အလည်အပတ်
Vol. 13 Ch. 188
နောက်ဘက်မှ ပေါ်လာသည့်စကားသံများကြောင့် ဖုန်ချင်အန်း ခြေလှမ်းနည်းနည်းနှေးသွားသည်။ ထို့နောက် ပုံမှန်အတိုင်းဆက်လျှောက်သွားသည်။
သရဲတမန်များစကားကြောင့် သူသတိမထားမိသည့် အချက်တစ်ချက်ကို နားလည်လာသည်။ နတ်မင်းပုံပြင် သရဲပုံပြင်များ နှစ်ထောင်ချီကြာအောင် လက်ဆင့်ကမ်းခဲ့ကြသည်။ လူသားနှင့်အတူနေထိုင်ကြသည့် အသွင်ပြောင်းသားရဲများရှိသည်။ ထိုသို့အသွင်မပြောင်းမီ မည်သို့ဖြတ်သန်းခဲ့ရသနည်း။
ဉာဏ်အလင်းရဖို့ ကျင့်စဉ်လမ်းဝင်ဖို့ လုပ်ဆောင်ရသည့် နည်းလမ်းများက ကွဲပြားကြသည်။ ထိုအကြောင်းရင်းများက ခက်ခဲသည်။ စူးစမ်းလေ့လာရန်လည်း မလွယ်။ သို့သော် သေချာပေါက်ဖြစ်ခဲ့မည့် ကိစ္စများရှိသည်။။
သာမန်သားရဲများ အသိဉာဏ်ရဖို့ ကျင့်ကြံနေစဉ်အတွင်း နွေဦးချိန်၊ ပြန်မွေးဖွားချိန်၊ နုပျိုချိန်တို့တွင် မည်သည့်အရာများ တွေ့ကြုံခဲ့ရသနည်း။
နွေဦးသည် မိတ်လိုက်ရာသီဖြစ်သည်။ မြွေသားရဲများအကြောင်း ဒဏ္ဍာရီထဲတွင် ရှာရန်မခက်လှ။ အသွင်မပြောင်းမီအချိန်တွင် ရာဂအားကြီးသည့် သူတို့စရိုက်ကြောင့် မြွေဥအသိုက်ပေါင်း မည်မျှမွေးဖွားခဲ့သည်ကို ဘယ်သူသိနိုင်မည်နည်း။
ယုန်နတ်ဆိုးများလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ အထိန်းအကွပ်မရှိ မိတ်လိုက်တတ်သည့် စရိုက်သဘာဝရှိသည်။ ထို့ကြောင့်လည်း နှစ်ဝက်အတွင်းမှာပင် အကောင်ရာချီ၍ သားပေါက်ကြသည်။
အကယ်၍ လူသားအသွင်ပြောင်းနိုင်သည့် ယုန်နတ်ဆိုးတစ်ကောင်ကိုတွေ့သည်ဆိုပါစို့။ သရဲတမန်များပြောသလို ပြည့်တန်ဆာအိမ်မှ မိန်းကလေးတစ်ယောက်ကိုဝယ်၍ အိမ်ခေါ်သွားသည်က ပို၍ကောင်းပေလိမ့်မည်။ သူတို့ခန္ဓာကိုယ်က အသွင်ပြောင်းသားရဲထက် ပိုသန့်စင်ဦးမည်မှာ သေချာသည်။
သာမန်မြေခွေးနတ်ဆိုးများလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ များများစားစား မျှော်လင့်စရာမရှိ။ ကျင့်ဝတ်စောင့်ထိန်းမှုဟူ၍ မရှိခဲ့သည့် တစ်ချိန်က သားရဲအရိုင်းများဖြစ်သည်။ အိပ်၊စား၊ကာမ ကိစ္စသုံးခုသာ သူတို့ လုပ်သည်။ ပင်ကိုယ်ဗီဇသဘာဝဖြစ်သည်။
အသွင်ပြောင်းနတ်ဆိုး သို့မဟုတ် အသွင်ပြောင်းဝိညာဉ်သားရဲများကို အမှန်တကယ်သဘောကျခဲ့လျှင် လူသားအကျင့်စရိုက်မျိုးရှိသည် ထူးခြားမျိုးနွယ်များကို ရှာဖို့လိုသည်။ မွေးကတည်းက အသိဉာဏ် အကျင့်စရိုက် အဆင့်အတန်းမြင့်မားသည့် မွေးရာပါနတ်ဆိုးဝိညာဉ်မျိုးကို ရှာရမည်။
သို့သော် ထိုထူးခြားနတ်ဆိုးမျိုးနွယ်များကလည်း သာမန်လူများနှင့် ပတ်သက်ချင်မည်မဟုတ်။ ယခု ဖုန်ချင်အန်းသည်ပင် သာမန်လူများနှင့် လက်ပွန်းတတီးနေထိုင်လိုစိတ် သိပ်မရှိတော့။
ကျင့်စဉ်စွမ်းအားကြောင့် မောက်မာခြင်းမဟုတ်။ ပို၍အဆင့်မြင့်သည့် အာရုံခံစားမှုကြောင့် စွမ်းအင်ရောင်မသန့်စင်သည့် သာမန်လူများနှင့် အနီးကပ်နေရမည်ကို သီးမခံနိုင်ဖြစ်လာသည်။
..........
