိုးကျုန်းထျန်းက လုကျန်းကို ညွှန်ကြားချက်အချို့ပေးပြီး နေရာမှာပင် ပျောက်ကွယ်သွားသည်။

ကျန်းလန်နှင့် ရှောင်ယွိကို ဆရာဖြစ်သူက အဘယ့်ကြောင့် စောင့်ကြည့်ခိုင်းသည်ကို လုကျန်း နားလည်လေသည်။

ယခုအချိန်တွင် သူတို့ (၂)ယောက်က နဂါးသုတ်သင်ဓားသိုင်းနှင့်ပတ်က်သည့် ခက်ခဲသောတိုးတက်မှုဖြစ်စဉ်တစ်ခုကို ရင်ဆိုင်နေရသောကြောင့် ဖြစ်၏။

..................

ကျန်းလန်က ကန်ရေပြင်ထက်တွင် ထိုင်နေလေသည်။

သူ့နံဘေး မနီးမဝေးတစ်နေရာတွင် မိစ္ဆာနဂါးရော ရှောင်ယွိပါ ရှိနေ၏။

သို့သော် ဤကာလအွင်း သူတို့အားလုံး စကားတစ်ခွန်းမှ မဆိုခဲ့ကြပေ။

အားလုံးက ကန်ရေပြင်ထက်တွင် ကိုယ့်နေရာနှင့်ကိုယ် ထိုင်နေကြခြင်း ဖြစ်သည်။

ကျန်းလန်ရှိသည့်ဘက်ခြမ်းက အလွန်အမင်း တည်ငြိမ်လျှက် ရှိသည်။

ရှောင်ယွိရှိသည့် ဘက်ခြမ်းကတော့ အလင်းရောင်များတောက်ပနေပြီး အားမာန်များ ပြည့်ဝလျှက်ရှိသည်။ ငှက်ငယ်လေးများသည်ပင် သူမနံဘေးတွင် ပျော်ရွှင်စွာဖြင့် တကျွိကျွိအော်ဟစ်နေကြသည်။

မိစ္ဆာနဂါးကြီးရှိရာဘက်ခြမ်းတွင်တော့ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လျှက် ရှိ၏။

ပတ်ဝန်းကျင်အနေအထားများက သူတို့၏ စိတ်ထဲမှ ခံစားချက်များအလိုက် ပြောင်းလဲသွားခြင်း ဖြစ်သည်။

အားလုံးက ကိုယ့်ရင်ထဲမှ ခံစားချက်များကို ကိုယ်စီနားလည်ကြသော်လည်း မည်သူမှ မလိုအပ်သည့်လှုပ်ရှားမှုများ ပြုလုပ်ကြခြင်း မရှိပေ။

ဤသည်က အချိန်အခိုက်အတန့်တစ်ခုပဲ ဖြစ်သည်။

မိစ္ဆာနဂါးက ကျန်းလန်ကို တိုက်ခိုက်မည်ဆိုလျှင် ရှောင်ယွိက မိစ္ဆာနဂါးကို စောင့်ကြည့်နေသည့် အနေအထား ဖြစ်သည်။

သူတို့ (၃)ယောက်တွင် ကျန်းလန်က သားကောင်ပမာ ဖြစ်၏။

ကျန်းလန်၏ မျက်ဝန်းများကတော့ သူ့လက်ထဲမှ သစ်သားဓားကို ကြည့်နေဆဲ ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းအကြောင်း အချိန်အတန်ကြာတွေးတောနေခဲ့ပြီးနောက် အကြောင်းအရာများစွာကို သူ နားလည်ခဲ့ရသည်။

ဒဏ္ဍာရီထဲမှ လယ်သမားအဘိုးအိုက မိစ္ဆာနဂါးကြီးအပေါ် အလွန်မုန်းတီးပြီး လက်စားချေလိုခဲ့သည်။ ထို့ကြောင့် အဘိုးအို အသက်မသေဆုံးခင်အချိန်လေးတွင် နဂါးသုတ်သင်ဓားသိုင်းက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ထိုဓားသိုင်းထဲတွင် အဘိုးအို၏ ဒေါသ ၊ အမုန်းတရား ၊ လက်စားချေလိုသည့်ဆန္ဒ ၊ မျှော်လင့်ချက်နှင့် မိုးနဲ့မြေကို နားလည်သဘောပေါက်ခြင်းများ ပါဝင်သည်။

