← Chapters

သိုင်းရူး

Vol. 13 Ch. 195

သိုင်းရူး

Vol. 13 Ch. 195

“သူက သင်ပေးဖို့ ကြိုးစားတာမျိုးမရှိဘူးပဲ”

စာအုပ်တစ်အုပ် လှန်ကြည့်လိုက်သည်။ နက်နဲသည့် အတွင်းအားကျင့်ကြံမှု သိုင်းပညာကို မှတ်တမ်းတင်ထားသည်။ ခန္ဓာကိုယ်လေ့ကျင့်မှုနှင့် ကိုက်ညီသည့်နည်းလမ်းများလည်းပါသည်။ ဟန်ချက်ညီကွန်ဖူးပညာဟု ခေါ်သည်။ နောက်တစ်အုပ်ဖတ်ကြည့်သည်။ ဖတ်လေ အံ့ဩလေဖြစ်လာသည်။

စစ်နတ်မင်းက သိုင်းမှတ်တမ်းဟု ပြောခဲ့သည်မှာ မဆန်းတော့။ ချာကရာအဆင့်ဆယ်မျိုးကျင့်ကြံနည်းနှင့် သိုင်းပညာများစွာ တွဲဖက်ဖေါ်ပြထားသည်။ လိုအပ်သည့်ဆေးဝါး ဖေါ်စပ်နည်းများ၊ အဟာရမျှတအောင် စားသောက်နည်းများလည်း အားလုံးပါသည်။

အတွင်းအပြင်သိုင်းပညာရပ်များအပြင် လက်နက်အမျိုးမျိုးသုံး၍ တိုက်ခိုက်သည့်နည်းလမ်းများ မှတ်တမ်းတင်ထားသည်။ ဓား၊ လှံ၊ ဓားမြှောင်၊ ပုဆိန်၊ တင်းပုတ် ကျွမ်းကျင်စွာ ကိုင်တွယ်နည်း အင်အားကိုမျှတစွာ အသုံးချနည်းများ ပါသည်။

ထိုအပိုင်းကို ဖုန်ချင်အန်း စိတ်အဝင်စားဆုံးဖြစ်သည်။ သိုင်းပညာကို လေ့ကျင့်ဖို့ ယခု သူစိတ်မဝင်စားသေး။ ကျယ်ပြန့်သည့် သိုင်းပညာရပ်များအတွက် သူပါရမီရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖေါ်ပြထားသည့်သိုင်းအဆင့်က သိပ်မမြင့်လှ။ အနည်းဆုံးတော့ သူ့အမြင်တွင် မြင့်သည်ဟုမထင်။

သိုင်းပညာအဆင့်ကို တတ်မြောက်ခြင်းအဆင့်နှင့် သန္ဓေတည်မူလအဆင့်ဟု ခွဲခြားထားသည်။ တတ်မြောက်ခြင်းအဆင့်သိုင်းပညာရှင် များစွာရှိသည်။ အတွင်းအား သို့မဟုတ် ခန္ဓာကိုယ်မာကျောခြင်းကို ဦးစားပေး လေ့ကျင့်သည်။ အတိုင်းတာတစ်ခုထိ တတ်မြောက်ပြီးလျှင် အသွင်ပြောင်း၍ မူလအဆင့်သို့ ပြန်ရောက်သွားသည်။

မူလအဆင့်ရောက်လာသည့် သိုင်းသမားမျိုး တစ်ရာတွင်တစ်‌ယောက် တစ်ထောင်တွင်တစ်ယောက် ပေါ်ထွက်ရန် ခဲယဉ်းသည်။

မူလအဆင့်ပြီးလျှင် ကန်းရှအဆင့်၊ ဓာတ်နှောအဆင့်၊ နတ်ဆေးအဆင့်၊ ကောင်းကင်အဆင့်တို့ရှိသည်။ ကောင်းကင်အဆင့်ကို လူသားမသေမျိုး သိုင်းပညာရှင်အဆင့်ဟု သတ်မှတ်သည်။

သိုင်းပညာသည်လည်း သက်ရှည်လမ်းစဉ်တစ်ခုဖြစ်ကြောင်း သူနားလည်လိုက်သည်။ အမြင့်ဆုံးသိုင်းပညာအဆင့် သူထင်ထားသည့်အတိုင်းအတာထက် ကျော်လွန်နေသည်။ သို့သော် ဤသိုင်းကျမ်းကို လေ့ကျင့်ရန် သူစိတ်မဝင်စား။

