ဖိနပ်သည်
Vol. 13 Ch. 181
သူ့ဖခင်ဖွင့်ထားသည့် စားသောက်ဆိုင်သို့ ပြန်လာချိန်တွင် လူအားလုံး၏ အာရုံစိုက်စရာဖြစ်လာသည်။ လူအတော်များများ လာရောက်ဂုဏ်ပြု၍ မိတ်ဖွဲ့ရန် ကြိုးစားကြသည်။
သူ အပြုံးဖြင့် ပြန်လည်နှုတ်ဆက်သည်။ သို့သော် တစ်နေကုန်ထိုသို့ဧည့်ခံပြီးနောက် ငြီးငွေ့သွားသည်။ နောက်တစ်နေ့မနက်တွင် စားသောက်ဆိုင်မှထွက်၍ ယုန်နင်မြို့ထဲသို့ တစ်ယောက်ထည်း လမ်းလျှောက်ထွက်သည်။
“အခုမှပဲ နားအေးတော့တယ်”
လူအများအာရုံစိုက်ခံရခြင်းသည် ကောင်းပါသည်။ သို့သော် အချိန်ကြာလာလျှင် စိတ်ပျက်စရာဖြစ်လာသည်။ ယခုလို နားအေးပါးအေးနေရသည့်အချိန်ကို သူပို၍သဘောကျသည်။
ကောင်တီ၏ မြစ်တစ်ခုဘေးသို့ ရောက်လာချိန်တွင် သူခြေလှမ်းရပ်လိုက်သည်။ မြစ်ကမ်းတွင် အိမ်စေများ မိန်းမငယ်များ အဝတ်လျှော်နေသည်ကို မြင်ရသည်။ သာမန်ဟု ထင်ရသော်လည်း ထိုမိန်းမများ၏ စနောက်ရယ်မောနေသံမျာက လတ်ဆတ်သည့် လောကအလှကို အသက်သွင်းပေးသလိုရှိသည်။ ရှင်သန်နေထိုင်ရခြင်း၏ အလှအပတန်ဖိုးကို မြင်ရသည်။
“ကြည့်ပါ၊ ဟိုကမ်းပေါ်က အတော်ချောတဲ့သခင်လေးတစ်ယောက် ငါတို့ကိုချောင်းကြည့်နေတယ်”
“ချောင်းကြည့်တာမဟုတ်ပါဘူးဟာ။ ပေါ်တင်ကြည့်နေတာပါ”
တာ့ကျင်းဓလေ့စရိုက်များသည် သိပ်မပွင့်လင်း။ မိန်းမနှင့်ယောက်ျားကြားတွင် ကန့်သတ်ချက်မျိုးစုံ ရှိနေဆဲဖြစ်သည်။ သို့သော် သာမန်လူများက သိပ်အရေးမစိုက်ကြ။ ယခု မြစ်ကမ်းမှ မိန်းမများသည် စကားပြောရာတွင် အထိန်းအကွပ်မရှိ။
မိန်းမငယ်များက ဖုန်ချင်အန်းဆီ လက်ညှိုးထိုး၍ တီးတိုးပြောဆိုနေကြသည်။ နည်းနည်းပိုရဲတင်းသူများက စတင်အော်ဟစ်နေကြသည်။
“မောင်လေး၊ ဘာတွေကြည့်နေတာလဲ။ ဒီမမတွေထဲမှာ ကြိုက်တဲ့လူရှိလို့လား”
“သခင်လေး၊ ကြည့်မနေပါနဲ့။ သူတို့အားလုံး လက်ထပ်ပြီးသားတွေ။ ကျွန်မရဲ့ ညီမလေးကိုပဲ စဉ်းစားပါ။ သူက အသက်လည်းငယ်တယ်။ လှလည်းလှတယ်။ အချက်အပြုတ် အလျှော်အဖွတ်လည်း ကျွမ်းကျင်ပါတယ်”
တစ်ချို့က ချက်ချင်း အောင်သွယ်ပေးရန် ကြိုးစားကြသည်။ အောင်သွယ်ခံရသည့် မိန်းကလေးများ ရှက်သွေးဖြာသွားကြသည်။ ပတ်ဝန်းကျင်မှ မိန်းမများက အော်ဟစ်ရယ်မောနေသည်။
“အမလျို၊ ဒီလူငယ်က နန်းတွင်းစာမေးပွဲဖြေတဲ့ စာပေပညာရှင်ဖြစ်မှာ။ အမရဲ့ညီမနဲ့ အောင်သွယ်ပေးလို့ ရမှာမဟုတ်ဘူး”
“ဘာလို့မရရမှာလဲ။ သူ့အသက်အရွယ်နဲ့ဆို အုပ်ထိန်းသူတွေနဲ့လာတာပဲဖြစ်မယ်”
