ကပ်မြှောင်
Vol. 13 Ch. 182
“ငါ့ကို အကန်းထင်နေလား။ ဒီလိုပုံရိပ်ယောင်လောက်နဲ့ လာလှည့်စားရဲတယ်ပေါ့”
ဖိနပ်စုတ်ကို ဟင်းရွက်ပုပ်များနှင့် သစ်ရွက်ခြောက်စုပုံနေသည့် အမှိုက်ပုံဆီသို့ ကန်ထုတ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။ ထိုဖိနပ်သည့် မှော်အစွမ်းများရှိ တိမ်ဖြူသဏ္ဌာန်ဖိနပ်ဖြစ်ကြောင်း သူ့အာရုံတွင် မြင်နေရသည်။
ထိုဖိနပ်စုတ် ရတနာတစ်ခုဖြစ်လည်း သူစီးချင်မှစီးမည်။ အနံ့ဆိုးလွန်းသဖြင့် ကောက်ကိုင်ချင်စိတ်ပင်မရှိ။ ထို့အပြင် ဖိနပ်က တစ်ဘက်တည်းဖြစ်သည်။ ထိုဖိနပ်သည် ဈေးအမှိုက်ပုံနေရာနှင့်သာ အသင့်တော်ဆုံးဖြစ်သည်။
ကျောက်တံတားပေါ်မှ အဘိုးအိုကို အသွင်နှစ်မျိုးဖြင့် သူမြင်ရသည်။ ဆင်းရဲနွမ်းပါးသည့် အဘိုးအိုပုံစံနှင့် ခံ့ညားသည့်ငှက်မွှေးဝတ်ရုံမသေမျိုးပုံစံဖြစ်သည်။
အခွင့်အရေးတစ်ခု ပေးနေမှန်း သူသိပါသည်။ သို့သော် အခွင့်အရေးပေးလာသည့် နည်းလမ်းကို သူမကြိုက်။ ထိုအဘိုးဆန္ဒအတိုင်း သူမလိုက်လျောနိုင်။ သိက္ခာကျလွန်းသည်။
ထိုအဘိုးအိုစမ်းသပ်မှုကို ခံလိုသည့်လူများ လောကတွင် များစွာရှိပါလိမ့်မည်။ သို့သော် ထိုလူများထဲတွင် သူမပါ။
“ဖွီး”
ဖုန်ချင်အန်း စားသောက်ဆိုင်သို့ ပြန်သည်။ ကောင်တီစာမေးပွဲ အောင်မြင်ပြီးဖြစ်၍ ကျန်းရန်ပြည်နယ်မြို့တော်မှ ပြည်နယ်စာမေးပွဲအတွက် စတင်ပြင်ဆင်ရတော့မည်။ ပြည်နယ်စာမေးပွဲအောင်မှသာ ကလေးစာသင်သားအဖြစ် သတ်မှတ်၍ အရာရှိရာထူးတစ်ခု ရမည်။
သူ့မိဘများ မည်မျှမခွဲနိုင်သည်ဖြစ်စေ ဤတစ်ကြိမ်တွင် အတူလိုက်နိုင်မည်မဟုတ်။ ပြည်နယ်စာမေးပွဲစရန် တစ်လကျော်လိုသေးသည်။ မိဘများက အလုပ်အားလုံးပစ်ပယ်၍ သူနှင့်အတူ လိုက်နိုင်မည်မဟုတ်။ သူသည်လည်း ကလေးငယ်တစ်ယောက်လို ဂရုစိုက်ပေးစရာမလိုတော့ပါ။
“အန်း၊ မင်းကိုလိုက်ပို့ဖို့ သက်တော်စောင့်အဖွဲ့ကောင်းတစ်ခု ငါတွေ့ထားပြီးပြီ။ လမ်းခရီးမှာ စိတ်ချလက်ချသွားလို့ရတယ်။ ကျန်းယွမ်အာမခံဌာနက သက်တောင်စောင့်တွေဟာ အရည်အသွေးထိပ်တန်းပဲ။ တောင်တန်းပေါ်က ကျားတွေတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတယ်”