ဤသိုင်းကျမ်းတွင် အမြင့်ဆုံးကျင့်ကြံမှုပညာက နတ်ဆေးအဆင့်ထိသာ ပါသည်။ စိတ်ပျက်စရာအကောင်းဆုံးမှာ ထိုသိုင်းကျင့်စဉ်ကို ဖန်တီးခဲ့သူပင် နတ်ဆေးအဆင့်ထိ မရောက်ခဲ့သည့်အချက်ဖြစ်သည်။

သူရူးသွပ်လျှင်ပင် ထိုသိုင်းပညာမျိုးကို မကျင့်လို။ အထောက်အကူအဖြစ်သာ အသုံးချမည်။ သိုင်းပညာကျင့်ကြံမှုသည် အပြင်ပန်းထက် အတွင်းအား”ချီ”ကို လေ့ကျင့်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ “အားပုန်း”များကို ဖေါ်ထုတ်ရန် ရည်ရွယ်သည်။ အတော်အကျိုးကျေးဇူးများသည်။

စာဖတ်ရင်း ဈာန်ဝင်နေသဖြင့် အချိန်ကုန်မှန်းမသိကုန်သွားသည်။ မွန်းတည့်ချိန် ရောက်လာသည်။ အသိပြန်ဝင်လာချိန်တွင် အချိန်အတော်ကုန်သွားမှန်းသိလိုက်သဖြင့် သူသက်ပြင်းချသည်။ အပေါ်ယံဖတ်ကြည့်ရုံသာ ရှိသေးသည်။

သိပ်အဆင့်မမြင့်သည့် ထိုသိုင်းကျမ်းကို နားလည်အောင်ဖတ်ရန်ပင် အချိန်အတော်ကုန်လိမ့်မည်။ သူ့အတွက် အသုံးဝင်သည့် ကျင့်စဉ်များက များလွန်းနေသည်။

“ဟေ့ကောင်လေး၊ မင်းလည်း ဒီကျမ်းကို နားလည်တယ်ပေါ့”

သူနှင့်အတူ ငြိမ်၍စာဖတ်နေသည့် ရေနဂါးကိုကြည့်၍ သူအံ့ဩသွားသည်။ အနေအထား လုံးဝမပြောင်း။

“အန်း..”

ဖုန်ချင်အန်း စာအုပ်ကိုပိတ်ရန် ပြင်နေသဖြင့် ရေနဂါးက ကြေးခွံများကြားမှ ရေငွေ့တစ်ချို့ ထုတ်လွှတ်လိုက်သည်။ ရေငွေ့များကိုသုံး၍ သေးငယ်သည့်သူ့ခန္ဓာကိုယ် လွင့်ပျံတက်လာပြီး စာမျက်နှာပေါ်တွင် ဆင်းလိုက်သည်။ ထို့နောက် ဖုန်ချင်အန်းကိုကြည့်၍ ခပ်တိုးတိုး အော်မြည်နေသည်။

“မင်းက ဆက်ဖတ်ချင်လို့လား”

“အန်း...”

“ဒါဆိုလည်း ဆက်ဖတ်ပေါ့ကွာ”

ဖုန်ချင်အန်း မတားတော့။ သိုင်းကျမ်းရေးထားသည့် စာရွက်သည် သာမန်မဟုတ်။ ရေငွေ့ရိုက်ရုံဖြင့် အလွယ်တကူ မပျက်စီးနိုင်။

“အန်း...”

ရေနဂါး ပျော်သွားသည်ကို ခံစားမိသဖြင့် ဖုန်ချင်အန်း ပြုံးလိုက်သည်။ ထရပ်လိုက်ပြီး အကြောတစ်ချက်ဆန့်သည်။ တံခါးဖွင့်၍ အစာစားရန် အပြင်သို့ထွက်လာခဲ့သည်။

ကိုယ့်ဘာသာချက်ပြုတ်ရန် စိတ်ကူးမရှိ။ ကျန်းယန်မြို့တော်တွင် သူမြည်းမကြည့်ရသေးသည် အစားအသောက်များစွာ ကျန်သေးသည်။ ဒုက္ခခံပြီး ချက်ပြုတ်မနေတော့။

နောက်တစ်နေ့ မနက်စောစောတွင် ခြံထဲ၌ သိုင်းလေ့ကျင့်နေသည့် ရွှေရောင်သံချပ်ကာသဏ္ဌာန်ကိုကြည့်၍ တောင်နက် အံ့အားသင့်သွားသည်။ သူသည် သရဲဝိညာဉ်များစားသောက်၍ စွမ်းအားတိုးလာသည့် သရဲဝံပုလွေဖြစ်သည်။ ယခု သံချပ်ကာထဲတွင် ဘယ်သူမှမရှိမှန်း သူသိသည်။