“ဟေ့ မောင်လေး။ မင်းက ဟိုနေ့က စာမေးပွဲဝင်ဖြေခဲ့တဲ့လူလား။ စာမေးပွဲအောင်ရဲ့လား”
တစ်ယောက်က လှမ်းမေးသည်။
“ကံကောင်းထောက်မလို့ ကျုပ် ပထမရခဲ့တယ်”
ဖုန်ချင်အန်း ပြုံး၍ဖြေသည်။ သာမန်လူငယ်လေးများသည် ထိုကဲ့သို့ မိန်းမများစွာနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးသွားကြပေလိမ့်မည်။ သို့သော် ဖုန်ချင်အန်းက အေးအေးဆေးဆေးပင်ဖြစ်သည်။
“အို မင်းက ပထမရတယ်ပေါ့။ ဒါဆို ငါတို့ကောင်တီရဲ့ ချန်ပီယံလား”
တစ်ယောက်က တအံ့တဩရေရွတ်သည်။ သာမန်မိန်းမများ သူ့အကြောင်း သိကြမည်ဟု ဖုန်ချင်အန်း ထင်မထား။ နန်းတွင်းစာမေးပွဲသည် အဆင့်မြင့်သည်။ ဝင်ဖြေသူများအတွက်သာ အရေးပါသည်။ တစ်ခြားလူများအတွက် ဘာမှအဓိပ္ပါယ်မရှိ။
“ကျုပ်က လူငယ်စာသင်သားတောင် မဟုတ်သေးပါဘူး။ ဒါကြောင့် စာပေပညာရှင်လို့ ပြောလို့မရပါဘူး”
“ဒါပေမယ့့် ငါတို့မိသားစုအိမ်စေက ပြောတယ်။ ဒီနှစ် ငါတို့ကောင်တီရဲ့ချန်ပီယံဟာ လွန်ခဲ့တဲ့ သုံးနှစ်က တာ့ကျင်းခြောက်ထပ်ကွမ်းချန်ပီယံရဲ့ ညီတဲ့”
မြစ်ကမ်းမှ စကားသံများ ချက်ချင်းတိတ်သွားကြသည်။ မိန်းမကြီးများ မိန်းမငယ်များ အချင်းချင်းကြည့်ကြသည်။ သက်ဝင်လှုပ်ရှားနေခဲ့သည့် မြစ်ကမ်းတစ်ခုလုံး ငြိမ်ကျသွားသည်။ မြစ်ကမ်းတစ်ဘက်တွင် စိတ်ပျက်လက်ပျက်ရပ်နေသည့် ဖုန်ချင်အန်းမှလွဲလျှင် လူတစ်ယောက်မှ မကျန်ခဲ့တော့။
“ပြောမိတဲ့ဒီပါးစပ်တော့ကွာ”
သူ့ပါးစပ်သူရိုက်လိုက်သည်။ လူသားဘဝပန်းချီကားက သူ့စကားကြောင့် ပျောက်ကါယ်သွားခဲ့ပြီဖြစ်သည်။
သူကအရေးမစိုက်သော်လည်း သူနှင့်ရင်ဆိုင်တွေ့သူများက အရေးမစိုက်ဘဲ မနေရဲ။ ခြောက်ထပ်ကွမ်းစာပေပညာရှင်၏ မိသားစုသည် သာမန်မဟုတ်။ ပုံမှန်မိသားစုများနှင့် များစွာကွာခြားသည်။
သူသက်ပြင်းချ၍ လှည့်ထွက်ရန် ပြင်လိုက်သည်။ မြို့ထဲဆက်လျှောက်ချင်စိတ် ပျောက်သွားသည်။
“ဘုတ်”
အနံ့အသက်မကောင်းသည့် ဖာထေးရာဗရပွနှင့် ဖိနပ်တစ်ဘက် သူနှင့်မနီးမဝေးတွင် ကျလာသည်။ အမိန့်သံပါသည့် သက်ကြီးပိုင်းလူတစ်ယောက်၏ စကားသံပေါ်လာသည်။
“ကောင်လေး၊ ငါ့ဖိနပ်ကိုကောက်ပြီး ယူခဲ့စမ်း”
အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ မနီးမဝေး ကျောက်တံတားပေါ်တွင် လျှော်ချည်အဝတ် ဝတ်ထားသည့် အဘိုးအိုတစ်ယောက်ကို မြင်ရသည်။ အထက်စီးမှ ငုံ့ကြည့်နေသည်။ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာသူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးမဟုတ်။