ကျန်းယန်မြို့တော်နတ်ဘုရားဘုံကျောင်း။
ဘုံကျောင်းတံခါးဝတွင်ရပ်၍ ထူထဲသည့်လူအုပ်ကြီးကို ကြည့်နေသည်။ ဆက်သွားသင့်မသွားသင့် ချိန်ဆနေသည်။
ဘုံကျောင်းက အတော်ကျယ်သော်လည်း ပူဇော်ဖို့ ရောက်လာသူများကြောင့် ပြည့်ကျပ်နေသည်။
လာရောက်ပူဇော်သူအများစုက စာပေသမားများလို ဝတ်စားထားကြသည်။ နန်းတွင်စာမေးပွဲ ဝင်ဖြေမည့် ကျောင်းသားများဖြစ်ကြောင်း မမေးဘဲသိနိုင်သည်။
သို့သော် လက်နှစ်ဘက်နောက်ပစ်၍ ဘုံကျောင်းကိုကြည့်နေသည့် ဖုန်ချင်အန်းအသွင်က လူအုပ်ကြားတွင် တစ်မူထူးခြားနေသည်။
မွှေးတိုင်လာလှူသည့် ကျောင်းသားများ သူ့ကိုသတိထားမိကြသည်။ ထူးခြားသည့်ဟန်ပန်အမူအရာကြောင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားကြသည်။ သို့သော် အနားမရောက်မီ ဖုန်ချင်အန်း သူတို့မြင်ကွင်းမှ ပျောက်သွားသည်။
အရပ်အတော်မြင့်သည့် စာပေနတ်မင်းကိုကြည့်၍ ဖုန်ချင်အန်း မျက်မှောင်ကျုံ့နေသည်။ နောက်ဘက်တွင် ဝိညာဉ်နတ်ဆိုးများ ယင်အရာရှိများ ပါလာသည်။
ပြည်နယ်မြို့မှ နတ်မင်းတို့၏ ဝိညာဉ်စွမ်းအားသည် ကောင်တီနတ်မင်းတို့ထက် ပိုအားကောင်းသည်။ သူ့ရှေ့မှ စာပေနတ်မင်းသည် သာမန်ကောင်တီတစ်ခုမှ မြို့တော်နတ်ဘုရား၏စွမ်းအားထက် မနိမ့်။
“အထူးဧည့်သည်ရောက်လာမယ်လို့ ကျုပ်တို့ထင်မထားမိဘူး။ ထွက်မကြိုမိတာ ခွင့်လွှတ်ပါဗျာ”
အလိုမကျဖြစ်နေသည့် ဖုန်ချင်အန်း မျက်နှာကဲကိုကြည့်၍ ကျန်းယန်စာပေနတ်မင်း ခေါင်းကိုက်နေသည်။ သို့သော် လောကဝတ်စကားကို ယဉ်ယဉ်ကျေးကျေးပြောသည်။ ထိုလူငယ်မျက်နှာမျိုးကို သူတို့နတ်မင်းအားလုံး ရင်းနှီးနေကြသည်။
ချွတ်စွပ်မဟုတ်သော်လည်း ခုနစ်ဆယ်ရာနှုန်း ဆင်တူသည်။ ထို့ကြောင့်လည်း ယဉ်ကျေးနေရခြင်းဖြစ်သည်။ သူအံ့ဩနေစဉ်မှာပင် မြို့တော်နတ်ဘုရားက ထိုလူငယ်ကိုသွားကြိုရန် အမိန့်ပေးခဲ့သည်။ သူ့သံသယများ ရှင်းသွားသည်။