သို့သော် ထိုသံချပ်ကာ လွှဲယမ်းလိုက်သည့် လက်သီးချက်များက တိမ်လွင့်သလို ရေစီးသလို ဖြစ်နေသည်။ ပြင်းထန်သည့် အားလှိုင်းတစ်ခု ဖြစ်လာသည်။ ဖိအားတစ်ခုကို သူခံစားနေရသည်။

လက်သီးကြောင့်ပေါ်လာသည့် လေလှိုင်းများကြောင့် တောင်နက်ကိုယ်မှ အမွှေးများ တဖျတ်ဖျတ်ခါသွားသည်။ တကယ့်စွမ်းအားမြင့် သိုင်းပညာရှင်တစ်ယောက် မနက်စောစော သံချပ်ကာဝတ်၍ လေ့ကျင့်နေသကဲ့သို့ ဖြစ်နေသည်။

တောင်နက် သူ့ခန့်မှန်းချက်သူ မယုံမရဲဖြစ်လာသည်။ သူ့ဘေးတွင် အတူငေးကြည့်နေသည့် ပိုင်ယော်ကိုခေါ်၍ ဖုန်ချင်အန်းအိပ်ခန်းထဲသို့ သွားသည်။ ဖုန်ချင်အန်း အိပ်ယာပေါ်မှထလာသည်ကို မြင်ရသည်။

“ငါမဟုတ်ပါဘူးကွ”

ဖုန်ချင်အန်းမျက်နှာလည်း အံ့ဩရိပ်သန်းနေသည်။ တောင်နက်ကိုကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သားရဲထိန်းသခင်တစ်ယောက်ဖြစ်၍ နဂါးသံချပ်ကာ၏ အပြောင်းအလဲများအားလုံးကို နားလည်သည်။

မနေ့က သူထွက်သွားချိန်တွင် ထူးခြားချက်ကို သတိထားမိပြီးဖြစ်သည်။ မနေ့ညက နဂါးသံချပ်ကာ လူသားအသွင်ပြောင်း၍ လက်သီးသိုင်းစကျင့်နေသည်ကို မြင်ခဲ့သည်။ တစ်ခုခုမူမမှန်ကြောင်း နားလည်လိုက်သည်။

သိုင်းပညာရူးသွပ်မှု။

မည်သည့်ပညာရပ်မဆို ကျင့်စဉ်စနစ်မဆို အရာအားလုံးကို မေ့ထားပြီး စိတ်နှစ်ကိုယ်နှစ် ရူးသွပ်သူများ အမြဲရှိတတ်သည်။

အဘယ်ကြောင့် ထိုသံချပ်ကာသည် သိုင်းပညာကို ရူးသွပ်နေမှန်းမသိ။

အသိဉာဏ်ဝင်လာ၍ တစ်ခြားအရာများကို စိတ်ဝင်စားသည်ဆိုသော်လည်း သံချပ်ကာတစ်ခုသည် သခင်ဒဏ်ရာမရအောင် ခုခံကာကွယ်ဖို့သာလိုသည်။ ကိုယ်တိုင်လှုပ်ရှားဖို့မလို။

“အူး..”

ဖုန်ချင်အန်း အခန်းထဲတွင်ရှိကြောင်း သိရပြီးနောက် သံချပ်ကာ၏အပြုအမူကြောင့် တောင်နက်ပို၍ တွေးရခက်သွားသည်။ သတ္တုပိုင်းတစ်ခုက လူသားသိုင်းပညာကို အဘယ်ကြောင့် လေ့ကျင့်နေသနည်း။

လူသားအသွင်ပြောင်းနိုင်လျှင်လည်း အတွင်းဖွဲ့စည်းပုံက လုံးဝကွာခြားသည်။ အားအင်ထုတ်သုံးရာတွင်လည်း ကွဲပြားသည်။

“ထားလိုက်ပါလေ။ သွားပြီးမနှောက်ယှက်ပါနဲ့”

ဖုန်ချင်အန်း ခဏတွေးပြီးနောက် ဆုံးဖြတ်လိုက်သည်။ ထူးဆန်းနေသော်လည်း ဝင်စွက်စရာအကြောင်းမရှိ။ သံချပ်ကာတစ်ခု သိုင်းပညာသင်ယူနေခြင်းသည် ဆိုးကျိုးမရှိ။

“အူး...”