ဖုန်ချင်အန်း ဘာမှမပြောနိုင်တော့။ ဆိုရိုစကားရှိသည်။ မိဘမေတ္တာမြင့်မိုရ်တောင်ပမာဟူ၏။ သူ့အတွက် အသုံးမဝင်သော်လည်း မိဘများက တတ်နိုင်သမျှ အကောင်းဆုံးထောက်ပံ့ပေးသည်။
သူသာမန်ကလေးမျိုးဖြစ်လျှင်လည်း သူ့မိဘများလုပ်ရပ်က အကျိုးမရှိနိုင်။ ငွေကုန်ရုံသာ အဖတ်တင်မည်။ ရွာမှထွက်သည်နှင့် ခရီးစခြင်းပင်ဖြစ်သည်။
သူ့နောက်မှ အမြဲလိုလိုက်နေသည့် အဖွဲ့တစ်ခုရှိကြောင်း သူသတိထားမိပြီးဖြစ်သည်။ အရင်က ထိုလူစုနှင့်သူ သွယ်ဝိုက်ဆက်ဆံဖူးခဲ့မည်ဟု သူခန့်မှန်းသည်။
ကောင်တီမြို့တွင်ကြာကြာမနေတော့။ ခံ့ညားထည်ဝါးသည့် သက်တော်စောင့်များနှင့်အတူ ပြည်နယ်မြို့တော်ဆီ စတင်ထွက်ခွာသည်။ သူ့နောက်တွင် သူနှင့်အတူ ပြည်နယ်စာမေးပွဲသွားဖြေမည့် ကျောင်းသားတစ်စုလည်း လိုက်လာကြသည်။
ဖုန်ချင်အန်း စထွက်သည်နှင့် သူတို့လိုက်လာကြသည်။ ထိုခရီးလမ်းတွင် အသက်အန္တရာယ် ကြုံနိုင်သည်။ စာမေးပွဲနှင့်ယှဉ်လျှင် သိက္ခာကျရသည်က ဘာမှမဟုတ်သေး။ စာမေပွဲသည် ရုပ်ခန္ဓာအားနှင့် ကျန်းမာရေးသာ လိုအပ်သည်မဟုတ်။ ကံလည်းလိုသည်။
နှစ်တိုင်း နန်းတွင်းစာမေးပွဲလာဖြေရင်း လမ်းတွင်သေဆုံးသွားသူများ အမြဲတမ်းရှိသည်။ လူနေထိုင်ရာ မြို့ရွာများမှ ထွက်သည်နှင့် ကြမ်းတမ်းသည့် တောင်တန်းတောအုပ်များက စောင့်ကြိုနေသည်။
ကျား ကျားသစ် ဝံပုလွေများတွေ့သည်မှာ အဆန်းမဟုတ်။ သရဲဝိညာဉ်များနှင့် တွေ့ကြံရသည့် ဇာတ်လမ်းများပင် မနည်းမနော။ ကံကောင်းထောက်မ၍ အသက်မသေလျှင် တစ်သက်လုံး ထုတ်ကြွားနိုင်သည့် စိတ်လှုပ်ရှားစရာ ပုံပြင်တစ်ပုဒ်ရမည်။ ကံဆိုးလျှင် တောနက်ထဲတွင် ဘဝဆုံးရမည်။
ထို့ကြောင့် ဖုန်ချင်အန်းဖခင် စွမ်းရည်မြင့်သက်တော်စောင့်အဖွဲ့ ငှားရမ်းထားကြောင်းသိသည်နှင့် သာမန်ဖြတ်သွားဖြတ်လာ သိကျွမ်းသည့် စာဖြေသူများပင် အရှက်မရှိ နောက်မှကပ်လိုက်လာကြသည်။
သူတို့ သက်တော်စောင့်များ မငှားနိုင်ကြ။ အများစုက ဆင်းရဲသားများဖြစ်သည်။ စုထားဆောင်းထားသမျှအားလုံး စာဖြေခရီစရိတ်အတွက် သုံးကြရသည်။ မရှိရှိသမျှ ပေါင်နှံရောင်းချခဲ့ကြရသည်။
ယုန်နင်ကောင်တီမှ သူထွက်သွားချိန်တွင် မျောက်ဝါသခင်က အမှိုက်ပုံထဲမှ သူ့ဖိနပ်စုတ်ကို မျက်မှောင်ကျုံ့၍ ကြည့်နေသည်။ သူ့ဘေးမှ ဗေဒင်ဆရာက ဗိုက်ကိုနှိပ်၍ တဟားဟားအော်ရယ်နေသည်။