“စာပေနတ်မင်းက နှိမ့်ချလွန်းနေပါပြီ။ ကျုပ်က အထူးဧည့်သည်မဟုတ်ပါဘူး။ စကားနည်းနည်းပြောချင်လို့ ရောက်လာတဲ့ လူငယ်တစ်ယောက်ပါပဲ”
ဖုန်ချင်အန်း မော့ကြည့်၍ အချိုသာဆုံးအသံဖြင့်ပြောသည်။ သို့သော် သူအံ့ဩမိသည်။ သူနှင့် အရွယ်အစား မည်မျှကွဟသည်ကို စာပေနတ်မင်းသိဟန်မတူ။ မော့ကြည့်၍ စကားပြောရသည်မှာ မသက်သာလှ။
“သခင်လေးက ဘာများလိုအပ်လို့လဲ”
စာပေနတ်မင်း ငုံ့ကြည့်နေပြီး သင့်တော်မည့်စကားလုံးကို ရွေး၍ပြန်ပြောသည်။
“အင်း..ကျုပ်က တစ်ယောက်တည်း ခရီးထွက်လာတာ။ ကျုပ်လုံခြုံရေးအတွက် ဝိညာဉ်သားရဲနှစ်ကောင် ပါလာတယ်။ သူတို့အခု မြို့တော်အပြင်မှာထားခဲ့တယ်။ အဲဒီဝိညာဉ်သားရဲနှစ်ကောင်ကို မြို့ထဲခေါ်ခွင့်ရှိမလား သိချင်လို့ပါ”
ပြည်နယ်မြို့တော်မှ နတ်မင်းများကို ကောင်တီမြို့နတ်မင်းများလို သဘောထား၍မရ။ ဤနေရာသည် သူ့နယ်မြေမဟုတ်။ တောင်နက်နှင့် မာပိုင်ကို မြို့ထဲသို့ ခေါ်လိုလျှင် နားလည်မှုမလွဲစေရန် နယ်မြေနတ်များကို သတင်းပို့ဖို့လိုအပ်သည်။
(**ဤနေရာမှစ၍ စာထဲတွင် ရေးထားသည့်အတိုင်း ဝံပုလွေမ နာမည်ကို “ပိုင်ယော်”ဟု သုံးပါမည်)
“ဘယ်လိုသားရဲဝိညာဉ်မျိုးလဲ”
စာပေနတ်မင်းက မေးသည်။ မြေခွေးသားရဲ သို့မဟုတ် ကြောင်သားရဲမျိုးဖြစ်မည်ဟု သူထင်နေသည်။ စာပေသမားတို့က ထိုသားရဲမျိုးကို စိတ်ဝင်စားသည်။ အရင်က သူလည်း တစ်ကောင်မွေးခဲ့သည်။
“ခွေးသားရဲနှစ်ကောင်ပါ”
“ခွေးနှစ်ကောင်ပဲလား”
“ဟုတ်ပါတယ်”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ ခဏတွေးပြီးနောက် ထပ်ဖြည့်ပြောသည်။
“သူတို့က အတော်ထူးခြားပြီး စွမ်းအားကြီးပါတယ်”
“သိပါပြီ၊ သခင်လေး သူတို့ကို မြို့ထဲခေါ်လာလို့ရပါတယ်။ ဒါက အသေးအမွှားကိစ္စပါ။ ကျုပ်အမိန့်ထုတ်ထားလိုက်မယ်။ သခင်လေးအတွက် အဆင်မပြေတာတွေ မဖြစ်စေရပါဘူး”