သူ့လက်ထဲတွင် ကိုင်ထားသည့် လက်နက်က သစ်ပင်ခုတ်သည့် သာမန်ပုဆိန်တစ်လက်မျှသာ ဖြစ်သလို ပုဆိန်ကို ကိုင်ထားသည့်လက်များကလည်း အိုမင်းပြီးစွမ်းအားမဲ့သည့် လက်များသာ ဖြစ်သည်။

သို့သော် အဘိုးအို၏လက်ထဲတွင် နဂါးသုတ်သင်ဓားဝိညာဉ်ထွက်ပေါ်လာခဲ့ခြင်းမှာ သူ့တွင် ဓားတစ်လက်ကဲ့သို့ ထက်ရှသည့် စိတ်ထားရှိသောကြောင့် ဖြစ်သည်။

အဘိုးအို၏ရင်ထဲတွင် ဖြစ်ပေါ်နေသည့် လောင်ကျွမ်းမှုများက ဓားအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

သူ့စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသောစိတ်ဆန္ဒမှာ မိစ္ဆာနဂါးကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းသတ်ဖြတ်ပစ်ရန် ဖြစ်သည်။

နဂါးသုတ်သင်ဓားဝိညာဉ်ဖြင့်ပေါင်းစပ်ထားသည့်ပုဆိန်ကို ကိုင်မြှောင်လိုက်သည်နှင့် သူ အသက်သေဆုံးရမည်ကို အဘိုးအို သိရှိပြီးသား ဖြစ်သည်။

သို့သော် သူ မသေဆုံးမီ နဂါးသုတ်သင်ဓားဝိညာဉ်နှင့်အတူ တောက်ပရှင်းလင်းသည့် အနာဂတ်သစ်တစ်ခုကို တွေ့မြင်ခဲ့လေသည်။

ဤသည်က လယ်သမားအဘိုးအို တီထွင်ခဲ့သည့် နဂါးသုတ်သင်ဓားသိုင်းပင် ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းနှင့်ပတ်သက်ပြီး အဘိုးအိုက အယူအဆတစ်ခုကို ချန်ထားခဲ့သည်။ ထိုအယူအဆကြောင့် နဂါးသုတ်သင်ဓားသိုင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

အခြားသူများအတွက် အဘိုးအိုကဲ့သို့ တူညီသည့်စိတ်ထားရှိလျှင်တောင်မှ နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နိုင်ရန် မဖြစ်နိုုင်ပေ။

ထို့ကြောင့် မည်သူမှ နဂါးသုတ်သင်ဓားသိုင်းကို မသင်ယူနိုင်ကြခြင်း ဖြစ်သည်။ သို့သော် ထိုဓားသိုင်းကို ကျန်းလန် သင်ယူနိုင်ခဲ့သည်ကတော့ အံ့သြစရာပင် ဖြစ်သည်။

အမှန်တော့ နဂါးသုတ်သင်ဓားသိုင်း၏ စစ်မှန်သောဓားဝိညာဉ်သည် လယ်သမားအဘိုးအို ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။

ထိုအချက်ကို နားလည်ခြင်းမရှိလျှင် နဂါးသုတ်သင်ဓားသိုင်း၏ စစ်မှန်သောအနှစ်သာရကို ကျန်းလန်လည်း နားလည်နိုင်မည် မဟုတ်ပေ။

ဒဏ္ဍာရီထဲမှ ဖြစ်ရပ်များကို မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ခဲ့ရလျှင် ကျန်းလန်အနေဖြင့် လယ်သမားအဘိုးအို၏ စိတ်ထားကို နားလည်နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်း၏အနှစ်သာရကို ကျန်းလန် အဓိပ္ပါယ်ဖော်နိုင်မည် မဟုတ်ပေ။

အမှန်ဆိုလျှင် သာမန် လယ်သမားအဘိုးအိုတစ်ယောက်အနေဖြင့် ဤသို့သောဓားသိုင်းမျိုးကို အဘယ်မှာ တီထွင်နိုင်ပါမည်နည်း။

ဓားသိုင်းမှာ ဓားချက်တစ်ချက်ကို စွမ်းအားအပြည့်ဖြင့် ခုတ်ပိုင်းချလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် နဂါးသုတ်သင်ဓားသိုင်း၏အနှစ်သာရမှာ ခုတ်ပိုင်းချလိုက်သည့် ဓားချက်တွင် နဂါးသုတ်သင်ဓားဝိညာဉ် ပါဝင်နေခြင်း ဖြစ်သည်။