“ကောင်လေး၊ ငါ့ဖိနပ်ကိုကောက်ပြီး ယူလာပေးလေ”
ဖုန်ချင်အန်း စိုက်ကြည့်နေသဖြင့်သူအော်ငေါက်သည်။
“ရိုင်းစိုင်းလှချည်လား။ ငါမင်းကို ပြောနေတာကွ။ မင်းက ပညာတတ်မှန်း ငါသိတယ်။ သူတော်စင်အဆုံးအမတွေ ခွေးကျွေးပစ်လိုက်တာလား။ ကိုယ်ထက်အသက်ကြီးတဲ့လူတွေခိုင်းတာကို မရိုမသေလုပ်တာလား”
ဟိန်းဟောက်သံ နောက်တစ်ကြိမ်ပေါ်လာသည်။ ဖုန်ချင်အန်း ခေါင်းမော့ကြည့်၍ ပြုံးလိုကသည်။ ဖိနပ်စုတ်ဆီ လျှောက်သွားသည်။ အဘိုးအိုမျက်နှာ ပြုံးရောင်သန်းစမှာပင် ဖုန်ချင်အန်း ခြေထောက်ကိုမြှောက်၍ ဖိနပ်ကို ကန်ပစ်လိုက်သည်။ ပေတစ်ရာကျော်ခန့် လွင့်ထွက်သွားသည်။
ထင်မထားသည့်အဖြစ်ကြောင့် အဘိုအို၏ မုတ်ဆိတ်ပွတ်နေသည့်လက်များ ရပ်တန့်သွားသည်။ မျက်လုံးနည်းနည်းပြူးလာသည်။ သို့သော် အမူအရာချက်ချင်းထိန်းသည်။ မျက်နှာတစ်ခုလုံး ဒေါသရောင်တောက်လာပြီး အသံမြှင့်၍ အော်ဟစ်လိုက်သည်။
“မိမဆုံးမ ဖမဆုံးမကောင်လေး၊ ငါ့ဖိနပ်ကို ဘာလုပ်လိုက်တာလဲကွ”
ဖုန်ချင်အန်း မကြားဟန်ဆောင်နေသည်။ ဖိနပ် ကန်လိုက်သည့်ဘက်သို့ ခပ်အေးအေးလျှောက်သွားသည်။ ခြေလှမ်းတစ်ရာခန့် လှမ်းပြီးနောက် ဖိနပ်ကို နောက်တစ်ကြိမ် ကန်ပစ်လိုက်သည်။ နောက်ထပ် ပေတစ်ရာကျော် လွင့်ထွက်သွားသည်။
ထိုမြင်ကွင်းကိုကြည့်၍ အဘိုးအို ဒေါသအကြီးအကျယ်ထွက်၍ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ တဖြေးဖြေးဝေးသွားသည့် ဖုန်ချင်အန်းကို လက်ညှိုးထိုး၍ ဘာစကားမှမပြောနိုင်အောင် ဖြစ်သွားသည်။
"ဟားဟားဟား၊ မစ္စတာကျင်း၊ မင်းရဲ့တိမ်နင်းဖိနပ်ကို ဟိုကောင်လေးက ကန်ထုတ်သွားပြီ။ ပြန်သွားမယူတော့ဘူးလား”
လှောင်သံအပြည့်ပါသည့် စကားသံက အဘိုအို၏ဘေးဘက်မှ ပေါ်လာသည်။ အဘိုးအို ဒေါသထွက်နေသည့်မျက်နှာဖြင့် လှည့်ကြည့်သည်။ အလံတစ်ခုကိုင်ထားသည့် ဗေဒင်ဆရာတစ်ယောက် လျှောက်လာသည်။
“မင်းက ငါ့ကိုလှောင်တယ်ပေါ့”
"ဟားဟားဟား၊ ဒီလိုပျော်စရာအဖြစ်လေးကို စန်ယွမ်ဇီတို့နဲ့တွေ့မှ ပြောပြရဦးမယ်။ နှစ်ခြောက်ဆယ်လောက်တော့ မင်းအကြောင်းပြောပြီး ရယ်နေလို့ရပြီကွ”
ပြောနေရင်းမှ ဗေဒင်ဆရာ ခွက်ထိုးခွက်လန် ရယ်နေပြန်သည်။ သို့သော် အဆင်တန်ဆာမဲ့သည့် ကျောက်တံတားပေါ် ဖြတ်သွားသူများက သူ့ကိုမမြင်သလိုဖြစ်နေသည်။ တစ်ယောက်မှ လှည့်မကြည့်ကြ။