တောင်နက်က နားလည်ကြောင်း အချက်ပြသည်။ သူမနှောက်ယှက်တော့။

နဂါးသံချပ်ကာသည် သံချပ်ကာတစ်ခုဖြစ်၍ အိပ်ဖို့၊ စားဖို့၊ အနားယူဖို့မလို။ ထို့ကြောင့် သူလုပ်စရာ နှစ်ခုသာရှိသည်။

သိုင်းကျမ်းကို မနက်မှညအထိ ထိုင်ဖတ်သည်။ ညရောက်လျှင် ထရပ်၍ သိုင်းကျမ်းအတိုင်း လေ့ကျင့်သည်။

နေ့ရောညပါ မရပ်မနားလေ့ကျင့်သည်။ ရူးသွပ်စွာ လေ့ကျင့်နေသည့်အဖြစ်ကြောင့် တောင်နက်ပင် စိတ်ဖိအားတစ်မျိုး ခံစားလာရသည်။ ပိုင်ယော်နားသို့ပင် သိပ်မကပ်တော့။

ထိုသတ္တုပိုင်းနှင့် သူ့သခင် ဝိညာဉ်စာချုပ်ချုပ်ထားကြောင်း သူနားလည်သည်။ ပြောရလျှင် ထိုသံချပ်ကာသည် သူ့ဂျူနီယာဖြစ်သည်။ အဆင့်အတန်းချင်း တန်းတူဖြစ်သည်။

ယခု ထိုသတ္တုပိုင်းက နေ့စဉ်ရက်ဆက်လေ့ကျင့်နေသဖြင့် သူလည်း သက်တောင့်သက်သာနေ၍ မဖြစ်တော့။ မြေအောက်တွင် ကြမ်းတမ်းသည့် တိုက်ပွဲများ လေ့ကျင့်မှုများ ဖြတ်ကျော်ခဲ့ပြီးဖြစ်၍ သူနားနေခွင့် အပန်းဖြေခွင့်ရှိပါသည်။

သို့သော် နဂါးသံချပ်ကာကို သူ့ထက်သာမသွားစေလို။ ထို့ကြောင့် ပိုင်ယော်နှင့် ဆော့ကစားမနေချင်တော့။

ညတိုင်း လထွက်လာသည်နှင့် ခေါင်းမိုးပေါ်တက်၍ လစွမ်းအားသန္ဓေများကို စုပ်ယူသည်။ နေခင်းပိုင်းအချိန်မှာပင် ဆင်းမလာတော့။ နေသန္ဓေကို စုပ်ယူကျင့်ကြံသည်။ နောက်ထပ် သန္ဓေစွမ်းအားများ မစုပ်ယူနိုင်သည့်အချိန်ရောက်မှ အောက်သို့ဆင်းလာသည်။

ရုတ်တရက် တောင်နက် အသည်းအသန် ကျင့်ကြံနေသဖြင့် သူ့ထက်စွမ်းအားပိုကြီးသည့် ပိုင်ယော်ပင် နောက်ကျကျန်ရစ်ခဲ့သည်။ ပိုင်ယော်လည်း စိတ်အေးလက်အေး မနေနိုင်တော့။

တောင်နက် ကြိုးစားလေ့ကျင့်နေသလို သူလည်း လေ့ကျင့်ရမည်။ ဖုန်ချင်အန်းက သူ့ကိုနေ့တိုင်း ဝိညာဉ်စွမ်းအင် အားဖြည့်ပေးသော်လည်း ရေသာခိုနေ၍မဖြစ်။

မြို့ထဲတွင် ညမထွက်ရအမိန့်ထုတ်ထားသဖြင့် ဖုန်ချင်အန်း အချိန်မီ အိမ်ပြန်ခဲ့သည်။ သံချပ်ကာက ခြံဝန်းထဲတွင် သစ်ကိုင်းများကို အစားထိုးသုံး၍ ဓားရေးလေ့ကျင့်နေသည်ကို မြင်ရသည်။

အိမ်ခေါင်မိုးပေါ် မော့ကြည့်သည်။ တောင်နက်နှင့်ပိုင်ယော်က လသန္ဓေစွမ်းအားကို စုပ်ယူနေကြသည်။

သူတွေးရခက်သွားသည်။ ဘာတွေဖြစ်ကုန်သည်မသိ။ သူရောက်ကတည်းက သက်တောင့်သက်သာရှိခဲ့သည့် ခြံဝန်းထဲတွင် လေထုက ရုတ်တရက် ပြင်းထန်လာသည်။

“လေ့ကျင့်ရမှာပေါ့”

တစ်နေကုန် အစားအသောက်များ သူအားရအောင်စားသောက်ခဲ့ပြီးဖြစ်သည်။ ခြံဝန်းထဲမှ လေထုအပြောင်းအလဲကြောင့် သူလည်း အခန်းထဲသို့ဝင်၍ ပုံမှန်ကျင့်ကြံမှုကို စတင်လိုက်သည်။

**********************************************

All Chapters