ထိုဓားဝိညာဉ်မှာ အဘိုးအို၏ အသက်ဓာတ်စွမ်းအားများမှ ပြောင်းလဲသွားသည့် ဓားဝိညာဉ်ဖြစ်သည်။

ထို့ကြောင့် ဓားချက်ကို ထုတ်ဖော်အသုံးပြုပြီးသည်နှင့် အဘိုးအို ဤလောကမှ လုံးဝထွက်ခွာသွားခဲ့ရခြင်း ဖြစ်၏။

သို့ရာတွင် သမိုင်းတွင်သည့် နဂါးသုတ်သင်ဓားသိုင်းကတော့ ကျန်ရစ်ခဲ့လေသည်။

ကျန်းလန်က သစ်သားဓားထက်တွင် သူ၏လက်များကို တင်ထားသည်။

သူလျှောက်လှမ်းသည့်လမ်းနှင့် လသမားအဘိုးအိုလျှောက်လှမ်းသည့်လမ်းက မတူညီသောကြောင့် နဂါးသုတ်သင်ဓားသိုင်း၏ အဓိပ္ပါယ်ကို နားလည်ရန်မှာ ကျန်းလန်အတွက် မဖြစ်နိုင်ပေ။

သို့သော် သူက ကျင့်စဉ်လမ်းတွင် အမြဲတမ်း ရုန်းကန်နေခဲ့ရသူ ဖြစ်သည်။

မည်သည့်အလုပ်ကိုမဆို ကျန်းလန်က အကောင်းဆုံး ကြိုးစားလုပ်ဆောင်တတ်သူ ဖြစ်သည်။ သူက လျှင်လျှင်မြန်မြန်နှင့် အမြင့်မားဆုံးသို့ ရောက်ရှိချင်သူ ဖြစ်သည်။

သူ့ခြေထောက်အောက်တွင် လျှောက်လှမ်းနေသည့်လမ်းက အတားအဆီးများစွာ ရှိနေခဲ့သည်။  နဂါးသုတ်သုတ်သင်ဓားသိုင်းက ထိုအတားအဆီးများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေ၏။

ကျန်းလန်အနေဖြင့် နဂါးသုတ်သင်ဓားသိုင်း၏ အဓိပ္ပါယ်ကို နားမလည်သည့်တိုင် ဓားသိုင်းအနှစ်သာရကိုတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုချိန်တွင် ဓားဝိညာဉ်ထွက်ပေါ်လာရန်အတွက် သူ၏ အသက်ဓာတ်စွမ်းအားများကို အသုံးပြုရမည်ဖြစ်ကြောင်း ကျန်းလန် နားလည်သွားခဲ့လေပြီ။

ထိုဓားဝိညာဉ်က နဂါးမျိုးနွယ်များအာလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ထိုဓားဝိညာဉ်က သူ့ကို အထွတ်ထိပ်သို့ ရောက်ရှိစေရန် ကူညီပေးမည့်ဓားဝိညာဉ် ဖြစ်သည်။

ကျန်းလန် ဓားကို ကိုင်မြှောက်လိုက်သည်နှင့် မိစ္ဆာနဂါးများကို နှိမ်နင်းနိုင်မည် ဖြစ်သည်။ ဓားကို ခုတ်ပိုင်းချလိုက်လျှင်တော့ ပင်လယ် (၄)ခုမှ နဂါးမျိုးနွယ်များအားလုံး အံ့သြတုန်လှုပ်ကြမည် ဖြစ်သည်။

ထိုစဉ်မှာပင်…

ကျန်းလန်၏ လက်ထဲရှိ သစ်သားဓားတွင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

နဂါးသုတ်သင်ဓားဝိညာဉ်ပင် ဖြစ်လေ၏။

ရှောင်ယွိ ရုတ်တရက် ထိတ်လန့်သွားပြီး ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းလန်လက်ထဲရှိ သစ်သားဓားမှ ထွက်ပေါ်နေသော ဓားဝိညာဉ်ကို ကြည့်ပြီး သူမ တုန်လှုပ်ခြောက်ခြား သွားမိသည်။