“အသုံးမကျတဲ့ကောင်လေး။ တကယ့်မျက်ကန်းပဲ”
အဘိုးအို မကျေမနပ် ဆဲဆိုနေသည်။ ထိုသို့ဖြစ်လာမည်ဟု လုံးဝမျှော်လင့်မထား။
နည်းနည်းအသိဉာဏ်ရှိသူပင် ရိုးရှင်းသည့် ထိုစမ်းသပ်မှုကို အောင်မြင်ကြမည်။ ဒေါသကိုထိန်း၍ သူ့ကို ဖိနပ်ယူလာပေးရုံသာဖြစ်သည်။ သူက ဆုလာဒ်ချီးမြှင့်မည်။
တာအိုသုတ္တစာလိပ်နှစ်ခုကို သူသေချာပြင်ဆင်ထားခဲ့သည်။ သို့သော် ထိုကောင်လေးက သူ့ဖိနပ်ကို ယူလာမပေးသည့်အပြင် တစ်ချက်ပြီးတစ်ချက် အဝေးသို့ကန်ထုတ်နေသည်။ ရိုသေလေးစားမှု လုံးဝမရှိခြင်းဖြစ်သည်။
"ဟားဟားဟား၊ ဘာလို့ ဖုန်သခင်လေးကို သွားပြီးအပြစ်တင်နေတာလဲ မစ္စတာကျင်း။ မင်းအသက်အရွယ် ထောင်လွှားမောက်မာနေတာ မင်းအပြစ်ပဲလေ။ လူငယ်တစ်ယောက်က ဒီလိုဖိနှိပ်တာမျိုး ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ”
ဗေဒင်ဆရာ အရယ်ရပ်သွားပြီးနောက် စကားနည်းနည်းပြောသည်။ ထို့နောက် ဆက်ရယ်နေပြန်သည်။ ထိုအခြေအနေဖြစ်လာမည်ဟု သူလည်းထင်မထား။ တကယ်အမြင်ပွင့်ရသည့် အတွေ့အကြုံဖြစ်သည်။
“ငါက သူ့ကိုစမ်းသပ်ချင်ရုံပဲ။ သူဒီလောက် အလိုက်ကန်းဆိုးမသိတဲ့လူဖြစ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ။ အပြင်ပန်းကြည့်ရင်တော့ ရွှေလိုအရောင်လက်နေပေမယ့် အတွင်းစိတ်ကတော့ သံချေးတက်ပြီး ပုပ်ဆွေးနေတာပဲ။ ကြောင်းကျိုးခွဲခြားနိုင်စွမ်းနဲ့ သည်းခံစိတ် လုံးဝမရှိဘူး။ နောက်ကိုလည်း အောင်မြင်လာမယ့်လူမျိုးမဟုတ်ဘူး”
အဘိုးအို မကျေမနပ် ရေရွတ်နေဆဲဖြစ်သည်။
“မျောက်ဝါသခင်၊ မင်းပြောတာ မှားနေပြီ။ ကောင်လေးက မင်းဟန်ဆောင်နေတာ သိပြီးလောက်ပြီ။ ဒါကြောင့် ဒီလိုလုပ်သွားတာဖြစ်မယ်။ မင်းမလေးမစားလုပ်တာကို ပြန်တုံ့ပြန်တဲ့သဘောပဲ”
ဗေဒင်ဆရာ၏စကားသံက ကောင်လေးကို လေးစားသည့်အရိပ်များ ပါသည်။
“ငါမလေးမစားလုပ်တယ်ဆိုရင်တောင် ငါက သူ့ထက်အကြီးပါ။ ငါ့ဆန္ဒကို သူဘာလို့ မလိုက်လျောတာလဲ။ လူကြီးတစ်ယောက်ရဲ့ဖိနပ်ကို ကန်သွားဖို့ ကွန်ဖြူးရှပ်ကျောင်းတွေက သူ့ကိုသင်ထားလို့လား”
မျောက်ဝါသခင် လေသံမလျှော့။ ထိုလူငယ် မသိနားမလည်၍ သူ့လိုစစ်မှန်သည့်လူတစ်ယောက်အား သတိမပြုမိသည်ဆိုလျင် နားလည်နိုင်သေးသည်။ သို့သော် သိရက်နှင့်တမင်လုပ်သွားခြင်းသည် သူ့ကိုအထင်သေးခြင်းဖြစ်သည်။
ထို့ကြောင့် သူပို၍ဒေါသထွက်သည်။