“မျောက်ဝါသခင်။ မင်းရဲ့တိမ်နင်းဖိနပ်ကို မြန်မြန်ယူလိုက်တော့။ နောက်သုံးလေးရက်လောက် အမှိုက်ပုံထဲ ဆက်ထားရင် သုံးလို့မရဘဲ ဖြစ်သွားလိမ့်မယ်”
“ရိုင်းစိုင်းတဲ့ကောင်”
မျောက်ဝါသခင် နာနာကျည်းကျည်းဆဲလိုက်သည်။ သူ့ရှေ့မှ အမှိုက်ပုံ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ တိမ်နင်းဖိနပ် လွင့်ထွက်လာပြီး လွတ်နေသည့် သူ့ခြေထောက်ဘေးသို့ ကျလာသည်။
“ခွေးမသား”
ဖိနပ်စီးပြီးနောက် သူ့ငုံ့ကြည့်လိုက်သည်။ အသွင်အပြင် မထူးခြားသော်လည်း ဖိနပ်တစ်ဘက်၏ စွမ်းအင်ရောင်က အတော်မှိန်ပြီး ဆိုးဝါးသည့်အနံ့အသက်များ ထွက်နေသည်။ ပုံမှန်အတိုင်းပြန်ဖြစ်အောင် အချိန်အတော်ကြာ ပြုပြင်ပေးရမည်ဖြစ်သည်။
“သူက မင်းဖိနပ်ကို နွားချေးတွင်းထဲ ကန်ထည့်မသွားတာ မင်းဝမ်းသာသင့်တယ်။ သူမင်းကို တမင်ညှာလိုက်တာဖြစ်မယ်ထင်တယ်”
ဗေဒင်ဆရာ အော်ရယ်နေဆဲဖြစ်သည်။
“ဒီခွေးသူတောင်းစား ဘယ်ကိုသွားတာလဲ။ သူဘယ်လောက် မောက်မာနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ ငါ့ကို စော်ကားသွားတယ်။ ဒါပေမယ့် ဒီတာ့ကျင်းမှာ တာအိုဆရာအစစ်တွေ အများကြီးပဲ။ လူသားမသေမျိုးတွေကလည်း မရှားဘူး။ သူ့ကို မဆုံးမနိုင်တဲ့လူ တစ်ယောက်မှမရှိတာ မဖြစ်နိုင်ဘူးကွ”
မျောက်ဝါသခင် အလိုက်ကန်းဆိုးမသိသည့် သူ့မိတ်ဆွေကို စိုက်ကြည့်သည်။ တွေးလေ ဒေါသထွက်လေဖြစ်လာသည်။ အထင်ကရလူများအားလုံး ကောင်တည်မှ ထွက်သွားကြပြီးဖြစ်၍ သူလည်း ထွက်သွားတော့မည်။ ဆက်နေစရအကြောင်းလည်း မရှိ။
“ဘယ်သွားရမှာလဲ။ ကျန်းယန်ပြည်နယ်ကိုသွားတာပေါ့။ မင်း သူ့နောက်က လိုက်မလို့လား”
“ငါမကျေနပ်သေးဘူး။ ဒီကောင်လေး ဆုံးမခံရတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ချင်တယ်”
“ကောင်းပြီလေ၊ မင်းအဲလိုဆိုမှတော့ ငါလည်း မင်းနဲ့အတူလိုက်ခဲ့မယ်”
“ဒါဆို ရယ်ချင်စိတ်ကို ထိန်းထား။ မင်းငါ့ကို လှောင်ရယ်နေတာ နှစ်ရက်ရှိပြီကွ”
မျောက်ဝါသခင်က မျက်နှာတင်းတင်းဖြင့် ပြောသည်။
“နှစ်ရက်ပဲ ရှိသေးတာလေ။ ငါက နှစ်ဆစ်ရာ့နှစ်ဆယ်လောက် ရယ်ဖို့စီစဉ်ထားတာပါ”
“စန်ဆုန်ဇီ၊ မင်းငါ့ကို ထပ်ပြီးလှောင်ရယ်ရင် ငါတို့ခင်မင်ရင်းနှီးမှုကို ဒီနေ့ပဲ အဆုံးသတ်လိုက်မယ်”