ဓားဝိညာဉ်ထဲတွင် မည်သည့်စိတ်ဆန္ဒမှ မပါဝင်သော်လည်း ဓားဝိညာဉ်က အလွန်အမင်း အေးစက်လျှက် ရှိသည်။ ထိုဓားဝိညာဉ်နှင့်သာ ရင်ဆိုင်ရပါက သူမ ဒဏ်ရာအပြင်းအထန် ရသွားနိုုင်သည်။

ဤဓားဝိညာဉ်က နဂါးများကို ပစ်မှတ်ထားသည့် နဂါးသုတ်သင်ဓားဝိညာဉ်ပင် ဖြစ်သည်။

မိစ္ဆာနဂါးကြီးသည်လည်း ကျန်းလန်ကို တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်၏။

ချက်ချင်းပင် သူ့စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ့ရှေ့မှ လူငယ်နှင့် တိုက်ခိုက်လျှင် ထိုလူငယ်သည် သေချာပေါက် သူ့ကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။

"လူသား မင်းက အရင်ကထက် နည်းနည်းလောက် စွမ်းအားပိုကြီးလာတာနဲ့ ကျုပ်ကို ထိခိုက်အောင်လုပ်နိုင်မယ်လို့ ထင်နေသလား…"

မိစ္ဆာနဂါးကြီးက ကျန်းလန်ကို အေးစက်စွာဖြင့် ကြည့်ရင်း မေးလိုက်သည်။

နဂါးကြီးက ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးနေခြင်း ဖြစ်သော်လည်း သူ့ရင်ထဲမှ ကြောက်စိတ်သဲလွန်စများကို တွေ့မြင်နေရသည်။

စောစောက တွေ့မြင်ခဲ့ရသည့် ဒဏ္ဍာရီထဲမှ လယ်သမားအဘိုးအိုက သူ့ကို အမှန်တကယ်ပင် ကြောက်ရွံ့တုန်လှုပ်စေသည်။

သေမျိုးလူသားတစ်ယောက်က မိစ္ဆာနဂါးတစ်ကောင်ကို ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ ဤသည်က နဂါးကြီး နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

ကျန်းလန်က လက်ထဲတွင် သစ်သားဓားကိုကိုင်ထားရင်း မတ်တတ်ထရပ်လိုက်သည်။

သူက မိစ္ဆာနဂါးကြီးကို စူးစိုက်ကြည့်လိုက်ပြီး ဓားကို ကိုင်မြှောက်လိုက်သည်။

ထိုခဏမှာပင် ကန်ရေပြင်ထက်တွင် ရေလှိုင်းများတဝုန်းဝုန်း ရိုက်ခတ်လာသည်။ လေများတိုက်ခတ်လာပြီး မိုးများရွာသွန်းလာကာ လေနှင့်မိုးက အတူတကွ ပေါင်းစပ်သွားသည်။

လျှပ်စီးများက တစ်လက်လက်တောက်ပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာသည်။

ရုတ်တရက် ပြင်းထန်လှသည့် လှုပ်ရှားမှုကြီးတစ်ခု ရေကန်ထက်တွင် ဖြစ်ပေါ်လာသောကြောင့် ရေကန်ပတ်ဝန်းကျင်တွင် ရှိနေသူများ များစွာ အံ့သြထိတ်လန့်သွားကြသည်။

သူတို့အနေဖြင့် မိစ္ဆာနဂါး၏ရောင်ဝါစက်ကွင်းအတွင်းမှ ကျန်းလန် ၊ ရှောင်ယွိနှင့် မိစ္ဆာနဂါးတို့၏ အခြေအနေများကို သိမြင်ကြခြင်း မရှိပေ။

ကျန်းလန် သစ်သားဓားကိုကိုင်ကာ မတ်တတ်ရပ်လိုက်သည်နှင့် ကန်ရေပြင်တစ်ခုလုံး လှိုင်းများပြင်းထန်လာသည်ကိုသာ သူတို့ တွေ့မြင်ကြရခြင်း ဖြစ်သည်။

ရေကန်နံဘေးတွင် မျက်လုံးများကို မှိတ်ထားရင်း ကျန်းလန် မတ်တတ်ထရပ်လိုက်သည်ကို လုကျန်းတွေ့မြင်လိုက်ရသည်။

သူ့လက်ထဲရှိ သစ်သားဓားမှ နဂါးသုတ်သင်ဓားဝိညာဉ် ထွက်ပေါ်နေသည်ကို တွေ့မြင်နေရသည်။

ထိုစဉ်မှာပင် ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်ပြီး ရေကန်ထဲမှ မိစ္ဆာနဂါးကြီးသည်လည်း ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း အပြင်သို့ ထွက်ပေါ်လာသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။

သူတို့ (၂)ယောက်လုံး မတိုးသာ မဆုတ်သာအခြေအနေတွင် ရှိနေကြသည်။

လုကျန်းနှင့် ရေကန်ပတ်ပတ်လည်တွင်ရှိနေသည့် တပည့်များက မြင်ကွင်းကိုစိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

ဘာဖြစ်သည်ကို မည်သူမှ မသိရှိကြပေ။

သို့သော် သူတို့သိရှိသည်မှာ ကျန်းလန် ရေကန်နံဘေးတွင်ထိုင်နေသည်မှာ လပေါင်းများစွာ အချိန်ကြာမြင့်နေပြီဆိုသည့် အချက်ဖြစ်သည်။

ကျန်းလန် လှုပ်ရှားမှု မပြုစဉ်က အရာအားလုံး အဆင်ပြေလျှက် ရှိသော်လည်း ယခု သူ တစ်ကြိမ်လှုပ်ရှားလိုက်သည်နှင့် တစ်လောကလုံးကို အံ့အားသင့်သွားစေလေသည်။

ရှောင်ယွိလည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး နောက်သို့ ခြေ (၂)လှမ်းခန့် ဆုတ်လိုက်သည်။

ဂိုဏ်းတူမောင်လေး နဂါးသုတ်သင်ဓားဝိညာဉ် မည်သို့ထုတ်ဖော်ရသည်ကို နားလည်သွားပြီလား…။

ထိုခဏမှာပင်…

ကျန်းလန်၏ အသက်ဓာတ်စွမ်းအားများက သစ်သားဓားအတွင်းသို့ အဆက်မပြတ်စီးဝင်နေသည်။ နဂါးသုတ်သင်ဓားဝိညာဉ်က ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းလာသည်။

ကျန်းလန်၏ ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ ရုတ်တရက် လျော့ကျသွားသော်လည်း သူက ထိုအချက်ကို လုံးဝသတိမထားမိပေ။

နဂါးသုတ်သင်ဓားသိုင်းကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သူ နားလည်သွားပြီ ဖြစ်သည်။

မြင်ကွင်းကိုကြည့်ရင်း ရှောင်ယွိ မျက်မှောင်လေးများ ကြုတ်ထားမိသည်။

ထို့နောက် ချက်ချင်းပင် သူမလက်ထဲမှ ဓားငယ်လေးကို ကိုင်မြှောက်လိုက်သည်။ ဓားငယ်လေးထံမှ ပြင်းထန်လှသည့် နဂါးသုတ်သင်ဓားဝိညာဉ် ထွက်ပေါ်လာသည်။

ထိုဓားဝိညာဉ်က ဆရာဦးလေးကျိုးကျုန်းထျန်း၏ ဓားဝိညာဉ်ဖြစ်သည်။

နဂါးသုတ်သင်ဓားဝိညာဉ် (၂)ခုကို တွေ့မြင်လိုက်သည်နှင့် မိစ္ဆာနဂါးကြီး အနည်းငယ် ကြောက်ရွံ့သွားသည်။

အထူးသဖြင့် အဓိကပြိုင်ဘက်ဖြစ်သော ကျန်းလန်က သူ့ကို စတင်တိုက်ခိုက်တော့မည် ဖြစ်သည်။ သူတို့ တိုက်ခိုက်ကြလျှင် ရှောင်ယွိကလည်း ကျန်းလန်ဘက်မှ ကူညီမည် ဖြစ်သည်။

နဂါးကြီး၏ မျက်လုံးထဲတွင် ခန္ဓာကိုယ်ထက်ပိုင်းပြတ်ကာ သေဆုံးသွားသည့် ဒဏ္ဍာရီထဲမှ မိစ္ဆာနဂါးကြီးကို ပြန်လည် မြင်ယောင်လာမိသည်။

နဂါးကြီးက…

"လူသားကောင်… ကျုပ် ဒီနေရာက လွတ်မြောက်လာတဲ့ တစ်နေ့ကျရင် မင်းဆီကို လာခဲ့မယ်… ၊ မင်းရဲ့ ရိုင်းပျမှုအတွက် ပြန်ပေးဆပ်ရမယ်…"

ထို့နောက် နဂါးကြီးက စကားမပြောတော့ဘဲ ရေကန်အောက်သို့ လှစ်ခနဲ ပြေးဝင်ပျောက်ကွယ်သွားလေတော့၏။

မိစ္ဆာနဂါးကြီး ထွက်ပြေးသွားတော့မှ ရှောင်ယွိ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမလည်း ဤနေရာမှ အမြန်ထွက်ခွာသွားချင်နေပြီ ဖြစ်သည်။

ကျန်းလန်၏ လက်ထဲတွင် သစ်သားဓားကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ သို့သော် မိစ္ဆာနဂါးကြီး ထွက်ခွာသွားသည်နှင့် သစ်သားဓားဆီမှ ဓားဝိညာဉ်သည်လည်း ပျောက်ကွယ်သွားသည်။

ဓားဝိညာဉ်မှ အသက်ဓာတ်စွမ်းအားများက ကျန်းလန်၏ ခန္ဓာကိုယ်ထဲ ပြန်လည်စီးဝင်လာသည်။ ထို့နောက် ကျန်းလန် ဓားကို အသာပြန်ချလိုက်သည်။

ရှောင်ယွိက ကျန်းလန်ကို စူးစမ်းသလိုအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ရင်း…

"ရှင် အဲဒီဓားဝိညာဉ်ကို နားလည်သွားပြီလား…"

ထိုမေးခွန်းအတွက် အဖြေက မသေချာလှပေ။ သို့သော် အရင်ကနှင့် မတူသည်မှာတော့ ထင်ရှားသည်။

သူ ထုတ်ဖော်လိုက်သည့် ဓားဝိညာဉ်က မိစ္ဆာနဂါးအားလုံးကို သတ်ဖြတ်ဖြစ်နိုင်သည့် နဂါးသုတ်သင်ဓားဝိညာဉ် ဖြစ်သည်။

သို့သော် မိစ္ဆာနဂါးကြီးကို သတ်ဖြတ်မည်ဆိုလျှင် ဓားချက်တစ်ချက်ဖြင့်သာ ခုတ်ပိုင်းသတ်ဖြတ်နိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နဂါးဝိညာဉ်ဓားဝိညာဉ် ထွက်ပေါ်လာစေရန် သူ၏ အသက်ဓာတ်စွမ်းအားများကို အသုံးပြုထားရသောကြောင့် ဖြစ်၏။

"ဒီ မိစ္ဆာနဂါးကြီးကို သတ်ဖြတ်မယ်ဆိုရင်တော့ အသက်နဲ့ရင်းပြီးမှ သတ်ဖြတ်နိုင်မယ်ထင်တယ်… ၊ မဟုတ်ရင်တော့ သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး…"

သူနှင့် လယ်သမားအဘိုးအိုကြားတွင် ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။

အဘိုးအိုက လောကကြီးနှင့် တစ်သားတည်းကျနေသူဖြစ်သောကြောင့် နဂါးသုတ်သင်ဓားသိုင်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန်ကတော့ လယ်သမားအဘိုးအိုနှင့် မတူကွဲပြားသည်။ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် နဂါးသုတ်သင်ဓားသိုင်း၏ စစ်မှန်သည့်အနှစ်သာရကို နားလည်သွားပြီးနောက် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသည့် နဂါးများတွင် ကျန်းလန်ကို ယှဉ်ပြိုင်နိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။

သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် နဂါးများဆိုလျှင်လည်း နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးမပြုသည့်တိုင် နဂါးသုတ်သင်ဓားသိုင်းနှင့် သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။

သူ၏ အသက်နှင့် အလဲအထပ်ပြုပြီး တိုက်ခိုက်မည်ဆိုလျှင် မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိသည့် နဂါးကိုမဆို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် သူ့တွင် နွားရိုင်းကိုးကောင်စွမ်းအားကို ပိုင်ဆိုင်ထားမှတော့ သူ၏အသက်နှင့်အလဲအထပ်ပြုပြီး နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုစရာ မလိုပေ။

ထိုစဉ်…

"ဂိုဏ်းတူညီလေး… ၊ ဂိုဏ်းတူညီမလေး… ကျုပ် မင်းတို့ (၂)ယောက်ကို ပြောစရာ ရှိတယ်…"

အသံတစ်သံထွက်ပေါ်လာသည်ကို ကျန်းလန်ရော ရှောင်ယွိပါ ကြားလိုက်ရလေ၏။

All Chapters